အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးအံ့မောင်
အိအိငယ် (စာပေဗိမာန်)
အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာစာဆိုကြီးအံ့မောင်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနနှင့် အင်္ဂလိပ်စာဌာနတို့တွင် နည်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ၊ ဆင်ဟွာ သတင်းဌာန၌ ဘာသာပြန်သူတစ်ဦးအဖြစ် ဆောင်ရွက်ဖူးသူ၊ မဂ္ဂဇင်းအယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့သူ၊ ရှေ့နေ အလုပ်ကို လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ ဆရာကြီးသည် ဘာသာပြန်ဆောင်းပါးများနှင့် ပုံဝတ္ထုများ စွာကို ရေးသားထုတ်ဝေသူတစ်ဦးဖြစ်သည့်အပြင် ကဗျာများစွာကို စိတ်အားထက်သန်စွာဖြင့် ရေးသား ထုတ်ဝေ ခဲ့သူ တစ်ဦးဖြစ်ပါသည်။
ဆရာကြီး၏ ကိုယ်ရေးအကျဉ်း
ဆရာကြီးအံ့မောင်ကို အဖကုန်သည် ဦးဌေး၊ အမိ ဒေါ်သတို့က ၁၉၃၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် လယ်ဇင်ရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ငါးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အမည် ရင်းမှာ ဦးအံ့မောင်ဖြစ်သည်။ ငယ်စဉ်က လယ်ဇင်ရွာ မိုဃသာဘုန်းကြီးကျောင်းနှင့် တွဲထားသော မူလတန်းကျောင်း၊ မုံရွာမြို့ အစိုးရမူ လတန်းကျောင်း (ယခု မုံရွာ အ.ထ.က-၁)တွင် ပညာသင်ကြားခဲ့ သည်။ ၁၉၄၉ ခုနှစ်တွင် မုံရွာ အ.ထ.က (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ သည်။ ထို့နောက် မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ တို့ကို ရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် သတင်းစာဒီပလိုမာရရှိခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တွင် မြန်မာစာဌာန အချိန်ပိုင်းနည်းပြ၊ ၁၉၅၈ ခုနှစ်တွင် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် ဆောင်ရွက်ခဲ့သည်။ ပြင်ပ အလွတ် ပညာသင်ကျောင်းများတွင် လည်း အင်္ဂလိပ်စာနှင့် မြန်မာစာကို သင်ကြားပြသခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ စာကြည့် တိုက်မှူးသင်တန်း၌ ပထမဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဆင်ဟွာသတင်းဌာန၌ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၁- ၁၉၆၂ ခုနှစ်တွင် မော်ကွန်း သတင်းစာ မဂ္ဂဇင်းအယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့နေ ဒေါ်ခင်အုန်းမြင့်နှင့် အိမ်ထောင်ပြုခဲ့ သည်။ ၁၉၆၉ ခုနှစ်တွင် ရှေ့နေအလုပ် လုပ်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မုံရွာမြို့ သို့ ပြောင်းရွှေ့၍ အင်္ဂလိပ်စာဘာသာရပ် ကို အလွတ်ပညာသင်ကျောင်းတွင် သင်ကြားပေးခဲ့သည်။
စာပေဆိုင်ရာဆောင်ရွက်ချက်
စာရေးဆရာကြီး ဦးအံ့မောင်သည် ၁၉၄၉ ခုနှစ်တွင် ချင်းတွင်းကျောင်းသား ဂျာနယ်၊ တော်ဝင်မဂ္ဂဇင်းတို့၌ စာပေများ စတင်ရေးသားကာ စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရုရှားစာရေးဆရာ ပူရဲကင်၏ ဝတ္ထုကို ဘာသာပြန်သည့် “ဒူဘရော့စ်စကီး” ဝတ္ထုကို ဇင်မောင် ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုနှစ် တွင် “ဗီယက်နမ်မှ မကြေညာသော စစ်ပွဲ” ဘာသာပြန်စာအုပ်ကို ထုတ်ဝေခဲ့ သည်။ ထို့နောက် စာနယ်ဇင်းမျိုး စုံတွင် ဆောင်းပါးဘာသာပြန်၊ ပုံပြင်များ ဆက်လက်ရေးသားခဲ့သည်။ ၁၉၇၄ ခုနှစ် မှ ၂၀၀၂ ခုနှစ်အထိ “သဲကုန်းမို့မို့ လွမ်းမို့မို့၊ မိုးမခပင်ကြီးအောက်မှာ၊ ( အင်းတော်ရှင့်သမီး၊ ရေခဲနတ်ဒေဝီ၊ ခင်စိတ္တ၊ တံခါးမှူးသား” စသည့်အန်းဒါး ဆင်းပုံပြင်များကို ဘာသာပြန်ထုတ်ဝေ ခဲ့သည်။ ၁၉၉၂ ခုနှစ်မှ၂၀၂၀ပြည့်နှစ်အထိ “၆၀ ကဗျာ၊ ၆၃ ကဗျာ ၊ ၆၅ ကဗျာ၊ အိုပွင့်ကဗျာများ၊ အောင်ဆန်း တို့အမေ အောင်ကျော်တို့အမေ” စသည့် ကဗျာ လုံးချင်းစာအုပ်များ ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် ကဗျာ၊ ဆောင်းပါး၊ ခရီးသွားအက်ဆေး၊ နိုင်ငံရေးဝေဖန်ချက် များရေးသား ခဲ့ကာလုံးချင်းစာအုပ်ပေါင်း ၃၀ ကျော်ကို ရေးသားခဲ့သည်။
တက္ကသိုလ်ကျောင်းသား ဘဝမှ စတင်၍ စာပေငြိမ်းချမ်းရေးအဖွဲ့အစည်း များတွင် တက်တက် ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံစာရေး ဆရာသမဂ္ဂ၊ မြန်မာနိုင်ငံကဗျာဆရာ သမဂ္ဂ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်း ရေးကွန်ရက်တို့တွင် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။
ချီးမြှင့်ခံရသော စာပေဆုများ
၁၉၄၉-၁၉၅၁ ခုနှစ် ဥပစာတန်း၌ ပညာသင်ကြားနေစဉ် ပင်ရင်းမြန်မာစာ နှင့် စိတ်ကြိုက် မြန်မာစာ နှစ်ခုပေါင်း တစ်ပြည်လုံး ပထမရ၍ “သာဒိုးအောင် ရွှေတံဆိပ်ဆု” ချီးမြှင့်ခံရသည်။ ၁၉၇၃ ခုနှစ်တွင် “ရေသူမလေး အန်းဒါးဆင်း ပုံဝတ္ထုများ” စာအုပ်ကို ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ဖြင့် ၁၉၇၃ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်) ချီးမြှင့် ခြင်းခံရသည်။ ၂၀၀၉ ခုနှစ်တွင် “စိန်ပွင့် မြပွင့် ပတ္တမြားပွင့်” ကဗျာစာအုပ်ဖြင့် တော်ဘုရားကလေးစာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ ( တစ်သက် တာဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဆရာကြီး၏ ရင်တွင်းစကားသံ
၂၀၁၉ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ကြေးမုံသတင်းစာက ဆရာ ကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ဆရာကြီး က “အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ခံရသည်ဟု ကြားသိရသည့်အတွက် အလွန်ဝမ်းသာပါကြောင်း၊ နိုင်ငံရှိ စာပေချစ်ခင်သူများကလေးလေး နက်နက် ကြိုးကြိုးစားစား လေ့လာ ရေးသားကြပြီး တိုင်းပြည်နဲ့ ပြည်သူ များ၏အကျိုးကို တိုးတက်စေရေး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း အပ်ပါကြောင်း၊ ထိုကဲ့သို့ ဆုအရွေးချယ်ခံ ရမည်ကို ဘယ်တုန်းကမျှ မထင်ခဲ့မိပါ ကြောင်း၊ သို့သော် ရေးစရာအကြောင်း လေးများရှိလာပါက ငယ်စဉ်ကတည်းက ဆောင်းပါးများ၊ ကဗျာများကို ရေးခဲ့ကြောင်း၊ အခုချိန်တွင် စာပေကို ပုံနှိပ် မီဒီယာပေါ်တွင် ဖော်ပြရေးသားနိုင်ရန် တော်တော်လေး ခက်ခဲပါကြောင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ပေးပြီး ကာမှ စာပေအသက် ဆက်နေရပါ ကြောင်း၊ သတင်းစာများတွင် ပြင်ပက ကျော်ကြားသော ပုဂ္ဂိုလ်တော်တော် များများ၏ စာများ၊ စာရေးဆရာကြီး များ၏ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုများ ထည့်သွင်းကာ ဖော်ပြမှုမတွေ့ ရသလောက်ဖြစ်၍ ဖော်ပြစေချင်ပါ ကြောင်း၊ ကျွန်တော် အခု စာပေဆိုတဲ့ ကဗျာတိုလေး ရေးထားပါကြောင်း၊ စာပေရော၊ ပေစာရော၊ တယ်လီဖုန်း စာရော တိုးတက်ကြပါစေကြောင်း” ပြောကြားခဲ့ပါသည်။
ကဗျာဖွဲ့ဆိုရေးသားဖြစ်ခဲ့ပုံ
