လှပကျက်သရေ တို့ရတနာပုံတက္ကသိုလ်မြေ
ရတနာပုံတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း တောင်သမန်ကျေးရွာ၊ အိုးဘိုကျေးရွာနှင့် ထန်းတောကျေးရွာအနီးတွင် တည်ရှိပါသည်။ အမရပူရမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၃ မိနစ် ၂၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄ မိနစ် ၄ စက္ကန့် အတွင်း၌ တည်ရှိပါသည်။
အမရပူရမြို့နယ် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်၍ မြောက်ဘက်၌ မန္တလေးမြို့၊ တောင်ဘက်၌ မြစ်ငယ်မြစ်၊ အရှေ့ဘက်၌ ပုသိမ်ကြီးမြို့၊ အနောက်ဘက်၌ ဧရာဝတီမြစ်တို့ဖြင့် နယ်နိမိတ် ပိုင်းခြားထားသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၂၅၀ အထက်တွင် တည်ရှိပါသည်။ အကျယ် အဝန်းအားဖြင့် ၈၅ ဒသမ ၈၈၃ စတုရန်းမိုင်ရှိပြီး ဧရိယာမှာ ၅၄၉၆၅ ဧက ဖြစ်သည်။ အမရပူရမြို့ကို ရှေးယခင်ဘိုးတော် (ဗဒုံမင်း) လက်ထက်တွင် အ=မရှိ၊ မရ= (မရဏ)သေခြင်း၊ ပုရမြို့ ဖြစ်သောကြောင့် “သေခြင်းမရှိသောမြို့” ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုအမရပူရမြို့သည် ထင်ရှားသော ရာဇဌာနေ မင်းနေပြည်တော်ဖြစ်ခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရလည်းကောင်း၊ ရှေးခေတ်က ရေးမှတ်ခဲ့သော ပေစာ၊ ပုရပိုက်စာနှင့် ကျောက်စာ များအရလည်းကောင်း၊ ကြွင်းကျန်သော အဆောက် အအုံပုံစံများကို လေ့လာခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။
အမရပူရမြို့နယ်အတွင်းရှိ ရတနာပုံတက္ကသိုလ် သည် ရှေးယခင်က မင်းတုန်းမင်း အလေးထားသော လယ်တောများစိုက်ရာ အရပ်ဒေသဖြစ်သည်။ မင်းတုန်းမင်းလက်ထက်က ထိုနေရာသည် ပင်စိမ်း ကန်နေရာဖြစ်ပါသည်။ ထိုကန်သည် ကုန်းအကျဆုံး အရပ်တွင် ရှိသည်။ မင်းတုန်းမင်းလက်ထက်တွင် ငါ့ပင်စိမ်းကန်က လယ်တွေကောင်းရဲ့လားဟု မေးလေ့ရှိကြောင်းသိရသည်။ ပြည်သူများကလည်း ဤနေရာမှာ လယ်ကောင်းလျှင် အခြားလယ်အများ ကောင်းမည်ဟု ယုံကြည်ကြပါသည်။
ရတနာပုံတက္ကသိုလ်၏ မူလအစ ရတနာပုံတက္ကသိုလ်၏ မူလအစသည် မန္တလေး တိုင်း ဒေသကောလိပ် မန္တလေးမြို့ဖြစ်ပြီး ၁၉၇၇ ခုနှစ် မေ ၂၃ ရက်မှစ၍ မန္တလေးနန်းရှေ့ဆောင်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၁၉၇၈ ခုနှစ်တွင် မန္တလေးတိုင်းဒေသကောလိပ်ကို မန္တလေးမြို့ လမ်း၈၀၊ ၃၃ လမ်းနှင့် ၃၄လမ်းကြားရှိ ကဉ္စနဆောင်၊ ၃၄ လမ်းနှင့် ၃၅လမ်းကြားရှိ မန်းကေသီဆောင်နှင့် အောင်ပင်လယ် ဆောင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။
