Skip to main content
၁

၂၀၁၅ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်

အင်ကြင်းနိုင် (စာပေဗိမာန်)

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီးဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်) နှင့် ဆရာကြီး ဦးတင် (တက္ကသိုလ်တင်ခ တို့က ပူးတွဲရရှိခဲ့ကြပါသည်။ ဆရာကြီးတက္ကသိုလ်ဝင်းမွန်သည် ပင်ကိုရေးစာပေ များသာမက ဘာသာပြန် စာပေများကို ကလောင်အမည်နှစ်ခုဖြင့် ရေးသားပြုစုပြန်ဆိုခဲ့သူ ဖြစ်ပါသည်။

ဆရာကြီး၏ ဘဝဖြတ်သန်းမှုအကျဉ်း

ဆရာကြီး တက္ကသိုလ်ဝင်းမွန်ကို ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ရစ်ကန်ကြီးကျေးရွာ၌ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ၁ရက်တွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်သမားကြီး ဦးအောင် သန်းခင်နှင့် ဒေါ်သန်းကြည် တို့ဖြစ်သည်။ လသားအရွယ်မှစ၍ သနပ်ပင်မြို့နယ် ကမာစဲကျေးရွာတွင် ကြီးပြင်းခဲ့သည်။ အမည်ရင်းမှာ ဦးဝင်းမွန်ဖြစ်သည်။

ကမာစဲရွာ ဘုန်းကြီးကျောင်း၊ ကမာစဲရွာ ဦးပညာ အလွတ်ပညာသင်ကျောင်း၊ ရန်ကုန် မလွှကုန်းမြူနီစီပယ် ကျောင်း၊ ဦးဒေါ်ဆင် အယာပညာသင် ကျောင်းတို့တွင် မူလတန်းပညာ သင်ကြားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ပဲခူးမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး  ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ယူသည်။ ၁၉၅၈ ခုနှစ်တွင် ဥပစာတန်းအပိုင်း(ခ)၌ မြန်မာစာအမှတ်အများဆုံး ပထမရရှိ သဖြင့် 'သာဒိုးအောင်ဆု ရရှိခဲ့သည်။ ( ၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာ (မြန်မာစာ အထွေထွေဏ်ထူးဘွဲ့ ရရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် “အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဘ၀နှင့်စာပေ" ကျမ်းကို တင်သွင်းပြီးမဟာဝိဇ္ဇာဘွဲ့ (အရည်အချင်း  လိုက် ပထမ) ရရှိသည်။

၁၉၆၀ ပြည့်နှစ် ဇွန်လတွင် မော်လမြိုင်ကောလိပ် မြန်မာစာဌာန၌  နည်းပြအဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၂)၌မြန်မာစာ လက်ထောက်ကထိကနှင့် ဌာနမှူး၊ ၁၉၇၃ ခုနှစ်တွင် မြစ်ကြီးနား ကောလိပ်၌ မြန်မာစာဌာနမှူး၊ ၁၉၇၇  ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၂)၌ မြန်မာစာဌာနမှူး၊ ၁၉၈၀-၈၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့ နိုင်ငံခြားသိပ္ပံကျောင်း မြန်မာစာဌာန၌ မြန်မာစာ ကျွမ်းကျင်ပညာရှင် (ဧည့် ပါမောက္ခ)၊ ၁၉၈၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်(လှိုင်နယ်မြေ၌ မြန်မာစာ ကထိကနှင့် ဌာနမှူး၊ ၁၉၉၂ ခုနှစ်တွင် အဝေးသင်တက္ကသိုလ် မြန်မာစာဌာနမှူး ၁၉၉၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ တွဲဖက်ပါမောက္ခတာဝန် များကို ဆောင်ရွက်ခဲ့သည်။ မြန်မာစာ သင်ကြားပို့ချရင်း နိုင်ငံရေးသိပ္ပံဘာသာ ရပ်ကို ရန်ကုန်ဒေသကောလိပ်(၁)နှင့် (၃) တို့၌ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ပူးတွဲသင်ကြား ပို့ချပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် တွဲဖက်ပါမောက္ခ၊ ဌာနမှူး တာဝန်ဆောင်ရွက်ပြီး အငြိမ်းစား ယူခဲ့ သည်။ အငြိမ်းစားယူခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်မြန်မာစာဌာန ပါရဂူသင်တန်း ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး ၂၀၀၀ ပြည့်နှစ်မှသည် ကွယ်လွန်သည် အထိ ပါရဂူဘွဲ့ကြိုသင်တန်း၌ သင်ကြား ပို့ချကြီးကြပ် အကြံပေးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် တက္ကသိုလ် မြန်မာစာအသင်းဥက္ကဋ္ဌ၊ ၁၉၇၁-၇၂ ခုနှစ် တွင် မြန်မာနိုင်ငံ သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ သုတေသနအသင်း စာစဉ်ဆော်ဩသူနှင့် တွဲဖက်အယ်ဒီတာစသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ် မေလ ထုတ် မြဝတီမဂ္ဂဇင်းတွင် တက္ကသိုလ် မောင်ဝင်းဆွေ ကလောင်အမည်ဖြင့် ‘ဝဏ္ဏပဘာ လှကလျာ ဆောင်းပါး စတင်ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင်  တက္ကသိုလ်ဝင်းမွန်အမည်ဖြင့် ငွေတာရီ မဂ္ဂဇင်း၌ ဆောင်းပါးများရေးသားသည်။ ကလေးမျက်ရှုပုံပြင်များ၊ တိုင်းညွန့် ပြည်ဖူးပုံပြင်များ၊ အာရှပုံပြင်များ (မင်းယုဝေနှင့်တွဲဖက်၍)ကို ရေးသားခဲ့ သည်။ ၁၉၆၈ ခုနှစ် အမျိုးသားစာပေ စာပဒေသာတတိယဆုကို ခေတ်သစ် ကဗျာမိတ်ဖွဲ့ ” စာအုပ်ဖြင့် ရရှိသည်။

