သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့်နမ့်မွန်ကြီးရေတံခွန်
“နှင်းယွန်းခါဟေမာန်၊လေပြန်သွင်းလှုံ့ ညင်းညံညံတိမ်ယံကွန့်ဆိုင်း၊ အို…လေ မျှော်လေတိုင်း မှိုင်းမှုန်ဝေ”ဆောင်းကုန်တော့မည်။
ရာသီကုန်ဆုံး၍ နှုတ်ဆက်သည့်အလား ဟန်ရေးပြနေသည့် မြူခိုးပြာပြာ၊ တောင်ခိုးလဲ့လဲ့၊ ငွေနှင်းဖြူဖြူများက ပြင်စည်မင်းသားကြီး၏ နှင်းယွန်းခါဟေမာန်တောဘွဲ့ ယိုးဒယား သီချင်းထဲကလို အုံ့မှိုင်းဝေဆိုင်းနေသည်။ သည်ရာသီမျိုး ခရီးသွားရသည်က လွန်စွာကြည်နူးစရာ ကောင်း၏။ လမ်းတစ်လျှောက် မြင်တွေ့ရသည့် နှင်းသောက် နံနက်ခင်း အလှများက ကြည်လင်လှပနေသည်။ သွားရမည့်ခရီးက ရှည်လျားသည့်တိုင် တောတောင်သဘာဝ ရှုခင်းအလှများ ကိုတစ်ဝကြီး ကြည့်ရှုခံစားရမည်ဖြစ်၍ အပန်းဖြေခရီးတစ်ခုဟုပင် မှတ်ယူမိသည်။
နေပြည်တော်မှ စထွက်ကတည်းက လှမ်းမြင်နေရသည့် အလှိုင်းလှိုင်းထနေသော တိမ်တိုက်ဖြူဖြူများ၊ တောင်တန်းကြီးများပေါ် ပျောက်တိပျောက်ကျား ဖြာကျနေသည့် နေခြည်တန်းများ၊ မှိုင်းမှိုင်းအုံ့အုံ့ မြင်နေရသော တောအုပ်ကြီးများက လက်ယပ်ကြိုဆိုနေသယောင် ခံစားရသည်။ အီရန်ကဗျာဆရာကြီး "Rumi"က ခရီးသွား ခြင်းနှင့် ပတ်သက်၍ "Travel brings power and love back into your life."ဟု ပြောခဲ့ဖူးသည်။ ခရီးသွားခြင်းသည် ကျွန်တော်တို့အတွက် ချစ်ခြင်းတရားများ၊ စွမ်းအားများကို အမှန်ပင်ဖြည့်စွမ်းပေးခဲ့ပါသည်။
ယခုခရီးစဉ်သည် ယခင်သွားလာခဲ့သည့် ခရီးများနှင့်မတူဘဲ ကွဲပြားမှုရှိသည်။ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် လိုက်ပါ ခွင့်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်ဆိုသည်ကား ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကူးလူးသွားလာခဲ့သည့် ပြည်နယ်တစ်ခု။ မြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်ချစ်ခင်ရသည့်ပြည်နယ်တစ်ခု။ ရှမ်းပြည်နယ်တွင် ပင်လုံဆိုသည့် သမိုင်းထဲက ချစ်စရာမြို့ လေးတစ်မြို့ရှိသည်။ တောတောင် ရေတံခွန် စိမ့်စမ်းစသည့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့်အပြင် ပြဒါးလင်းဂူကဲ့သို့ ကျောက်ခေတ် လူသားများ ကျင်လည်ခဲ့ရာ ရှေးဟောင်းအမွေအနှစ်များလည်းရှိသည်။
ဤသို့ သဘာဝအရင်းအမြစ်များ ပေါကြွယ်နေသည့် ရှမ်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကိုယ်တိုင် ယခုလိုကွင်းဆင်း စီမံ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ခရီးစဉ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့လည်း လိုက်ပါလာခဲ့သည်။
ပေါင်းလောင်းသို့
နေပြည်တော်-ပင်လောင်း ကားလမ်းအတိုင်း ယာဉ်တန်းဖြင့် ထွက်ခွာကြသည်။ ရှမ်းပြည် နယ်ထဲသို့ ဝင်လိုက်သည်နှင့် ရေမြေတောတောင်သဘာဝများ ပြောင်းလဲလာ၏။ အတက် အဆင်း၊ အကွေ့အကောက်ပေါများသည့် လမ်းဖြစ်သဖြင့် တစ်ခါတလေ တောင်ထိပ်ပေါ် ရောက်လိုက်၊ တောင်ခြေကို ဆင်းလိုက်ဖြင့် ရှုခင်းမျိုးစုံ မြင်တွေ့နေရသည်။ ရှမ်းပြည်နယ်ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့ စိတ်ထဲတွင် နေကြာပွင့်ဝါဝါများ၊ မြေနီနီရဲရဲများ၊ တောအုပ် ညိုညိုကြီးများနှင့် တောင်တန်းစိမ်းစိမ်းကြီးများက အလိုလိုပေါ်လာသည်။ ကျွန်တော်တို့ ယာဉ်တန်းအား ကိုးပင်ကွေ့ဆောက်လုပ်ရေးရိပ်သာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးက လာရောက်ကြိုဆိုပြီး ရှမ်းပြည်နယ်၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖော် ဆောင်နိုင်မည့်အခြေအနေကိုရှင်းပြ၏။