ဆရာကြီးသည် ၁၉၄၉ ခုနှစ်မှစ၍ ကဗျာများစတင်ရေးလာခဲ့ခြင်းဖြစ်သည်။ စု-တု နည်းဖြင့် အစပြုလာရာက ၁၉၈၀ ၁၉၉၀ ရောက်လာသောအခါ “ပြု” သို့ ကူးရန် ထင်ထင်ရှားရှား အားထုတ်လာခဲ့ သူဖြစ်ပါသည်။ မိမိပတ်ဝန်းကျင်သည် မိမိအတွက်အကြီးအကျယ်ဆုံး စာကဗျာ ပြု တောကြီးဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် ရေးလာခဲ့သော ကဗျာများကို စု၍ ၆၀ ကဗျာ၊ ၆၃ ကဗျာ၊ ၆၅ ကဗျာစာအုပ်များ ထုတ်ခဲ့ပါသည်။မဂ္ဂင်ဇင်း၊ ဂျာနယ်စသည် များတွင်လည်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။
ဆရာကြီးအနေဖြင့် ကဗျာရေးသား ခြင်းနှင့် ပတ်သက်၍ ကဗျာသည် ငယ်ချစ်ဖြစ်သကဲ့သို့ ကြီးချစ်လည်း ဖြစ်သည်။ ငယ်ငယ်ကတည်းကလည်း ချစ်သည်။ ကြီးတော့လည်း ချစ်သည်။ အမြဲတမ်းချစ်သူဖြစ်သည်။ ထို့ပြင် ကဗျာ သည် မိတ်ဆွေ။ ဘဝ၏ တိုက်ပွဲအမျိုးမျိုး တွင် ကိုယ်နှင့် အမြဲတမ်းအတူတူတွဲ၍ တိုက်သည့် မိတ်ဆွေတစ်ဦးဖြစ်သည်ဟု ဆိုပါသည်။ ကိုယ်က သူ့ကို မည်သည့် အခါမျှ မစွန့်လွှတ်သကဲ့သို့ သူကလည်း ကိုယ့်ကို မည်သည့်အခါမျှ မစွန့်ပေ။ ရာသက်ပန် မိတ်ဆွေဟူ၍ ဆရာကြီး၏ ကဗျာရေးသားဖွဲ့ဆိုမှုပေါ်သဘောထား ကို ထိုကဲ့သို့ ဆိုထားပါသည်။ ဆရာကြီး အနေဖြင့် ကဗျာရေးခြင်းသည် တိုင်းပြည် အတွက်၊ ပြည်သူအတွက်၊ ကမ္ဘာအတွက်၊ အလှတရားအတွက်ရေးခြင်းဖြစ်သည်ဟု လည်း ဆိုပါသည်။
ထို့ပြင် ဆရာကြီးသည် အင်္ဂလိပ် ဘာသာဖြင့် ကဗျာရေးခြင်းကို ၉ တန်း ( ၁၀ တန်း ကျောင်းသားဘဝ ၁၉၄၉ ခုနှစ်မှပင် စခဲ့ပါသည်။ ထိုသို့ ရေးသားရာ တွင်လည်း စု-တုနည်းကိုပင် အခြေခံ၍ စတင်ရေးသားခဲ့ခြင်းဖြစ်ကာ မိမိ၏ စေတနာ မောင်းနှင်အားသည် ထိုသို့ရေး ဖြစ်ရခြင်း အကြောင်းရင်းဖြစ်ပြီး အရာရာကို ကျော်နင်းနိုင်စေသည့် ပြဒါး ရှင်လည်း ဖြစ်စေခဲ့ သည်ဟု ဆိုထားပါ သည်။
စိတ်ဓာတ်ပြန့်ပွားမှုကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရာတွင် ကဗျာသည် စိတ်ဓာတ် လေညင်းတစ်ခုဖြစ်၍ နေရာ အမျိုးမျိုး၊ အချိန်အမျိုးမျိုးသို့ ပျံ့ကာ ခေတ်အသီးသီး၊ နေရာ အသီးသီးတို့၌ သက်တံတံတားဖြစ်သည်ဟု ကဗျာ ရေးသားခြင်းနှင့်ပတ်သက်၍ ခံယူခဲ့သူ ဖြစ်ပါသည်။
ဆရာကြီးသည် ကဗျာတော်တော် များများကို ရေးဖြစ်ခဲ့သူဖြစ်ကာ ထိုကဗျာများကို စဉ်၍အုပ်ဖွဲ့ ခွဲထုတ်လိုက် ရာ ၆၅ ကဗျာ၊ ၆၇ ကဗျာ၊ ၆၈ ကဗျာ၊ ၆၉ ကဗျာဟူ၍ဖြစ်ကာ ၎င်းမှာ ဆရာကြီး ၏ကဗျာရေးဖွဲ့ချိန်ကအသက်နှစ်များကို ရည်ရွယ်၍ ပေးထားသော အမည်များ ဖြစ်သည်။ ကဗျာများကို စီစဉ်ရာတွင် ဖတ်သူ၏ အာရုံနှင့် ပိုနီးစေရန် နောက် ပိုင်းရက်စွဲများကို ရှေ့က၊ စောစောပိုင်း ရက်စွဲများကို နောက်မှာထားကာ စီစဉ် ထုတ်ဝေထားသည်ဟု ဆရာကြီး၏ “၆၅ ကဗျာ” စာအုပ်တွင် ဆိုပါသည်။
