Skip to main content

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးက ချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၅၅/၂၀၂၃)၊ (၉၅၆/၂၀၂၃)၊ (၉၅၇/၂၀၂၃)၊ (၉၅၈/၂၀၂၃)၊ (၉၅၉/၂၀၂၃)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေး စီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၆၀/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။

၁။ အမိန့်ကြော်ငြာစာအမှတ် (၉၅၅/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပုဒ်မ ၆၆ (င) အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အား စက်မှုဒီဇိုင်းခွင့်ဥပဒေ ပုဒ်မ ၆၅ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၂။ အမိန့်ကြော်ငြာစာအမှတ် (၉၅၆/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၆ (ဂ) အရ အောက်ဖော်ပြပါ တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မူလမှု စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး

(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ

(ဂ) ခရိုင်တရားရုံးများ

၃။ အမိန့်ကြော်ငြာစာအမှတ် (၉၅၇/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေပုဒ်မ ၆၆ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင်တရားရုံးများက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာစီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၄။ အမိန့်ကြော်ငြာစာအမှတ် (၉၅၈/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ ပုဒ်မ ၆၆ (ဂ) အရ ကျောက်တံတားခရိုင် တရားရုံးအား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမ မူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

(က) စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့် အခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တရားမကြောင်းအရ စွဲဆိုမှုများ၊

(ခ) စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (က) အရ ယာယီအရေးယူဆောင်ရွက်ပေးရန် လျှောက်ထားမှုများ။

၅။ အမိန့်ကြော်ငြာစာအမှတ် (၉၅၉/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အား မူပိုင်ခွင့်တရားရုံးက တရားမမှုများတွင်ချမှတ်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

၆။ အမိန့်ကြော်ငြာစာအမှတ် (၉၆၀/၂၀၂၃) - စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၈၆ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။