ဆင်းကတ်များ မှတ်ပုံတင်ခြင်းနှင့် အားသာချက်၊ အားနည်းချက်များ
ဆင်းကတ်များ မှတ်ပုံတင်ခြင်း
မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူ ကိစ္စများကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက် နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များဖြင့် ဆက်သွယ်ရေး ကွန်ရက်ကိုသုံး၍ ကျူးလွန်သော ရာဇဝတ်မှု များကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူ များအနေဖြင့်မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင် ရွက်မှုကို တာဝန်ခံနိုင်စေရန် ရည်ရွယ်လျက် ၂၀၁၉ ဧပြီလမှစ၍ နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုလျှင် ဆင်းကတ်နှစ်ခုသာ မှတ်ပုံတင်၍ ကိုင်ဆောင် ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားသည်မှာ တစ်နှစ် ပြည့်မြောက် တော့မည်ဖြစ်သည်။
ထို့ကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့ ဆင်းကတ်များကိုမိမိတို့၏နိုင်ငံသားစိစစ်ရေး ကတ် သို့မဟုတ် အသိအမှတ်ပြု ကတ်တစ်ခုခုဖြင့် ဆင်းကတ်မှတ်ပုံတင် ပြုလုပ်ကြရန်နှင့် ၂၀၂၀ ဧပြီ ၃၀ ရက်အထိ မှတ်ပုံတင်ပြုလုပ် ခြင်းမရှိသော ဆင်းကတ် များကို မှတ်ပုံတင် ရေးကိစ္စများ စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ် လိုက်မည်ဖြစ်ပြီး ဇွန် ၃၀ ရက်အထိ မှတ်ပုံတင် မလုပ်လျှင် အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထပ်မံ၍ ထုတ်ပြန်ကြေညာထားသည်။
ဆင်းကတ်များကို မှတ်ပုံတင်ပြုလုပ်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၆ ဩဂုတ်လမှ ၂၀၁၇ ဇွန်လအထိ ၁၁လ အချိန်ပေး၍ မှတ်ပုံတင်ပြုလုပ်စေခဲ့ပြီး ၂၀၁၇ ဇွန် ၃၀ ရက်အထိ မှတ်ပုံမတင်ခဲ့သော ဆင်း ကတ်ပေါင်း ခြောက်သန်းခွဲခန့်ကို အပြီး ပိတ် သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ထိုစဉ်က ဆင်းကတ်မှတ်ပုံတင်ခြင်း ဆောင်ရွက်စေရာ တွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုလျှင် ဆင်းကတ် အရေအတွက် မည်မျှအထိ မှတ်ပုံတင်နိုင်သည်ကို ကန့်သတ်ခြင်းမရှိခဲ့ သဖြင့် ဆင်းကတ်အရောင်း ဆိုင်များကနိုင်ငံသားစိစစ်ရေးကတ်တစ်ခုဖြင့် ဆင်းကတ်များစွာကို မှတ်ပုံတင်ကာ အခြား သုံးစွဲသူများ ထံရောင်းချခြင်းများရှိခဲ့ပြီး သုံးစွဲသူ၏ အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ဖေဖော်ဝါရီ ၂၂ ရက် ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။