မိမိကိုယ်တိုင်က ကဗျာများကို ရေးသည်ဆိုသော်လည်း လက်တွေ့တွင် သူ့အလိုလို ပေါ်လာ သော အာရုံလက်မှု များ၊ အာရုံပန်းပွင့်များကို ကောက်ယူရ ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဆရာ ကြီးက မိမိအနေဖြင့် ကဗျာရေးသူဟု အောက်မေ့ရန်ပင် ခက်သည်ဟုလည်း ဆိုထားပြန်ပါသည်။ ထိုအကြောင်းကို ဆရာကြီးက ဤသို့ ကဗျာဖွဲ့ဆိုထားပါ သေးသည်-
ခရေကောက်
ငါ
ကဗျာရေးသူ မဟုတ်။
မြေအမောက်
ကြွေရောက်
ခရေကောက်သူ အလုပ်။
ဟူ၍ ဖြစ်ပါသည်။ (၂၉၊ ဇူလိုင်၊ ၁၉၉၉) “၆၅ ကဗျာ”
ရေသူမကလေးနှင့် အန်းဒါးဆင်း၏ပုံဝတ္ထုများ
ဆရာကြီး၏ စာပေလက်ရာများ အတွင်း အန်းဒါးဆင်း ပုံဝတ္ထုများမှာ ထင်ရှားပါသည်။ “ထမင်း အဖျော်ကောင်း စားသောက်သောအခါတို့၌ ချစ်သော သူကို အလိုရှိကုန်၏” ဟူ၍လောက နီတိတွင် ဆိုထားသကဲ့သို့ အန်းဒါးဆင်း ပုံဝတ္ထုများကို ဖတ်ရသောအခါ ဤအဆို ကို သတိရ မိပါသည်ဟု ဆရာကြီးက ဆိုပါသည်။ အန်းဒါးဆင်း ပုံဝတ္ထုများကို ဖတ်ရသည်မှာ အလွန် ကောင်းပါသည်။ ချိုတအိမ့်အိမ့်၊ ချဉ်တပြုံးပြုံး၊ ခါးတသက် သက်နှင့် အရသာထူး လှပေ သည်။ ဤကဲ့ သို့ ရသာထူးကို မိမိစားသုံးရသောအခါ မိမိချစ်သောသူ တို့ကိုလည်း ဤရသာထူးကို စားသုံးစေလိုသော စေတနာပေါ်လာ ပါသည်။ ဤစေတနာဖြင့် ဤစာအုပ်ကိုမြန်မာပြန် ခြင်းအလုပ် ဖြစ်ပေါ်လာရပါသည်။ မိမိချစ်သော သူတို့ဆိုသည်မှာ စာဖတ်သူများနှင့် စာနာသူများ ဖြစ်ပါသည်။
ဤပုံဝတ္ထုများတွင်ပါသည့် အဖြစ်အပျက်များသည် ဥရောပတိုက် ဒိန်းမတ် နိုင်ငံနှင့် အခြားနိုင်ငံများမှ အဖြစ်အပျက် များဖြစ်၍ အနောက်နိုင်ငံ ပတ်ဝန်းကျင် ဖြစ်နေပါသည်။ သူတို့ နေပုံ၊ ထိုင်ပုံ၊ စားပုံ၊ သုံးပုံ၊ ဝတ်ဆင်ပုံ၊ ဆက်ဆံကြပုံ စသည်တို့သည် အဲဒီခေတ်မြန်မာတို့ နှင့်ကွာ ချင်တိုင်း ကွာနေပါသည်။ဘာသာ ရေးမှာလည်း လုံးဝခြားနားနေသည်ဟု ဆရာကြီးက ဆိုထားပါသည်။ အချိန် ကာလအားဖြင့် နှစ်တစ်ရာနီးပါး ကွာနေ ခြင်းဖြစ်သည်။ ဤအကွာ အခြား ချောက်ကမ်းပါးများကို တံတားသွယ်ခင်း၍ အနောက်နှင့် အရှေ့ကိုကူးဆက်ပေး ရခြင်းလည်း ဖြစ်သည်။ ပြေနိုင်သမျှ ပြေ၊ ချောနိုင်သမျှ ချောစေရန် ကြိုးပမ်းရပါ သည်ဟုလည်း ဆရာကြီးက ဆိုပါသည်။
