Skip to main content

စားသုံးဆီနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

 

ဒေါက်တာ မြတ်မိုး

မည်သူမျှတော့ မိမိခန္ဓာကိုယ်အနှံ့မှာ အဆီပိုတွေစုနေတာ၊ ကိုယ်အလေးချိန်တက်ပြီး တဖြည်းဖြည်း ဝလာနေတာ၊ သွေးပေါင်ချိန် တက်၊ သွေးတိုးရောဂါဖြစ်ပြီး ရုတ်တရက်နာတာရှည် နှလုံးသွေးကြောပိတ်ရောဂါတို့၊ ဆီးချိုရောဂါတို့ ဖြစ်နေပြီဆိုတဲ့ အခြေအနေဆိုး တစ်ခုဆီကို ကြုံချင်တွေ့ချင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လိုမှ မဖြစ်ကောင်းတဲ့ ဒီလိုရောဂါတွေဟာ နေ့စဉ်မိမိတို့ သတိမမူမိဘဲ စားသောက်နေကြတဲ့၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသုံးဆီ၊ ဆီကြော်အစားအစာတွေနဲ့ အတော်အတန်ပါဝင်ပတ်သက် နေပါတယ်။ ဒီအချက်ဟာ အရေးလည်းကြီး၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုမှာလည်း အဓိကအခန်းကဏ္ဍက  ပါဝင်နေပါတယ်။

သတိမမူ ဂူမမြင်၊ သတိမူက မြူးပါမြင်၏ဆိုသလိုပါပဲ။ နေ့စဉ်စားသောက်နေတဲ့ အစားအစာမှာ အမြင်ကောင်းပြီး ခံတွင်းတွေ့ဖို့ကို ပိုပြီးဦးစား ပေးတတ်တဲ့ ကျွန်တော်တို့အတွက် ဆီသုံးစွဲမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေး ပြဿနာများကို သတိပြုဆင်ခြင်ပြီး ဂရုစိုက်နိုင်အောင် ကျန်းမာရေး ဆိုင်ရာ အဓိကအချက်အလက်အချို့ကို မျှဝေတင်ပြလိုက်ရပါတယ်။

ဆီစားသုံးမှုများခြင်းနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာများ  

မိမိခန္ဓာအတွင်းမှာ အဆီဓာတ်တွေများနေတဲ့ အခြေအနေကို အဝလွန်ခြင်းဆိုတဲ့ ရုပ်ပိုင်းသွင်ပြင် လက္ခဏာတစ်ခုအဖြစ်နဲ့ မြင်နိုင်မယ်၊ မြင်တတ်မယ်ဆိုရင် မိမိခန္ဓာကိုယ်ကြီး အလွန်အကျွံမဒမီ  ကိုယ်အလေးချိန် တိုးနေပြီဆိုကတည်းက ကျန်းမာရေး အတွက်သတိထားရတော့မှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ထက်များနေခြင်းဟာ အခြားအကြောင်းရင်းများကြောင့် ဖြစ်နိုင်သေးပေမယ့် အဝလွန်ခြင်းဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် သွေးတိုး၊ နှလုံးနဲ့ ဆီးချို၊ လေဖြတ်ခြင်း စတဲ့ရောဂါများအထိ ဆိုးကျိုးသက်ရောက်နိုင်ခြေများကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

WHO မှတ်တမ်းတစ်ခုအရ အ၀လွန်ခြင်းဆိုတဲ့ ကျန်းမာရေးပြဿနာဟာ ၁၉၇၅ ခုနှစ် မှ ၂၀၁၆ ကာလအတွင်း သုံးဆလောက်မြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဝလာ ခြင်းရဲ့အကြောင်းတရားများအနက် ဆီစားသုံးမှုများ ခြင်းဟာ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ ဆီအစားများလို့ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဝလွန်ပြဿနာရဲ့ နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါများနဲ့ ဆီးချိုရောဂါများကို ရင်ဆိုင်ရနိုင်တဲ့အပြင် အရိုးအဆစ်ရောဂါ များ၊ ကင်ဆာရောဂါများနဲ့ပါ ဆက်စပ်မှုရှိနေတဲ့  နောက်ဆက်တွဲဆိုးကျိုးများလည်း မနည်းလှပါဘူး။အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေက ပြည်သူတွေဟာ ဆီကောင်းဆီသန့်နား မကပ်နိုင်၊ ကျန်းမာရေး အသိကလည်းနည်း၊ အာဟာရဖြစ်အောင် ညီညွတ်မျှတစွာလည်း မသုံးစွဲတတ်တော့ ရောဂါစုံကို အလိုလိုဖိတ်ခေါ်သလို ဖြစ်နေပါတယ်။ ရောဂါကြောင့် သေဆုံးမှုအမျိုးမျိုးမှာ သွေးတွင်းအဆီဓာတ်များပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးရမှုဟာ အမြင့်ဆုံးမှာရှိနေတဲ့အပြင် အလယ် အလတ်နဲ့ အနိမ့်ဆုံးဝင်ငွေနဲ့သာ ရုန်းကန်နေရတဲ့ နိုင်ငံများရှိ ပြည်သူတွေရဲ့ သေဆုံးမှုဟာ အဆီဓာတ်များလို့ ဖြစ်ရတဲ့ပြဿနာများနဲ့ အများဆုံးဆက်စပ် နေကြောင်းလည်း သိရှိရပါတယ်။

