စိတ်နဲ့တောင် မပစ်မှားကြနဲ့
စာချစ်သူ
သူတော်ကောင်းတို့ မွေ့လျော်ရာ စစ်ကိုင်းတောင်ရိုး၏ နေဝင်ရီသရောအချိန်။ နေမင်းကြီးသည် လောကဓာတ်ကို တစ်နေ့တာအလင်းဓာတ်တို့ဖြန့်ဝေပေးပြီး နောက် ခေတ္တအနားယူခါစ၊ တစ်ဆက်တည်းမှာပင် လောကသားတို့ ချမ်းမြသာယာစေဖို့ သီတဂူစန်းလကလည်း ထွက်ပေါ်စအချိန်။
စစ်ကိုင်းတောင်ရိုးကုန်းမို့ထက်ရှိ စေတီတစ်ဆူ ပေါ်သို့သက်တော် ၈၀ကျော်ဆရာတော်ကြီးတစ်ပါး အုတ်လှေကားအတိုင်း တက်လှမ်းကြွချီလာသည်။ ဆရာတော်ကြီး၏ ဘေးဘီဝဲယာတွင် တွဲမည့်သူ မရှိ။ ဆရာတော်ကြီး၏ အဖော်ကား လက်ထဲရှိ တောင်ဝှေးတစ်ချောင်းသာ။
သက်တော်ကြီးရင့်လာခဲ့ပြီ ဖြစ်သော်လည်း ဘေးမှမည်သည့် ဒကာရင်း၊ တပည့်ရင်းတို့၏ အကူ အညီကိုမယူဘဲ တောင်ဝှေးတစ်ချောင်း အားကိုးဖြင့် အုတ်လှေကားထစ်များကို တစ်ထစ်ပြီး တစ်ထစ် ကြွချီတက်လှမ်းနေသည်ကိုက ဆရာတော်ကြီး၏ ဝီရိယ၊ ရဲရင့်သော ပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေသည်။
သက်တော်ရှည်ဆရာတော်ကြီးသည် စေတီ တော်ရင်ပြင်ဆီသို့ ရောက်သောအခါ အသင့်ခင်း ထားသော ထိုင်ခုံတစ်ခုဝယ်ထိုင်ရင်း ခေတ္တအမော ဖြေနေလေသည်။ ထို့နောက် စစ်ကိုင်းတောင်ရိုး စေတီကုန်းမို့ထက် ရှေ့တူရူအရပ်တွင် အစီအရီ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော စေတီ၊ ပုထိုး၊ ကျောင်း ကန် သာသနိကအဆောက်အအုံများကို စူးစူး စိုက်စိုက် ကြည့်တော်မူလေသည်။
သက်တော်ရှည်ဆရာတော်ကြီး၏ စိတ်အစဉ် ဝယ် ငယ်စဉ်ကာလ စာသင်သားဘဝမှယခုတိုင် လုံ့လဥဿဟ အပြည့် စိုက်ထုတ်၍ လျှောက်လှမ်း ခဲ့သော သာသနာပြုခရီးစဉ်များကို ပြန်လည် မြင်ယောင်လာလိမ့်မည်မှာ မလွဲဧကန်ပင်။
“မန္တလေးမှာ စာသင်သားဘဝနဲ့ နေခဲ့ရတဲ့ နှစ်နှစ်ကျော်ကာလဘုန်းကြီးနေခဲ့တဲ့ခင်မကန်တိုက် မိုးတားကျောင်း မှာ သံဃာ ၅၀ ခန့်ရှိပါတယ်။ အများ ပိုင်စုဆောင်းထားတဲ့ ရန်ပုံငွေများမှ နံနက်ခင်း စာတက်အပြန် ၁၁ နာရီမှာ ပဲခြမ်းကြော်၊ ပဲလှော် လေးနဲ့ ရေနွေးကြမ်း ဝိုင်းလေးဖွဲ့ကြရပါတယ်။ ၈ နာရီမှာ စားခဲ့တဲ့နံနက်နဲ့ နေ့လယ်စာအကြား ဂွဆွမ်းမှာ ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေကို ရောမွှေပြီး ပဲကြော်လေးတွေနဲ့ ရောပြွမ်းကာ ဇွန်းတွေတပ်ပြီး လက်ရည်တစ်ပြင်တည်းဆိုသလို နေ့လယ်စာ သရေစာသဘောမျိုး စားရတာလည်း ပျော်စရာတစ်မျိုးပါပဲ။
