Skip to main content

ဒီမိုကရေစီရွေးကောက်ပွဲနှင့် မှန်ကန်ရှင်သန်နေသော မဲဆန္ဒရှင်သန်နေသော မဲဆန္ဒရှင်စာရင်း ရရှိရေး

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်း ပုဒ်မ ၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသား များထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်း လုံး၌ တည်သည် ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည် ဟု ပြဋ္ဌာန်းထားသည်။ ။

 

ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံး

ဒီမိုကရေစီဆိုသောဝေါဟာရသည်ဂရိဘာသာ စကားမှ ဆင်းသက်လာပြီး ပြည်သူကအုပ်ချုပ် ခြင်းဟု ယေဘုယျ အဓိပ္ပာယ်ရကြောင်း အများက သိရှိထားကြပြီးဖြစ်ပါသည်။ Democracy ဝေါဟာရကို ပြည်သူများက ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် အုပ်ချုပ် သောစနစ်၊ ဒီမိုကရေစီစနစ်ဟု အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ ဒီမိုကရေစီ ခေတ်ဦး ကာလအေသင်မြို့ပြ နိုင်ငံများတွင် လူထုက စုဝေးတိုင်ပင်ဆုံးဖြတ်သည့် တိုက်ရိုက် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်မူ လူထုက ဆန္ဒမဲပေး ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များ ဖြင့် အုပ်ချုပ်သော ကိုယ်စားပြုဒီမိုကရေစီစနစ်ကိုတွင် ကျယ်စွာ လက်ခံကျင့်သုံးကြလျက်ရှိသည်။

သာမန်အားဖြင့် ဒီမိုကရေစီ၏အခြေခံသဘော တရားများအဖြစ် တရားဥပဒေစိုးမိုးမှုနှင့် ဥပဒေ၏ အကျိုးသက်ရောက် မှုရှိခြင်း၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲများရှိခြင်း၊ နိုင်ငံရေး လွတ်လပ် ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်ရှိခြင်း၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ရှိခြင်း၊ နိုင်ငံ သားများ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင် ခွင့်ရှိခြင်း၊ ပြည်သူ့နီတိ လိုက်နာမှုအား ကောင်းခြင်း၊ နိုင်ငံ့အရေးနှင့် ပြည်သူ့ရေးရာများတွင် အားလုံးပါဝင်ဆောင် ရွက်ခွင့်ရှိခြင်း၊ အများစု၏ဆန္ဒအတိုင်းဆုံးဖြတ် လိုက်ရသကဲ့သို့အနည်းစု၏အခွင့်အရေးကိုလည်း မျှတစွာ ဖော်ဆောင် ခွင့်ရှိခြင်း စသည့်အချက်များ ကို ယေဘုယျအားဖြင့် လက်ခံထားကြပေသည်။

 

မည်သို့ပင်ဆိုစေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနေသမျှကာလပတ်လုံး ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဟု မှတ်ယူ ရမည့် ရွေးကောက်ပွဲ ဖြစ်စဉ်ကို မလွဲမသွေဖြတ်သန်းကြရပေမည်။ “ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံ ဖြစ်သည်........ ဒီမိုကရေစီရှင်သန်စေရေး၏ ရေသောက် မြစ်ဖြစ်သည်..... ဒီမိုကရေစီ ဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်.......” ဟုလည်း ဆိုကြပေသည်။

မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ မိမိတို့ကိုယ်စား နိုင်ငံပြုပုဂ္ဂိုလ်များ ဖြစ်ကြမည့် ကိုယ်စားလှယ် များကို ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ကြရသည်။ ရွေး ကောက်ခံရသည့် ကိုယ်စားလှယ်များက နိုင်ငံတော်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးမဏ္ဍိုင်သုံးရပ်ကို တည်ဆောက်ရင်း အပြန်အလှန်ထိန်းကျောင်းရင်းဖြင့် နိုင်ငံသားများ ထံမှ ဆင်းသက်လာသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာအရပ်ရပ်ကို နိုင်ငံသားများ ကိုယ်စား ကျင့်သုံးဖော်ဆောင်ကြရ ပေသည်။ ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်၊ နိုင်ငံ တော်တည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးတို့ အတွက်ပင် မဏ္ဍိုင်ဖြစ်သည်ဟု မှတ်ယူရပေမည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈(က)တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် ဟုလည်းကောင်း၊ ပုဒ်မ ၃၈(ခ) တွင် “ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စား လှယ်ကိုသက်ဆိုင်ရာ မဲဆန္ဒရှင်များ ကဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ် သိမ်း ခွင့်ရှိသည် ဟု လည်း ကောင်း ပြဋ္ဌာန်းထားသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅(က) ပါ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်း ရင်းသား မိဘနှစ်ပါးမှမွေးဖွားသူနှင့် ပုဒ်မ ၃၄၅ (ခ) ပါ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူ တို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၄၆ တွင် “နိုင်ငံ သားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့် အတိုင်း ဖြစ်စေရမည် ဟုလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။

ပြည့်စုံမှန်ကန်သော မဲစာရင်းလိုအပ်

 

ရွေးကောက်ပွဲတွင် မည်သည့်ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံသားမဲဆန္ဒရှင် များ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော မဲ စာရင်းလိုအပ်ပါသည်။ ပြည့်စုံမှန်ကန်သော မဲစာရင်း ဆိုသည်မှာ ဥပဒေနှင့်ညီညွတ်ခြင်း၊ မဲဆန္ဒရှင်များ၏ နိုင်ငံသားအရည်အချင်း သတ်မှတ် ချက်ပါဝင်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးပါဝင်ခြင်း၊ မဲဆန္ဒ ရှင်ကိုယ်ရေး အချက် အလက်များ ပြည့်စုံမှန်ကန်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများမပါဝင်ခြင်း၊ မဲဆန္ဒရှင် များက မိမိ၏ မဲစာရင်းအား အလွယ်တကူသိရှိနိုင်ခြင်း၊ မဲမသမာမှုဖြစ်စေနိုင်သော အခြေအနေများမပါဝင် ခြင်းနှင့်နောင်ရွေးကောက်ပွဲအစဉ်အဆက် ဆက်လက် အသုံးပြုနိုင်သည့် မှန်ကန်ရှင်သန်နေ သော မဲစာရင်းကို ဆိုလိုပါသည်။ ။

 

နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရည်အချင်း သတ်မှတ်ချက် နှင့် မဲဆန္ဒရှင်စာရင်းကို စနစ်အမျိုးမျိုးဖြင့် ဆောင်ရွက်ကြသည်။ မိမိတို့နိုင်ငံတွင် ပဉ္စမ အကြိမ် အထိ ပြင်ဆင်ထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ ပုဒ်မ ၆ တွင် “ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ၊ သက်ဆိုင်ရာ မဲဆန္ဒ နယ်၏ မဲစာရင်းတွင်ပါဝင်သူတို့သည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၇ တွင် “သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ် ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်းခံရသူ၊ လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရ သေးသူ၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူတို့ သည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၁၃ တွင် “လွှတ်တော်ကိုယ်စားလှယ်များကို ရွေး ကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်း များကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ကို ဆောင် ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများဟုဆိုရာတွင် လူဦးရေ စာရင်းများကို အဓိကတာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့ဝင်များဖြစ်သော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးတို့သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းများ ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ် သည်။ ပုဒ်မ ၁၅ (က)တွင် “မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းတွင် အမည် ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ယင်း မဲဆန္ဒနယ်တွင်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် ဟု လည်းကောင်း၊ ပုဒ်မ ၁၅ (ခ)တွင် “ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတစ်ဦးသည် မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းသို့ ခိုင်လုံ

