မတူကွဲပြားမှုများမှသည် ပြည်ထောင်စုအောင်ပွဲဆီသို့
မိသားစုတစ်စု အတွင်းမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအသိုက်အမြုံ တစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခု ဒေသတစ်ခုမှာပဲဖြစ်ဖြစ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြလျှင်ဖြင့် အရေးအရာ မှန်သမျှ အနှောင့်အယှက်ကင်းကင်းနဲ့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ အောင်မြင်တတ်ကြပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုလည်း ရရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဒီလိုဖန်တီးနိုင်တဲ့ အရည်အချင်းတွေ ရရှိနေလို့ပဲဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအပေါင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်လို့ နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ ကြပါတယ်။
လွတ်လပ်ရေးအတွက် အာမခံချက်တစ်ခုဖြစ်တဲ့ “တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်မှဖြစ်မယ်”ဆိုတဲ့ ခံယူချက်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်များဟာ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်ရေးကို တာဝန်ယူ တည်ဆောက် ခဲ့ကြတယ်။ လွတ်လပ်ရေးမရရှိမီ ချုပ်ဆိုနိုင်ခဲ့တဲ့ ၂၀ ရာစုပင်လုံ သဘောတူညီချက်ရဲ့ လားရာက လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံကြီးတစ်ခု ထူထောင်ဖို့ဖြစ်ခဲ့ပြီး ယနေ့အထိတိုင်လည်း တိုင်းရင်းသားအားလုံးဟာ အမိမြန်မာနိုင်ငံအတွင်း အေးအတူပူအမျှ မှီတင်းနေထိုင်ကြလျက် ရှိကြသလို ယနေ့မျိုးဆက်သစ်ခေါင်းဆောင်များ ကြိုးပမ်းထမ်းဆောင်နေတဲ့ အဓိက တာဝန်တစ်ရပ်ကလည်း နောင်သားစဉ်မြေးဆက် မိမိနိုင်ငံမျိုးဆက်တွေအတွက် ထားရစ်ခဲ့ရမယ့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးပဲ ဖြစ်နေပါတယ်။
ပြင်းပြတဲ့ စိတ်ဓာတ်များထားရှိရန် တစ်ဦးချင်းစီမှာ တာဝန်ရှိ
ဒီငြိမ်းချမ်းရေး တာဝန်ကြီးကို ယနေ့မျိုးဆက်မှာပဲ ပြီးပြတ်အောင်မြင်စေချင်တဲ့ စေတနာနဲ့ တာဝန်ယူမှုကို ကျင်းပပြီးစီးခဲ့တဲ့ ၂၁ ရာစုပင်လုံအစည်းအဝေးများက သက်သေပြသနေပါတယ်။ ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှန်သမျှအပေါ်မှာ မြန်မာပြည်သူတွေ အားလုံးရဲ့ တောက်ပတဲ့ မျှော်လင့်ချက်တွေရှိ နေသလို နောင်လာမယ့် ငါတို့မျိုးဆက်တွေ အတွက် မှန်ကန်တဲ့အမွေတွေ ထားရစ်ပေးနိုင်မလားဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကိုလည်း မြင်တွေ့နေရပါတယ်။ ယခုလို မျှော်လင့်ချက်တွေ အစဉ်ရှင်သန်နေစေရန်မှာ ပါဝင်သက်ဆိုင်သူအားလုံးအတွက် အဓိကကျတဲ့ တာဝန်ကြီးတစ်ရပ် ဖြစ်လို့နေပါပြီ။ ကျွန်တော်တို့ဟာ “ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေကိုလည်း တန်ဖိုးထားတယ်။ တိုင်းရင်းသားအချင်းချင်း အပေါ်မှာလည်း လေးစားယုံကြည်ကြတယ်။ ကိုယ့်ပြည်ထောင်စုကြီးကိုလည်းချစ်တယ်။ ပြည်ထောင်စုကြီးအတွင်းမှာပဲ ဥမကွဲသိုက်မပျက် နေလိုကြတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လက်တွဲတည်ဆောက်ပြီး တို့ပြည်နယ် တို့ဒေသ၊ တို့နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရည်သန်တယ်။ မျှော်ကိုးတယ်” ဆိုရင် ဒီနိုင်ငံကြီးတည်ငြိမ်ဖို့၊ ဒီဒေသ တည်ငြိမ်အေးချမ်းဖို့ တို့အားလုံးမှာ တာဝန်ရှိလာပြီလို့ ခံယူရမှာဖြစ်ပြီး တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့ ငြိမ်းချမ်းချင်တဲ့စိတ်၊ အရှိန်အဟုန်နဲ့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်လိုတဲ့ စိတ်ဓာတ်တွေ ရင့်ကျက်ဖို့ဆိုတာ အင်မတန်အရေးကြီးလာပါတယ်။
မတူကွဲပြားမှုတွေဆိုတာ နေရာတိုင်းမှာအမြဲရှိ
နိုင်ငံသား တစ်ဦးချင်းစီမှာ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ထွန်းဖို့၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “ငြိမ်းချမ်းရေးကို ဦးစွာတည်ဆောက်ရမယ်”ဆိုတဲ့ ဘုံရည်မှန်းချက် ရှိကြတယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အဓိကပြဿနာတွေကဘာလဲ။ သဘောထားမညီမျှမှုတွေ၊ အခြေအနေမတူကွဲပြားခြားနားမှုတွေ၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား မယုံကြည်မှုတွေ၊ နားလည်မှုမပေးနိုင်တဲ့အချက်တွေ၊ အာဃာတအဖြိုး အတေးတွေ၊ အဲဒီကမှ တစ်ဆင့် ထိပ်တိုက်တွေ့မှုတွေနဲ့ ပဋိပက္ခဖြစ်စဉ်တွေရဲ့ အကြောင်းအရင်းတွေကို ညှိနှိုင်း အဖြေရှာ ပေါင်းစပ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပဋိပက္ခတွေက တစ်ဖန်တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား သင်္ကာမကင်းမှု၊ စိုးရိမ်မှုတွေ တိုးပွားစေပြန်ပါတယ်။ မတူကွဲပြားမှုတွေဆိုတာ ပြည်ထောင်စုကြီး အတွင်းမှာမပြောနဲ့၊ မိသားစုတစ်စုထဲမှာတောင် အမြင်မတူကြတာတွေ အများကြီးရှိနိုင်ပါတယ်။ မိသားစုတစ်စုထဲမှာတောင် မိဘတွေရဲ့အမြင်နဲ့ သားသမီးတွေရဲ့အမြင် တထပ်တည်းမကျနိုင်ပါဘူး။ အဖွဲ့အစည်းတွေအတွင်းမှာလည်း ထို့အတူပါပဲ။ တစ်ဦးချင်း အယူအဆတွေ ခြားနားနိုင်သလို အုပ်စုအဖွဲ့အလိုက်လည်း သဘောထားတွေ ညီတူညီမျှ မရှိနိုင်ပါဘူး။ နောက်ခံအကြောင်းတရား အမျိုးမျိုးတွေကြောင့် မြို့တစ်မြို့၊ ဒေသတစ်ခု၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့ တစ်မျိုးအကြားမှာ မတူကွဲပြားမှုတွေရှိမယ်ဆိုတာ လက်မခံလို့ မရပါဘူး။ မတူကွဲပြား ခြားနားမှုတွေဆိုတာ ပြဿနာမဟုတ်ပါ။ ဒီလိုကွဲပြားခြားနားမှုတွေ၊ သဘောထားချင်း မထင်ဟပ်မှုတွေ၊ အယူအဆမတိုက်ဆိုင်မှု တွေကို ဘယ်လိုညှိယူကြမလဲ၊ ဘယ်လိုပေါင်းစပ်ယူကြမလဲ၊ စေ့စပ်ညှိနှိုင်းနိုင်မှု စွမ်းပကားတွေကသာ အခရာကျပါတယ်။ နောက်ဆုံး ဒီလိုမတူညီမှုတွေ၊ ကွဲပြားမှုတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်မှု အရည်အချင်းကပဲ အောင်မြင် ဖွံ့ဖြိုးမှုကို ဦးတည်ဆောင်ကြဉ်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိလာတာနဲ့အမျှ ယခုလို မတူကွဲပြားမှုတွေကို လက်ခံနိုင်တဲ့၊ လက်ခံရဲတဲ့ခံယူချက်တွေ ရှိလာမှာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် အဓိပတိအင်အားများ
အရေးကြီးတာက ငြိမ်းချမ်းရေးရချင်တဲ့ ထက်သန်တဲ့စေတနာနဲ့ ပြင်းပြတဲ့စိတ်ဆန္ဒက အဓိကဖြစ်ပါတယ်။ ငြိမ်းချမ်းမှုကို အောင်ပွဲတစ်ခုအဖြစ် ဆာလောင်မွတ်သိပ် နေဖို့ပဲဖြစ်ပါတယ်။ ဆန္ဒနဲ့စိတ်ဓာတ် ပြင်းပြနေပြီဆိုရင်တော့ စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်ဆောင်ရွက်လိုတဲ့ ဝီရိယကအလိုလို နောက်က လိုက်ပါလာမှာပါပဲ။ ဆန္ဒ၊ စိတ်ဓာတ်နဲ့ ဝီရိယကို အခြေခံပြီး ညှိနှိုင်းပေါင်းစပ်နိုင်မှု စွမ်းပကားနဲ့ ပညာဉာဏ် အရည်အချင်းကိုပါ ပေါင်းစပ်လိုက်ရင်တော့ မိမိတို့လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ မလွဲပါဘူး။ ဒီအဓိပတိ လေးပါးဟာ တစ်ဦးချင်းအတွက်ရော အဖွဲ့လိုက်ပါ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ခွန်အားတွေ၊ သော့ချက်ကျတဲ့ မောင်းနှင်အားတွေလည်း ဖြစ်ပါတယ်။ ဒီတွန်းအားတွေ ရင့်သန်အားကောင်း လာရင်တော့ မိမိတို့ထံပါး အစဉ်ကိန်းအောင်းနေတဲ့ ငြိမ်းချမ်းရေးရဲ့ ရန်သူဖြစ်တဲ့ အတ္တနဲ့ မာန်မာနများဟာလည်း လျော့ပါးသွားမှာ အမှန်ဖြစ်ပါတယ်။ အတ္တနဲ့ မာန်မာနဟာ ဘယ်အရာမှာမဆို အဆိုးဘက်သို့သာ ဦးတည်တဲ့ အခြင်းအရာတွေပဲမို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ဘယ်လိုပဲ ငြိမ်းချမ်းမှုကို လိုလားနေဦးတော့ ဒီအဆိုး သံသရာတွေကြောင့်ပဲ မိမိတို့ နှလုံးသားထဲဝယ် ပြည်ထောင်စုစိတ်ဓာတ် သန္ဓေတည်ဖို့ ခဲယဉ်းနေတတ်ပြီး ငြိမ်းချမ်းရေး လည်းရရှိဖို့ အလှမ်းဝေးဆဲ ဖြစ်နေနိုင်ပါတယ်။
ရန်ဘက်မှ မိတ်ဆွေအဖြစ်သို့