၂၀၁၉ ဧပြီလမှစ၍ နိုင်ငံသား စိစစ်ရေး၊ ကတ် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုလျှင် ဆင်းကတ်နှစ်ခုသာ မှတ်ပုံတင်ရောင်းချ ရေး ညွှန်ကြားထားခဲ့သည့်တိုင် ၂၀၂၀ ဇန်နဝါရီ လကုန်အထိ ဆင်းကတ် နှစ်ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော ဆင်းကတ် စုစုပေါင်းမှာ ၂၈ ဒသမ၂ သန်းခန့် ကျန်ရှိနေသေးကြောင်း၊ မိုဘိုင်းအော်ပရေတာအလိုက် နိုင်ငံသားစိစစ် ရေးကတ်တစ်ခုလျှင် ဆင်းကတ်နှစ်ခုထက်ပို၍ မှတ်ပုံတင်ထားသောဆင်းကတ်အရေအတွက် မှာ MPT တွင် ၁၂ ဒသမ ၉၅ သန်းခန့်၊ MyTel တွင် ၄ ဒသမ ၆ သန်းခန့်၊ Ooredoo တွင် ၄ ဒသမ ၆ သန်းခန့်နှင့် Telenor တွင် ၆ ဒသမ၀၅ သန်းခန့်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့်ဆင်းကတ်၂၀၀ အထက် မှတ်ပုံတင်ထားသည့် ကတ်အရေအတွက်မှာ MPT တွင် ၂၆ သိန်းကျော်၊ တယ်လီနောတွင် သိန်း ၂၀ ကျော်နှင့် MyTel တွင် ၁၈၀၀၀၀ကျော်ရှိကြောင်းနှင့် အူရီဒူးတွင်မူ ဆင်းကတ် ( ၁၀၀ ကျော် မှတ်ပုံ တင်မှု မရှိသော်လည်း ၅၀ မှ ၁၀၀ ကြား မှတ်ပုံတင်ထားသည့် ကတ်အရေအတွက်ပေါင်း ၅၄၀၀၀ ကျော်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငွေကြေးလိမ်လည်မှုများ
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေပေးငွေယူကိစ္စများ (Mobile Financial Service)ကို အသုံးပြုမှု ပိုမိုတိုးတက်လာသည် နှင့်အမျှ အွန်လိုင်းအသုံးပြု၍ နည်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်ခြင်းများဖြစ်ပွားလျက်ရှိသည်။ လိမ်လည်မှုများတွင် ဖေ့စ်ဘုတ် အကောင့်များကို ခိုးယူ၍ မိတ်ဆွေများထံမှ ငွေချေးပြီး ဖုန်းနံပါတ်တစ်ခုသို့ ငွေလွှဲခိုင်းမှု များ၊ အွန်လိုင်းရှော့ပင် အယောင်ဆောင်၍ ငွေလွှဲခိုင်းမှုများ၊ ချေးငွေပေးမည်ဟုဆိုကာ အာမခံကြေးငွေ ကြိုတင်လွှဲခိုင်းမှုများ စသဖြင့် အနည်းဆုံး ကျပ် ထောင်ဂဏန်း၊ သောင်း ဂဏန်းမှ သိန်းချီ လိမ်လည်မှုများ ရှိနေသည်။ လက်ရှိအချိန်တွင် ဆင်းကတ်များကို အမည် မှန်အတိုင်း မှတ်ပုံတင်၍ အသုံးပြုခြင်း မရှိသောကြောင့် လိမ်လည်မှုများကို ဖော်ထုတ် နိုင်ရန် ခဲယဉ်းလျက်ရှိသည်။
အဆိုပါ လိမ်လည်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဟက်ကာအဖွဲ့များ စုပေါင်းထားသည့် UGMHက "အကောင့်သူခိုး တစ်ယောက် က နည်းတစ်မျိုးမျိုးနဲ့ Facebook အကောင့် တစ်ခုကို ရသွားမယ်ဆိုပါတော့။ အကောင့်သူခိုးက Chat box ထဲက အပြန်အလှန်ပို့ထားတဲ့ Chat list တွေကို လေ့လာမယ်။ ပြီးရင် ရနိုင်လောက်တဲ့သူတွေဆီကို ပိုက်ဆံချေးပါ တယ်။ ရင်းနှီးသူများ ကလည်း သူတို့မိတ်ဆွေ အကောင့် ခိုးခံထားရမှန်းမသိတော့ အလွယ် တကူကူညီလိုက်ကြတယ်။ အဲဒီမှာ အကောင့် သူခိုးက ဖုန်းနံပါတ်တစ်ခုပေးပြီး wave moneyတို့၊ true money တို့လို