ဆရာကြီးသည် အောင်ခန့်ကလောင် ' အမည်ဖြင့် ဘာသာပြန်စာပေများ ရေးသားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အောင်ခန့်ကလောင်အမည်ဖြင့် လူ့ သဘောလူ့သဘာဝစိတ်ပညာ အမှီကျမ်း ကို ရေးသားခဲ့သည်။ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုများ၊ စွန့်စားခန်း ဝတ္ထုများဖြစ်သည့် “မီးလျှံနှင့် ကြာဖြူ၊ စပါတာခြင်္သေ့ကြီး၊  လက်သုံးတော်ဓား၊ ရမ္မက်ဧကရီ၊ ဖရား အယမဏိ၊ အနာဂတ်မျက်လုံးရှင်၊ ( လောဘမီးလျှံဒေါသမီးလျှံ၊ နိုင်သူနှင့်ရှုံးသူ စသည့်စာအုပ်များကို မြန်မာပြန်ဆိုခဲ့ သည်။ ကမ္ဘာကျော်စာရေးဆရာကြီး ဘာဝေါလ်တာစကော့၏ဝတ္ထုကို မြန်မာ ပြန်ဆိုသည့် “ရဲသွေးနီနီ စာအုပ်ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ဘာသာ ပြန်တတိယဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် (၁၄) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေတစ်သက်တာ စာပေဆုနှင့် ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာစာပေဆုတို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အသက် ၇၈ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။

ဆရာကြီးသည် ကလောင်နာမည် နှစ်ခုဖြင့် စာပေလောကတွင် ထင်ရှားသူ ဖြစ်သည်။ စာပေရေးရာဆောင်း ပါးများကို တက္ကသိုလ်ဝင်းမွန်အမည်ဖြင့် ရေးသား၍ ဘာသာပြန်ဝတ္ထုများ၊ အမှီဝတ္ထုများကို အောင်ခန့်အမည်ဖြင့် ဘာသာပြန်ဆို ရေးသားခဲ့သည်။ တက္ကသိုလ်ဝင်းမွန် အမည်ဖြင့် ရေးသားသည့် “ခေတ်သစ် ကဗျာမိတ်ဖွဲ့နှင့် အောင်ခန့်အမည်ဖြင့် ဘာသာပြန်ဆိုသည့် “ရဲသွေးနီနီ စာအုပ် တို့မှာ ၁၉၆၈ ခုနှစ်အတွက် အမျိုးသား စာပေဆု (စာပဒေသာ) နှင့် (ဘာသာပြန်) ဆုများ တစ်ပြိုင်တည်း ရရှိခဲ့ခြင်းမှာ ထူးခြားချက်ဖြစ်ပါသည်။

ဆရာကြီး၏ စာပေဆိုင်ရာခံယူချက်

စာသိမ်စာဖျင်းတို့သည် သိမ်ဖျင်းသော အသိအမြင်ကိုသာ ပေးတတ်ပြီး စာဖတ်သူ၏အတွေးအခေါ်အယူအဆကို မှားယွင်းချွတ်ချော်စေပါသည်။ စာကောင်း စာမွန်တို့မှာမူ မှန်ကန်သော အသိအမြင် ကိုပေးပြီး စာဖတ်သူတို့၏ အတွေးအခေါ် အယူအဆကို တည့်မတ်မှန်ကန် စေပါသည်။ စိတ်နေစိတ်ထားကို ရင့်ကျက် မြင့်မြတ်လာ စေပါသည်။ “စိတ်ပိုင်းဘ၀ ကောင်းမွန်ရေးကို အထောက်အကူပြုပါသည်။ အတွေးအခေါ် မှန်ကန်ပါက အကျင့်အကြံ၊ အလုပ်အကိုင်သည်လည်း မှန်လာမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်  အဆင့်အတန်းမရှိသော စာသိမ်စာဖျင်းများအားနည်းပပျောက်ပြီး အဆင့် အတန်းရှိသော စာကောင်းစာမွန်များ၊ ဝတ္ထုကောင်းကြီးများ တိုးတက်ထွန်းကား ဖို့ လိုအပ်နေပါပြီဟု မြန်မာဝတ္ထုရှည် သမိုင်းစာတမ်းတွင် ဆရာကြီးက၎င်း၏ အမြင် သဘောထားကို ထုတ်ဖော်တင်ပြ ထားပါသည်။

ဖတ်ကြားခဲ့သောစာတမ်းများ

ဆရာကြီး တက္ကသိုလ်ဝင်းမွန်သည် မြန်မာစာပေဆိုင်ရာ စာတမ်းများကို ၁၉၈၆ ခုနှစ်တွင် စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် စာတမ်းငယ်စာပေစာတမ်း ဖတ်ပွဲ၌ “၁၉၄၅ ခုနှစ် မတိုင်မီကာလ မြန်မာစာတမ်းငယ် စာတမ်း တို့ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။

မြန်မာဝတ္ထုရှည်သမိုင်း

မြန်မာနိုင်ငံတွင် နော်ဗယ်ခေါ် ကာလပေါ်ဝတ္ထုရှည်များ ဖြစ်ပေါ်တိုးတက် ထွန်းကားလာပုံ သမိုင်းကြောင်းကို စနစ်တကျ လေ့လာသုတေသနပြု၍ စာတမ်းတင်သွင်း ဖတ်ကြားခဲ့ပါသည်။ ကာလပေါ်မြန်မာ ဝတ္ထုရှည်များ စတင် ပေါ်ပေါက်ခဲ့သည်မှာ ၇၅ နှစ်ပြည့်မြောက် သည့် ၁၉၇၉ ခုနှစ်တွင် စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ဝတ္ထု ရှည်စာတမ်း ဖတ်ပွဲ၌ ဖတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာဝတ္ထုရှည်များ ဖြစ်ထွန်း တိုးတက်မှုများကို ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ အရင်းရှင်ပါလီမန်ခေတ်၊ ဆိုရှယ်လစ်ခေတ်ဟူ၍ ခေတ်လေးခေတ် ပိုင်းခြားသုံးသပ်တင်ပြထားပါသည်။ ပဒေသရာဇ်ခေတ်တွင် မြန်မာစာပေ အရေး အသား တိုးတက်ဖွံ့ဖြိုး လာပြီဖြစ်သော်လည်း ကာလပေါ် ဝတ္ထုအရေးအသားမျိုးကားထွန်းကားခြင်း မရှိသေးပေ။ ဝတ္ထုဟုအမည်ခံထား သောဇာတကဝတ္ထု။ ဒဏ္ဍာရီဝတ္ထု၊ နန်းတွင်းဝတ္ထုတို့သာ ထွန်းကားခဲ့ပါသည်။ ကိုလိုနီခေတ်ရောက် မှသာ မြန်မာကာလပေါ်ဝတ္ထုများ စတင် ပေါ်ပေါက်လာခဲ့ပြီး တဖြည်းဖြည်း အားကောင်းကာ ထွန်းကားကျယ်ပြန့် လာပေသည်ဟု မြန်မာဝတ္ထုရှည်များ၏ စတင်ရာလမ်းကြောင်းကို ထုတ်ဖော်  တင်ပြထား ပါသည်။

မြန်မာဝတ္ထုရှည်များ ပေါ်ထွန်းစတွင်  ဝတ္ထုပုံသဏ္ဌာန် ပီပြင်ခြင်းမရှိသေးဘဲ  အပျော်ဖတ် အချစ်ဝတ္ထုတို့သာ အများစု ဖြစ်ခဲ့သည်။ ၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်ကာလတွင် ဝတ္ထုရှည်များ ပိုမို  အားကောင်းလာပြီး မြန်မာ့ဘဝပတ်ဝန်း ကျင်ကို တန်ဖိုးထားသောဝတ္ထုများ၊ လူမှု ရေး၊ နိုင်ငံရေးဦးတည်ချက်တို့ဖြင့် ရေးဖွဲ့ သော ဝတ္ထုများ၊ ယင်းမှ ဒုတိယကမ္ဘာစစ် မဖြစ်မီ စစ်ကြိုကာလတွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက် ရေးကို အထောက်အကူပြုသည့် ဦးတည်ချက်ဖြင့် ရေးဖွဲ့သော ဝတ္ထုများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးဦးတည်သည့် ဝတ္ထုများ ထွက်ပေါ် လာခဲ့ကြပါသည်။

လွတ်လပ်ရေးရရှိပြီးနောက် အရင်း ရှင်ပါလီမန်ခေတ်တွင် တိုးတက်သော  စာပေသဘောတရား၊ စာပေအယူအဆ များ ထွန်းကားလာခြင်း၊ စာပေဝေဖန်ရေး ဖွံ့ဖြိုးလာခြင်းတို့ကြောင့် ဦးတည်ချက်  စေတနာကောင်းဖြင့် ရေးဖွဲ့သောဝတ္ထုများ တိုးတက်ထွန်းကားလာသည်။ အရေးအသား အတတ်ပညာပိုင်းတွင်လည်း တိုးတက် ကြွယ်ဝ လာသည်။ ဝတ္ထုပုံစံ ပီသလာကာ တီထွင်ဆန်းသစ်ချက်များ ကိုပင်ပြုလုပ်လာနိုင်ကြသည်။ လူ့သဘာဝ အဖွဲ့များကို ရေးဖွဲ့ရာ၌ ကျွမ်းကျင်နိုင်နင်း ပြီး ဇာတ်ဆောင်တို့၏ ဓလေ့စရိုက် အမှုအကျင့်တို့ကို ရုပ်လုံးကြွ လာအောင် ရေးဖွဲ့ နိုင်သော ဝတ္ထုဆရာတို့ ထွန်းကားလာခဲ့ သည်။ ဆိုရှယ်လစ်ခေတ်တွင်မူ အလုပ် သမား၊ လယ်သမားလူတန်းစားနှစ်ရပ် အပါအဝင် လုပ်သားပြည်သူတစ်ရပ် လုံး၏ ဘဝသရုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးဖွဲ့ကြသော ဘဝသရုပ်ဖော်ဝတ္ထုများ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား  လွတ်မြောက်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဦးတည်ချက်ဖြင့် ရေးဖွဲ့သော ဝတ္ထုများထွန်းကားခဲ့ပေသည်ဟု မြန်မာ ဝတ္ထုရှည်များ ဖြစ်ထွန်းတိုးတက်ခဲ့ပုံများ ကို ခေတ်အလိုက် ခွဲခြားတင်ပြထားပါ သည်။ စာပေဝါသနာရှင် စာဖတ်ပရိသတ် များအဖို့ မြန်မာဝတ္ထုရှည်များ၏ ဖြစ်ပေါ်  တိုးတက်ထွန်းကားလာပုံလမ်းကြောင်းကို တစေ့တစောင်း အကဲဖြတ်နိုင်ခွင့် ရစေခဲ့ပါသည်။

မြန်မာဝတ္ထု သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်သောအခါ တိုင်းပြည် နှင့်လူမျိုး အကျိုးစီးပွားကိုကြည့်ပြီး တိုင်းပြည်နှင့်လူမျိုး အကျိုးရှိစေမည့် ၀တ္ထုများ၊ အဆင့်အတန်းရှိသော ၀တ္ထု ကောင်းများကို ရေးဖွဲ့ခဲ့ကြသော ဝတ္ထု  ဆရာများ အမြောက်အမြားရှိသကဲ့သို့ ငွေကြေးဓန မြတ်စွန်းရေးကိုသာကြည့်ပြီး အဆင့်အတန်းမရှိသော ဝတ္ထုများ၊ အတွေးအခေါ် အယူအဆမှားစေသော ဝတ္ထုများ၊ အဆိပ်အတောက်ဖြစ်စေသော ဝတ္ထုများကို ရေးဖွဲ့ခဲ့ကြသောပေါ်ပင်ဝတ္ထု ဆရာအချို့ကိုလည်း ခေတ်တိုင်းတွင် တွေ့မြင်ရပါသည်။ ယခုအခါ မြန်မာဝတ္ထု ၏ သက်တမ်းသည် (၇၅) နှစ် တင်းတင်း ပြည့်ပြီဖြစ်၍ အရေအတွက်မှ အရည် အချင်းသို့ ပြောင်းသင့်ပါပြီ။ အပျင်းပြေ အပျော်ဖတ်အဆင့်မှ တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်သောအဆင့်သို့ ကူးပြောင်းသင့်ပါပြီဟု သုံးသပ်ပြထား သည်မှာ ဆရာကြီး၏မြန်မာစာပေအပေါ် ထားရှိသော စေတနာကို တွေ့မြင်နိုင်ပါသည်။

အက်ဆေးခေါ်စာတမ်းငယ်စာပေ

ဆရာကြီးတက္ကသိုလ်ဝင်းမွန်သည် အက်ဆေးခေါ်စာတမ်းငယ်များကိုလည်း ရေးသားခဲ့ပါသည်။ ကံ့ကော်မြိုင် စာပေဝိုင်း ကို တည်ထောင်ပြီး ကံ့ကော်မြိုင်စာတမ်း ကိုလည်း ထုတ်ဝေခဲ့သည်။ အက်ဆေးခေါ် စာတမ်းငယ်နှင့် ပတ်သက်၍ ဆရာကြီးက စာတမ်းငယ်အရေးအသားသည် ရသ စာပေအဖွဲ့ တစ်ရပ် ဖြစ်ပါသည်။ ရင်ထဲ၊ နှလုံးထဲမှ ပွင့်အံကျလာသည့် ရင်ဖွင့်သံ ဖြစ်ပါသည်။ စာဖတ်ပရိသတ်၌ နှစ်သက်မှု ရသကို ဖြစ်စေရုံမက ရသဖြစ်သည်နှင့် တကွ ဘဝအသိအမြင်၊ ပတ်ဝန်းကျင် အသိအမြင်ကိုလည်း ဖြစ်စေပါသည်ဟု  အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါသည်။

၁၉၈၆ ခုနှစ်တွင် စာပေဗိမာန်က  ကျင်းပသည့် စာတမ်းငယ်စာပေ  စာတမ်းဖတ်ပွဲ၌ ဆရာကြီးသည် '၁၉၄၅ ခုနှစ်မတိုင်မီကာလ မြန်မာစာတမ်းငယ် စာတမ်းကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ မြန်မာစာပေတွင် ၁၉၄၅ ခုနှစ် မတိုင်မီ  ကာလအတွင်း ပေါ်ပေါက်လာခဲ့သော စာတမ်းသဘောလက္ခဏာပါသည့်စာများနှင့် စာတမ်းငယ် များ အကြောင်းကို လေ့လာသုတေသနပြု တင်ပြခြင်း ဖြစ်ပါသည်။

မြန်မာစာပေသမိုင်းတွင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင်စာတမ်းငယ် အရေးအသားနှင့် တူမျှသော စာအရေး အသားမျိုး လုံးဝမပေါ်ထွန်းခဲ့ဘဲ ဗြိတိသျှ ကိုလိုနီခေတ်ရောက်မှ စာတမ်းငယ် ( အရေးအသား စတင်အခြေတည်ကာ  တဖြည်းဖြည်း ထွန်းကားထင်ရှား လာပါ  သည်။ အခြေတည်စကာလ စာတမ်းငယ် များမှာ အက်ဆေးခေါ် စာတမ်းငယ် (သဘောကိုအပြည့်အဝဆောင်သည်လည်း ရှိသည်။ အက်ဆေးနှင့် ဆောင်းပါး ကြားတွင် ဟိုယိမ်း သည်ယိမ်းလျက်ရှိနေ သည်ကိုလည်း တွေ့ရပါသည်။ ၁၉၃၀ ပြည့်နှစ်ကျော်လာချိန်မှစ၍ အခြေ တည်စ စာတမ်းငယ်သည်ရင့်ကျက်ခိုင်မာ စပြုလာသည်ကိုတွေ့ရပါသည်။ ထိုခေတ် ကာလအ ခြေအနေဖြစ်သည့် လွတ်လပ် ရေးကြိုးပမ်းမှုနှင့် ပေါင်းစပ်ပြီး ထွန်းကား ထင်ရှားလာခဲ့ပါသည်။ မြန်မာစာတမ်း ငယ် အခြေတည်ပေါ်ထွန်းစခေတ်ကာလ မှာ ကိုလိုနီခေတ်ဦးမှ ၁၉၃၄ ခုနှစ် ဝန်းကျင်ကာလအထိဖြစ်ပြီး မြန်မာ စာတမ်းငယ် ထွန်းကားထင်ရှားလာသော ကာလမှာ ၁၉၃၄ ခုနှစ်မှ ၁၉၄၅ ခုနှစ် မတိုင်မီကာလအထိ ဖြစ်သည်ဟု သတ်မှတ်လိုပါသည်ဟု ဆရာကြီးက မြန်မာစာတမ်းငယ်များ ပေါ်ပေါက်ထွန်း ကားတိုးတက်လာမှု အချိန်ကာလ နှင့်  ပတ်သက်၍ သုံးသပ်ထားပါသည်။

မြန်မာ စာတမ်းငယ်များသည် ပေါ်ပေါက်ဖြစ်ထွန်းခဲ့ရာ ခေတ်အဆက် ဆက်တွင် တိုင်းပြည်နှင့် လူမျိုးတိုးတက် ကြီးပွားရေး၊ အသိဉာဏ်ပညာဖွံ့ဖြိုးရေး၊ အဇ္ဈတ္တသန္တာန်၌ အလင်းရောင်ထွန်းလင်း ရေး၊ သူတော်ကောင်း စိတ်ဓာတ်နိုးကြားရေး၊ ဆင်ခြင်တုံတရား ပွားများရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် “ခိုင်မာရေး၊ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ထက်သန် ရေးတို့အတွက် တိုင်းပြည်နှင့် လူမျိုး အပေါ် အကျိုးပြုခဲ့ကြသည်များကို ဆရာ ကြီးက ပေါ်ထွက်ခဲ့သော စာတမ်းငယ် စာပေများကို ကောက်နုတ်ကိုးကား၍  တင်ပြထားပါသည်။

ခေတ်သစ်ကဗျာမိတ်ဖွဲ့

ဆရာကြီးသည် ၁၉၆၈ ခုနှစ် အမျိုး သားစာပေ စာပဒေသာဘာသာရပ် တတိယဆုကို “ခေတ်သစ်ကဗျာမိတ်ဖွဲ့ စာအုပ်ဖြင့် ရရှိခဲ့ပါသည်။မြန်မာစာပေကို လေ့လာလိုက်စား သောစာသမားတစ်ဦးကို ရှေးဟောင်း မြန်မာကဗျာ အကြောင်း မေးမြန်းပါက ကျေနပ်လောက်အောင် ပြောပြပါလိမ့် မည်။ ရှေးဟောင်း မြန်မာကဗျာ အကြောင်း လေ့လာသုံးသပ်ဖွင့်ဆိုထားသော၊ စုစည်းထားသော ဆောင်းပါးများ၊  စာအုပ်စာတမ်းများ၊ ကျမ်းများအများ  အပြားရှိသောကြောင့် ဖြစ်နိုင်ပါသည်။ မျက်မှောက်ခေတ်မြန်မာကဗျာအကြောင်း မေးမြန်းပါမူ ကျေနပ်လောက် အောင် ကောက်ကာငင်ကာ ပြောကြားနိုင်မည်  မထင်ပါ။ အတော်အသင့် အချိန်ယူ တွေးတောစဉ်းစား ချိန်ဆပြီးသာ မေးမြန်း ချက်ကို ဖြေကြားပြောပြနိုင်မည် ဖြစ်ပါ သည်။ ဤသို့ဖြစ်ရခြင်းမှာ မျက်မှောက်  ခေတ် မြန်မာကဗျာအကြောင်း လေ့လာ သုံးသပ်ဖွင့်ဆိုထားသော၊ စုစည်းထား သောစာအုပ်စာ တမ်းများ၊ ကျမ်းများ ရှိသင့်သလောက် မရှိသေးသည့်အတွက် ကြောင့် ဖြစ်နိုင်ပါသည်။

ဤအဖြစ်မျိုးကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ရ၍ တစ်ပါးသူများ ကြုံတွေ့ သည်ကိုလည်း ကြားရ၊ သိရပါသည်။ ထို့ကြောင့် မျက်မှောက်ခေတ် မြန်မာ  ကဗျာကို ပိုမိုအားစိုက်ပြီးဖတ်ရှုလေ့လာပါ သည်။ သုံးသပ်ဆင်ခြင်း၊ ဆွေးနွေးမေးမြန်း  ပါသည်။ ယင်းနောက် ဤ “ခေတ်သစ်  ကဗျာမိတ်ဖွဲ့ စာအုပ်ကို ကြိုးစား အားထုတ်၍ ရေးသားရခြင်း ဖြစ်ပါသည်  ဟု ဆရာကြီးက ခေတ်သစ်ကဗျာမိတ်ဖွဲ့ စာအုပ်ရေးသားရခြင်း အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါ သည်။

“ အဆိုပါစာအုပ်တွင် ခေတ်သစ်မြန်မာ  ကဗျာလောက၌ အထင်ကရ ကဗျာဆရာ များဖြစ်ကြသည့် ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ နုယဉ်၊ ငွေတာရီ၊ ထွဏ်းနေ နွယ်၊ ဗန်းမော်ညိုနွဲ့၊မိုးစည်၊ ကြည်အေး၊ မင်းယုဝေနှင့် ဒေါင်းနွယ်ဆွေတို့၏ ထင်ရှားသောကဗျာများကို ကဗျာဆရာ တစ်ဦးချင်း၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့်တကွ အဓိပ္ပာယ်ဖွင့်ဆို ဝေဖန်ပေးထားသည်။ မျက်မှောက်ခေတ် ကဗျာဆရာများ၏ ကဗျာများကို တင်ပြရာ၌ လောက ဝန်းကျင်အမြင် အသိ သတိတရားတို့ စိမ့်ဝင်ပွားများစေသော ကဗျာများ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ထက်သန်ကိန်းအောင်းရေးကို ရှေးရှုသော ကဗျာများ၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ သာယာ ဝပြောသော လူ့ဘောင်သစ်တည်ဆောက် ရေးကို တောင့်တသော ကဗျာများ စိတ်ဓာတ်ကြံ့ခိုင်ရဲဝံ့ခြင်းကို အားပေး သောကဗျာများ၊ မျက်မှောက်ခေတ်ကာလ ၏ အခြေအနေ အရပ်ရပ်နှင့်ပြည်သူလူထု တို့ ကြုံတွေ့ရင်ဆိုင်နေကြရသော ဘဝ ပြဿနာအရပ်ရပ်ကို ထင်ဟပ်ပြ သော  ကဗျာများ၊ ပြည်သူ၏အားမာန်၊ပြည်သူ၏ စွမ်းရည်၊ ပြည်သူ၏ဂုဏ်ကို ဖော်ညွှန်း သွားသော ကဗျာများ၊ ခေတ်နှင့်လျော် ညီသော ကဗျာများကို ရွေးထုတ်တင်ပြ သွားပါသည်။

ထိုကဗျာများကို ရေးသားခဲ့ကြသည့် ကဗျာစာဆိုများ၏ စေတနာ၊ ရည်ရွယ် ချက်၊ အတွေးအခေါ်၊ သူတို့၏ ကဗျာဖွဲ့စည်း ပုံနှင့် သူတို့ကဗျာများကို ဖတ်ရှုခံစား ထိတွေ့ရသော ရသနှင့် အတွေးလှိုင်းများ ကို ခံစားရေးဖွဲ့ရင်း ခေတ်သစ်ကဗျာများ နှင့် မိတ်ဖွဲ့ပေးထားပါသည်။ ထို့ပြင်  ဆရာကြီးက ၎င်းဖတ်ရှုလေ့လာ စုဆောင်း ရသမျှသော ခေတ်သစ်ကဗျာစာအုပ်များ  စာရင်းကို ပူးတွဲဖော်ပြထားသည့်အတွက်  မျက်မှောက် ခေတ်မြန်မာကဗျာလောက အတွက် ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးနိုင်ခဲ့သည့် စာအုပ်တစ်အုပ်ဖြစ်သည်  ဟု ဆိုနိုင်ပါသည်။

 အမျိုးသားပညာဝန်ဦးဖိုးကျား၏  ဘဝနှင့်စာပေ

ဆရာကြီး တက္ကသိုလ်ဝင်းမွန်သည် မျိုးချစ်စာဆိုတစ်ဦးဖြစ်သည့် အမျိုးသား ပညာဝန်ဦးဖိုးကျား၏ ဘဝနှင့် စာပေကျမ်း  ကို ပြုစုတင်သွင်း၍ မဟာဝိဇ္ဇာဘွဲ့ကို ရရှိ ခဲ့ပါသည်။ စာဆိုတစ်ဦး၏ ဘဝနှင့် စာဆို ပြုစုသော စာပေများကို ဆက်စပ်လေ့လာ ၍ပြုစုထားသော မြန်မာစာပေအဖွင့်ကျမ်း တစ်စောင် ဖြစ်ပါသည်။

ဦးဖိုးကျား၏ ဘဝဖြတ်သန်းမှုကဏ္ဍ  တွင် ကျောင်းသားဘဝ၊ ကောလိပ်  ကျောင်းသားဘဝ၊ ၁၉၂၀ ကျောင်းသား သပိတ်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ အမျိုး သားပညာဝန်ဘဝဟူ၍ ဖော်ပြထားပြီး စာပေရေးရာ ဆောင်ရွက် ချက်များ ကဏ္ဍတွင် ရာဇဝင်ဆရာ ဦးဖိုးကျား ကိုယ်တွေ့ဝတ္ထုဆရာ ဦးဖိုးကျား၊ ဦးဖိုးကျား၏ စာပေအထွေထွေ ဟူ၍ ပိုင်းခြားလေ့လာထားသည်ကို တွေ့ရှိရပါ သည်။ ကိုယ်တိုင်သွားရောက် သုတေသန ပြုချက်များ၊ တွေ့ဆုံမေးမြန်းချက်များ၊ စာတွေ့ လေ့လာချက်များကို အခြေပြု၍ စနစ်တကျသုတေသန ပြုထားသောကျမ်း တစ်စောင် ဖြစ်ပါသည်။ ကိုယ်တွေ့ ဝတ္ထုများ၏ နောက်ခံအကြောင်းအချို့ကို ဖော်ထုတ် တင်ပြထားသည်မှာ လည်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။

