၁။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) တွင် ၂၀၀၆ ခုနှစ်မှစ၍ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်း၊ နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
၂။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် လူအများအပြား သေကျေစေသည့်လက်နက်များပြန့်ပွားရေးကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂမှဖွဲ့စည်းပေးထားခြင်းမဟုတ်သော်လည်း ကမ္ဘာ့နိုင်ငံနှင့်ဒေသများသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံနှင့် ဒေသများနည်းတူ FATF ၏ အကြံပြုချက်များကို လိုက်နာအကောင်အထည်ဖော်လျက်ရှိပါသည်။ သာမကအားဖြင့် ၂၀၁၂ ခုနှစ်တွင် FATF သည် ၎င်း၏အကြံပြုချက်များကို ပြင်ဆင်ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၂ ခုနှစ်၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။
၄။ မြန်မာနိုင်ငံသည် APG အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ၂၀၀၇/ ၂၀၀၈ ခုနှစ်တွင် APG ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းစဉ်အရ အကဲဖြတ်ခံရသည့် အချိန်တွင် FATF ၏ အကြံပြုချက် ၄၀ + ၉ = ၄၉ ချက်အနက် စံနှုန်းသတ်မှတ်ချက် ၄ ချက်သာကောင်းမွန်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အများပြည်သူသို့ ထုတ်ပြန်ကြေညာချက် (Public Statement) တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။
၅။ FATF က ၂၀၂၂ ခုနှစ်တွင် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်း ခံရသည့်နိုင်ငံနှင့်ဒေသများစာရင်းသို့ မြန်မာနိုင်ငံအား ထည့်သွင်းသတ်မှတ်ခံရသည့် အကြောင်း အရင်းမှာ ၂၀၁၇/ ၂၀၁၈ ခုနှစ်တွင် APG မှအကဲဖြတ်ခဲ့သည့်အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန် အကဲဖြတ်ရေးအစီရင်ခံစာ (၂၀၁၈ ခုနှစ်) တွင် FATF ၏အကြံပြုချက် ၄၀ ချက်အနက် ၁၇ ချက်သာ စံနှုန်းသတ်မှတ်ချက်ကောင်းမွန်ခဲ့သည့်အတွက်ဖြစ်ပါသည်။ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်အရ အနည်းဆုံးအချက် (၂၀) စံနှုန်းသတ်မှတ်ချက်ကောင်းရန် လိုအပ်ပါသည်။
၆။ မြန်မာနိုင်ငံအနေဖြင့် FATF ၏အကြံပြုချက် ၄၀ ချက်အနက် စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအား စဉ်ဆက်မပြတ်တိုးတက်မှုများဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် APG မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးအစီရင်ခံစာ၊ စဉ်ဆက်မပြတ်တိုးတက်မှုအစီရင်ခံစာ (၂၀၂၃) အရ စံနှုန်းသတ်မှတ်ချက် (၂၅) ချက်ကောင်းမွန်ခဲ့ပါသည်။ ဆက်လက်၍လည်း ၂၀၂၄ ခုနှစ်အတွင်း စံနှုန်းသတ်မှတ်ချက် (၂) ချက်အား တိုးတက်ကောင်းမွန်ခြင်းအဆင့်သို့ သတ်မှတ်ရရှိနိုင်ရန်ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၇။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် APG ကထုတ်ပြန်ထားသည့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန် အလှန်အကဲဖြတ်ရေး အစီရင်ခံစာပါ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက်အဆင့်တိုးမြှင့်ရရှိစေရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့်အပြင် FATF မှ သတ်မှတ်ထားသည့် အလေးထားစိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FATF မှ သတ်မှတ်ပေးထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေးအစီအမံ (Action Plan) ကိုလည်း သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၈။ FATF နှင့် APG တို့ကလည်း မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပြီး အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၉-၆-၂၀၂၄)