၁၉၈၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသ ကောလိပ် (မန္တလေး) အမည်မှ မန္တလေးတက္ကသိုလ် (ရတနာဘုမ္မိနယ်မြေ) အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ရတနာဘုမ္မိနယ်မြေမှ ရတနာပုံကောလိပ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဖေဖော် ဝါရီ ၂၂ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ အဆင့်မြင့် ပညာဦးစီးဌာနလက်အောက်တွင် ရတနာပုံကောလိပ်ကို အမရပူရသို့ ပြောင်းရွှေ့ပြီး ရတနာပုံ တက္ကသိုလ်အမည်ဖြင့် အဆင့်မြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။
ရတနာပုံတက္ကသိုလ်ကို မြေဧက ၃၀ နှင့် စတင် ခဲ့ပြီး ယခုအခါ ၈၄ ဒသမ ၉၉ ဧက ကျယ်ဝန်း ပါသည်။ ၂၀၀၀ ပြည့်နှစ် မေလတွင် ကျောင်း၏ ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒုတိယ ပါမောက္ခချုပ် ဦးစောအောင်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် သြဂုတ်လ၌ ပါမောက္ခချုပ် ဦးဝင်းမောင်နှင့် ဒုတိယပါမောက္ခချုပ် ဦးသန်းနွယ်တို့က ဆက်လက်၍ တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။ ဘာသာရပ် စုစုပေါင်း ၁၈ ခု သင်ကြားနိုင်ခဲ့ပါသည်။
တက္ကသိုလ်နယ်မြေ ရတနာပုံတက္ကသိုလ်ကြီး၏ အဝင်တံတိုင်းကို ကျောင်းကြီးအုတ်နီဟူသော ဆိုရိုးစကားအတိုင်း အုတ်အနီဖြင့် တည်ဆောက်ထားပါသည်။ ရတနာပုံ တက္ကသိုလ်၏ ဝင်ပေါက်မှ ဝင်လာလျှင် ဝင်ပေါက်၏ ညာဘက်ဘေးတစ်ဖက်တစ်ချက်တွင် ပဒုမ္မာကြာပန်းများ ဖူးပွင့်လျက်ရှိသော ရေကန်ကြီးကို တွေ့မြင်နိုင် ပြီး ဘယ်ဘက်ဘေး တစ်ဖက်တစ်ချက်တွင် နွေရာသီ၌ ပိတောက်ပန်းများ ပွင့်လျက်ရှိသော ပိတောက်ပင်များကိုလည်း လှပစွာ တွေ့မြင်နိုင်ပါသည်။
ရတနာပုံတက္ကသိုလ်၏ ဓမ္မာရုံကြီးကို အရှေ့ဘက်၌ ခံ့ညားထည်ဝါစွာ မြင်တွေ့နိုင်ပါသည်။ ကျွန်မတို့ အမိတက္ကသိုလ်၏ LED Board တွင် “ရတနာပုံတက္ကသိုလ်က လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟူသော စာတန်းကို တွေ့မြင်ရပြီး လှေတစ်စင်းနှင့် ရေကန်ကလည်း အဝေးကလှမ်းကြည့်လျှင် ထင်ရှားစွာ တင့်တယ် လှပပေသည်။ ကျောင်း၏သင်္ကေတ ကျောက်တုံးကြီးတွင် ရေးထိုးထားသော ပညာရေး ရည်မှန်းချက် ဆောင်ပုဒ်သည် “မျက်မှောက်ကာလ ဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင် မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေး စနစ်တစ်ခု ဖြစ်ထွန်းလာစေရန်”ဟု ကမ္ပည်း တင်ထားပါသည်။
ခေတ်မီစာကြည့်တိုက် ကျောင်းသား ကျောင်းသူများအတွက် ရှိသင့် ရှိထိုက်သော ခေတ်မီစာကြည့်တိုက် သည် ရတနာပုံတက္ကသိုလ် ပင်မဆောင်၏ နောက်ကျောဘက်တွင် တည်ရှိနေပါသည်။ စာကြည့်တိုက် အသုံးပြုသူများ အဆင်ပြေ လွယ်ကူချောမွေ့စွာ စာရှာနိုင်ရန်နှင့် ခေတ်မီ Electronic Library အဖြစ် အဆင့်မြှင့်တင်ရန်၊ ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတပညာဌာနမှ ပါမောက္ခ (ဌာနမှူး)နှင့် စာကြည့်တိုက်မှူးတို့က ဦးဆောင်ပြီး ဆောင်ရွက်လျက် ရှိပါသည်။ ကျောင်းဖွင့်ရက် ပညာသင်ကာလ များတွင် နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များမှအပ စနေ၊ တနင်္ဂနွေ အပါအဝင် ၂၀၁၄ မှစ၍ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးခြင်း၊ E-LIB Library Automation System ကို အသုံးပြု၍ Online Public Access Catalogue (OPAC) GS စာအုပ်များ ရှာဖွေနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ Electronic Circulation ဖြင့် စာငှားလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုအများစုကို Open Access System ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ e-Library ဝန်ဆောင်မှုများဖြစ်သည့် EBSCO Online Databases ProQuest Dissertation& Thesis နှင့် Open Educational Resources အစရှိသည့် Academic Online e- Resources များကို ဖြည့်ဆည်းပေးခြင်း၊ Internet Access Service ၊ Wifi Access ဝန်ဆောင်မှုပေးခြင်း၊ ဆရာဆရာမများ၏ သုတေသနစာတမ်းများကို Urkand Plagiarism Checker ဖြင့် စစ်ဆေးပေးခြင်း၊ Reading Room ı Reference Room ac Study Area တို့တွင် လေအေးပေးစက်များ တပ်ဆင်ပေးခြင်း၊ Presentation Room ထားရှိ၍ ဆွေးနွေးပွဲများ၊ အုပ်စုလိုက်ဆွေးနွေးခြင်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် သုတေသနပြု သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက် ရှိပါသည်။
အဆင့်မြှင့်တင်မည့် အစီအစဉ်များ
စာကြည့်တိုက်ကို အဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် လက်ရှိ စာကြည့်တိုက် အဆောက်အအုံကို ဘယ်ညာတိုးချဲ့ ဆောက်လုပ်ခြင်း၊ စာအုပ်များ လုံခြုံရေးအတွက် RFID Security Gate တပ်ဆင်ခြင်း၊ စာအုပ်ငှားရမ်းခြင်းကို ငှားရမ်းသူကိုယ်တိုင် ဆောင်ရွက်နိုင်ရန် Self-Check-in/ Check-out စနစ်များ ပါဝင်သည့် RFID Self-Check 500 floor Standing တပ်ဆင်ခြင်း အစရှိသည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဘောလုံးကွင်း၊ အပန်းဖြေနေရာများ အပြင် မိုးလုံလေလုံ အားကစားရုံလည်း တည်ရှိပါသည်။
ကျောင်း၏ ထူးခြားချက်
ရတနာပုံကျောင်း၏ ထူးခြားချက်မှာ မေဂျာ တစ်ခုနှင့်တစ်ခု ကူးလူးသွားလာရန် လျှောက်လမ်း ကလေးများ တည်ဆောက်ထားပြီး အမိုး မိုးထားသဖြင့် ရာသီဥတုသုံးပါးစလုံး လုံခြုံနွေးထွေး စွာသက်သောင့်သက်သာ သွားလာခွင့်ရကြပါသည်။ ဆရာ ဆရာမများ နေထိုင်ရေး အဆင်ပြေစေရန် အတွက် မဉ္ဇူသကဆောင်၊ ကံ့ကော်ဆောင်၊ မိသားစုများ အတူနေထိုင်ရန်အတွက် သဇင်ရိပ်မွန်၊ ပိတောက်ရိပ်မွန်၊ စွယ်တော်ရိပ်မွန်၊ နှင်းဆီရိပ်မွန်၊ စပယ်ရိပ်မွန်နှင့် ခရေရိပ်မွန် အစရှိသည့် အိမ်ရာများ နှင့် ကျောင်းသူများအတွက် နံ့သာဆောင်ကို ဖြည့်ဆည်းပေးထားပါသည်။
ရတနာပုံတက္ကသိုလ်ကျောင်းတော်ကြီးအတွင်း တွင် လှပသော ပိတောက်ပန်း၊ ကံ့ကော်ပန်း၊ တမာပန်း၊ စွယ်တော်ပန်း၊ ကြာပန်း၊ ခရေပန်း၊ စံပယ်ပန်းနှင့် နှင်းဆီပန်း အစရှိသော ပန်းများ လှပစွာ ပွင့်လန်းနေကြသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ရတနာပုံတက္ကသိုလ်မှ ၆ ဖာလုံအကွာတွင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ဦးပိန် တံတားရှိသည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တစ်ခါတစ်ရံ အပန်း ဖြေသွားကြပါသည်။
အစဉ်အဆက်ထိန်းသိမ်း
စာရေးသူသည် ၂၀၁၄ ခုနှစ်တွင် ရတနာပုံ တက္ကသိုလ်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ပါသည်။ ပါမောက္ခချုပ်ဆရာကြီး၊ ဆရာမကြီးများစွာ ကိုလည်း စာရေးသူသည် အစဉ်ဂါရဝပြု ကျေးဇူးတင်လျက် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတော်ကြီးကို ရှေးအစဉ်အဆက် ထိန်းသိမ်း လာခဲ့ကြောင်း ဤကျောင်းကြီးက သက်သေခံလျက် ရှိသောကြောင့် ဖြစ်ပါသည်။ ယခုအခါတွင် လှပကြော့ရှင်းသော အရွယ်ကောင်း ၂၁ နှစ်တိုင် ရောက်ရှိလာသော ဤတက္ကသိုလ်ကျောင်းတော်ကြီး သည် လောကဓံ မျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြံ့ကြံ့ခိုင်မယိုင်လဲဘဲ တည်ရှိနေဆဲ ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များနှင့် တွေ့ဆုံပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
ယခင်ကတည်းက လှပသေသပ်သော ကျောင်းတော်ကြီးသည် ယခုအခါ ပိုမိုစိမ်းလန်း စိုပြည်ပြီး အဘက်ဘက်က ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံဖြင့် လှပသေသပ်သွားသည်ကို တွေ့မြင်ရပါ သည်။ ယခုအခါ ရတနာပုံတက္ကသိုလ်ကျောင်းတော်ကြီးတွင် စုစုပေါင်းဘာသာရပ်၂၄ ခု သင်ကြားနေပြီး ပါမောက္ခချုပ် ဆရာမကြီး၏ ဦးဆောင်မှုဖြင့် ဒုတိယ ပါမောက္ခချုပ် ဆရာကြီး၊ ဆရာမကြီးသုံးဦး၊ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ထမ်းများ၏ ကြိုးပမ်းမှုများဖြင့် စိမ်းလန်းစိုပြည်ပြီး လှပတင့်တယ် ကျက်သရေရှိကာ ထပ်မံ ပြုပြင်မွမ်းမံတိုးချဲ့ လုပ်ဆောင်ဦးမည့် အစီအစဉ်များ ရှိသည်ကို သိရှိရသည့်အတွက် များစွာဝမ်းသာပီတိများ ဖြစ်ပေါ်ရပါသည်။
ဤရတနာပုံတက္ကသိုလ်ကျောင်းတော်ကြီးကို “လှပကျက်သရေ တို့ရတနာပုံတက္ကသိုလ်မြေ” ဟု တင်စားခေါ်ဝေါ်လိုက်ရပေသည်။
ရတုခင်