ဦးဖိုးကျား၏ စာပေဆိုင်ရာဆောင် ရွက်ချက်များနှင့်ပတ်သက်၍ ရာဇဝင် ဆရာ ဦးဖိုးကျားတွင်- ဦးဖိုးကျားသည် ရာဇဝင်ဆိုင်ရာ စာအုပ်လေးအုပ် ပြုစု ရေးသားခဲ့သည်။ ထိုစာအုပ်များကို အသေးစိတ်လေ့လာသောအခါ တိုင်းပြည် နှင့်လူမျိုးအပေါ်ထားရှိသော ဦးဖိုးကျား၏ စေတနာသည် ပီပြင်လာသည်။ရာဇဝင်ကို စနစ်တကျ လေ့လာလိုက်စားသော ခေတ်သစ်ရာဇဝင်သုတေသီတစ်ဦးအဖြစ် မတွေ့မမြင်ရသော်လည်း ရာဇဝင် ဘာသာရပ် နှင့် ပြည်သူလူထုနီးစပ်အောင်၊ ရာဇဝင်ဘာသာရပ်ကို ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် အကျိုးရှိသည့်ဘက်၌ သုံးတတ်အောင် လုပ်ဆောင်ခဲ့သော ရာဇဝင်ဆရာအဖြစ်ပေါ် ထင်လာသည်။ ထို့ကြောင့် ဦးဖိုးကျားအား “ရာဇဝင်ဆရာ ဦးဖိုးကျား ဟု တိုင်းပြည်က ချီးကျူး ခေါ်ဝေါ်ခြင်းသည် ချီးကျူးသင့်ချီးကျူး ထိုက်၊ ခေါ်ဝေါ်သင့် ခေါ်ဝေါ်ထိုက်ပါပေ သည် ဟု မှတ်ယူမိပါသည်ဟုဆရာကြီးက သုံးသပ်တင်ပြထားပါသည်။ ကိုယ်တွေ့ ဝတ္ထု များနှင့် ပတ်သက်၍ လူငယ်လူရွယ် တို့၏ စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ တို့ကို ပြုပြင်အားပေးလိုသော စေတနာ ဖြင့် ပြုပြင်ရေးရှုထောင့်မှ ရေးသားခဲ့သော ပြုပြင်ရေးဝတ္ထု များဖြစ်ပေသည်ဟု ယင်း ဝတ္ထုများကို ကောက်နုတ်တင်ပြထားပါသည်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဘ၀နှင့်စာပေကို ကဏ္ဍများခွဲခြား၍ စနစ်တကျ ပိုင်းခြားလေ့လာခြင်းဖြင့် ဦးဖိုးကျား၏ စာပေရေးရာစွမ်းဆောင်ချက် များသည်ပို၍ ထင်ရှား ပီပြင်ထွန်းပြောင် လာစေပါသည်။ တိုင်းပြည်နှင့်လူမျိုး အပေါ်ထားရှိသည့် ဦးဖိုးကျား၏စေတနာ၊ ဆောင်ရွက်ချက်များကို ပေါ်လွင်အောင် ဖော်ထုတ်တင်ပြထားခဲ့သည့် ကျမ်း တစ်စောင်ပင် ဖြစ်ပါသည်။

ဘာသာပြန် ဆရာအောင်ခန့်

ဆရာကြီးသည် စာပေရေးရာဆောင်း ပါးများကို တက္ကသိုလ်ဝင်းမွန်အမည်ဖြင့် ရေးသားခဲ့ရာတွင် ထင်ရှားအောင်မြင် ခဲ့သကဲ့သို့ ဘာသာပြန်စာပေများ၊ အမှီ စာပေများကို အောင်ခန့်အမည်ဖြင့် ဘာသာပြန်ဆို ရေးသားရာတွင်လည်း အောင်မြင်ခဲ့သည်။ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုများ၊ စွန့်စားခန်းဝတ္ထုများကို ဘာသာပြန်ဆို ခဲ့သည်။ အောင်ခန့်အမည်ဖြင့် “လူ့သဘော လူ့သဘာဝ စိတ်ပညာ အမှီ ကျမ်း ကို ၁၉၆၅ ခုနှစ်တွင် စတင်ရေးသား ခဲ့သည်။ ယင်းနောက် ၁၉၆၆ ခုနှစ်တွင် ဆာရိုက်ဒါဟက်ဂက်၏ The World's  Desire ကို “ရမ္မက်ကရီ အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ ဆက်လက်၍ ဆာရိုက်ဒါဟက်ဂတ်၏ စာအုပ်များကို မြန်မာပြန်ဆိုသည့် “ပညာရှင် သခင်မ၊ သူရိယကလျာ၊ အလန်နှင့် ရှေးဘ၀၊ သမုဒယသူဇာ စသည့် ဘာသာပြန်  စာအုပ်များ ထွက်ရှိခဲ့သည်။ စကော့လူမျိုး စာရေးဆရာကြီးဖြစ်သည့် ဆာဝေါလ်တာ စကော့၏ Quentin Durward စာအုပ်ကို “ရဲသွေးနီနီ အမည်ဖြင့် မြန်မာပြန်ဆို ခဲ့ရာ ယင်းစာအုပ်သည် ၁၉၆၈ ခုနှစ်  အတွက် အမျိုးသားစာပေဆု (ဘာသာ ပြန်စာပေ) တတိယဆုကို ရရှိခဲ့ပါသည်။ ဆာဝေါလ်တာစကော့သည် ရာဇဝင် ဝတ္ထုကြီးများဖြင့် ထင်ရှားကျော်ကြားလာ သူဖြစ်သည်။ ရဲသွေးနီနီ၏ မူရင်းဝတ္ထု  Quentin Durward သည် ၁၈၂၃ ခုနှစ်တွင်

