သန့်စင်သည့် လေထု ဆိုရာဝယ်
၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ယခုလက်ရှိ ၇ ဒသမ ၅ ဘီလီယံထက် ၃၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ၉ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသည် ၁ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာ နိုင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁ ဒသမ ၃ ဘီလီယံ ဖြင့် ဒုတိယနေရာတွင် ရှိလာနိုင်သည်ဟုလည်း ဖော်ပြထား သည်။
၂၀၅၀ ပြည့်နှစ်တွင် ၃၉ နိုင်ငံရှိ လူဦးရေသည် ၂၀၁၇ ခုနှစ်အောက် လျော့နည်းနိုင်ပြီး အာဖရိကတိုက်ရှိ နိုင်ငံ ၃၀ တွင်မူ လူဦးရေ နှစ်ဆခန့် မြင့်တက်လာဖွယ်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာမူ ၃၂၅ သန်းမှ ၃၇၉ သန်း အထိ တိုးလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
သန့်စင်သည့် လေကို ရှူရှိုက်ခွင့်
ကမ္ဘာ့လူဦးရေသည် တစ်နှစ်ထက် တစ်နှစ် တိုးတက် များပြားလာသည်နှင့်အမျှ လူသားတို့အနေဖြင့်လည်း မိမိတို့ရှင်သန်ရာ ပတ်ဝန်းကျင်တွင် ကျန်းမာရေးသုခနှင့် ပြည့်စုံပြီး အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် သန့်စင် သည့် လေထုကို ရှူရှိုက်ခွင့်ရရန် အထူးလိုအပ်လှပေသည်။
ယနေ့ခေတ်တွင် ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ကြောင့် ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ စက်ရုံ အလုပ်ရုံများ၊ စက်တပ်မော်တော်ယာဉ်များမှ ထုတ်လွှတ်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲတွင် အများအပြား ပါဝင်လာမှုများကြောင့် လေထုညစ်ညမ်း လာပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် လူသား တို့၏ ကျန်းမာရေးအခြေအနေကို ခြိမ်းခြောက်သည့်အဆင့် သို့ ရောက်ရှိလာပြီဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်ကြောင့် ခြောက်ကြိမ် မြောက် အစုလိုက်အပြုံလိုက်မျိုးသုဉ်းမှု ကြုံတွေ့နိုင်ဖွယ် ရှိကြောင်း အမေရိကန်သိပ္ပံပညာရှင်များက မကြာသေးမီက တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။ လာမည့် ၂၁၀၀ ပြည့် နှစ်တွင် ကမ္ဘာပေါ်ရှိ ကာဗွန်ပမာဏသည် ၃၂၀ ဂစ်ဂါတန် အထိ တိုးပွားလာမည်ဟု တွက်ချက်ထားသည့်အလျောက် သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် ကြုံတွေ့ နိုင်ဖွယ်ရှိကြောင်း မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒန်နီယယ်ရို့သ်မန်းက ပြောကြားထားသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာသည် နှစ် ကာလ ကြာမြင့်လာသည်နှင့်အမျှ ကမ္ဘာကြီးကို ထိခိုက် ပျက်စီးစေနိုင်ပြီး သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ စက်မှုတော်လှန်ရေး စတင်ပြီးကတည်းက ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏသည် ၁၅၄၀ ဘီလီယံတန်အထိ ရှိနေပြီဖြစ်ကြောင်း ဒန်နီယယ်ရို့သ်မန်း က ဖြည့်စွက်ပြောကြားထားသည်။
ထို့အပြင် လေထုညစ်ညမ်းမှုကြောင့် ဥရောပတစ်လွှား တွင် နှစ်စဉ် လူပေါင်း ငါးသိန်းကျော် အသက်ဆုံးရှုံးနေရ ကြောင်း ဥရောပသမဂ္ဂ(EU)အဖွဲ့ကြီး၏ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာနက ပြောကြားထားသည်။ ဥရောပရှိ နိုင်ငံပေါင်း ၄၁ နိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်းက ဇီဝ ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုများကြောင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၂၀၄၀ မှာ အရွယ် မတိုင်မီ သေဆုံးခဲ့ရကြောင်း သိရှိရသည်။ ထို့အပြင် ညစ်ညမ်းသောလေထုအတွင်း နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့များ များပြားစွာပါဝင်လာခဲ့၍ အဆိုပါဓာတ်များ သည် လူတို့၏အဆုတ်အတွင်းသို့ ဝင်ရောက်ခြင်းနှင့် သွေးကြောများအတွင်း သွေးစီးဆင်းမှုများကို အနှောင့် အယှက်ပေးခဲ့ခြင်းကြောင့် လူတို့တွင် သေဆုံးချိန်မတိုင်မီ အသက်ဆုံးရှုံးခဲ့ရပြီး ဥရောပရှိ မြို့ကြီးများတွင် နေထိုင်သူ ၈၂ ရာခိုင်နှုန်းမှာ လေထုညစ်ညမ်းမှုကြီးနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း သိရှိရသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့