သောအကြောင်းပြချက်ဖြင့် အမည်ပြောင်းရွှေ့လိုလျှင် သတ်မှတ်သည့်အတိုင်း သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားနိုင်သည် ဟုလည်းကောင်း၊ ပုဒ်မ ၁၅ (ဂ)တွင် “မဲဆန္ဒနယ် များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်းမရှိစေရ ဟုလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

 

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅(က)

 

ဆဋ္ဌမအကြိမ်အထိ ပြင်ဆင်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅(က) တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲစာရင်းပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သောလူဦးရေစာရင်း ပုံစံဇယားနှင့်အညီ ရပ်ကွက် ( သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပြုစု ထားသည့် လူဦးရေ (မသန်စွမ်း သူများအပါအဝင်) စာရင်းတို့ကို ရယူအခြေခံပြီး ပြုစုရမည် ဟု လည်းကောင်း၊ နည်းဥပဒေ ၅(ခ)တွင် “လိုအပ်ပါက လက်ရှိမဲစာရင်းကို အခြေခံရယူ၍ ပြုစုနိုင်သည် ဟုလည်းကောင်း သတ်မှတ်ထားသည်။

 

နည်းဥပဒေ ၉ တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက မဲစာရင်းများကို ကြေညာပြီးနောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ၊ မရှိကို လာရောက်ကြည့်ရှုရန်တာဝန်ရှိသည် ဟု သတ်မှတ်ဖော်ပြထားသည်။ မဲဆန္ဒရှင်များသည် မဲစာရင်းကြေညာချိန်တွင် နည်းဥပဒေ ၁၁(က) အရ “မဲစာရင်း၌ အမည်ထည့်သွင်းရန်တောင်းဆို လွှာကို ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည် နှင့် အခြားအချက်အလက်များအား ကန့်ကွက် ရန်ရှိပါက ကန့်ကွက်လွှာကို ပုံစံ(၄) ဖြင့်လည်းကောင်း၊ ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာကို ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ နည်းဥပဒေ ၈ အရ မဲစာရင်းကို ထုတ်ပြန်ကြေညာပြီးသည့်နေ့မှ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည် ဟုလည်းကောင်း သတ်မှတ်ဖော်ပြထားသည်။ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခြေခံမိမိတို့နိုင်ငံ၏ မဲစာရင်း သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လူဦးရေစာရင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်းတို့ကို အခြေခံ၍ ပြုစုသည့်စနစ်ဖြစ်ပါသည်။ အခြားနိုင်ငံအများစုတွင် မဲဆန္ဒရှင်စာရင်းကို Voter Registration မှတ်ပုံတင် သည့် စနစ်ဖြင့် ဆောင်ရွက်ကြသည်။ အချို့နိုင်ငံများတွင် Voter Registration Law မဲဆန္ဒရှင်စာရင်း မှတ်ပုံတင် ခြင်း ဥပဒေပြဋ္ဌာန်း၍လည်း ဆောင်ရွက်ကြောင်းသိရှိရသည်။ ယင်းသို့ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်က မဲစာရင်းမှတ်ပုံတင် သည့်ဌာန Voter Registration Centre တွင် ကိုယ်တိုင်လာရောက် မှတ်ပုံတင်ရသည့်စနစ် သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်က မဲ စာရင်း မှတ်ပုံတင်ရေးအဖွဲ့များဖြင့် လိုက်လံဆောင်ရွက်ပေး သည့်စနစ် သို့မဟုတ် Immigration ဌာနမှ လူဦး ရေစာရင်းများကို တိုက်ရိုက်ရယူ၍ စိစစ်ပြီးမှတ်ပုံ တင်သည့်စနစ်တို့ကို ကျင့်သုံး ကြောင်းသိရှိရသည်။

 

