Skip to main content

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်အမှတ် ၁၀၈ /၂၀၂၀ ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန 

အမိန့်အမှတ် ၁၀၈ /၂၀၂၀    ၁၃၈၂ ခုနှစ်၊

တော်သလင်းလဆန်း ၆ ရက် 

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ မုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲ အတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ၂၀-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/ ၂ဝ၂ဝ ဖြင့် ကြေညာခဲ့ပါသည်။  

၂။ အဆိုပါအမိန့်၏ အပိုဒ် ၃ အပိုဒ်ခွဲ (က)ပါ မိမိနေအိမ်တွင်သာ နေထိုင်ရန်စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများ တွင် အောက်ပါလုပ်ငန်းများမှ ဝန်ထမ်းများကို ဖြည့်စွက်လိုက်သည်-

(က) ပုဂ္ဂလိက လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ တွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများ၌ မဖြစ်မနေတာဝန်ထမ်းဆောင်သူများ၊

(ခ) Relief Flight များ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ အထွေထွေလေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ၊ လေယာဉ်ဆီ ဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်းလုပ်ငန်း၊ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ် ပြုပြင်ထိန်း သိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများ၊

(ဂ) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း(Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/ သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများ(Inland Container Depot) ကုန်းတွင်းဆိပ်များ (Dry Port)မှ ဝန်ထမ်းများ၊

(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက် ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်း ရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ။

 (ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး