နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို သတိရှိရှိကာကွယ်ပါ
2019 nCoV ဗိုင်းရပ်စ်ကို အများပြည်သူတို့ အထူးစိတ်ဝင်စားနေကြပြီဖြစ်သည်။
“n”ဆိုသည်မှာ Novel ဗိုင်းရပ်စ်အသစ်တစ်မျိုးဟု ဆိုလိုကြောင်း သိရသည်။ CoV ဆိုသည်က Coronavirus ကိုရိုနာဗိုင်းရပ်စ် အုပ်စုဝင်ကိုခေါ်သည်။ သရဖူကဲ့သို့ ပုံသဏ္ဌာန်ရှိသော ဗိုင်းရပ်စ် ရောဂါပိုးတို့ကို ကိုရိုနာဗိုင်းရပ်စ်များဟုခေါ်ပြီး မျိုးကွဲပေါင်း ၂၀၀ ကျော်ရှိသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ရှိခဲ့သော ထိုရောဂါပိုးကို 2019 nCoV ဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုင်းရပ်စ်ပိုးတို့သည် များသောအားဖြင့် Species barriersခေါ် မိမိကျင်လည်ကျက်စားရာ သတ္တဝါမျိုးများတွင်သာ နေထိုင်ကြလေ့ရှိသည်။ သတ္တဝါများမှလူဆီ ကူးစက်လေ့မရှိကြ။ သို့သော် တစ်ခါတစ်ရံ ထိုစည်းကိုကျော်ပြီး လူများထံရောက် လာလေ့ ရှိကြသည်။ 2019 nCoV ဗိုင်းရပ်စ်သည် ထိုအမျိုးအစားထဲက ဖြစ်သည်။ SARS၊ MERS ဗိုင်းရပ်စ် ပိုးများက ကြောင်ကတိုး (SARS)၊ ကုလားအုပ် (MERS) တို့မှ လာသလို nCoV ကလည်း လင်းနို့၊ မြွေဟောက် စသည်တို့မှ ကူးစက်လာသည်ဟု ယူဆကြသည်။ တရုတ်ပြည် ဝူဟန်မြို့ သားငါး ဈေးကွက်ရှိ အဆိုပါ တိရစ္ဆာန်များကို စားဖို့ရောင်းချသော တိရစ္ဆာန်များက ကူးစက်လာခြင်း ဖြစ်မည်ဟု ယူဆကြခြင်းဖြစ်သည်။ Journal of virology တွင် ထိုဗိုင်းရပ်စ်ပိုးသည် မြွေများမှ တစ်ဆင့် ကူးစက်လာကြောင်း ဖော်ပြသည်။ Chinese cobra (naja atra) တရုတ်မြွေဟောက် နှင့် many banded ktait (Bungarus multicintus) မြွေမျိုးတို့ဖြစ်ကြောင်း သိရသည်။
Yasemin Saplakoglu - Staff Writer, Jeanna Bryner - Live Science Editor-in-Chief
ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းတို့ အဓိကဖြစ်ပွားတတ်သည်။ (ရောဂါလက္ခဏာများနှင့် ပတ်သက်ပြီး အထူးမဖော်ပြလိုတော့ပါ။ ကာကွယ်ကုသနိုင်သည့် ဆေးများလည်းမရှိသေးပါ။ အထူးသဖြင့် လူတိုင်း မိမိတို့ကိုယ်ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်သာ အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်ဟု ယူဆပါသဖြင့် ယင်းကို အလေးပေးဖော်ပြ လိုပါသည်)
သဘာဝနည်းဖြင့် ကာကွယ်ပါ
အများပြည်သူတို့ လိုက်နာဆောင်ရွက်နိုင်မည့် သဘာဝ ကာကွယ်နည်းအချို့ကို တင်ပြလိုပါ သည်။
၁။ အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးခြင်း စသည်တို့သည် Cortisol ကော်တီဆောဟော်မုန်းကို အချိန်ကြာကြာ ထွက်နေစေသဖြင့် လူ့ကိုယ်ခံအားစနစ်ကို ဖိနှိမ် ထားခြင်းခံရစေသည်။ နေ့စဉ် ခုနစ်နာရီခန့် အိပ်ရန်လိုအပ်သည်။ နေထိုင်မကောင်း ဖြစ်နေချိန် တွင် နေ့လယ် မိနစ် ၂၀ ခန့် အချိန်ပေးအိပ်စက်အနားယူနိုင်ပါက ပိုကောင်းသည်။ စိတ်ဖိစီးခြင်း ကြောင့် ကိုယ်ခံအား စနစ်ကို ထိခိုက်စေနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရပြီးဖြစ်သည်။
၂။ ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောင်ရမ်း မှု၊ ဘက်တီးရီးယားပိုးများ အလွယ်တကူ ဝင်ရောက်စေနိုင်မှုများ ဖြစ်စေနိုင်သည်။
၃။ အရက်မသောက်ပါနှင့်။ အရက်ကြောင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေသလို အဆုတ်ကိုလည်း ထိခိုက်လွယ်စေသည်။
၄။ သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များစားပေးပါ။ ယင်းတို့သည် ကိုယ်ခံအားစနစ် ကြံ့ခိုင်စေရေးအတွက် အထူးလိုအပ်သော ကုန်ကြမ်းများဖြစ်သည်။ Bone broth cot အရိုးစွပ် ပြုတ်များသည် ကိုယ်ခံအားစနစ်ကို အကျိုးပြုနိုင်ကြောင်း သိရသည်။ အသားဓာတ်သည် ခုခံကာကွယ်ရေးစနစ်အတွက် အထူးလိုအပ်သည်။
Antibody ခေါ် ပဋိပစ္စည်းများ တည်ဆောက်ရာတွင် အမိုင်နိုအက်စစ်ခေါ် ပရိုတင်းအသား ဓာတ်၊ စစ်စတင်းန် (Cysteine) ခေါ် အသား ဓာတ်တို့က အဓိကနေရာတွင် ပါဝင်သည်။
၅။ Probiotics ခေါ် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ဘက်တီးရီးယားများကို ထိန်းသိမ်း ပြန့်ပွားစေသည်။ ဆေးများသည် အထူး အကျိုးပြုနိုင်သည်ကို တွေ့ရသည်။ ယင်းသည် အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကောင်းစွာတားဆီးနိုင်သည်။ ဒိန်ချဉ်ကို စားသုံးပေးခြင်းကလည်း အကျိုးပြု ဘက်တီးရီးယား များကို တိုးပွားစေ နိုင်သည်။ လူ့ကိုယ်ခံအားစနစ်သည် အူလမ်းကြောင်းတွင် ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
၆။ နေပူစာလှုံပါ။ နေရောင်သည်အရေပြားမှတစ်ဆင့် ဗီတာမင်ဒီ (Vitamin D) ကို ထွက်စေနိုင် သည်။ နေရောင်ခြည်တွင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထိတွေ့လိုက်ခြင်းဖြင့် လိုအပ်သော ဗီတာမင်ဒီကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ ဗီတာမင်ဒီ ပမာဏနည်းပါးခြင်းသည် ကိုယ်ခံအားစနစ် အားနည်းစေနိုင်သည်ကို တွေ့ရသည်။ ၂၀၁၀ ပြည့်နှစ် လေ့လာမှုတစ်ခုအရ ဗီတာမင်ဒီ 1200 IU ပါဝင်သောဆေးပြား နေ့စဉ်သုံးစွဲပါက တုပ်ကွေးအဖျားကို ကာကွယ်နိုင် ကြောင်း သိရသည်။
၇။ နံနက်ပိုင်းတွင် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၃၀ မျှ လုပ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေနိုင်သလို ညအခါ ကောင်းစွာအိပ်ပျော်စေနိုင်သည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း (ဂျင်း) တို့ကို စားသုံးပေးပါ။ ကြက်သွန်ဖြူတွင် အော်လင်း (Ain) နှင့် အော်လီနေ့စ် (Allinase) ခေါ် ဒြပ်ပေါင်းနှင့် အင်ဇိုင်းတို့ ပါဝင်ပါသည်။ ကိုယ်ခံအားစနစ်ရှိ တီဆဲလ် (T Cell) တို့ကို ထိုဓာတ်တို့က အားပေးပါသည်။ ကြက်သွန်နီတွင် ကန့်ဓာတ် (Sulphar)၊ အော်လီနေ့စ်၊ ဖလေဗင်နွိုက်စ်၊ ဖီနောလစ်ဒြပ် ပေါင်းများ စသည့် antioxidants ခေါ် ခန္ဓာကိုယ် ကိုထိခိုက်စေသည့် ဓာတ်ညစ်များကို ဖယ်ရှားပေးသည့် ဓာတ်များ၊ မှိုပိုးများကို သတ်နိုင်သည့် ကွီနိုလင်း (Quinolines) များ စသည်တို့ ပါဝင်ပါသည်။ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းတို့ရှိ ရောဂါပိုးများနှင့် တုပ်ကွေးဗိုင်းရပ်စ်တို့ကို ခံနိုင်ရည်ရှိကြောင်း သိရသည်။ ချင်း (ဂျင်း)တွင် အဓိကအားဖြင့် ဂျင်ဂျီရောလ် (Gingerol) ဓာတ် ပါဝင်သည်။ အအေးမိ နှာစေးမှ အစ တုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်း ရောဂါဝင်ရောက်မှုများကို ခံနိုင်ရည် ရှိစေသည်ဟု သိရသည်။ ရေနွေးကြမ်း (လက်ဖက်ခြောက်)ကို သင့်တင့်စွာ သောက်သုံးပေးသင့် သည်။ အချိုရည်များ၊ ရေခဲရေများ မသောက်သင့်ပါ။
၈။ Processed food ခေါ် ကြာရှည်ခံစေရန် စီမံထားသော အစားအစာများကို ရှောင်သင့်သည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ စားသုံးသင့်သည်။
၉။ ဗီတာမင်စီနှင့် ဇင့်ဓာတ်တို့သည် ခုခံကာကွယ်ရေးစနစ်ကို ကောင်းစွာအကျိုးပြုနိုင်ပါသည်။ ၂၅ မီလီဂရမ်ရှိ ဇင့်ဆေးပြားကို သုံးဆောင်နိုင်ပါသည်။ အစေ့အဆန်များ၊ ပဲများ၊ နို့၊ ဥများ၊ ပင်လယ်စာ၊ စိမ်းစိုသော အသီးအရွက်များတွင် ဇင့်ဓာတ်ကြွယ်ဝပါသည်။ အရည်ရွှမ်းသော သစ်သီးများကို စားပေးခြင်းဖြင့် သဘာဝ ဗီတာမင်စီများစွာ ရစေနိုင်သည်။
၁၀။ ချောင်းဆိုးလျှင် အဝတ်တစ်ခုခု အုပ်ပြီးဆိုးပါ။ လက်မှန်မှန်ဆေးပါ။ Hand sansitizers ခေါ် လက်ဆေးရည်အများစုတွင် triclosan ခေါ် ဓာတုပစ္စည်း ပါဝင်လေ့ရှိရာ ယင်းသည် တိရစ္ဆာန်များတွင် ဟော်မုန်းများကို ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်ဟု သိရသည်။ လက်ဆေးပါက ဆပ်ပြာနှင့် ရေကိုသာသုံးခြင်းက ပိုထိရောက်ပြီး အန္တရာယ်ကင်းစေကြောင်း သိရသည်။ လာဗင်ဒါအဆီကို သုံးနိုင်သည်ဟုလည်း သိရသည်။ လက်ဆေးကြွေဇလုံများ၊ တံခါးလက်ကိုင်များ၊ အိမ်သာများကို ကောင်းစွာ သန့်ရှင်းနေစေသင့်သည်။ မိနစ် ၂၀ ခန့် သေချာစွာလက်ဆေးပါ။