မဲစာရင်းကိုပြုစုသည်ဖြစ်စေ၊ မှတ်ပုံတင်သည် ဖြစ်စေ၊ မဲစာရင်းပါ မဲဆန္ဒရှင်၏ ကိုယ်ရေးအချက် အလက်များ ပြည့်စုံမှန်ကန်နေရန် မဖြစ်မနေ လိုအပ်ပါသည်။ ဥပမာ - စာရေးသူအနေဖြင့် ခရီး သွားလျှင် နိုင်ငံသားကတ်၊ ဝန်ထမ်းကတ်၊ ယာဉ် မောင်းလိုင်စင်ကတ်၊ ဘဏ်ကတ် အမြဲ ဆောင်သွား လေ့ရှိပါသည်။ ထိုကတ်ပြားလေးခုနှင့်သက်ဆိုင် သော စာရေးသူ၏ ကိုယ်ရေး အချက်အလက်များ အားလုံးသည် အမှားအယွင်းမရှိ၊ ကွဲလွဲမှုမရှိဘဲ မှန်ကန်စွာ မှတ်တမ်း တင်ထားသည့် သက်သေခံ ကတ်ပြားများဖြစ်ပါသည်။ ပြီးခဲ့သည့် ရွေးကောက် ပွဲများတွင် စာရေးသူမဲပေးခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင်လည်း ကိုယ်ရေးအချက်အလက်များ ပြည့်စုံ မှန်ကန် မှုရှိနေပါသည်။ ယင်းသို့အမှားအယွင်းမရှိ မှန်ကန်နေရခြင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် မှတ်ပုံတင်ပြီး ထုတ်ပေးထားသည့်နိုင်ငံသားကတ်ကို အခြေခံ၍ အခြားသော သက်သေခံကတ်ပြားများ ပါ အချက်အလက်များ မှန်ကန်ခြင်းသာ ဖြစ်ပါသဖြင့် နိုင်ငံသားကတ်ကိုင်ဆောင်ထားခြင်းနှင့်Registration စနစ် ကောင်းမွန်ခြင်း တို့ကြောင့်ဖြစ်ကြောင်း ယူဆမိပါသည်။ သို့ဖြစ်ရာ မဲဆန္ဒရှင်စာရင်းကို ပြုစုရာတွင် လည်း ကောင်း၊ မှတ်ပုံတင်ရာတွင်လည်းကောင်း၊ မဲဆန္ဒရှင်၏ကိုယ်ရေးအချက်အလက်များ ကို အထောက်အထားမဲ့ နှုတ်ဖြင့်မေး၍ လက်ခံဆောင်ရွက်ခြင်းမပြုဘဲ မှန်ကန်သော ကိုယ်ရေး အချက်အလက်များပါဝင်သည့် စာရွက်စာတမ်း သို့မဟုတ် နိုင်ငံသားကတ်ပြားတို့ဖြင့် စိစစ် ဆောင် ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လေ့လာကြည့်ရာ ယခင် ရွေးကောက်ပွဲများတွင် မဲစာရင်းကို အထွေထွေ ရွေးကောက်ပွဲတစ်ပွဲစာအတွက် တစ်ကြိမ်သာဆောင်ရွက်ခဲ့ကြပြီး နောက်ထပ် အထွေထွေ ရွေးကောက်ပွဲအတွက်အစမှပြန်၍ အသစ်တစ်ဖန် ပြန်လည်ပြုစုဆောင်ရွက် ခဲ့ရကြောင်း တွေ့ရှိရပါသည်။ မည်သည့်မဲဆန္ဒရှင်စာရင်းမဆို လူဦးရေ စာရင်းကို အခြေခံရ ပါသည်။ လူဦးရေဆိုသည်မှာ အတိုးအလျော့ဖြင့် အမြဲတမ်းပြောင်းလဲနေသည့် သဘော ဖြစ်သည်။ မဲစာရင်းတွင်လည်း အမြဲတမ်းပြောင်းလဲဖြစ်ပေါ်နေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ “ အစကောင်းမှ အနှောင်းသေချာ ...” ဆိုသကဲ့သို့ မှန်ကန်သောမဲဆန္ဒရှင်အချက်အလက် များကို ရယူ၍ စနစ်တကျဖြင့် စီမံချက်ဖြင့် တစ်ကြိမ်ဆောင်ရွက်ထားခြင်းဖြင့် လစဉ်၊ နှစ်စဉ် အတိုး အလျော့ပြောင်းလဲဖြစ်ပေါ်မှုများကို ကာလ အလိုက် ဆက်လက်စိစစ်ဆောင်ရွက်သွားခြင်းဖြင့် ရွေးကောက်ပွဲအစဉ်အဆက် အသုံးပြုနိုင်သော မှန်ကန်ရှင်သန်နေသော လူဦးရေစာရင်းနှင့် မဲဆန္ဒ ရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး သင့်လျော်ကောင်းမွန် သည့် နည်းပညာအထောက်အကူဖြင့် လုပ်နည်း စနစ်များ ပြောင်းလဲဖော်ဆောင်ကျင့်သုံးရန် လိုအပ် နေပြီဖြစ်ကြောင်း မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ယူဆမိပါသည်။ ဖြစ်နိုင်ပါက Immigration ဌာနကတာဝန်ယူ၍ စိစစ် ဆောင်ရွက်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို တရားဝင်ရယူပြီး ကော်မရှင်က စီမံခန့်ခွဲသော Server တစ်ခု တည်ဆောက်ပြီး Electronic Document Management System (EDMS) ဖြင့် လူဦးရေစာရင်းများကို ထိန်းသိမ်းခြင်း၊ စိစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို ကော်မရှင် အဖွဲ့ခွဲရုံးများဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ အတိုးအလျော့စာရင်းများကို ကာလအလိုက် ပုံမှန် စိစစ်ခြင်းဖြင့် ရွေးကောက်ပွဲရက်သတ်မှတ်လိုက်သည်နှင့် အသက် (၁၈) နှစ်အထက် အခြေခံ မဲဆန္ဒရှင် စာရင်းတစ်စောင် မြန်ဆန်စွာရရှိနိုင်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများနှင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိသူများကို စိစစ်ကာ မဲဆန္ဒရှင်စာရင်း ဆက်လက်ပြုစုရန်နှင့်စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန် မျှော်လင့်ထား ပါသည်။