“ဘုန်းကြီးရဲ့ ရဟန်းဒကာက မန္တလေးစာသင် အသွား မန္တလေးမှာသုံးစွဲဖို့ တစ်နှစ်စာ သုံးပေတော့ ဆိုပြီး ပိုက်ဆံ ၃၆၀ ကျပ်ပေးလိုက်တယ်။ တစ်နေ့ တစ်ကျပ်နှုန်းပေါ့။ အဲဒါကြောင့် နေ့စဉ်နေ့တိုင်း ပိုက်ဆံတစ်ကျပ် ခါးမှာညှပ်ပြီး ပိုတဲ့ပိုက်ဆံတွေကို ယူနီဖောင်း သံသေတ္တာထဲမှာ သော့ခတ်သိမ်းထားခဲ့ ရတယ်။ ပိုက်ဆံတစ် ကျပ်ခါးညှပ်ပြီးတော့ ပူအိုက် တဲ့ မန္တလေးရွှေမြို့တော်မှာ ညနေခင်းလမ်းလျှောက် ထွက်ရင်း ကျုံးထောင့်မှာ ကြံရေတစ်မတ်ဖိုးသောက်၊ ကျန်သုံးမတ်ကို စာအုပ်အဟောင်းဆိုင်မှန်သမျှ လှည့်လည်သွားလာပြီး စာအုပ်တွေဝယ်၊ ည ၉ နာရီ ကျောင်းမီးတွေပိတ်တော့ အဲဒီစာအုပ်တွေသန်းခေါင် ကျော်အောင်ဖတ်ခဲ့တာ နေ့တိုင်း ညတိုင်းလိုလိုပါပဲ”
သက်တော်ရှည်ဆရာတော်ကြီး၏ စိတ်အစဉ် ဝယ် တစ်ခါက အင်တာဗျူးတစ်ခုတွင် မိန့်ကြား ခဲ့ဖူးသော ထိုထိုသော ပျိုနုအရွယ် မန္တလေးစာသင် သားဘဝက ပုံရိပ်တို့ကိုလည်း ပြန်လည်မြင်ယောင် လာပါလိမ့်မည်။
“ရန်ကုန်စာသင်သားဘဝ (Service) က သုံးနှစ် ရခဲ့ပြီးဖြစ်တဲ့အတွက် မန္တလေးစာသင်သားဘဝမှာ သိပ်စိတ်ညစ်စရာ မတွေ့တော့ဘူး။ မန္တလေး မှာတော့ ကျောင်းတိုက်က နံနက်ဆွမ်းစီစဉ်ပေး တာလည်း မရှိပါဘူး။ ဆန်ပြုတ်ကလေးတောင် မရတော့ဘူး။ နံနက်စောစော အိပ်ရာထ ရေသောက် ပြီး သပိတ်ကိုင်ကာ အိမ်စဉ်လျှောက်ခဲ့ရတယ်။ နေ့တိုင်းလိုလို ကံကောင်းတာလေး တစ်ခုက ဘုန်းကြီးရဲ့ ဆွမ်းခံရပ်ကွက်ဖြစ်တဲ့ သမီးတော်ဈေး၊ ကိုးလုံးတကာဘုရားအနီးတစ်ဝိုက်ဒေးဝန်းရပ်ကွက် တွေမှာ ဘုရားဝင်းတံတိုင်း၊ ကျောင်းဝင်းတံတိုင်း နံရံခြေရင်းတွေမှာ ဘယာကြော်၊ မုန့်ပျားသလက် ရောင်းနေတဲ့ဆိုင်ကလေးတွေရှိတယ်။ “အဲဒီဆိုင်ကလေးတွေက လောင်းလိုက်တဲ့ မုန့်ပျားသလက်လေး တစ်ခြမ်းလောက်နဲ့ ဘယာ ကြော်လေး တစ်ခုလောက်ရလိုက်ရင်ပဲ ဘုန်းကြီးတို့ စာသင်သားတွေအတွက် နတ်သုဒ္ဓါတမျှ မြိန်ရှက် ဖွယ်ကောင်းတဲ့ အရုဏ်ဆွမ်းပဲပေါ့။ အဲဒီမုန့်
ကလေးတွေနဲ့ ဘုရားဝင်းထဲဝင်၊ ဆွမ်းတော်ကပ် ထားပြီး ခဏနား၊ စားပြီးတော့ ဘုရားပေါက်က ရေအိုးစင် ရေသောက်၊ အိမ်စဉ်လျှောက်လို့ ဆွမ်းခံ၊ ကျောင်းရောက်တော့ နံနက် ၈ နာရီ စကောစက အချိန်မှာ ကိုယ့်သပိတ်နဲ့ကိုယ် သီတင်းသုံးဖော်တွေ ဝိုင်းပြီးစား၊ ၉ နာရီမှာစတင်ပြီး နာမည်ကြီး ဆရာ တော်တွေထံ စာတက်ခဲ့ရတယ်။ အဲဒီတုန်းက မန္တလေးမှာ နေ့စဉ် ကျောင်းအပြင်ထွက်ပြီး တစ်ကျောင်းဝင်တစ်ကျောင်းထွက်နဲ့ နာမည်ကြီး ဆရာတော်တွေရဲ့ ခြေရင်းမှာ ဝပ်စင်းပြီး စာတက် ခဲ့ရတာ အလွန်ပျော်စရာကောင်းတဲ့ ဘဝအချိန်ပိုင်း တွေပါပဲ”
ကံတရားတို့၏အကျိုးပေးသည်ဆန်းကြယ်၏။ အနုသယအခံဓာတ်သို့ ဆိုက်ထိစွာ စူးဝင်ခဲ့သော အကုသိုလ်အကြံဖြစ်လျှင်၊ မနောဒွါရအာသယ ဓာတ်ခံသို့ ထိခိုက်အောင် စူးဝင်ခဲ့သော ကုသိုလ် အကြံဖြစ်လျှင် ထိခိုက်စူးဝင် ထင်ကျန်သော အရှိန် အင်အားအလိုက် တစ်ချိန်ချိန်တွင် အကျိုးပေးကြ မြဲပင်တည်း။