ပြန်ကြော်ဆီများရဲ့အန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှု

ဆီကိုချွေတာတဲ့အနေနဲ့ ထပ်ခါထပ်ခါ အပူပေးပြီး စားသုံးတတ်တဲ့အလေ့အထဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ အချို့စားသောက်ဆိုင်တွေ၊ လမ်းဘေး အကြော်ဆိုင်တွေမှာ တချို့ဆီတွေကို ထပ်ခါထပ်ခါပြန်လည်အသုံးပြုတာတွေ ရှိတတ်တာကို သတိပြုမိဖို့လိုပါတယ်။ သုတေသနတစ်ခုရဲ့ ရလဒ်အရပဲပိစပ်ဆီကို အပူပြင်းပြင်းနဲ့ ပြန်ကြော်ထားတဲ့ဆီကို စားမိတဲ့ကြွက်တွေမှာ ရင်သားကင်ဆာဖြစ်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိကတရားခံကတော့ free radical လို့ခေါ်တဲ့ ဓာတ်လွတ် မော်လီကျူးအစုအစည်းတွေကြောင့် ဖြစ်ရတာပါ။ ကင်ဆာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုဖြစ်စေလောက်အောင် လူတွေရဲ့ မကောင်းတဲ့အလေ့အထ တစ်ခုကအစား အသောက်ကို ထပ်ခါထပ်ခါကြော်လှော် စားသောက်တတ်ကြခြင်းပဲဖြစ်ပါတယ်။

အရက်၊ ဆေးလိပ်၊ ဓာတုအဆိပ်နဲ့ ထိတွေ့မိမှု ကစလိုက်တဲ့ မကောင်းတဲ့ အလေ့အထများ ကြောင့်ဖြစ်လာတဲ့ ခန္ဓာတွင်း ဇီဝဖြစ်စဉ်တွေကတစ်ဆင့် လူကိုအကျိုးမပြုတဲ့ ဖရီးရေဒီကယ်လ်ဒြပ် မော်လီကျူးများ ပိုပြီးစုမိစေတဲ့ အခြားသောအကြောင်း တရားတွေမှာ ပြန်ကြော်ဆီလည်း ပါဝင်ပါတယ်။ အဆီပိုတွေများလွန်းတဲ့အဝလွန်သူတွေရဲ့ နောက် ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ တစ်သျှူးဆဲလ်တွ ရောင်ရမ်းခြင်းဆိုတဲ့ ဆိုးကျိုးတစ်ခု ဟာလည်း ဖရီးရေဒီကယ်လ်များ များလာခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဆဲလ်များ ရောင်ရမ်းသွားတဲ့ အတွက် ခန္ဓာကိုယ်က ခုခံအားကို တာဝန်ယူရတဲ့ဆဲလ်များ ကောင်းကောင်း အလုပ်မလုပ်နိုင် တဲ့အခါ ခုခံအားကျဆင်းသွားပြီး ကူးစက်ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်လာနိုင်ခြေ လည်းများလာပါတယ်။ အဆီများလို့ ကိုယ်အလေးချိန်တက်ပြီး ဝနေသူတစ်ဦးအတွက် ဆီးချို၊ သွေးတိုးအစရှိတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ များကိုတစ်ချိန် မဟုတ် တစ်ချိန်မှာ ရင်ဆိုင်ရဖို့များတယ်ဆိုတာ အသိပေးလိုပါတယ်။