 

လစဉ်လူဦးရေစာရင်း ပုံမှန်ပေးပို့တင်ပြ

 

မိမိတို့နိုင်ငံတွင် လူဦးရေစာရင်းဇယားများကိုပြုစု ထိန်းသိမ်းဆောင်ရွက်ရသည့် ဌာနကြီးနှစ်ခု ရှိပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြုစုထားသည့် လူဦးရေစာရင်းများကို စဉ်ဆက် မပြတ် ပြုစုထိန်းသိမ်းရသည့်ဌာနဖြစ်ပါသည်။ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးဆိုင်ရာ နည်းဥပဒေအရ လူဦးရေ အခြေပြစာရင်း အပုံစံ-၁(က)၊ ပြောင်းရွှေ့ဝင်ရောက်မှုနှင့် ပြောင်းရွှေ့ထွက်ခွာမှုစာရင်း အပုံစံ-၁(ခ)၊ ရပ်ဝေးဒေသတွင် သွားရောက်အလုပ်လုပ်ကိုင်သူများ စာရင်း အ/ပုံစံ( ၁(ဂ)၊ မွေးစာရင်း မှတ်ပုံတင် အပုံစံ-၂၊ သေစာရင်း မှတ်ပုံတင် အပုံစံ-၃၊ ဧည့်စာရင်း မှတ်ပုံတင် အ/ ပုံစံ-၄တို့ကို မှန်ကန်စွာဖြင့်စနစ်တကျပြုစုထိန်းသိမ်း ထားရှိရန် တာဝန်ရှိပါသည်။ လစဉ်လူဦးရေစာရင်း ပြန်တမ်းများကိုလည်း အထက်အဆင့်ဌာနများသို့ ပုံမှန်ပေးပို့တင်ပြရကြောင်း သိရှိရပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးသည် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ (၆၆/၆) များ ထုတ်ပေးခြင်းနှင့် မှတ်ပုံတင် စာရင်းတွင် မှတ်တမ်း ထိန်း သိမ်းခြင်းများ ဆောင်ရွက် ရပါသည်။ အိမ်ထောင်စုများနှင့် အိမ်ထောင်စုဝင်များ ပြောင်းရွှေ့ ဝင်ရောက်လာခြင်းနှင့် ပြောင်းရွှေ့ထွက်ခွာခြင်း လူဦးရေအတိုးအလျော့အခြေအနေကိုလည်း လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းရေးသွင်းခြင်း ဆောင်ရွက်ရပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်ခြင်းနှင့် နိုင်ငံသား ကတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းတို့ကိုလည်း ဥပဒေပါတာဝန်များအရ ဆောင်ရွက် ပေးရပါ သည်။ ယင်းတာဝန်များကို ဆောင်ရွက်ပေးနိုင်ရန် ကာယကံရှင်နိုင်ငံသားများလည်း နိုင်ငံသား တာဝန်နှင့်အညီ ကိုယ်တိုင် သွားရောက်လျှောက်ထားရန် တာဝန်ရှိပါသည်။ ။