ငွေလွှဲငွေထုတ်လို့ရတဲ့ တစ်ခုခုကနေ ငွေလွှဲခိုင်းပြီး ထုတ်သွား တယ်။ အကောင့်ပိုင်ရှင် သိတဲ့ အချိန်မှာ နောက်ကျသွားပါပြီ။ အချို့ဆို သိန်းဆယ်ချီ ခံလိုက်ရတာတွေရှိတယ်။ အကောင့်ပိုင်ရှင်က ရဲကိုတိုင်ပေမယ့်လည်း ဖုန်းနံပါတ်တွေဟာ မှတ်ပုံတင်ထားတာ မဟုတ်တော့ လမ်းစပျောက်သွားပါတယ်။ ဒီပြဿနာဟာ ခုမှဖြစ်တဲ့ပြဿနာ မဟုတ် ပါဘူး။ ကျွန်တော်တို့ သတိထားမိတာ သုံးနှစ်လောက်ရှိပြီ။ ဒါပေမယ့် အရေးယူနိုင်တာ မရှိဘူး။ လိုက်တဲ့သူတွေဟာ ငွေထုတ်တဲ့နေရာ မှာတင် လမ်းစပျောက်သွားပါတယ်။ ကျွန်တော်တို့ တွေးမိသလောက် (ဉာဏ်မီ သလောက်) ပြောရရင် အော်ပရေတာတွေက SIM registration ကို တိတိကျကျလုပ်ဖို့လို ပါတယ်။ ခုလို SIM card တွေ အတိုင်းအဆမရှိ စည်းကမ်းမဲ့ထုတ်ရောင်းနေတာကို ထိန်းသိမ်း သင့်တယ်။ payment ကုမ္ပဏီတွေကလည်း ဒီထက်ပိုလုံခြုံတဲ့စနစ်တွေပြင်ဆင် သင့်တယ်။ ပိုက်ဆံဘယ်သူထုတ်သွားတာလဲဆိုတာ သိရရင် ရဲတွေအနေနဲ့လည်း လိုက်ရတာ ပိုလွယ်သွားပြီးခုလို ငွေလိမ်တဲ့ ပြဿနာတွေ လျော့သွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ SIM card မှတ်ပုံတင်ခြင်းကို အရေးတယူ ဆောင် ရွက်ထားခဲ့ရင်၊ payment ကုမ္ပဏီတွေကလည်း ငွေထုတ်သူတွေရဲ့ အချက်အလက်ကို လုံလုံလောက်လောက် ယူထားနိုင်ခဲ့ရင် ဒီလို အကောင့်ခိုးပြီး ငွေလိမ်သူတွေကို အရေးယူ နိုင်လိမ့်မယ်လို့ မြင်မိပါတယ်"ဟု ၎င်းတို့၏ဖေ့စ်ဘုတ် Page တွင် ရေးသားထားသည်။ UGMH သည် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီမှ ဆိုက်ဘာတိုက်ခိုက်မှုများလုပ်စဉ်က ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ သော အဖွဲ့ ဖြစ်သည်။
ထိုသို့သော ငွေကြေးလိမ်လည်မှု၊ ခိုးယူမှု များကို တားဆီးနိုင်ရေးအတွက် အကြံပြုချက် အနေဖြင့်လည်း UGMH က "ကျွန်တော်တို့ ဆီမှာ wave money, true money, MPT Pay, MyTel pay တို့လို payment စနစ်တွေ ရှိလာတာ သိပ်ကောင်းပါတယ်။ ဒါနဲ့အတူ ဆိုးကျိုးတွေလည်း ရှိလာပါတယ်။ ဘဏ်တွေမှာ ငွေလွှဲထုတ်ရင် မှတ်ပုံတင်မူရင်းလိုပါတယ်။ လူနဲ့ မှတ်ပုံတင်ထဲကပုံကို ဘဏ် ဝန်ထမ်း တွေကတိုက်စစ်ပါတယ်။ လက်မှတ်ယူပါတယ်။ CCTV record ရှိပါတယ်။ဒါကျွန်တော်တို့ သိသလောက်ပဲ ရှိပါသေးတယ်၊ ဒီထက်ပိုပြီး ငွေလာထုတ်သူရဲ့ အချက်အလက်ကို ပိုယူ ထားနိုင်မယ်ထင်ပါတယ်။ Payment ကုမ္ပဏီ တွေမှာတော့ဒီလိုယူထား နိုင်တာမရှိပါဘူး"ဟု ဆက်လက်၍ ရေးသားထားသည်။
သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ် သို့ မဟုတ် အသိအမှတ်ပြုကတ် တစ်ခုလျှင် ဆင်းကတ်နှစ်ကတ်သာ မှတ်ပုံတင်ပြုလုပ်ခွင့်ပေး မည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက်သည် နည်းလမ်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ် ရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်၍ ပြည်သူလူထုအတွက် များစွာ အကျိုးရှိစေ မည်ဖြစ်သည်။
GPS တပ်ဆင်သည့် လုပ်ငန်းများ
သို့ရာတွင် အခြားတစ်ဖက်တွင်လည်း လူတစ်ဦး ဆင်းကတ်နှစ်ကတ်စနစ်ကြောင့် အဆင်မပြေမှုများ ရှိလာနိုင်ကြောင်း သိရသည်။ အဓိက အခက်အခဲကြုံရမည်မှာ GPS တပ်ဆင်ရောင်းချသည့် လုပ်ငန်းများဖြစ်ပြီးအခြား အခက်တွေ့ရမည့်သူများမှာ အသက် မပြည့်၍ မှတ်ပုံတင်မရှိသေးသော ကလေး များအား GPS စနစ် သုံးပေးထားသော မိဘ များဖြစ်သည်။
ပြည်တွင်း၌ မိုဘိုင်းအင်တာနက် အသုံး များလာခြင်းနှင့်အတူ ကားနှင့် ဆိုင်ကယ်များတွင် GPS အသုံးပြုမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် များလာလျက်ရှိရာ လက်ရှိအချိန်တွင် GPS တပ်ဆင်ပေးသည့် ကုမ္ပဏီအရေအတွက်မှာလည်း အများအပြား ရှိနေပြီဖြစ် သည်။ GPS ရောင်းသည့် ကုမ္ပဏီများအနေဖြင့် GPS တပ်ဆင်ခြင်းနှင့်အတူ ဆင်းကတ်များကို လည်း တစ်ပါတည်း ထည့်သွင်း တပ်ဆင် ပေးကာ အသုံးပြုသူများအား အသင့်သုံးနိုင် အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် အသုံးပြုသူများ လက် ဝယ်သို့ ရောက်ရှိနေပြီးဖြစ်သည့် GPS စနစ် များတွင် ထည့်သွင်းအသုံးပြုထားသည့် ဆင်းကတ် အများအပြားသည် GPS ရောင်းချသည့် ကုမ္ပဏီများမှ ပိုင်ရှင် သို့မဟုတ် ဝန်ထမ်း တစ်ဦးဦး၏ အမည်ဖြင့် မှတ်ပုံ တင်ပြုလုပ် ထားခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုဖြင့် ဆင်းကတ်နှစ်ကတ်ထက် ပို၍ မှတ်ပုံတင်ထားသည့် ဆင်းကတ်များကို ပိတ်သိမ်းလိုက်မည်ဆိုပါက လက်ရှိ ရောင်းချထားပြီး အသုံးပြုနေသော GPS စနစ်များရပ် တန့်သွား မည်ဖြစ်သည်။
မန္တလေးမြို့တွင်အခြေစိုက်သည့် Happy GPS Myanmar ကုမ္ပဏီလီမိတက်၏ ပိုင်ရှင် ကိုဝေနှင်းကိုကိုက "ကျွန်တော်တို့ဆိုင်က တစ်ရက်ကို ရောင်းရတဲ့ စက်အရေအတွက် လည်း များတယ်၊ တချို့ customer တွေက ဖုန်းအတွက် ဆင်းကတ်နှစ်ကတ် သုံးနေတာ ဆိုတော့ ဆိုင်ကယ် GPS အတွက် ဆင်းကတ်နောက်တစ်ကတ်ဆိုခက်လာမှာ၊ ကျွန်တော် ကိုယ်တိုင်လည်း ဆင်းကတ် နှစ်ကတ် သုံးတယ်၊ အဲဒီတော့ လူတစ်ယောက်ကို ငါးကတ်လောက်တော့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့လို ကုမ္ပဏီအနေနဲ့ ဆင်းကတ် တွေထည့်ပေးဖို့ကတော့ ငါးကတ်ရလည်း မလုံလောက်ပါဘူး၊ ဒါပေမယ့် ပိုင်ရှင်က သူ့ နာမည်၊ မှတ်ပုံတင်နဲ့ ဆင်းကတ် register လုပ်ပြီးရင်တော့ ကျွန်တော်တို့က GPS မှာထည့်ပေးလို့ရတာပေါ့။ဒါပေမယ့် ပြဿနာ ရှိလဲဆိုတော့ အချို့ ကုန်တင်ကားပိုင်ရှင်တွေဆိုရင် တစ်ယောက်တည်းကို ကား ၁၀ စီးမက ရှိတော့ အခက်တွေ့ပြန်ရော"ဟု ပြောသည်။