ထိုကဲ့သို့ ကွာခြားချက်များများစွာ ရှိသော်လည်း မကွာခြားသည့် အချက် များလည်း ရှိပါသည်။ ၎င်းတို့မှာ အတန်း အစား၊ အဆင့်အတန်းများ ကွာခြားသော လူ့အဖွဲ့အစည်း တည်ရှိမှုနှင့် ၎င်း လူ့အဖွဲ့အစည်းဝင် လူတို့၏သက်ဆိုင်ရာ လူတန်းစားနေရာအလျောက် သဘာဝ၊ စိတ်နေသ ဘောထား၊ ပြု ပုံမူပုံများ တွင် ယေဘုယျ တူညီမှုရှိခြင်း ဖြစ်ပါ သည်။ သက်ဆိုင်ရာ လူတန်းစား နေရာ အလျောက် ချစ်ခြင်း၊ မုန်းခြင်း၊ သနား ခြင်း၊ မနာလိုခြင်း၊ အမှန်ကြိုက်ခြင်း စသည့် အခြေခံလူ့စိတ်၏ လှုပ်ရှားမှုများ တွင် အနောက်၊ အရှေ့ မဟူ အတူတူ ဖြစ်နေခြင်းဖြစ်သည်။
အန်းဒါးဆင်း၏ ပုံဝတ္ထုများတွင် ပါဝင်သော ဇာတ်ကောင်တို့သည် အထက်ဖော်ပြပါ အတူတူဖြစ်မှုကို ဆောင်နေကြပါသည်။ ထို့ကြောင့် ဒိန်းမတ်မှ ဇာတ်ကောင်များကို မြန်မာ နိုင်ငံက လည်းကောင်း၊ ဂျပန်နိုင်ငံက လည်းကောင်း၊ အာဖရိကကလည်းကောင်း၊ အာဂျင်တီးနားကလည်း ကောင်း ဒိန်းမတ်နှင့် ထပ်တူထပ်မျှ နားလည်နိုင်ကြခြင်း ဖြစ်သည်ဟု ထင်ပါ သည်။ ထိုကဲ့သို့ပင်လျှင် အန်းဒါးဆင်း၏ကောင်း၊ အချိန်ကာလကိုလည်းကောင်း ကျော်လွန်သော သတ္တိရှိသည်ဟုလည်း ဆရာကြီးက ကောက်ချက်ချဆိုထားပါ သည်။
ခေတ်နှင့်စနစ်တို့ကို ပြောင်းရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အရင်းအမြစ်ဖြစ်သော စီးပွားရေးအခြေခံကို ပြောင်းလဲရန် ဦးတည်ကြိုးစားသည်နှင့် အတူ အတွေးအခေါ်၊ ယဉ်ကျေးမှု အစရှိ သော အပေါ်ယံအဆောက်အအုံကို ပြောင်းလဲရန်လည်း ကြိုးပမ်းကြရမြဲဖြစ်ရာ လူ၏စိတ်၊ လူ၏အတွေးအခေါ်ကို ပြောင်းလဲရေးသည် ခေတ်ပြောင်း လုပ်ငန်းကြီး၏ အဆင့်အသီးသီး၊ အချိန်ကာလအသီးသီး၌ အမြဲမပြတ် သတိချပ်၍ အသိရှိရှိဆောင်ရွက်ကြရမည့် ကိစ္စကြီးဖြစ် ကြောင်း ဆင်ခြင်မိသည်ဟုလည်း ဆရာကြီးက ဆိုထားပါသည်။ ထိုကဲ့သို့လူ၏စိတ်၊ လူ၏အတွေးအခေါ် ကို ပြောင်းလဲရေး၊ ကောင်းအောင် ပြုပြင်ရေးအတွက် ထိုပုံဝတ္ထုများသည် အထောက်အကူဖြစ်လိမ့်မည်ဟု အကြံပြု ထားပါသည်။
အန်းဒါးဆင်းပုံဝတ္ထုများတွင် ဆောင် သည့် စိတ်ဓာတ်များအကြောင်း နှင့် ပတ်သက်၍ ဤပုံဝတ္ထု များသည် အမှန် ကို ကြိုက်သည်။ တရားမျှတမှုဘက်က ခိုင်မတ်စွာ ရပ်တည်သည်။ တစ်နည်းဆို လျှင် သစ္စာတရားကို ရွက်ဆောင်ထား သည်ကို ဆိုရမည်။