ပြည်ထောင်စုကြီးအတွက်၊ ငြိမ်းချမ်းရေးအတွက်ဆိုတဲ့ စေတနာနဲ့စိတ်ဓာတ်ခွန်အားတွေလည်း တိုးပွားလာပြီ။ ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ့်ဒေသအတွက်ပဲဆိုတဲ့ ကွက်ကွက်လေးပဲ မြင်တဲ့အတ္တနဲ့ “ငါမရှိရင်မဖြစ်”ဆိုတဲ့ မာနတွေလည်း လျှော့ချနိုင်လာပြီဆိုရင်တော့ ကိုယ်နဲ့ မတူခြားနားတဲ့သူတွေ၊ ကိုယ်နဲ့ ပဋိပက္ခဖြစ်ရသူတွေ အပေါ်မှာ ရန်ဘက်လို့မမြင်တော့ဘဲ ကိုယ့်ရဲ့တကယ့်မိတ်ဆွေတွေပဲ၊ ကိုယ့်ရဲ့ညီနောင်သားချင်းတွေပဲ၊ ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေပဲ၊ ကိုယ့်ရဲ့မိသားစုတစ်စုပဲဆိုတဲ့ အမြင်တွေနဲ့ ရှုမြင်နိုင်တဲ့အခြေအနေသို့ ရောက်ရှိလာပါပြီ။ ရန်ဘက်မှ မိတ်ဆွေအဖြစ် ကူးပြောင်းနိုင်ပြီဆိုရင်တော့ အားလုံးမှာ မယုံရဲယုံရဲနဲ့ ထွေးပိုက်ထားရတဲ့ သင်္ကာမကင်းမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေလည်း လျော့နည်းသထက် လျော့နည်းလာမှာ အသေအချာပါပဲ။ ဒီအချက်တွေကို ဖြေလျှော့နိုင်ပြီ ဆိုရင်တော့ ငြိမ်းချမ်းရေးအောင် ပွဲနဲ့လည်း အလှမ်းမဝေးတော့ပါဘူး။ ကိုယ့်အပေါ်မှာ စိုးရိမ်မှုတွေ လျော့ပါးစေတဲ့၊ အာဃာတတွေ ပြေလျော့စေတဲ့ မည်သူကိုမဆို လေးစားတန်ဖိုး ထားတတ်ကြတာ လူ့သဘောသဘာဝပဲဖြစ်ပါတယ်။ ဆိုလိုတာက ယခင်ပဋိပက္ခ ရန်ဘက်တွေ အကြားမှာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် တန်ဖိုးထားမှုတွေ တိုးပွားလာနိုင်တယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအခြေအနေမှာ သူ့ရဲ့အမြင်၊ သူတို့ရဲ့အယူအဆကို လက်ခံနိုင်တယ်။ ကြိုဆိုနိုင်တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အနေအထားကိုလည်း မြင်နေရပါပြီ။ ကိုယ့်ရဲ့ရန်သူအဖြစ်မှ မိတ်ဆွေအဖြစ် လက်ခံနိုင်မှတော့ ယုံကြည်မှုလည်းတိုး၊ နားလည်မှုလည်း တည်ဆောက်ပြီးသား ဖြစ်ပြီပေါ့။ မတူကွဲပြားမှုတွေကြားမှာ လက်တွေ့တည်ဆောက်ဖို့ ခဲယဉ်းနေတဲ့နားလည်မှုနဲ့ ယုံကြည်မှုများ တိုးပွားလာခြင်းဟာ ပြည်ထောင်စုစိတ်ဓာတ်မှတစ်ဆင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းအပါအဝင် ဘယ်အရာမှာမဆို အရေးကြီးတယ်ဆိုတာ အားလုံးကလက်ခံပြီးသားလည်း ဖြစ်ပါတယ်။ ဆိုခဲ့သလို နားလည်မှုနဲ့ အခြေခံထားတဲ့ ညှိနှိုင်းစေ့စပ်မှုများက ရန်ဘက်မှမိတ်ဆွေအဖြစ်သို့ ကူးပြောင်းနိုင်သလို ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မြဲဖို့အတွက်လည်း ပဓာနကျတဲ့ အချက်တွေပဲဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။
မျှတမှုသည် ညှိနှိုင်းမှုတွင်ပဓာနကျ
တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား နားလည်မှုရှိလာပြီ၊ ယုံကြည်မှုခိုင်မာလာပြီ၊ အပြန်အလှန်လေးစား တန်ဖိုးထားမှုတွေ ရှိလာပြီဆိုရင်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့မခွဲခြား ယုံယုံကြည်ကြည်နဲ့ တာဝန်ယူပေးလိုစိတ်၊ တာဝန်ခံပေးလို စိတ်တွေလည်း ဒွန်တွဲယှဉ်ကပ်လာမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် စေ့စပ်ညှိနှိုင်းသူတွေအကြားမှာ အပေးအယူ အလျှော့အတင်းလုပ်ဖို့ ဆိုတာလည်း အများကြီးခက်ခဲတဲ့ အရာတွေမဟုတ်တော့မှန်း ခံယူလာနိုင်ကြပါတယ်။ အပေးအယူကလည်း မျှတတဲ့အပေးအယူ ဖြစ်မယ်၊ မိမိဘက်ကလည်း“ဘာရမှ” ဆိုတာထက် ကိုယ့်ဘက်က “ဘာပေးနိုင်မလဲ”ဆိုတဲ့ ပရဟိတစိတ်ထားကို ရှေ့တန်းတင်နိုင်မှသာ မျှတတဲ့အပေးအယူလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ မိမိဘက်က မပေးနိုင်ဘဲနဲ့ ရယူဖို့ချည်းသက်သက် ဦးစားပေးနေရင်တော့ အတ္တရဲ့အကျဉ်းသားအဖြစ်နဲ့သာ ခံယူသွားနိုင်တာမို့ ဒီ“မျှတမှု”ဆိုတဲ့ သဘောတရားကို အမြဲနှလုံးသွင်းသုံးသပ်နေဖို့ သတိပြုသင့်ပါတယ်။ မျှတမှုဟာ အားလုံးအတွက် မှန်ကန်သော အဆုံးအဖြတ်ကို ပေးစွမ်းနိုင်သလို ထားရှိအပ်တဲ့ စေတနာတရားကိုလည်း ကောင်းစွာအထောက် အပံ့ပြုနိုင်ကာ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်တော့ ကျွန်တော်တို့နိုင်ငံဟာ မတူကွဲပြားတဲ့ အခြေအနေတွေအောက်မှာ များပြားလှတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းဖြစ်တည်ထားတဲ့ နိုင်ငံတော်တစ်ခု ဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးရရှိရန်၊ ကိုယ်ရောစိတ်ပါငြိမ်းချမ်းသာယာရန်၊ ထာဝရတည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ကိန်းအောင်းနေစေရန်၊ နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရန်မှာ နိုင်ငံသူနိုင်ငံသားတွေအကြား၊ တိုင်းရင်းသား အချင်းချင်းအကြား စည်းလုံးညီညွတ်ရေးဟာ အလွန်အရေးကြီးလှပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးအောင်ပွဲဟာလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်စပ်နေပါတယ်။ ယခုနှစ် ပြည်ထောင်စုနေ့ မတိုင်မီကျင်းပပြီးစီးခဲ့တဲ့ နှစ်ဦးနှစ်ကူး ငြိမ်းချမ်းရေး အစည်းအဝေး များကနေ တိုင်းရင်းသား ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးလက်ဆောင်စကားတွေလည်း ကြားနေရပြီဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူအပေါင်းအနေနဲ့ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အတူ နားလည်မှု၊ ယုံကြည်မှု၊ ရင်းနှီးမှုများကို အတူတိုးပွား တည်ဆောက်၍ သော်လည်းကောင်း၊ ငြိမ်းချမ်းရေး ကတိကဝတ်များကို ရှေ့တိုးဖော်ဆောင်၍သော်လည်းကောင်း လက်တွဲညီညီဖြင့် ပြည်ထောင်စုအောင်ပွဲအဖြစ်သို့ ရောက်ရှိရန် မျှော်လင့်တောင့်တလျက်ရှိကြပါကြောင်း။
ဒေါက်တာ မြတ်မိုး