ကမ္ဘာပေါ်တွင် လောင်စာဆီအသုံးပြုမှု များလာခြင်း ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏသည် အမြင့်ဆုံးစံချိန်အဖြစ်သို့ ရောက်ရှိနေပြီး လေထုညစ်ညမ်းမှုအခြေအနေ ဆိုးရွားလာသဖြင့် ကမ္ဘာ လုံးဆိုင်ရာ လူ့သက်တမ်းသည် နှစ်နှစ်ခန့် လျော့ကျခဲ့ ကြောင်း အမေရိကန်ပြည်ထောင်စုမှ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ လေထု ညစ်ညမ်းမှုများကြောင့် လူတို့အား အဆုတ်ရောင်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားစေ ရာမှ အသက်တိုသော ဆိုးကျိုးများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ယနေ့ ပြင်သစ်နိုင်ငံ၏ မော်တော်ယာဉ်စုစုပေါင်း ၃ ဒသမ ၅ ရာခိုင်နှုန်းသည် ဓာတ်ဆီနှင့်လျှပ်စစ် တွဲသုံးသော ယာဉ်များဖြစ်ပြီး ဘက်ထရီမော်တော်ယာဉ်များမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု သိရှိရသည်။ ၂၀၄၀ ပြည့်နှစ် မှ စတင်၍ ဒီဇယ်နှင့် ဓာတ်ဆီသုံး မော်တော်ယာဉ်များကို ပြင်သစ်နိုင်ငံ၌ ရောင်းချခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြင်သစ် ပတ်ဝန်းကျင်ရေးရာဝန်ကြီးက ပြောဆိုလိုက်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် ပဲရစ် ရာသီ ဥတုပြောင်းလဲမှုစာချုပ်ကို စတင် အကောင်အထည်ဖော် ခြင်းလည်းဖြစ်ကြောင်း ရှင်းပြထားသည်။
ယနေ့ ဥရောပတွင်ရှိသမျှ ကားများ၏ ၉၀ ရာခိုင်နှုန်း သည် ရုပ်ကြွင်းလောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်သုံး ကားများဖြစ်ပြီး ပြင်သစ်အစိုးရ၏ ပတ်ဝန်းကျင်ရေးရာသန့်ရှင်းမှုအတွက် ယနေ့ ကျောက်မီးသွေးသုံး၍ လျှစ်စစ် ဓာတ်အား ထုတ်လုပ်နေမှုများကိုလည်း ၂၀၂၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း အထိ လျှော့ချသွားကာ ၂၀၂၅ ခုနှစ်တွင် လုံးဝအသုံးမပြုရန် ဆုံးဖြတ်ထားသည်ဟုလည်း သိရှိ ရသည်။
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကောက်ယူခဲ့သည့် နောက်ဆုံးထွက်လာသော စစ်တမ်းကြီး တစ်စောင်အရ လေထုညစ်ညမ်းမှုသည် ဆယ်ကျော်သက် လူငယ်များအား ဆိုးသွမ်းစေခြင်းနှင့် ရာဇဝတ်မှုများ ကျူးလွန်နေမှုတို့တွင် လောင်စာအဖြစ် တွန်းအားပေးနေ ကြောင်း၊ ညစ်ညမ်းသည့်လေကို ရှူရှိုက်နေကြရသဖြင့် ဦးနှောက်၏ ပုံမှန်အလုပ်များတွင် မှားယွင်းမှုများ ဖြစ်ပေါ် လာကာ မကောင်းမှုများလုပ်ကိုင်ရန် အားပေးနေသလို ဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ညစ်ညမ်းသော လေထုတွင် မီးခိုးမှုန်များ၊ အမှုန်အမွှားများ ပါဝင်နေခြင်းက လူသားတို့၏ ဆုံးဖြတ်ချက်များပေးနေသောကဏ္ဍကို အနှောင့်အယှက်ပေးနေသည်ဟုလည်းဆိုထားသည်။
ယနေ့အချိန်တွင် မသန့်ရှင်းသောလေကို ရှူရှိုက်မိ၍ ဗက်တီးရီးယားပိုးများ လည်ချောင်းမှတစ်ဆင့် အဆုတ် အတွင်းသို့ဝင်ရောက်ကာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု မှာလည်း များပြားလာသည်။ အာဖရိကတိုက်သားများအား သေဆုံးမှုနှုန်း မြင့်မားစေသည့် အချက်အလက်များကို စုဆောင်းနေသော အဖွဲ့ကြီးက အဆုတ်ရောင်ရောဂါနှင့် လည်ချောင်းနာရောဂါတို့သည် အာဖရိကတိုက်သားများ တွင် အသေအပျောက် အများဆုံးဖြစ်သောရောဂါဆိုးကြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆုတ်အတွက် လေကို