သတ္တဝါတို့၌ တစ်ချိန်သောကာလက လက်ခံမိ ခဲ့သော ကြံစည်၊ ပြောဆို ပြုမူမှု (ကံတရား) များ တစ်ချိန်ချိန်၌ အကျိုးတရားအဖြစ် ပေါ်လာမြဲဖြစ် သည်။ မည်မျှသေးငယ်၍ အမှတ်မထင်သော အကြံ အစည်ကလေးပင် ဖြစ်စေကာမူ ငုပ်၍ငုပ်၍သွားသော်လည်း တစ်နေ့နေ့တွင် ဘွားခနဲအကောင် အထည်ဖော် (အကျိုးပေး) လာတတ်သည်။
“ဘုန်းကြီးတို့ စာသင်သားဘဝ အကြီးတန်း အောင်တော့ နိုင်ငံတော်အစိုးရရဲ့ လှူဒါန်းငွေကျပ် ၁၀၀ ရပါတယ်။ ကိုယ်နဲ့အတူ စာမေးပွဲအောင်တဲ့ သီတင်းသုံးဖော်တွေနဲ့ ရှမ်းပြည် တောင်ပိုင်း အောင်ပန်း၊ ကလော၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီးမြို့တွေကို လှည့်လည်ပြီးတော့ မြောက် ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နန့်ခမ်းမြို့များအထိ လျှောက်လည်ကြည့်လိုက်တယ်။ နန့်ခမ်းမြို့က ဒေါက်တာဆီးဂရေးရဲ့ ဆေးရုံကြီးကို ဝင်ကြည့်ဖြစ် သည် ဆန်းကြယ်၏။ အနုသယ စူးဝင်ခဲ့သော အကုသိုလ်အကြံ ဓာတ်ခံသို့ ထိခိုက်အောင် စူးဝင် ပျင် ထိခိုက်စူးဝင်ထင်ကျန်သော တစ်ချိန်ချိန်တွင် အကျိုးပေးကြမြဲဘလက လက်ခံမိခဲ့သော ကြံစည်။ များ တစ်ချိန်ချိန်၌ အကျိုးတရား မည်မျှသေးငယ်၍ အမှတ်မထင် ပင်ဖြစ်စေကာမူ ငုပ်၍ ငုပ်၍ ဂွင် ဘွားခနဲအကောင်အထည်ဖော် ခဲ့တယ်။ ဒေါက်တာဆီးဂရေးဆိုတာ အမေရိကန် ဘ၀တစ်ဘုန်းကြီး တောင်တန်းသာသနာပြု၊ တင်နက်စီပြည်နယ်၊ နက်ရှဗီးမြို့သားဖြစ်ပါတယ်။
“သူတည်ဆောက်ထားတဲ့ နန့်ခမ်းဆေးရုံဟာ ကြီးကျယ်တယ်၊ ခမ်းနားတယ်၊ စုံလင်တယ်၊ အခမဲ့ ကုသပေးတယ်။ နန့်ခမ်းမြို့နယ်က သံဃာတော် တွေနဲ့ သီလရှင်တွေ အဲဒီခရစ်ယာန်ဆေးရုံပေါ်မှာ ကုသမှုခံယူနေကြတာ တွေ့ခဲ့ရတယ်။ စိတ်ထဲမှာ ခံစားမိပုံ အတွေးမျိုးစုံပဲ၊ "အဲဒီခရစ်ယာန် ဘုန်းကြီး ဟာ သူတစ်ပါးအကျိုး သယ်ပိုးစောင့်ရှောက်တဲ့ စိတ်နှလုံးကောင်းရှိတယ်” လို့ ဘုန်းကြီးယုံကြည် ထားတယ်။
“ဘုန်းကြီးစိတ်ထဲမှာတော့ ရဟန်းသံဃာ တစ်သိန်းကျော်ရှိတဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ တည်ထောင်တဲ့ဆေးရုံမရှိဘဲ ခရစ်ယာန်ဆေးရုံ၊ ဟိန္ဒူဆေးရုံ၊ အစ္စလာမ်ဆေးရုံတွေ သာရှိနေပြီး အဲဒီဘာသာခြား ဆေးရုံတွေပေါ်မှာ ဗုဒ္ဓဘာသာရဟန်းတော်တွေ တက်ရောက်ကုသခံယူ နေကြတာကို မခံချင်သလိုရှက်သ လိုဖြစ်ခဲ့ရပါတယ်။