ယင်းတို့သည် မေတ္တာကို ကျူးရင့် မြတ်နိုးသည်။ မြန်မာတို့ နားလည်ကြ သည့်မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့ကို ဖော်ဆောင်သည်ဟု ဆိုနိုင် သည်။ ဤပုံဝတ္ထုများသည် သဘောအလှ၊ လောကအလှတို့ကို ဖော်ကျူးသည်။ ရိုးသားခြင်းကို ချစ်သည်။ အလင်းရောင် ကို ချစ်သည်။ ထိုနည်းတူ သိပ္ပံပညာ တိုးတက်မှုကို လိုလားကြိုဆိုသည်။ ပညာခေါင်းပါး အမှောင် လွှမ်းခြင်းကို ပယ်လှန်သည်။ လူအချင်းချင်း ဆက်ဆံ ရေးတွင် မေတ္တာနှင့် ကိုယ်ချင်းစာတရား ကို လက်သုံးထားပြီး ဆက်ဆံခြင်းကို နှစ်သက်သည်။
အန်းဒါးဆင်း ပုံဝတ္ထုတို့သည် ခြုံလိုက်လျှင် ဘဝ၏ အကောင်းအဆိုး အဖြစ်အပျက်တို့ကို အရှိအတိုင်းပြောပြီး မျှော်လင့်ချက်၊ ယုံကြည်ချက်အလင်း ရောင်များ ထွန်းဖြာစေ၍ ဘဝရှေ့ဆောင် မီးရှူးရောင်ဟုပင် ပြောရမည်ထင်သည် ဟု ဆရာကြီးက ဆိုထားပါသည်။
ဆရာကြီး၏ စာဖတ်ပရိသတ်များအပေါ် စေတနာ
မေတ္တာတရားသည် တိုင်းပြည်ကို အကောင်းဘက်သို့ တကယ်ပြောင်းလာ စေနိုင်မည့် အကောင်းဆုံး အသေချာဆုံး ဘုရားဆေးတော်ကြီး ဖြစ်ပါသည်။ မေတ္တာလမ်းပေါ်သို့ ခိုင်ခိုင်မြဲမြဲ တက် လိုက်ကြပါ။ တိုင်းပြည်လည်း ကောင်း လိမ့်မည်။ အုပ်ချုပ်သူ၊ ပြည်သူများ အားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း တကယ်ရလာကြ ပါလိမ့်မည်။ ထိုလမ်းမှာ ဗုဒ္ဓလိုလားသော လမ်း၊ ပြည်သူကြိုဆို မြတ်နိုးပိုက်ထွေး သောလမ်း၊ ထိုလမ်းသည် ယခုခေတ်လူ တွေ ပြောနေကြသော အကောင်းဆုံး ဒီမိုကရေစီလမ်းဖြစ်သည်ဟု ဆရာကြီး က မှတ်ချက်ပြုထားပါသည်။
ဗုဒ္ဓ၏ သားသမီးများ နေထိုင်ကြ သော မြန်မာနိုင်ငံက ဗုဒ္ဓလမ်းကို အပြော မဟုတ်၊ အပြမဟုတ်၊ ဝါဒဖြန့်ရုံမဟုတ်၊ အဟုတ်တကယ် ကျင့်သုံးခြင်းဖြင့် ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာကြသော အကောင်းဆုံး၊ အလှဆုံးနိုင်ငံကို တည်ဆောက်နိုင်ပါ သည်။ ထိုနည်းဖြင့် ကျွန်တော်တို့ က ကမ္ဘာကြီးအား အကောင်းဆုံး လက်ဆောင်၊ အကောင်းဆုံး စံနမူနာ the best contribution ပေးနိုင်ပါသည်။ ဗုဒ္ဓလမ်းသည်တကယ်လုပ်လျှင် တကယ်ချမ်းသာကြပါလိမ့်မည်။ မေတ္တာ ရေသည် အသန့်ရှင်းဆုံးရေဖြစ်သည်။ ကျွန်တော်တို့ စိတ်တွေကို မေတ္တာရေနှင့် ဆေးကြောကြစို့ဟု ဆရာကြီး၏ “လက်ပံ တောင်းတောင် အရေးအခင်း” စာအုပ် တွင် မိန့်ဆိုခဲ့ပါသည်။