 

အခြေခံအကျဆုံးလိုအပ်ချက်

 

မဲစာရင်းအတွက် အခြေခံအကျဆုံးလိုအပ်ချက် မှာ နိုင်ငံသားဖြစ်မှုအထောက်အထားနှင့် နေထိုင် မှု၊ပြောင်းဝင်မှုနှင့် ပြောင်းထွက်မှုအထောက်အထားပင် ဖြစ်ပါသည်။ ရွေးကောက်ပွဲ ဥပဒေအရ မဲစာရင်းပြုစု ရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကိုအခြေခံပြီး မဲဆန္ဒရှင်စာရင်း သို့ကူးပြောင်း ပြုစုရခြင်းဖြစ်ရာ မူလအခြေခံရသည့် လူဦးရေစာရင်းများတွင် ပြည့်စုံမှန်ကန်ပြီး နောက်ဆုံး အခြေအနေအထိ စိစစ်ထားနိုင်မှသာ မဲစာရင်းတွင်လည်း ပြည့်စုံမှန်ကန်သော အချက်အလက် များ ရရှိမည်ဖြစ်ပါသည်။ မူလအခြေခံရသည့် လူဦးရေ စာရင်းများတွင် မပြည့်စုံမှုများ၊ ကွဲလွဲ ချက်များနှင့် လိုအပ်ချက်များရှိနေပါက မဲစာရင်းသို့ ကူးပြောင်း ပြုစုရာတွင် မလိုလားအပ်သော မှားယွင်းမှုများရှိနေ မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများအနေဖြင့် မိမိဌာနအဖွဲ့အစည်းက ပြုစုထိန်းသိမ်း ရသည့် လူဦးရေစာရင်းများနှင့် ပတ်သက်၍ ဥပဒေအရ တာဝန်ရှိနေသကဲ့သို့ တာဝန်လည်း ကြီးလှပေသည်။ မဲစာရင်းအတွက် အခြေခံရသည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန် နေပါ လျက် မဲစာရင်းတွင် မဲမသမာမှုများဖြစ်စေနိုင်သည့် ဥပဒေနှင့်မညီညွတ်သော အခြေအနေများ ရှိနေပါက မဲဆန္ဒရှင်စာရင်းများပြုစုခြင်းနှင့် ပြင်ဆင် ခြင်းအတွက် တာဝန်ရှိသည့်ကော်မရှင်က တာဝန်ခံ ရပေလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်)

မဲဆန္ဒရှင်တစ်ဦး