“ရှမ်းပြည်ခရီးကနေ ရန်ကုန်ပြန်ရောက်တော့ ကားတွေ၊ ရထားတွေစီးရာမှာ အညောင်းမိပြီးတော့ ကိုယ်ကိုယ်တိုင်လည်း အူကျရောဂါဖြစ်ပြီး ရန်ကုန် အရှေ့ပိုင်းက ရာမ ခရစ်ရှနာမစ်ရှင်းအသင်းက တည်ထောင်ထားတဲ့ ဂန္ဒီဆေးရုံမှာတက်ရောက်ပြီး ကုသမှုခံယူခဲ့ရတယ်။ ဆေးရုံကဆင်းတော့ ကမ္ဘာ အေး အပရဂေါယာနကျောင်းဆောင်မှာ ရုံးဖွင့် ထားတဲ့ သံဃာ့တက္ကသိုလ်ကျောင်းအုပ် ဆရာတော် ဦးပညာဒီပဆီသွားပြီး သံဃာတက္ကသိုလ် ကျောင်း သားစာရင်းသွင်းကာ လျှောက်လွှာတင်ခဲ့တယ်။ ဆရာတော် ဦးပညာဒီပက ဟံသာဝတီဦးဘခင် ရေးသားတဲ့ “နိုင်ငံခြားသာသနာပြု အသင်းအဖွဲ့ များ” ဆိုတဲ့ စာအုပ်ကလေးကို ပေးလိုက်တယ်။ အဲဒီစာအုပ်ကလေး ဖတ်ပြီးတဲ့နောက် ဗုဒ္ဓသားတော် ရဟန်းတစ်ပါးအနေနဲ့ ဆေးရုံထောင်ရမယ်လို့ သန္ဒိဋ္ဌာန်ချမှတ်လိုက်တယ်။ ဒါပေမယ့် ဘယ်ကစရ မှန်းတောင် မသိခဲ့ပါဘူး။
“အဲဒီအရွယ်တုန်းက အသက် (၂၂-၂၃-၂၄-၂၅)၊ ဘုန်းကြီးက စီးကရက်သောက်တယ်။ လူထု စီးကရက်ကုမ္ပဏီ ဦးချိုထုတ်တဲ့ ကပ္ပံတန်သံဘူးကိုမှ မြိန်မြိန်ရှက်ရှက် သောက်တာ။ အဲဒါကြောင့် ပြင်းထန်တဲ့ ချောင်းဆိုးရောဂါ စွဲလာတယ်။ သလိပ် ထဲမှာ သွေးစကလေးတွေ ပါလာတာတွေ့ရတယ်။ ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံသွားတော့ သူငယ်ချင်း ဦးဇင်းတွေက ခရစ်ယာန်ဆေးရုံကို ပို့ကြပြန်တယ်။ အလံပြဘုရားလမ်းက သတ္တမနေ့ ဥပုသ်အသင်း ဆေးရုံဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ချာချီလမ်းက ဇီဝိတဒါန သံဃာ့ဆေးရုံဟာ အိမ်ဟောင်းကြီးတစ်ခု ပေါ်မှာဖြစ်သလိုဆေးပေးနေရတဲ့ ဆေးခန်းကလေး မျှသာ ရှိနေပါသေးတယ်။ အဲဒီအတွေ့အကြုံဟာ သီတဂူအာယုဒါနဆေးရုံကြီးအတွက် မျိုးစေ့ကောင်း များပဲ ဖြစ်ပါတယ်”
စစ်ကိုင်းတောင်ရိုးကုန်းမြို့ မြေရဲ့ ဟိုးအထက် ဆီက စေတီပရိဝုဏ်အတွင်းမှ စစ်ကိုင်းတောင်ရိုး ဝန်းကျင်ရှိ သာသနိကအဆောက်အအုံများကို စူးစူး စိုက်စိုက်ကြည့်ရှုနေပါသော သက်တော်ရှည် ဆရာ တော်ကြီးကား ကမ္ဘာလောကကြီးကို သီတဂူစန်းလ ပမာ ချမ်းမြသာယာရှိစေဖို့ အလင်းဓာတ်များ၊ အအေးဓာတ်များ လွှမ်းခြုံဖြန့်ဝေပေးနေပါသော သက်တော် ၈၄ နှစ်အရွယ်ရှိ သီတဂူဆရာတော် ဘုရားကြီးပင်ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးသည် ၁၃၃၃ ခုနှစ်မှ စတင်၍ သထုံခရိုင် ကျွဲခြံနှင့် မုတ္တမအကြား ကျုံကရွာ၏ အရှေ့မြောက် တောင်တန်းထဲက သပိတ်အိုင်တောရတွင် လေးနှစ်ကျော်ကျော်တောရ ဆောက်တည်ခဲ့ပြီးနောက် စစ်ကိုင်းတောင်က ဆရာ သမားဖြစ်သူ အနီးစခန်း ဆရာတော်ကြီး လေဖြတ် ရောဂါခံစားနေရသည်ဟူသော သတင်းကြောင့် ဆရာတော်ကြီးခြေရင်းတွင်ပြုစုရန် စစ်ကိုင်း တောင်ရိုးသို့ ပြန်လည်ကြွချီတော်မူခဲ့သည်။