“ရှမ်းပြည်နယ်မှာ နမ့်မွန်ကြီးရေတံခွန်သာမက ခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုရှိနိုင်တဲ့ အခြားနေရာတွေ အများကြီးရှိပါတယ်။ အဲဒီလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် NCA မြန်မြန်ထိုးစေချင်ပါတယ်”ဟုလည်းပြောသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာစိတ်အားထက်သန်နေသည်။အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတောင်း ရေတံခွန်နှင့် ဟိုက်ပါရေတံခွန် များ၏ သာယာလှပမှုများကို သဘာဝအခြေခံခရီးသွား လုပ်ငန်းများ မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်မည်ကို မေးမြန်းသည်။ လမ်းပန်းဆက်သွယ်ရေး နှင့် နယ်မြေ လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ဆွေးနွေးသည်။
ကျွန်တော်တို့ယာဉ်တန်းသည် ကိုးပင်ကွေ့ရိပ်သာမှ ပင်လောင်းလမ်းအတိုင်း ဆက်လက် ထွက်ခွာကြရာ လမ်းတစ်လျှောက် လမ်းခင်းလမ်းချဲ့ပြုပြင်နေသည့် စက်ယန္တရားကြီးများ၊ တောင်ကမ်းပါးယံများကို စနစ်တကျ ထိန်းသိမ်းပြုပြင်နေမှုများကို မြင်တွေ့ရသည်။ အမှန် အတိုင်းပြောရလျှင် နေပြည်တော်-ပင်လောင်းလမ်း စတင်ဖွင့်လှစ်လိုက်သည့်အတွက် နေပြည်တော်နှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့၏ လမ်းပန်းဆက်သွယ်ရေး အတော်ပင် ကောင်းမွန်ခဲ့သည်။ မကြာသေးခင်က ကယားပြည်နယ်သို့ ရောက်ရှိချိန်
“လမ်းတွေ ကောင်းသွားတော့ ကျွန်တော်တို့ကယား ပြည်နယ်ကိုလည်း …ခရီးသွားတွေ လာကြ တယ်ဗျ” ဆိုသည့် ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ စကားကို ပြန်ကြားယောင်မိသည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုနေသည်ကိုအားလုံးအသိပင်ဖြစ်သည်။
ပေါင်းလောင်းမြို့အနီးသို့အရောက် ကွေ့အမှတ်(၁)မှ (၁၅) အထိရှိသော မြွေလိမ်မြွေကောက် တောင်ဆင်း လမ်းများကို ဖြတ်ရသည်။ လမ်းကွေ့ရောက်တိုင်း တောင်တန်းများ ဝန်းရံနေသည့် ပေါင်းလောင်းဆည်ရေပြင်နှင့် ကျေးရွာဟောင်းအချို့ကို လှမ်းမြင်နေရသည်။ ယင်းကျေးရွာဟောင်းများမှာ ပေါင်းလောင်းဆည် မတည်ဆောက်မီက ယင်းနေရာများတွင် အခြေချနေ ထိုင်ခဲ့ကြပြီး ရေတံခွန်၊ စိမ့်စမ်းများဖြင့် လွန်စွာလှပ သာယာခဲ့သည့် အနေအထားရှိခဲ့သည်ဟု ထင်သည်။
နမ့်မွန်ကြီးခရီးသွားဒေသဖော်ဆောင်ရေး
ပေါင်းလောင်းမြို့အဝင် ဖိုကုန်းကျေးရွာတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများက လာရောက်ကြိုဆို၍ နမ့်မွန်ကြီး ရေတံခွန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအစီအမံများကို ရှင်းလင်းတင်ပြသည်။ နမ့်မွန်ကြီး ရေတံခွန်သည် ပင်လောင်းမြို့နယ်၊ လိန်းလီသစ်တောကြိုးဝိုင်းအတွင်း ပေါင်းလောင်းမြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိ၏။ နမ့်မွန်ကြီးရေတံခွန်၏ ခရီးသွားလုပ်ငန်းမှာ ရာသီချိန်ခရီးသွားလုပ်ငန်းဖြစ်ပြီး တစ်နှစ်လျှင် ၈ လခန့် ခရီးသွားလာလည်ပတ်နိုင်သည်။ ၂၀၁၇ ခုနှစ်တွင် လူမှုကွန်ရက်ပေါ်ရှိ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ရာမှ ပြည်တွင်းခရီးသွားဧည့်သည်များလာရောက်လည်ပတ်ခဲ့ကြသည်ဟုသိရသည်။