ရေးသားထုတ်ဝေခဲ့သည့်ရာဇဝင်နောက်ခံ ဝတ္ထုဖြစ်သည်။ ၁၅ ရာစုခေတ် ပြင်သစ် နန်းတွင်း အရှုပ်အထွေးပေါ်တွင် အခြေပြု ဇာတ်အိမ်တည်ထားသည်။ ပြင်သစ်ဘုရင် ဧကဒသမမြောက် လူဝီဘုရင်ကြီးနှင့် (ဘာဂန်ဒီနယ် စားကြီးချားလ်တို့ အားပြိုင် ကြသည့် နန်းတွင်းနောက်ခံဇာတ်လမ်း ဖြစ်သည်။ ဝတ္ထုကြီးတွင် လူဝီဘုရင်ကြီး နှင့် ဘာဂန်ဒီနယ်စားကြီးတို့၏ ဓလေ့  စရိုက်၊ အမူအကျင့်နှင့် စိတ်နေ (သဘောထားတို့ ပေါ်လွင်နေသည်။  ထိုခေတ်ကာလ၏ရာဇဝင်အငွေ့ အသက် များကို သရုပ်ဖော်နိုင်စွမ်းရှိသည်ဟု ကျော်ကြား သောဝတ္ထုဖြစ်သည်။

ဤဝတ္ထုကြီးကို မြန်မာပြန်ဆိုရာတွင် မူရင်းမှာ စာမျက်နှာ ၈၀၀ ကျော်ရှိ၍ ရှည်လျားလှသဖြင့် တိုက်ရိုက်မြန်မာ ပြန်ဆိုခြင်း မပြုနိုင်ပေ။ မူရင်းဝတ္ထုကြီး၏  အနှစ်သာရနှင့် ရသမပျက်စေရန် အကျဉ်း  ချီးထားသော အကျဉ်းချုံး ဝတ္ထုမူနှစ်၊  ခေတ်စကားပြေဖြင့် အလွယ်ပြန်ရေးထားသည့် အကျဉ်းချုံး ဝတ္ထုမူတစ်မူတို့နှင့် ညှိနှိုင်းပြီး အကျဉ်းချုံး မြန်မာပြန်ဆိုထား ခြင်း ဖြစ်ပါသည်ဟု ဆရာအောင်ခန့်က  ဝတ္ထုအမှာစာတွင် ဖော်ပြထားပါသည်။

ဆရာကြီးတက္ကသိုလ်ဝင်းမွန်သည်  ဘဝတစ်သက်တာလုံး မြန်မာစာပေ ဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များ စာတမ်းများ ရေးသားပြုစုတင်သွင်း ဖတ်ကြားခြင်းများ၊ ကမ္ဘာ့ဂန္ထဝင်စာပေများ၊ ဝတ္ထုကြီးများကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားခြင်းများ ဆောင်ရွက်ခဲ့ရာ မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၀  ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဆရာကြီး ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း  ဆရာကြီး၏ စာပေဆိုင်ရာ ဆောင်ရွက် ချက်များ၊ စာပေလက်ရာများသည် မြန်မာစာပေလောကအတွက် တန်ဖိုးရှိလှ သော စာကောင်းပေမွန်များအဖြစ် ခေတ် အဆက်ဆက် ရှင်သန်ကျန်ရစ်နေမည်ပင် ဖြစ်ပါသည်။

 ကိုးကား

၁။ မြန်မာဝတ္ထုရှည်သမိုင်း၊ တက္ကသိုလ် ဝင်းမွန်၊ စိတ်ကူး ချိုချိုအနုပညာ၊ ဇွန်လ ၂၀၀၉ ခုနှစ်။

၂။ စာတမ်းငယ် စာပေစာတမ်းများ (ဒုတိယတွဲ) စာပေဗိမာန်၊ ၁၉၈၇ ခုနှစ်။

၃။ ခေတ်သစ်ကဗျာမိတ်ဖွဲ့၊တက္ကသိုလ် ဝင်းမွန်ရာပြည့်စာပေ၊ အောက်တို

ဘာလ ၂၀၁၆ ခုနှစ်။

၄။ အမျိုးသားပညာဝန် ဦးဖိုးကျား ၏ ဘ၀နှင့်စာပေ၊ တက္ကသိုလ်ဝင်းမွန်၊ ရာပြည့်စာပေ၊ ဇွန်လ ၂၀၂၀ ပြည့်နှစ်

၅။ ရဲသွေးနီနီ၊ အောင်ခန့်၊ နှလုံးလှ စာပေ၊ ဇန်နဝါရီလ ၁၉၆၉ ခုနှစ်။

၆။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်

(၂၀၁၈)၊ စာပေဗိမာန်၊ ၂၀၁၈ ခုနှစ်။