ဘာသာပြန်ခြင်းဆိုင်ရာ ဆရာကြီး၏အကြံပြုချက်
ဘာသာပြန်ပေးသောအခါ အဆို အမိန့် တစ်မျိုးတည်းဆိုလျှင် စာဖတ်သူကို တစ်ဖက်သတ် ဆွဲသွားနိုင်သည်မျိုး ဖြစ်မည်စိုး၍ အဘက်ဘက်စုံနိုင်သမျှစုံရန် ပေးနိုင်ဖို့ ကြိုးစားရပါသည်။ ယဉ်ကျေး သူ၊ အဆင့်မြင့်သူတို့သည် တစ်ဖက် တည်းသာ မနာကြားဘဲ အဘက်ဘက်စုံ အောင် နာကြားတတ်ကြစမြဲ ဖြစ်သည်။ ခေတ်၏ လူသားသည် နားရွက်များများ နှင့် နားထောင်၍ ဦးနှောက်များများနှင့် စဉ်းစားချိန်ဆကာ နှလုံးသားကြီးကြီးနှင့် ဆုံးဖြတ်ဆောင်ရွက်ကြဖို့ ရှိပါသေးသည် ဟု ဆိုပါသည်။
ထိုသို့ မေတ္တာတရားကြီးမားသော စာပေပညာနယ်ပယ် နှံ့စပ်ခဲ့သူ၊ မြန်မာ စာပေအကျိုး ကိုထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးစားအားထုတ် ရေးသားပြုစုခဲ့သူကဗျာစာဆို ဆရာကြီး အံ့မောင်၏ ဘဝတစ်သက်တာ စာပေ ဆိုင်ရာကြိုးစားဆောင်ရွက်ခဲ့မှုများ၊ဆရာ ကြီး၏ စာပေအပေါ် ခံယူချက်သဘော ထားများကတစ်ဆင့် လေးစားအားကျ စိတ်များဖြစ်ကာ ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။
ဆရာကြီးသည် စာဆိုတော်နေ့ ကန်တော့ခံ သက်ကြီးစာပေပညာရှင် တစ်ဦးဖြစ်ကာ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင် အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ အမျိုးသား စာပေဆု (ဘာသာပြန်)နှင့် အမျိုးသား စာပေ တစ်သက်တာဆုရှင် ကဗျာဆရာ၊ စာရေး ဆရာကြီးအံ့မောင်သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၂ရက် အသက် (၈၉) နှစ်အရွယ်တွင် အမှတ် (၉) ညောင် တပင်လမ်း အေးသာယာရပ် မုံရွာမြို့ တွင် မိသားစုနှင့် နေထိုင်လျက် ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင် အုန်းမြင့် နှင့် သား၊ မြေးများ ကျန်ရစ်ခဲ့သည်။
ကိုးကား
၁။ ရေသူမကလေးနှင့် အန်းဒါးဆင်း၏
ပုံဝတ္ထုများ (၁၉၇၃)
၂။ ၆၀ ကဗျာ (၁၉၉၂)
၃။ အမြုတေရှာပုံတော် (အန်းဒါးဆင်းပုံ
ဝတ္ထုများ) (၁၉၉၃)
၄။ ၆၅ ကဗျာ (၂၀၀၁)
၅။ အသက်၇၅ နှစ်ပြည့် အထိမ်းအမှတ်
စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာများ (၂၀၀၉)
၆။ မမွေးဖွားရသေးတဲ့ သားကလေးရဲ့အသံ (အင်္ဂလိပ်-မြန်မာနှစ်ဘာသာ) (၂၀၁၁)
၇။ ၂၀၁၉အမျိုးသားစာပေဆုလက်ကမ်း စာအုပ်
၈။ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် ထုတ် ကြေးမုံသတင်းစာ