တစ်ခုနေ့ဝယ် မလွန်ဆန်အလှူပွဲတွင် အနီး စခန်းဆရာတော်ကြီးသည် ကျန်းမာရေးမကောင်း သည့်ကြားက ရှေ့ပိုင်း ၁၅ မိနစ်ခန့် တရားတက်ဟော ပြီးလျှင် “မောင်ဉာဏိဿရ တက်ဟောရမယ်” ဟု ဆိုကာ ပလ္လင်အပ်ပါသည်။ပခုံးပြောင်းတာဝန်ပေး လိုက်သည်ဟုလည်း မိန့်ကြားတော်မူ၏။ ထို့နောက် အနီးစခန်းဆရာတော်ကြီးက “စစ်ကိုင်းမှာပြန်နေ ပလ္လင်ပေါ်က မဆင်းနဲ့”ဟုဆက်လက်မိန့်ကြားတော် မူ၏။ ထိုသို့မိန့်ကြားစဉ် စစ်ကိုင်းပထမ မစိုးရိမ် ဆရာတော်ကြီးလည်း အနီးအနားတွင်ရှိနေခဲ့၏။
ထို့နောက် မကြာမီမှာပင် ပထမမစိုးရိမ်ဆရာတော် က မစိုးရိမ် (၇) တိုက်အပါအဝင်ဖြစ်သည့် သံဃာ ဆိတ်နေသည်မှာ ကြာပြီဖြစ်သော “လျှော်ဖြူချောင်” ကို သီတဂူဆရာတော်အား အပ်လေသည်။ သီတဂူ ဆရာတော်ကလက်ခံပြီး ၁၃၃၈ ခုနှစ်တွင် စစ်ကိုင်း တောင်၌ ကျောင်းတိုက်စတင်တည်ဆောက်ခဲ့သည်။ လျှော်ဖြူချောင်ကို “သဒ္ဓမ္မသီတဂူချောင်” ဟု အမည်သစ်တင်ခဲ့သည်။ ထို့နောက် သပိတ်အိုင်သို့ မပြန်ဖြစ်တော့ချေ။
“သူတော်ကောင်းကြီးများ၏ သာသနာပြု ခရီး လမ်းဝယ် တစ်ခါတစ်ရံ မမြင်ရသောအနှောင့် အယှက်များကား ဆီးကြိုနေတတ်သည်။ အနှောင့် အယှက် အမွှေဓာတ်တို့ သဘောကား သိမ်မွေ့လှ၏။ အနည်းငယ် အားနည်းချက် ယိုပေါက်ရှိသော ဟာကွက်များကို ဆုပ်ကိုင်ပြီး တက်နင်းလာတတ် သည်။ လှောင်အထင်မခံ၊ သွေးရိုးသားရိုးဟု ထင်စေသည်။ မတတ်သာမှဒုံဒိုင်ဝင်လုပ်တတ် သည်။ မှောင်ရိပ်ခိုနိုင်သမျှ ခို၍လုပ်သည်။ ရနိုင်သမျှ တရားခံအားရှာသည်။ လက်ကိုင်တုတ်များကိုရှာ၍ သုံးလေ့ရှိသည်” ဟူ၍ ဓမ္မာစရိယ ဦးဌေးလှိုင်က “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ”စာအုပ်တွင် ရေးသား ခဲ့ပါ၏။
“သီတဂူရေအလှူတော် ဖြစ်ပေါ်လာပုံက အဲဒီ အချိန်မှာ သောက်သုံးရေကတော့ ဣစ္ဆာသယဆရာ တော် တည်ထောင်ထားတဲ့ ရေစက်နဲ့ မြန်အောင် ဆရာတော် တည်ထောင်ထားတဲ့ ရေစက်နှစ်ခု ရှိနေကြပါတယ်။ မြန်အောင်ဆရာတော်တည်ထောင် ထားတဲ့ ရေစက်က ချောင် ၂၀ ရေပေးနိုင်တယ်လို့ ထင်ရပါတယ်။ ဣစ္ဆာသယဆရာတော်ကြီး ရေစက် ကတော့ ပုညရှင်သုံးထပ်ကန်အထိ ချောင်ပေါင်း ၆၀၊ ၇၀ ခန့် ရေပေးနိုင်မယ်လို့ ထင်မိပါတယ်။
လျှပ်စစ်ဓာတ်အားကလည်း အလွန်နည်းပြီး စည်းရုံးစီမံမှုတွေကလည်း အားနည်းနေတဲ့အတွက် ချောင်တိုင်းစေ့ ရေမပေးနိုင်ခဲ့ကြဘူး။ ဘုန်းကြီး တည်ဆောက်တဲ့ သဒ္ဓမ္မ သီတဂူချောင်သည်ပင် မြန်အောင်ရေစက်ကပေးတဲ့ ရေကိုသောက်သုံးခဲ့ ရတာဖြစ်ပါတယ်။ ဒီရေစက်ကြီးနှစ်ခုကို ဝိုင်းကူ အားဖြည့်ပေးပြီးတော့ တစ်တောင်ရိုးလုံး ချောင် တိုင်းစေ့ ရေပေးဝေမည့်စိတ်ကူးတွေ အများကြီး ဖြစ်ခဲ့ပါတယ်။