ရှူရှိုက်သွင်းပေးရသော လည်ချောင်းပြွန်သည် အလုပ်ဒဏ် ပိလာခြင်းကြောင့် လည်ချောင်းနာရောဂါ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါနှစ်မျိုးသည် ကမ္ဘာတစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ်အတွင်း အသက် ၅ နှစ်အောက် ကလေးငယ် များ အများဆုံး အသက်ဆုံးရှုံးရသော ရောဂါများဖြစ်ခဲ့ကြ သည်။ လေထုညစ်ညမ်းမှုသည် လူသားတို့၏ ကျန်းမာ ရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် လေထု ညစ်ညမ်းမှုကိုလျှော့ချရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ် ပေသည်။
လေထုညစ်ညမ်းမှုလျှော့ချရန်
တရုတ်နိုင်ငံသည် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကို ဂွမ်ဇီပြည်နယ်နှင့် လူရှောက်မြို့အနီး တွင် တည်ဆောက်လျက်ရှိပြီး အဆိုပါ မြို့တော်ကြီးမှ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တန်တစ်သောင်း၊ ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ တန်ချိန် ၅၇ တန်တို့ကို စုပ်ယူ နိုင်မည်ဖြစ်ပြီး လူတို့အတွက် အောက်ဆီဂျင် တန်ချိန် ၉၀၀ ကို ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရေးနှင့် စွမ်းအင်ချွေတာရေးအတွက် ရည်ရွယ်လျက် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစတင်ပြီး ကားအသုံးမပြုရေးနေ့အဖြစ် သတ်မှတ်ထားခဲ့ကြောင်း ဗန်ကောက်မြို့တော် စီမံခန့်ခွဲမှုအဖွဲ့က ကြေညာထား သည်။
ဂျာမနီနိုင်ငံသည်လည်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ တန်ဖိုးသတ်မှတ်ခြင်းစနစ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ကာဗွန်ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှု တစ်တန်လျှင် ၁၀ ယူရို (အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာ) တန်ဖိုးနှုန်းသတ်မှတ်ကာ အသိ အမှတ်ပြုလက်မှတ်များကို အစိုးရက ထုတ်ပေးမည်ဖြစ် ကြောင်းနှင့် ထိုမှတစ်ဆင့် ထုတ်လွှတ်မှုများလျှင် များသလို နှုန်းထားများကို ၃၅ ယူရိုအထိ ဖြည်းဖြည်းချင်း တိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ ဂျာမနီသည် နိုင်ငံ၏ ဖန် လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ၅၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် သဘာဝတရားကြီး၏ ကျန်းမာရေး တဖြည်းဖြည်း ယိုယွင်းလာခြင်း၊ လူတို့၏ အကျိုးစီးပွား လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာခြင်း နှင့် လောင်စာဆီအသုံးပြုမှု များပြားလာခြင်းတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏသည် အမြင့်ဆုံး စံချိန်သို့ ရောက်ရှိနေပြီး အကျိုးဆက်အနေဖြင့် အပူချိန် မြင့်တက်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့သက်တမ်း တို လာခြင်း၊ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလာခြင်းတို့ကို ကြုံတွေ့ရလျက်ရှိသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံ့အသီးသီးက ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နည်းလမ်းအမျိုးမျိုး ချမှတ်ဆောင်ရွက် နေကြသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့ ရာသီဥတုဆိုင်ရာ မဟာဗျူဟာ မူဘောင်နှင့် ရှေ့လုပ်ငန်း စဉ် ၂၀၁၆-၂၀၃၀ ကို ရေးဆွဲကာ သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ ပြဋ္ဌာန်းထားရှိပြီးသည့်အတွက် ရှေ့ဆက်လက်လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံများနည်းတူ အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားကြခြင်းဖြင့် သန့်စင် သည့်လေထုကို တစ်ဝကြီး ရှူရှိုက်ကြပါစို့။
ကျေးလက်မောင်(DRD)