နှစ်ကတ်ထက်ပို၍ မှတ်ပုံတင်ထားသည့် ဆင်းကတ်များကို ဧပြီလကုန်တွင် ပိတ်ပစ် လိုက်ပါက GPS တပ်ဆင်ပေးသည့် ကုမ္ပဏီ များအနေဖြင့် ရောင်းချထားပြီးဖြစ်သည့် GPS များအတွက် အသုံးပြုသူများထံမှ အဆင် မပြေမှုများစွာကို ကြုံတွေ့ရတော့မည်ဖြစ် သည်။ ထိုပြဿနာနှင့် ပတ်သက်၍လည်း ကိုဝေနှင်းကိုကိုက "အဲဒီလို ပိတ်လိုက်ရင်တော့ customer complaint တွေ တော်တော် ပြုံကျလာမှာပေါ့။ အဲဒီကျရင်တော့ ပိုင်ရှင်တွေကိုပဲ သူတို့နာမည်နဲ့ ဆင်းကတ်မှတ်ပုံတင် လုပ်ခိုင်းပြီး ကျွန်တော်တို့က လဲပေးရမှာပေါ့။ ကျွန်တော်တို့က ဝန်ဆောင်ခ အခမဲ့အနေနဲ့ customer တွေ အဆင်ပြေအောင် အကုန် ပြန်လုပ်ပေးရမှာပေါ့”ဟု ပြောသည်။
အဆင်ပြေစေမည့် နည်းလမ်း
လက်ရှိရောင်းချထားပြီးသည့် GPS များ အပြင် အသစ်ထပ်မံရောင်းချမည့် GPS များ နှင့်ပတ်သက်၍လည်း အဆင်ပြေစေမည့် နည်းလမ်းအဖြစ် "ကျွန်တော်တို့လို လုပ်ငန်း ရှင်တွေကို ကုမ္ပဏီအနေနဲ့ ဆင်းကတ် registration လုပ်ခွင့်ပေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်၊ အဲဒီကတ်နံပါတ်တွေကို ကျွန်တော်တို့က အာမခံပြီးတော့ ဆိုင်ကယ် GPS တွေမှာ ထည့်ပေးမယ်၊ အဲဒီကတ်ကို တပ်ပေးလိုက်တဲ့ customer တွေရဲ့ အချက်အလက်ကိုကျွန်တော် တို့က ယူထားပေးမယ်"ဟု ကိုဝေနှင်းကိုကိုက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တွင် အခြေစိုက်သည့် GPSတပ်ဆင်သည့် ကုမ္ပဏီတစ်ခုမှ ပိုင်ရှင်တစ်ဦး ကလည်း လူတစ်ဦးလျှင်ဆင်းကတ်နှစ်ကတ် စနစ်နှင့် ပတ်သက်၍ "မှတ်ပုံတင်တစ်ခုကို ဆင်း နှစ်ကတ်တည်းနဲ့တော့ GPS အတွက် အဆင်မပြေပါဘူး၊ ကုမ္ပဏီကြီးတွေဆို ကား အစီးရေ အများကြီးလေ။ တာဝန်ရှိသူ လူကြီး မင်းများအနေနဲ့ ပိုကောင်းတဲ့ အဖြေတစ်ခုကို ရှာပေးကြပါဦး၊ဒီတိုင်းကြီး မပိတ်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်တစ်ခုဖြင့် ဆင်းကတ်နှစ်ကတ်ထက်ပို၍ မှတ်ပုံတင်လုပ်ထားသည့် ဆင်းကတ်များကို ဧပြီလကုန်တွင် အမှန်တကယ် ပိတ်ပစ်ခြင်းရှိမရှိကို ၎င်းအနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး အမှန် တကယ်ပိတ်ပစ်ပါက လုပ်ငန်းတူကုမ္ပဏီများ က အစိုးရထံတင်ပြ၍ တယ်လီကွန်းကုမ္ပဏီ များနှင့် ညှိနှိုင်းပြီး ကုမ္ပဏီနာမည်ဖြင့် ဆင်းကတ် မှတ်ပုံတင်သည့်နည်းလမ်းကို လုပ်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်လျှင် လည်း ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်လုပ်၍ GPS ထဲ ထည့်ထားသည့် ဆင်းကတ်ကို