အဲဒီလို စိတ်ကူးနေခိုက် အနီးစခန်းဆရာတော် ကြီးရဲ့ တပည့်များဖြစ်ကြတဲ့ လယ်တီ ဆရာသိန်း ကြီးရဲ့ သား၊ မြေးတွေလည်းဖြစ်ကြတဲ့ ဦးခင်မောင်+ ဒေါ်တုတ်တုတ် (အထက်မြန်မာပြည်ရုပ်ရှင်ဖြန့်ချိ ရေး)၊ ဦးတင်ဦး+ဒေါ်ညွန့်ညွန့် (စိတ္တသုခယောဂီ) တို့က ဒါရုက္ခန္ဓာ ပမသုတ္တန်ဆိုတဲ့ လူကြိုက်များ လှတဲ့ ဘုန်းကြီးရဲ့ တရားတစ်ပုဒ်ကို တိပ်ခွေမှ ကူးယူ၍ စာအုပ်ရိုက်နှိပ်ခဲ့ပါတယ်။ အဲဒီတရား စာအုပ်ရဲ့ နောက်ကျောမှာ ဘုန်းကြီးက “ဤစာအုပ် မှရရှိလာသော ဓမ္မပူဇာဝတ္ထုငွေများကို ဣစ္ဆာသယ ရေစက်အသင်းအား ထောက်ပံ့လှူဒါန်းမည်” ဟု ကြော်ငြာရိုက်ထည့်လိုက်ပါတယ်။
အဲဒီစာအုပ်ထွက်လာတော့ ရေစက်အသင်း လူကြီးတွေက အတွေးအခေါ်တွေ မှားယွင်းကြပြီး သူတို့အသင်းနာမည်ကိုသုံးပြီး စာအုပ်ရောင်းစားတာ သဘောမတူကြောင်း၊ ကန့်ကွက်ကြောင်းစသည်ဖြင့် သတင်းစာမှာ ကြေညာပါတယ်။ သီတဂူဘုန်းကြီး သူများ အသင်းဗန်းပြပြီး ကိုယ်ကျိုးရှာတဲ့ ပုဂ္ဂိုလ် အဖြစ် စွပ်စွဲခံလိုက်ရတဲ့သဘောပါပဲ။
အဲဒါကြောင့် ဒါရုက္ခန္ဓောပမသုတ္တန် တရား စာအုပ်ရောင်းရတဲ့ငွေကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) ကို ဣစ္ဆာသယရေစက်အား မလှူတန်း တော့ဘဲ သီတဂူရေအလှူတော်ရဲ့ ပထမဆုံးသော ရေအလှူတော်ငွေအဖြစ် မတည်လိုက်ပါတယ်။ သီတဂူရေအလှူ တော် အဖွဲ့ကိုလည်း စတင်၍ ဖွဲ့စည်းလိုက်ပါတယ်။ ၁၃၄၂ ခုနှစ်က ဖြစ်ပါတယ်။
“တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်” လို့ ဆောင်ပုဒ်တစ်ခုပြုပြီး ပြည်လုံးကျွတ် ကြေညာခဲ့ တယ်။ ပထမဆုံးရေအလှူ တရားပွဲကို စစ်ကိုင်းမြို့ ထဲက ရေစက်အသင်းဟောင်း လူကြီးတွေရဲ့ အိမ်နား မှာပဲ စတင်ဟောခဲ့ပါတယ်။
“၈၅ ရာခိုင်နှုန်းမျှရှိသော ဗုဒ္ဓဘာသာဝင်လူမျိုး တို့၏ ကိုးကွယ်ရာ လေးသိန်းခန့်မျှရှိတဲ့ ဗုဒ္ဓဘာသာ ရဟန်း၊ သာမဏေ၊ သီလရှင်တို့ဟာ ကိုယ့်တိုင်းပြည် မှာ ကိုယ့်လူမျိုးအတွက် ဧည့်သည်သာသနာပြု တွေရဲ့ လုပ်ငန်းမျိုးကို အိမ်ရှင်ဖြစ်လျက်နဲ့ ဘာကြောင့် မလုပ်နိုင်ကြရတာလဲ” စသည်ဖြင့် တွေးတောမြော်မြင်တဲ့စိတ်၊ အောက်ကျမခံချင်တဲ့ စိတ်၊ တုပြိုင်ချင်တဲ့စိတ်ဆိုတဲ့ မာနမျိုးဟာ ကောင်းတဲ့မာနမျိုး၊ ရှိထိုက်၊ ဖြစ်ထိုက်တဲ့မာနမျိုးလို့ ခံယူပါတယ်။ အဲဒီစိတ်ဓာတ်တွေကြောင့်ပဲ ဆိုပါ တော့၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူရေအလှူ တော်တို့ ပေါ်ပေါက်လာခဲ့ကြ ရတာပါ။
ရေစီမံကိန်းမှာ “တောင်စစ်ကိုင်း ချောင်တိုင်း ဝေမယ်၊ ဖောင်နှိုင်းလေ မဂ္ဂင်ရှစ် ရယ်နဲ့၊ တက်ပြင် အသစ်၊ ကူးကြညီတူ၊ ထူးလှသီတဂူ”လို့တစ်ပြည်လုံး ကြေညာတဲ့အခါမှာ “မောင်ဉာဏိဿရ လေတယ် ကောင်းတယ်၊ လေသမားပဲ”လို့ အချို့ဆရာတော် များက ပြောကြတယ်။ မှန်ပါတယ်။ တစ်ပြည်လုံးနဲ့ တစ်ကမ္ဘာလုံးမှာ ဘုန်းကြီးက လေကိုပဲ အသုံး ပြုခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ ...
