နေပြည်တော် ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ ဆရာမ ငါးဦး စုစုပေါင်းခုနစ်ဦးတို့အား ဇူလိုင် ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဇူလိုင် ၂၂ ရက်တွင်လည်း အဆိုပါကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ယခုကဲ့သို့ လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိသော အနာဂတ်လူငယ်၊ မောင်မယ်များအား ပညာသင်ကြားပေးနေသူများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရက်စက်ယုတ်မာစွာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီး တောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)နှင့် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်