သုံးစွဲသူ customer က မသမာမှု၊ ရာဇဝတ်မှု များတွင် မသုံးစေရန် အချက်အလက်များ record ယူထားရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ GPS စနစ် အသုံးပြုမှုမှာ တွင်ကျယ်လာလျက်ရှိပြီး ရန်ကုန်မြို့မှကားများထက်ပို၍ နယ်မြို့များမှ ဆိုင်ကယ်များတွင် တပ်ဆင်အသုံးပြုမှုက ပိုများလျက်ရှိကြောင်း သိရသည်။ Happy GPS Myanmar မှ ကိုဝေနှင်းကိုကိုက မြန်မာ နိုင်ငံတွင် GPS တပ်ထားသည့် ကား အရေ အတွက်မှာ ၀ ဒသမ ၁ ရာခိုင်နှုန်း (ကားစီးရေ တစ်ထောင်လျှင် တစ်စီးခန့်)နှင့် ဆိုင်ကယ် အရေအတွက်မှာ၂ရာခိုင်နှုန်း(ဆိုင်ကယ်စီးရေ တစ်ရာလျှင် နှစ်စီးခန့်)ရှိနိုင်ကြောင်း ခန့်မှန်း ပြောကြားသည်။
ထို့အပြင် ကားနှင့် ဆိုင်ကယ်များတွင် သာမက ကလေးငယ်များအတွက် ထုတ်လုပ် ထားသော GPS စနစ်ပါ ပစ္စည်းများကိုလည်း မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည်။ GPS စနစ်တစ်ခုတည်းပါသော နာရီနှင့် အလားတူ အသုံးအဆောင်လေးများကို ဈေးကွက် အတွင်းကျပ်သောင်းဂဏန်းဖြင့် အလွယ်တကူဝယ်ယူ ရရှိနိုင်သည်။ အဆိုပါအသုံးအဆောင်လေးများကို ကလေးများအား ဝတ်ဆင်ပေးထားခြင်းဖြင့် ကလေးများ ကျောင်းသွားချိန်တွင် ကျောင်းသို့ရောက်မရောက်/ မည်သည့်နေရာတွင် ရှိနေသည် စသည်တို့ကို မိဘများအနေဖြင့် အချိန်တိုင်း သိရှိနိုင်ပြီး အဆိုပါ GPS စနစ်ကို အသုံး ပြုရန်အတွက်လည်း ဆင်းကတ်များကို လို အပ်လျက်ရှိသည်။
ညှိနှိုင်းဆောင်ရွက်ပေးရန်
မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက်ကို အသုံးပြုမှု များပြားလာပြီး ဆင်းကတ်များကို အလွယ်တကူ ဝယ်သုံးလာနိုင်သည်နှင့်အမျှ မိုဘိုင်းဖုန်းနှင့် အင်တာနက်ကွန်ရက်ကိုသုံး၍ ငွေကြေးလိမ်လည်မှု၊ လူမှုကွန်ရက်မှတစ်ဆင့် လူပုဂ္ဂိုလ်တစ်ဦးဦးအား အသရေ ပျက်အောင် ပြောဆိုမှုနှင့် private chat များမှ အမျိုးသမီး များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ စသည့် ရာဇဝတ်မှုများ များပြားလာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသားစိစစ် ရေးကတ်များဖြင့် တိတိကျကျ မှတ်ပုံတင်ပြီး မှသာ ဆင်းကတ်များအသုံးပြုနိုင်ရန် ဆောင် ရွက်လိုက်သည့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ဆောင်ချက်သည် ပြည်သူ လူထုအတွက်များစွာ အကျိုးရှိစေသည်ဖြစ်၍ ကြိုဆိုရမည်ဖြစ်ကာ တစ်ဖက်တွင် ပေါ်ပေါက် လာနိုင်သည့် အဆင်မပြေမှုများ အတွက် ပိုမို အဆင်ပြေစေမည့် နည်းလမ်းများကိုလည်း တာဝန်ရှိသူများအနေဖြင့်ထည့်သွင်းစဉ်းစား၍ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေ ပေသည်။ ။
သူရဖြိုး