ရောဂါဘေးမသန်း ဆေးခန်းဖုံဖုံ၊ သီတဂူဆင့်ပွား တင့်လုံခြုံ၊ တိ ကိလယ နာမဆေးရုံ၊ ရေအေးအေး ဆေးဝါးဓာတ်စာစုံ ....လို့ သီတဂူဆေးရုံစီမံကိန်းကို ကြေညာပြန်တော့ လည်း မောင်ဉာဏိဿရဘယ်လောက်များ လုပ်နိုင် မှာလဲ၊ ဒီလောက်ရှားနေတဲ့ ခေတ်ကြီးမှာ ခေတ်မီ ဆေးရုံကြီးတစ်ခုမဖြစ်နိုင်ပါ ဘူး၊ ခုတင် ၈၀ ဆိုတာ ပိုနေမှာပဲ” လို့ ပြောသံတွေကြားရပြန်တယ်။ ယခု တော့ “ခုတင် ၁၀၀ ဆံ့ အာယုဒါနဟာ ကျဉ်းနေပြီ၊ ချဲ့ ပါဦး” လို့ ပြောလာကြပြန်တယ်။
သူတို့ဟာ ဝစီကံကုသိုလ် မယူတတ်ကြဘူး။ မနောကံ ညံ့ဖျင်းလို့ဖြစ်မှာပဲ။ ဘုန်းကြီးကတော့ စီမံကိန်းတွေကိုမေတ္တာ၊ ပညာတွေနဲ့ နှလုံးသား ထဲမှာရေးဆွဲခဲ့ပါတယ်။ ဝစီကံနဲ့ လေကောင်းကောင်း ပေးပြီး ပြည်တွင်း ပြည်ပတွေမှာစည်းရုံးခဲ့တယ်။ ကာယကံမှုကောင်းစွာပြု၍ အကောင်အထည်ဖော် တည်ခဲ့တယ်။ တိုင်းပြည်နှင့်သာသနာ မြန်မာနှင့် ကမ္ဘာမှာ လူများစွာကို ကောင်းကျိုးကျေးဇူးတွေ ပြုဖို့ နှစ် ၁၀၀ လောက်အတွင်းမှာ စွန့်ပစ်ရမယ့် ဒီခန္ဓာကိုယ်ကို နာနာကြီးအသုံးချနေတာပဲ ဖြစ်ပါ တယ်”
အနာဂတ်တွင် သာသနာ့အာဇာနည် ဖြစ်လာ မည့် သီတဂူဆရာတော်ကြီးကို စစချင်းပွဲဦးထွက် မှာပင် စစ်ဦးကျိုးသွားစေရန် မာရ်စစ်သည်တို့၏ လက်ချက်ကား ထိမိလှပေသည်။ ။
ယခုပစ္စက္ခ သက်တော် ၈၄ နှစ် ထေရ်ကြီးဝါကြီး အရွယ်တွင်လည်း မာရ်စစ်သည်တို့၏ အနှောင့် အယှက် အမွှေဓာတ်များကားရှိနေမြဲ။လတ်တလော ဆရာတော်ကြီး၏ ရုရှားနိုင်ငံ သာသနာပြုခရီးကို အကြောင်းပြု၍ ကြေးစားမီဒီယာတစ်ခုက “ဝါတွင်း ကာလ ခရီးသွားသည်၊ နိုင်ငံတော်ဒုတိယ အကြီး အကဲ၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ လေယာဉ်ပျံ အတူလိုက်ပါစီးနင်း၍ကြွချီသည်” ဟူ၍ ထိုးနှက် မွှေနှောက်လေသည်။ မသိနားမလည်သော လူမိုက်များကလည်း လူမှုကွန်ရက် စာမျက်နှာ ထက်တွင် အမနာပပြောဆိုရေးသား၍ ပတ္တမြားဂူကို ရွှံ့ညွန်နှင့်ပွတ်ကြလေသည်။ မာရ်နတ်၏ ပရိယာယ် သည် ကြွယ်ဝလေ၏။ မြတ်ဗုဒ္ဓ၏သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ရှေ့တန်းကဦးဆောင် နေသည့် ဆရာတော်ကြီးကို စစ်ဦးကားစေရန် လူမိုက်တို့ကို လက်ကိုင်တုတ်ပြု၍ ပြီးခဲ့သည့် ငါး နှစ် တာကာလကတည်းက တောက်လျှောက် အဆက် မပြတ် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။
ဒုဿီမာရ်နတ်သည် ကကုသန္ဓမြတ်စွာဘုရား အပေါ် အလွန်တရာရန်ငြိုးကြီး၏။ ပုဏ္ဏား၊ သူကြွယ် စသူတို့၏ကိုယ်၌ ပူးဝင်ကာ မြတ်စွာဘုရားကို လည်းကောင်း၊ သံဃာတော်များကိုလည်းကောင်း မကြားကောင်းမနာသာ ဆဲရေးတိုင်းထွာ၏။ သာသနာတော်ကို ကြည်ညိုသူများ အထင်မှား အမြင်မှားစေရန် ရဟန်းနှင့် ရဟန်းမတို့ မသင့် မလျော် ပြုကျင့်ပုံတို့ကို ဖန်ဆင်း၍ပြ၏။ ထိုအခါ ဒါယကာ ဒါယိကာမတို့သည် ပြုမြဲဖြစ်သော ဒါန ဝတ်များကို စွန့်ပစ်ကြတော့၏။ရဟန်းသံဃာများကို ဆဲရေးပုတ်ခတ်ကြလေ၏။