သတိပြုရမယ့် ပြည့်ဝဆီနဲ့ အသွင်ပြောင်းမပြည့်ဝဆီ

ထို့အပြင် ကျန်းမာရေး ပညာပေးစာစောင်နဲ့ ဆောင်းပါးများမှာ ရင်းနှီးပြီးဖြစ်တဲ့ ပြည့်ဝဆီ (saturated fat) မပြည့်ဝဆီ (unsaturated fat) နဲ့ အသွင်ပြောင်းဆီ (trans fat ) စတဲ့ ဆီအမျိုးအစားတွေမှာ ဘယ်လိုဆီအမျိုးအစားက ဘယ်အုပ်စုမှာပါတယ်ဆိုတာ အနည်းငယ် သိထားသင့်ပါတယ်။ အဆီများတဲ့အသားတွေမှာ များသောအားဖြင့် ပြည့်ဝဆီ ပါတတ်ပါတယ်။ ထောပတ်၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေမှာလည်း ပါဝင်ပါတယ်။ ဝက်ဆီ၊ အမဲဆီစတဲ့ တိရစ္ဆာန်အဆီဟာ ပြည့်ဝဆီ အမျိုးအစားတွေပါပဲ။ ပြည့်ဝဆီများတဲ့ အစားအစာတွေဟာ ကျန်းမာ ရေးကို အထောက်အကူမပြုဘဲ ဆိုးကျိုးများတဲ့အတွက် လျှော့ချစားသုံးသင့်ကြောင်း အကြံပြုလိုပါ တယ်။ ဒါပေမယ့် ငါးကြီးဆီတစ်မျိုးကတော့ ခြွင်းချက်ပါ။ ငါးကြီးဆီမှာပါဝင်တဲ့ အိုမီဂါ ,, အဆီအက်စစ်တွေဟာ သွေးစေးပျစ်မှုကို လျော့စေလို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဟင်းသီးဟင်းရွက်ဆီဖြစ်တဲ့ မပြည့်ဝဆီ အမျိုးအစားကတော့ ယေဘုယျအားဖြင့်လူကို အကျိုးပြုပါတယ်။ များသောအားဖြင့် အစေ့အသီးတွေဖြစ်တဲ့ မြေပဲ နှမ်း၊ ပဲပိစပ်၊ သစ်ကြားသီး၊ ထောပတ်သီး သံလွင်သီးကရတဲ့ အဆီတွေပါပဲ။ လူကိုအကျိုးပြုတယ် ဆိုပေမယ့် အခံဆီအဖြစ် တာရှည်အပူပေးပြီးမှ ပြန်လည်အသုံးပြုတာဆိုရင်တော့ အသွင်ပြောင်းဆီဖြစ်သွားပြီး ကျန်းမာရေးအပေါ် အကြီးအကျယ် ဆိုးကျိုးပေးတယ်ဆိုတဲ့အချက်ကို သတိထားရပါမယ်။ အများကြိုက်တဲ့ အကြော်ဆီနဲ့ ( ဆီကြော်အစားအစာ တွေဟာ အသွင်းပြောင်းဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေပဲ ဖြစ်တယ်ဆိုတဲ့အချက်ဟာ အထူးဂရုပြုရမယ့်အချက် ဖြစ်ပါတယ်။ အကျိုးမပြု LDL နှင့် နှလုံးသွေးကြောပိတ်အန္တရာယ်

အစားအသောက်မှာ ပါဝင်တဲ့ဆီတိုင်းကိုတော့ ( ဆီဆိုးစာရင်းထဲ ထည့်မထားပါဘူး။ အချို့အမျိုး အစားတွေက ကိုလက်စထရော ကိုတောင် ကျဆင်းစေပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့ စွမ်းအင်အတွက်၊ အနွေးဓာတ်အတွက်၊ ဆဲလ်တွေတည်ဆောက်ဖို့၊ ခန္ဓာအင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်ဖို့၊ မိမိစားလိုက်တဲ့အစာထဲက ဗီတာမင်တွေကိုပြန်လည် စုပ်ယူနိုင်ဖို့နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဟော်မုန်းထုတ်လုပ်မှုတွေမှာ များစွာအကျိုးပြုတဲ့အတွက် ချင့်ချိန်အသုံးပြုတတ်ဖို့ လိုပါတယ်။ မပြည့်ဝဆီလို့ခေါ်တဲ့ ဆီအမျိုးအစားကတော့ ကျန်းမာရေးကို အကျိုးပြုတဲ့ဆီကောင်းတစ်မျိုးဖြစ်ပြီး လူကိုအကျိုးမပြုဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဆီအမျိုးအစားကတော့ ပြည့်ဝဆီပဲဖြစ်ပါတယ်။