၁၁။ နေအိမ်တံခါးများ ဖွင့်ထားပါ။ လေဝင်လေထွက် ကောင်းပါစေ။ နေအိမ်ထဲတွင် တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့ နေအောင် ဆောင်ရွက်ပါ။ အသက်ကြီးသူများ၊ အသက် ၆၅ နှစ်အထက် လူကြီးများ၏ ကိုယ်ခံအားစနစ်ကို တီဆဲလ် (T cells) များ လျော့ကျသွားတတ် သည်။ ထိုဆဲလ်တို့သည် ကူးစက်ရောဂါပိုးများကို တိုက်ခိုက်သည့် အဓိကခုခံဆဲလ်များ ဖြစ်ကြသည်။ ကလေးငယ်များ၊ နာတာရှည်ရောဂါရှင်များ၊ ခုခံအားကျနေသူများကို အထူးဂရုပြု စောင့်ရှောက်ပါ။ လူစုလူဝေးများရာ၊ လေဝင် လေထွက်မကောင်းသော နေရာများတွင် အချိန်ကြာကြာ နေခြင်းရှောင်ပါ။ Mask ခေါ် နှာခေါင်းစည်းများ တပ်ဆင်သွားလာပါ။ အထူးသဖြင့် မိမိတွင် အအေးမိနှာစေးပြီဆိုကတည်းက Mask ကို မဖြစ်မနေတပ်ဆင်ပါ။ Mask ကို စနစ်တကျတပ်ဆင်ရန် လိုပါသည်။ သာမန်သုံး Surgical Mask ထက် N95 ခေါ် Mask ကို လူကြိုက်များကြသည်။ ငါးမိုက်ခရွန်ခန့် အထိသေးငယ်သည့် အမှုန်များကို စစ်ထားနိုင်သဖြင့် ဗိုင်းရပ်စ်ကို ဟန့်တားနိုင်သည်ဟု ယူဆကြပါသည်။ သို့သော် ယင်းသည် အသက်ရှူကျပ် စေသဖြင့် သတိပြုသုံးသင့်သည်။ လိုအပ်မှသာသုံးလျှင် ကောင်းသည်။ မည်သည့် Mask ကို သုံးသည်ဖြစ်စေ သတိပြုရန်များ ရှိသည်။ ကြာရှည်သုံးပါက အာငွေ့ဖြင့် စိုစွတ်လာပြီး ရောဂါပိုး များ ကပ်လာနိုင်ပါသည်။ ထိုအခါ ချက်ချင်းစွန့်ပစ်သင့်သည်။ အကောင်းဆုံးမှာ မှန်မှန် လက်ဆေးခြင်းသာ ဖြစ်သည်။ နှာစေးချောင်းဆိုးလျှင် အဝတ်တစ်ခုခုဖြင့် ကာကွယ်ထားခြင်းကို သတိမလစ် စေဘဲဆောင်ရွက်သင့်သည်။ အခြားသူများထံ မကူးစက်စေရန်ဖြစ်သည်။ အအေးမိ နှာစေးရာမှ အဖျားဝင်၊ ကိုယ်လက် ကိုက်ခဲလာပြီ ဆိုသည်နှင့် ဆရာဝန်များ၊ အနီးဆုံး ကျန်းမာရေးဌာနများသို့ပြသကာ လိုအပ်သလို ဆောင်ရွက်သင့်သည်။ အရေးကြီးသည်မှာ လူတိုင်း တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်သင့်ခြင်း ဖြစ်သည်။
ယခုဖြစ်ပေါ်နေသော နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ကို ပေါ့ဆစွာမနေသင့်ဘဲ သင့်တင့်မျှတသော အသိဖြင့် လက်တွေ့ကာကွယ် ဆောင်ရွက်နိုင်ကြသည်။ ယခု ဖော်ပြခဲ့သော သဘာဝနည်းများ ဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ကြလိမ့်မည် ဟု ယူဆမိပါသည်။ ။
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)