Skip to main content

၂ဝ၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

နေပြည်တော် နိုဝင်ဘာ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို ညိမ်းညို၏ စာမျက်နှာတချို့၊ ဒုတိယဆုကို ချစ်ညွန့်ကျော်၏ ကွယ်လေးရဲ့ မောင့်ခြုံထည် တန်းသွယ်လို့မိုး၊ တတိယဆုကို မောင်စိုးထိုက် (သုံးဆယ်) ၏ ကျွန်တော်တို့ သားအမိစာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ ကိုယ့်ခြံမှာလည်း ပန်းတွေပွင့်ရမယ်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို လွမ်းနိုနို(ဘော်မြေ)၏ မေတ္တာပန်းတို့ လန်းစွင့်ဝေဖြာ မြေအောက်ကမ္ဘာနှင့် ဝတ္ထုတိုပေါင်းချုပ်၊ တတိယဆုကို ရဲမင်းစိုး၏ မုန်တိုင်းကိုမမှု အံတုလေသော်နှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ခက်လှိုင်းကျော်၏ စိတ်တစ်ဆင်စာ ကဗျာများ၊ ဒုတိယဆုကို ရွှန်းညို (တာချီလိတ်) ၏ ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ၊ တတိယဆုကို မောင်ချိုဝေ၏ ယာထဲကကြေးစည်သံနှင့် လက်ရွေးစင်ကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို မြန်စာမြေသိန်းလွင်၏ ပျို့စာဆို ဦးနိုး၏ ဘဝနှင့် စာပေ၊ ဒုတိယဆုကို အရှင်ရေဝတ (ရွှေကွမ်းသား) ၏ သမိုင်းမော်ကွန်း ရည်ညွှန်းသက်သေတွံတေးမြေ၊ တတိယဆုကို မောင်သာ (ရှေးဟောင်းသုတေသန) ၏ ပရိုင်းမိတ်မှ ပျူသို့ ယဉ်ကျေးမှု အထောက်အထားများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆုကို ဒေါက်တာကောင်းစံ၏ စားသုံးသူများ၏ ကျန်းမာရေး၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ပေးနှင့် တတိယဆုတွင် ဒေါက်တာချိုနိုင် (အေးချမ်းရိပ်) ၏ အလေးအနက်ထားစရာ လျစ်လျူရှုခံရောဂါများ စာမူများကလည်း ကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို အန်ကယ်ပညာ၏ မေမေ့ဆံပင်နှင့် ဘဝလက်တစ်ကမ်းမှ စာတမ်းငယ်များ၊ ဒုတိယဆုကို အောင်(လွန်ဆေး)၏ ပြိုင်တူတွန်းသောအရွေ့နှင့် ဘဝတစ်ကွေ့အမှတ်တရစာစုများ၊ တတိယဆုကို မောင်လှကျော်(ပန်းတောင်း)၏ ရွှေဂေဟာမှူး၏ ပေးကူလမ်းပြဘဝမြေပြင် စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် တတိယဆုကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်) ၏ ပျိုလေးကြိုလှည့်ပါ့စာမူကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ကနောင်နိုင်နွယ်ဦး၏ လမင်းမျက်နှာ ပန်းမျက်နှာကလေးကဗျာများ၊ ဒုတိယဆုကို အင်းကြင်းမေ၏ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်နှင့် ကလေးဝတ္ထုတိုများ၊ တတိယဆုကို ညိမ်းညို၏ ရင်သွေးရတနာ ကလေးကဗျာများ စာမူများ က လည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို သားညိုမောင်၏ ကြယ်ကိုခူးဖို့ မိုးမြင့်ပျံ အကျွန့်တောင်ပံ သန်သလေလေ့၊ ဒုတိယဆုကို မောင်ညိုလဲ့(အညာမြေ)၏ လောကဓံကြုံ မဖြုံစတမ်းပေါ့၊ တတိယဆုကို နောင်အံ့လူ၏ တောင်အရပ်မှာ ဓူဝံကြယ် စာမူများကလည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် ပထမဆုကို ကိုတိုး (ရန်ကင်း) ၏ ဇာတိမာန်စာဆိုပုဂ္ဂိုလ်ကျော်များ၊ ဒုတိယဆုကို မောင်မင်းထင် (မြစ်ဝကျွန်းပေါ်) ၏ လွတ်လပ်ရေးကြေညာစာတမ်းကို လေ့လာဖွင့်ဆိုချက်စာမူများကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို နေစိုးသော် ၏ ချစ်ပန်းမှုံ နှင့် တတိယဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၏ မျဉ်းပြိုင်ကမ်းလက်စာမူများကလည်းကောင်း၊ ဘာသာပြန်စာပေဆုတွင် ပထမဆုကို ဒီပံလင်း၏ ကပ်ရောဂါဘေးကင်းစေရေး စာမူကလည်းကောင်း၊ အင်္ဂလိပ်စာမူဆုတွင် ပထမဆုကို Researcher Maung Han ၏ Significant Cultural Information about Pyu Ancient Cities စာမူကလည်းကောင်း ရရှိကြပါသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁ဝ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ ပါသည်။

စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၃ ခုနှစ်ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၈၄ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဆုရ‌ရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁၈-၂၄ဝဝ၄၈ နှင့် စီမံရေးရာတယ်လီဖုန်းအမှတ် ဝ၁၈-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မ‌ရောင်စုံ ဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ‌ရောင်စုံ ဓာတ်ပုံနှစ်ပုံစီကို ကိုယ်‌ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာ သည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်(စာဆို တော်နေ့)၊ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၂၄ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂ဝ၂၄ ရက်နေ့နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။

သတင်းစဉ်