လူသားကောင်းကျိုးအတွက် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ
ဒေါက်တာ နန်းဝင်းစိုး
တိရစ္ဆာန်နှင့် မွေးမြူရေးဝန်ဆောင်မှုလုပ်ငန်းများသည် တိရစ္ဆာန်အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် ကျေးလက်လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ဆာလောင်မှုတို့အား လျှော့ချပေးခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းတို့ကို ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် အသစ်ပေါ်ပေါက်လျက်ရှိသော ကပ်ရောဂါ၊ ပဋိဇီဝဆေးယဉ်ပါးမှု၊ ဘေးမကင်းသော အစားအစာများ စသည့်အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည် သာမက လူသားများ၏ ကျန်းမာရေးလုံခြုံစိတ်ချရမှုကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို့ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျမြှင့်တင်ပေးခြင်းသည် အနာဂတ် လူမှုစီးပွားဘဝသာယာလှပရေး ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။
စားနပ်ရိက္ခာဖူလုံမှုသည် လူသားတို့ အသက်ရှင် နေထိုင်ရေးအတွက် ဦးစားပေး လိုအပ်ချက်ဖြစ်ပြီး အာဟာရပြည့်မီရေးအတွက် အရည်အသွေးပြည့်မီသော အသား၊ ဥ၊ နို့များ ထုတ်လုပ်နိုင်ရေးနှင့် အစားအစာ ဘေးကင်းရေး လုပ်ငန်းများမှာလည်း အရေးကြီးလှ ပေသည်။ စိုက်ပျိုးရေးကို အခြေခံသော ကျေးလက်နေ ပြည်သူများအတွက် မွေးမြူရေး လုပ်ငန်းများသည် ဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင်ရရှိရေးများကို ဖော်ဆောင် ပေးရုံမျှမက စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာဝမြေဩဇာ ထုတ်လုပ်ပေးခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ထွန်ယက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည့် လုပ်ငန်းများအတွက် အရေး ပါသော ပံ့ပိုးမှုများ ပေးလျက်ရှိပေသည်။ ထို့အပြင် ကျေးလက်နေ ပြည်သူ များ၏ အရေးပေါ်ကုန်ကျစရိတ်နှင့် အရန်ငွေကြေး များသည် မွေးမြူရေးလုပ်ငန်းများအဖြစ် တည်ရှိနေခြင်း မှာ ကျေးလက်လူမှုဘဝ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအချက်ဖြစ်နေပါသည်။ တောင်သူများနှင့် တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများအတွက် အဓိကဆုံးရှုံးမှု များသည် တိရစ္ဆာန်ကပ်ရောဂါများမှ အစပြုနိုင်ကာ မွေးမြူရေးလုပ်ငန်းများ ဆုံးရှုံးလျော့ကျစေခြင်းသည် အာဟာရချို့တဲ့ခြင်း၊ မြို့ပြများသို့ ရွှေ့ပြောင်းလုပ်ကိုင် ခြင်းစသည့် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်သကဲ့သို့ အခြား ဆက်စပ်ပြဿနာများပါ ဖြစ်ပေါ်စေနိုင်ကြောင်းတွေ့ရှိ ရပါသည်။
မကြာမီက ပေါ်ပေါက်လာသည့် ကူးစက်ရောဂါများ ၏ ၇၅ ရာခိုင်နှုန်းသည် တိရစ္ဆာန်များမှ အစပြုခဲ့၍ လူသား များကို ရောဂါဖြစ်ပွားစေသည့် ရောဂါပိုးများ၏ ၆၀ ရာခိုင် နှုန်းမှာ တိရစ္ဆာန်မှ လူသို့ကူးစက်သည့် ရောဂါပိုးများဖြစ် ကြပါသည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကပ်ရောဂါအသွင် ဖြစ်ပေါ်နိုင်သည့် ရောဂါပိုး ခုနစ်မျိုးကို လူထုကျန်းမာရေး အရေးပေါ်အခြေအနေ ဦးစားပေး စာရင်းအဖြစ် ထုတ်ပြန်ခဲ့သည်။ ထိုရောဂါပိုးခုနစ်မျိုးသည် တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သည့် ရောဂါပိုးများဖြစ်ကြ ပါသည်။ ထို့အပြင် မကြာမီနှစ်များအတွင်း ဖော်ထုတ် တွေ့ရှိခဲ့သည့် အီဘိုလာ၊ SARS ၊ MERS နှင့် ကြက်ငှက် တုပ်ကွေးရောဂါတို့မှာ တစ်ခုတည်းသော ကျန်းမာရေး၊ ဖော်ဆောင်ရေး ချဉ်းကပ်လှုပ်ရှားမှုများတွင် ဦးစားပေး သတိပြုခဲ့ကြသည်။ တိရစ္ဆာန်မှ လူသို့ကူးစက်သည့်ရောဂါ များဖြစ်လာခဲ့ပါသည်။ ထို့အပြင် သတိပြုဆောင်ရွက်ရန် မေ့လျော့ခဲ့ကြသည့် ခွေးရူးရောဂါ၊ တီဘီ အစရှိသည့် ရောဂါတို့သည်လည်း တိရစ္ဆာန်မှအစပြု၍ လူသား ကျန်းမာရေးကို နေ့စဉ်ထိပါးနိုင်သည့် ရောဂါ များဖြစ် ကြောင်း သိရှိလာကြပြီ ဖြစ်ပါသည်။ ကျန်းမာရေး လုံခြုံ စိတ်ချရမှုအတွက် “ကာကွယ်ခြင်းသည် ကုသခြင်း ထက်ပိုမိုထိရောက်” သဖြင့် တိရစ္ဆာန်များတွင်ဖြစ်ပွား သည့် မူလရင်းမြစ်ကျန်းမာရေး အန္တရာယ်များကို ပစ်မှတ်ထားဦးစားပေးဆောင်ရွက်သင့်ကြောင်း တဖြည်း ဖြည်း သဘောပေါက်နားလည်လာကြပြီ ဖြစ်ပါသည်။
သို့သော်လည်း နိုင်ငံများ၏ မွေးမြူရေးနှင့် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် အခြားကဏ္ဍ များနှင့် နှိုင်းယှဉ်လျှင် အဘက်ဘက်မှ အားနည်းလျက်ရှိပြီး စိုက်ပျိုးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုမျှစာ ရှိနေသည်မှာ အံ့အားသင့်စရာပင်ဖြစ်သည်။ မွေးမြူရေး နှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဝန်ထမ်းအင်အား၊ ဘဏ္ဍာငွေအင်အားနည်းပါးခြင်းအား ဖြင့် မွေးမြူရေးကဏ္ဍများတွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ် စေခြင်း၊ ကပ်ရောဂါများကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မှုမရှိခြင်းတို့ကြောင့် ဆုံးရှုံးနစ်နာမှုများ ကျန်းမာရေးခြိမ်းခြောက်မှုများ တိုးပွားလာစေပါသည်။ ထို့အပြင် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် လုံခြုံစိတ်ချရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ကုန်သွယ်မှုလုပ်ငန်းကို ဖော်ဆောင်သည့် အခြေခံဌာနများဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ရောဂါ များဖြစ်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (HPAI)၊ ခွာနာ လျှာနာရောဂါ(FMD)၊ ဆိတ်ပလိပ်ရောဂါ (PPR)၊ အာဖရိကန် ဝက်အပြင်း ဖျားရောဂါ (ASF)များ ဝင်ရောက် လာခြင်းသည် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များ အားနည်းနေခြင်းကို ဖော်ပြလျက်ရှိပေသည်။
ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှ ဆောင်ရွက်လျက်ရှိ သည့် အပင်နှင့်တိရစ္ဆာန်ရောဂါကင်းရှင်းစွာ ကုန်သွယ်မှု သဘောတူညီချက် (SPS Agreement)တွင် လုံခြုံစိတ်ချ ရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ် မှုစနစ် ပေါ်ပေါက်စေရေးအတွက် စံနှုန်းများ ချမှတ် ပေးလျက်ရှိပါသည်။ ထို့အပြင် ၎င်းအဖွဲ့ဝင် နိုင်ငံများရှိ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ခိုင်မာဖွံ့ဖြိုးစေရန် စိစစ်အကဲဖြတ်ရေးအဖွဲ့များ စေလွှတ် ၍ ဝန်ဆောင်မှုလုပ်ငန်းများကို အကဲဖြတ်ပေးခြင်း၊ အားနည်းချက် အားသာချက်များရှာဖွေ၍ အကြံဉာဏ် များ ပေးအပ်ခြင်း၊ လိုအပ်ချက်ပေါ်မူတည်၍ အကူအညီ များ၊ ပံ့ပိုးမှုများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေး လျက်ရှိပါသည်။
ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာစွမ်းဆောင်မှု မြှင့်တင်ရေး လုပ်ငန်းစဉ် (Performance of Veterinary Services Pathway) သည် (၁) နိုင်ငံများတွင် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်မှုအကဲဖြတ် ဆောင်ရွက် သည့်စနစ်အား မိတ်ဆက်ပေးခြင်း၊ (၂) အကဲဖြတ် အဖွဲ့များစေလွှတ်၍ စိစစ်အကဲဖြတ် အကြံဉာဏ်ပေး ခြင်း၊ နိုင်ငံတွင်း အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ (၃)အကဲဖြတ်မှုများမှ ရှာဖွေ တွေ့ရှိချက်များ အကြံပြုချက်များကို စိစစ်သုံးသပ်၍ ဗျူဟာမြောက်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် စေခြင်း၊ (၄) လိုအပ်ချက်အပေါ်မူတည်၍ ပံ့ပိုး ထောက်ပံ့ ခြင်း စသည်ဖြင့်လုပ်ငန်းများ ပါဝင်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်လှုပ်ရှား လျက်ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် နိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း များကို ပိုမိုကောင်းမွန်စွာ တိုးတက်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်မှုအကဲဖြတ်အဖွဲ့များအား ခြောက်ကြိမ်ခေါ်ယူခဲ့ပြီး ယင်းအကဲဖြတ်အဖွဲ့များ၏ တွေ့ရှိချက်များ၊ အကြံဉာဏ်ပေးချက်များအရ ဦးစားပေး လုပ်ငန်းများဖော်ထုတ်အကောင်အထည်ဖော်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ များပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ဓာတ်ခွဲ ခန်းလုပ်ငန်းများမြှင့်တင်ဆောင်ရွက်ခြင်း၊ လုံခြုံစိတ်ချ ရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ် မှု လုပ်ငန်းစနစ်ပေါ်ပေါက်စေရေး ဆောင်ရွက်ခြင်း စသည်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် တစ်ခု တည်းသော ကျန်းမာရေး(One Health)အတွက်လည်း သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း အကဲဖြတ် အဖွဲ့များ၏ ရှာဖွေတွေ့ရှိချက်များ၊ အကြံဉာဏ်ပေးချက် များအရ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက် စေရန် ဘဏ္ဍာရေး၊ လူအင်အား၊ ဥပဒေ၊ နည်းပညာ စသည်ဖြင့် အဘက်ဘက်မှ လိုအပ်ချက်များစွာရှိနေပြီး တာဝန်ရှိသူ (Stakeholders) အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများသည် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (SDG) ၁၇ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး (No Poverty, Zero Hunger, Good Health and Well-being, Quality Education, Gender Equality, Decent Work and Economic Growth, Sustainable Cities and Communities, Peace Justice and Strong Institutions) စသောရည်မှန်းချက် (၈)ခုနှင့် သက်ဆိုင်နေကြောင်းတွေ့ရပါသည်။ ယင်း(၈)ချက်တွင် ပထမ ဦးစားပေး (၃) ချက်ဖြစ် သည့် ဆင်းရဲမှု ကင်းစင်ရေး၊ ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးနှင့် ကျန်းမာ ကောင်းမွန်စွာ နေထိုင်နိုင်ရေးဆိုသည့်အချက်များသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Food Security, Food Safety and Sustainable Rural Development) ဆိုသည့် မူဝါဒများနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိပါ သည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော တိရစ္ဆာန်များကို ကာကွယ်စောင့် ရှောက်လို့ အနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်ကြစို့ (Protecting animals, preserving our future) ဆိုသည့် အတိုင်း မျိုးဆက်သစ်များအတွက် လှပသည့် အနာဂတ် လက်ဆင့်ကမ်းပေးနိုင်ရန် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို စွမ်းဆောင်မှုမြှင့်တင်နိုင်ရေးပူးပေါင်း ပါဝင်ကြိုးစားပေးနိုင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
Ref: Strengthening Veterinary Service through the OIE PVS pathway, Feb 2019, OIE