ပြည့်ဝဆီအမျိုးအစားဟာ လူကိုအကျိုးမပြုတဲ့ သွေးတွင်း LDL Cholesterol လို့ခေါ်တဲ့ အဆီဓာတ် တစ်မျိုးကို မြင့်မားစေပြီး နှလုံးနဲ့ အခြားခန္ဓာအစိတ် အပိုင်းများရှိ သွေးကြောများကိုလည်း ပိတ်ဆို့စေလို့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်နိုင်ခြေ အန္တရာယ်ကို အလွန်များစေပါတယ်။ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အဆီဓာတ်တွေ များလာတဲ့အခါ သွေးတိုးရောဂါဖြစ်စေတဲ့ ACEnzyme အင်ဇိုင်း တစ်မျိုးကို မြင့်တက်စေတဲ့ ဇီဝဖြစ်စဉ်မှတစ်ဆင့် သွေးလွှတ်ကြောနံရံတွေမှာ အဆီတွေခဲ မာကြောလာပြီး မိမိကိုယ်မိမိ နေ့စဉ်သွေးဖိအားတိုင်းကိရိယာနဲ့ အဖော်ပြုရတဲ့ လူမမာအဖြစ်ကို ရောက်ရှိသွားပါတော့တယ်။

ဒါ့အပြင် တစ်ခါတစ်ရံ ဆီပူကြီးထဲမှာဖြစ်ပြီး ကြော်ထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစား  အစာများ၊ အသင့်စားမုန့်များ စားပြီးတိုင်း လည်ချောင်းတစ်ဝိုက်၊ ရင်ခေါင်းတစ်လျှောက် ရင်ပူပြီး ဗိုက်အောင့်တာ ခံစားဖူးကောင်း ခံစားဖူးပါလိမ့်မယ်။ အစာအိမ်မှာ အက်စစ်ဓာတ်အထွက်များတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မိမိမှာ ဗိုက်နာဗိုက်အောင့်ဖြစ်ရတဲ့ နာတာရှည်အစာအိမ်နာ ဖြစ်ရ ခြင်းအကြောင်းရင်းများမှာ မသန့်တဲ့ ဆီကြော်မုန့် တွေကြောင့်ဖြစ်ရတဲ့ အကျိုးဆက်တစ်ခုလည်း ပါဝင်ပါလားဆိုတာ သိရှိထားသင့်ပါတယ်။

ဘယ်လိုဆီအမျိုးအစားဖြစ်ဖြစ် လျှော့သုံးတာ အကောင်းဆုံးပါ

မပြည့်ဝ၊ ပြည့်ဝ၊ အသွင်းပြောင်းဆီ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဆီသုံးစွဲမှုကို လျှော့ချသုံးစွဲ ခြင်းသည်သာ အကောင်းဆုံးပါ။ ဆီကိုရွှဲနေအောင် စားတတ်တဲ့ အကျင့်၊ ဆီပြန်ဟင်းမှ ကြိုက်တတ်တဲ့အကျင့်ကို မေ့ထားလိုက်စေချင်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အနှံက ထုတ်တဲ့ဆီ စတာတောင်မှ စိတ်ချရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒီလိုဆီတွေမှာ ဓာတုပစ္စည်းတွေ ရောစပ်အသုံးပြုလာကြတဲ့အတွက် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတဲ့ ပြင်ပဓာတုပစ္စည်း တစ်ခုခု အကူအညီမပါဘဲ သဘာဝ အတိုင်း ထုတ်လုပ်ထားတဲ့ဆီအမျိုးအစား ဟာ ယနေ့ခေတ်မှာ ရှားသွားပါပြီ။ အနံ့အသက်ကင်းကင်းနဲ့ အမြင်ကောင်းစေဖို့ သန့်ရှင်းစင်ကြယ်ရန်ဆိုပြီး ဆီမှာ ရောစပ်အသုံးပြုလိုက်တဲ့ ဓာတုပစ္စည်းများဟာ မိမိခန္ဓာအသွေးထဲ အသားထဲ သွယ်ဝိုက်ရောက်ရှိ သွားပြီး ကျန်းမာရေးကို အလွန်အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့အချက်ကို သိရှိပြီး အထူးသတိထားဖို့ လိုပါတယ်။

ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆိုတာ ပိုးသတ် ဆေးအသုံးပြုထားမှု၊ ဇီဝဆိုင်ရာ ပြုပြင်ပြောင်းလဲ ထားမှုစတာတွေကြောင့် အသုံးပြုရန်အတွက် ဘေးကင်းစိတ်ချရတဲ့အာမခံချက်ရဖို့ဆိုတာ မလွယ် ပြန်ပါဘူး။ ဓာတုပစ္စည်းရောထားတဲ့ဆီကို သုံးမိခြင်းကြောင့် သက်ရှိဆဲလ်တွေ မူမမှန်ဖောက်ပြန်ပြီး ကင်ဆာရောဂါ အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာများ ဖြစ်နိုင်တဲ့အပြင် အာရုံကြော ပျက်စီးဖောက်ပြန်တဲ့ ရောဂါနဲ့ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ၊ သွေးကြောအဆီပိတ်ရောဂါတွေ ဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ဆီအသုံးလျှော့ပြီး ဆီကြော်၊ ဆီပြန်၊ ဆီရွှဲရွှဲနဲ့ ဆီမြုပ်တဲ့ ဟင်းလျာတွေကို လျှော့ချစားသုံးပါလို့သာ အလေးအနက်အကြုံပြုလိုက်ပါရစေ။

ထပ်တလဲလဲကြော်ထားတဲ့ဆီကိုရှောင်တဲ့အနေ နဲ့ မိမိစိတ်ကြိုက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီအမျိုးအစားကိုသာ ရွေးချယ်ပြီးမှ သန့်ရှင်း လတ်ဆတ်တဲ့အစားအစာကို ကိုယ့်အိမ်မှာကိုယ်  ချက်ပြုတ်စားသောက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဟင်းချက်ကြော်လှော်ရာမှာလည်း အစာနဲ့ဆီ အမျိုးအစားကို အနည်းဆုံးပမာဏနဲ့ တွက်ချက်ချင်တွယ် အသုံးပြုတတ်တဲ့ အလေ့အထဟာ  အလေအလွင့်ဖြစ်မှုကို လျော့ပါးစေပြီး ခန္ဓာကိုယ်ဝိတ်မတက်အောင်လည်း ကာကွယ်ပေးတယ် ဆိုတာ သတိပြုလိုက်နာစေချင်ပါတယ်။ အစာကို အပြင်မှာစားတတ်တဲ့ အလေ့အထကိုနည်း နိုင်သမျှနည်း အောင်လုပ်ဖို့နဲ့ အပြင်ထွက်ရပြီး ပြင်ပမှာသာစားဖို့ ရှိလာရင်လည်း မိမိအိမ်ကပဲ မဖြစ်မနေကြော်လှော် ချက်ပြုတ်ယူဆောင် စားသောက်တဲ့ အလေ့အကျင့်ရှိထားဖို့ လိုပါလိမ့် မယ်။ အပြင်အစားအစာမှာ သုံးထားတဲ့ ဆီဟာများသောအားဖြင့် မသန့်ရှင်းတဲ့ ဆီအမျိုးအစားနဲ့ ထပ်ခါပြန်အသုံးပြု ထားတဲ့ဆီပဲ ဖြစ်နိုင်ခြေများလို့ ဖြစ်ပါတယ်။

အဓိကအချက်က ဆီကြောင့် ရောဂါမရစေရန်ဖြစ်ပြီး ကျန်းမာရေးနဲ့ အာဟာရမျှတဖို့အတွက် ဆိုးကျိုးဖြစ်နိုင်မှုနဲ့ ကောင်းကျိုးဖြစ်နိုင်မှုကို ချိန်ဆသုံးစွဲစေလိုခြင်းသာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ ဘယ်လိုဓာတုပစ္စည်းမျိုးမှ မပါနိုင်တဲ့ ဆုံဆီသန့်သန့်ဆိုတာမျိုးကို ရွေးချယ်အသုံးပြု ဖြစ်နေကြပါပြီ။ သို့သော်ဘယ်လို ဆီအမျိုးအစားကိုပဲ သုံးသုံးတတ်နိုင်သမျှ ဆီအသုံးကိုသာလျှော့သုံး ကြပါဟူ၍... ကြိုတင်ကာကွယ်နိုင်ပြီး ဆောင်ရန် ရှောင်ရန်များကို အထူးအလေးထား အကြံပြုလျက်... “အာရောဂျီ ပရမံလာဘီသာ ဖြစ်ကြ ပါစေကြောင်း။