၁။ နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်ခြင်းသည် အဆိုပါနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေပြီး နိုင်ငံသားများ၏ လူမှုစီးပွားအခွင့်အလမ်းများအတွက် အကန့်အသတ်များလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
၂။ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် ဘဏ်များ၏ အခန်းကဏ္ဍသည် အဓိကကျပြီး လူအများ၏ နေ့စဉ်လူမှုစီးပွားဘဝနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းပြည်ပ ကုန်သွယ်မှုများတွင် ဘဏ်ဝန်ဆောင်မှုများကို အားထားဆောင်ရွက်ကြရပါသည်။
၃။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့အား အရေးယူပေးရန် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၄။ ဘဏ်များအား ပိတ်ဆို့အရေးယူဆောင်ရွက်ခြင်းသည် ပြည်သူများ၏ စီးပွားရေးအခွင့်အလမ်းများနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ကော်မရှင်အနေဖြင့် သုံးသပ်မိပါသည်။
၅။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်တစ်ရပ်ဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ အပိုဒ် (၁)၊ အပိုဒ်ခွဲ (၂) တွင် “... လူတစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှု နည်းလမ်းများကို မည်သည့်အကြောင်းနှင့်မျှ ပိတ်ပင်တားမြစ်ခြင်းမရှိစေရ။” ဟု ပါရှိပါ သည်။ စီးပွားရေးပိတ်ဆို့ခြင်းများသည် လူ့အခွင့်အရေးရှုထောင့်မှ ရှုမြင်ပါက အပြုသဘောမဆောင်သော အကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်စေနိုင်ပြီး လူမှုစီးပွားဆိုးကျိုးသံသရာ ရှည်ကြာစေနိုင်သည်ဖြစ်၍ ပြည်သူများ၏ အခြေခံအခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေး သက်ဆိုင်သူအားလုံးက အထူးသတိပြုကြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်