ထိုအခါ ကကုသန္ဓမြတ်စွာဘုရားသည် ရဟန်း များကို ခေါ်တော်မူ၍ “ရဟန်းတို့၊ ဒုဿီမည်သော မာရ်နတ်၏ လှည့်စားမှုကြောင့် လူတို့သည် ရဟန်းများအပေါ် အထင်အမြင်လွဲကာ ဆဲရေးကြကုန်၏။ ကြိမ်းမောင်း ကြကုန်၏။ ညှဉ်းဆဲကြကုန်၏။ သင်တို့သည် အကယ်၍ ထိုဆဲရေးသူတို့ကို စိတ်ပြစ်မှားမိငြားအံ့၊ မာရ်နတ်၏ ဖျက်ဆီးရန်အခွင့်လမ်း ပေါ်ပေါက် လာပေရာ၏။ ထို့ကြောင့် သင်ရဟန်းတို့သည် အရပ်မျက်နှာ အားလုံးတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်လေးပါးဖြင့် ဖြန့်ကြက်၍ ပွားများကြကုန်လော့”ဟု ဆုံးမတော် မူ၏။
ဒုဿီမည်သော မာရ်နတ်သည် အကြမ်းနည်း ဖြင့် မရသောအခါ အနုနည်းဖြင့် ကြိုးစားပြန်၏။ ရဟန်းများအား လာဘ်လာဘ၌ တပ်မက်လာ အောင် ကြံဆောင်ပြန်၏။ မအောင်မြင်ပြန်သဖြင့် ပိုမို၍ခံပြင်းလာ၏။
ထို့ကြောင့် ကကုသန္ဓမြတ်စွာဘုရားနှင့် လက်ျာရံ အဂ္ဂသာဝက အရှင်ဝိဓုရတို့ မြို့တွင်းသို့ ဆွမ်းခံဝင်လာကြသောအခါ အနီးအပါးမှာရှိနေသော ယောက်ျားတစ်ယောက်ကို ဝင်ပူးကာ အသင့်ရှိ နေသော ကျောက်ခဲဖြင့် အရှင်ဝိဓူရဆီ ပစ်ပေါက် လိုက်၏။ ကျောက်ခဲသည် အရှိန်ပြင်းစွာပြေးသွား၍ အရှင်ဝိဓုရ၏ ဦးခေါင်းအား ထိမှန်၏။ ထိမှန်ချက်က ပြင်းထန်လှသဖြင့် အရေအသားတို့ကို ဖောက်ထွင်း ကာ အရိုးထိ စိုက်ဝင်သွား၏။
ဤမျှလောက် ဒဏ်ရာကြီးရသော်ငြားလည်း အရှင်ဝိဓုရသည် အနည်းငယ်မျှ မတုန်လှုပ်ချေ။ စိုက်ဝင်နေသော ကျောက်ခဲကို ဆွဲထုတ်ပစ်ကာ မြတ်စွာဘုရားနောက်တော်မှ လိုက်ပါမြဲ လိုက်ပါ သွား၏။ သို့ရာတွင် အရှင်မြတ်ကြီး၏တစ်ကိုယ်လုံး တွင်ကား သွေးချင်းချင်းရဲ၍ နေပေတော့သည်။
ထိုမကောင်းမှုကြောင့် ဒုဿီမည်သောမာရ်နတ် သည် မကြာမီမှာပင် နတ်သက်ကြွေကာ မဟာအဝီစိ ငရဲသို့ကျရောက်ရ၏။ မဟာအဝီစိငရဲတွင် နှစ်ပေါင်း ( တစ်သိန်းမျှ ဆင်းရဲကြီးစွာ ခံစားရလေ၏။
စစ်ကိုင်းတောင်ရိုး၏ ညချမ်းသည် အေးမြ လှပေသည်။ သက်တော်ရှည်ဆရာတော်ကြီးသည် မူလတက်လှမ်းလာ ခဲ့သည့် စေတီတော် အုတ် လှေကားထက်မှပင် တစ်ပါးတည်း ပြန်လည်ကြွချီ ဆင်းသက်သွားလေသည်။ အတက်ခရီးတုန်းက သို့နှယ် ယခုလည်း မည်သူ့အကူအညီ အတွဲအချီ ကိုမျှမယူခဲ့။ လုံ့လဥဿာဟ ကြီးမားစွာဖြင့် တစ်ပါး တည်းသာ။
“ငါတို့ဖြစ်ရ ဤလောကဝယ် ဘဝသမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါ တို့စွမ်းရာဖြင့် တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့” ဟူသည့် သီတဂူအဓိဋ္ဌာန်သို့နှယ်။ သူတော်စင်တို့ပျော်မွေ့ရာ စစ်ကိုင်းတောင်ရိုး၏ ညချမ်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ( ညှဉ်ဦးယံ အချိန်ကာလကိုပင် တရွေ့ရွေ့ကျော်လွန် လာခဲ့ချေပြီ။ သို့ရာတွင် မှောင်ကား မမှောင်။ တက်ကောင်းကင်ယံက သီတဂူစန်း လကား လောကဓာတ်တစ်ခွင်ကို ထွန်းပအလင်းပေးရင်း အအေးဓာတ်တို့ကို မျှဝေလျက်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
ကျမ်းကိုး - သီတဂူ၏ဘဝပုံရိပ် တစိတ်တဒေသ
(သီတဂူဆရာတော်ကြီးနှင့် ဘီဘီစီ ဦးနေဝင်းတို့၏ ဘီဘီစီ ဆွေးနွေးခန်း အမေးအဖြေ)။ ဝဏ္ဏသီရိ၏ အမြတ်ဆုံးခုနစ်ဆူ။