နမ့်မွန်ကြီး ရေတံခွန်မှာ တခြားရေတံခွန်များနှင့် မတူဘဲ ရေပြာရောင်ရေတံခွန်ဖြစ်သည်။ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်မှုအပြည့်ရှိသဖြင့် သဘာဝကို မထိခိုက်သော၊ ရေရှည်ဖွံ့ဖြိုးသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပေါ်လာရေးအတွက် စီမံဆောင်ရွက်နေကြသည်။
ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ UNWTO ၏ ခန့်မှန်းထားသည့် ကိန်းဂဏန်းပမာဏများအရ ၂၀၃၀ တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၈ ဘီလီယံရှိ မည်ဖြစ်ပြီး ၄၇ ရာခိုင်နှုန်းမှာ ထွန်းသစ်စနိုင်ငံများမှ ဖြစ်မည်ဟု သိရသည်။ ထို့ကြောင့်ပင် အာရှတစ်လွှားတွင် သဘာဝအခြေခံသောခရီးသွားလုပ်ငန်းများ အပြိုင်အဆိုင် မြှင့်တင်ကြိုးပမ်းနေကြသည်ကို တွေ့နေရသည်။
နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရေတံခွန်အတွင်း လာရောက်လည်ပတ်သည့် ခရီးသွားများအား အမှိုက်စနစ်တကျ စွန့်ပစ်ရေး၊ ခရီးသွား ဧည့်သည်များအား စနစ်တကျ မှတ်တမ်းယူရေး၊ အများ သုံးအိမ်သာများ ထားရှိပေးရေး၊ ရေတံခွန်၏ အလှအပများ မပျက်စီးစေရေးနှင့် အန္တရာယ်ကင်းစွာ ကြည့်ရှုခံစားနိုင် ရေး၊ လမ်းညွှန်ဆိုင်းဘုတ်များစနစ်တကျထားရှိပေးရေးနှင့်ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်ပေါ်လာစေရေးတို့ကိုဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဆွေးနွေးမှာကြား သည်။
ဆွေးနွေးမှာကြားချက်များအနက် ရပ်ရွာလူထု ပါဝင်သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်စေရေးဆိုသည့်အချက်ကို ကျွန်တော် လွန်စွာစိတ်ဝင်စားမိသည်။ အထူးသဖြင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းကို ထိခိုက်ပျက်ပြားမှုမရှိစေရေးနှင့် ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်ပေါ်ရေးကို ဦးစားပေး စဉ်းစားသည်ဟုထင်သည်။ ငွေအား၊ လူအား၊ စက်စွမ်းအားဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ကုမ္ပဏီများရှိစေကာမူ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံများနှင့် အပြန်အလှန် နားလည်မှုရှိစွာ လုပ်ကိုင်ဆောင်ရွက် ပေးရေးကိုလည်း စဉ်းစားပေးသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ဒေသခံများအပေါ်ထားရှိသည့် အကြီး အကဲတစ်ဦး၏ မေတ္တာတရားနှင့် ကိုယ်ချင်းစာတရားများကို လှစ်ခနဲမြင်လိုက် ရသည်။
ရေတံခွန်ဆီသို့
ရှင်းလင်းတင်ပြချက်များ နားထောင်ပြီးနောက် ဖိုကုန်းကျေးရွာမှ နမ့်မွန်ကြီးရေတံခွန်ရှိရာသို့ သွားရောက်ရန် လှေဆိပ်သို့ဆင်းခဲ့ကြသည်။ ရေတံခွန်သို့ ရောက်ရှိရန် အချိန်တစ်နာရီကျော် စက်လှေစီးရမည်ဟုဆိုသည်။ စက်လှေပေါ်သို့ရောက်ရှိစဉ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဘေးဘယ်ညာမှ တောင်စောင်းများရှိ နီညိုရောင်အပင်ကြီးများကို လက်ညှိုးထိုးပြရင်း…
“သဘာဝအလျောက် ပေါက်နေတဲ့ ပန်းတွေပေါ့ … အလွန်လှတယ်” ဟု ပြောသည်။
ပေါင်းလောင်းဆည်ရေပြင်သည် ပြာလဲ့ကြည်လင်နေပြီး စက်လှေများခုတ်မောင်း၍ ဖြစ်ပေါ်နေသော လှိုင်းကြက်ခွပ်လေးများကြောင့် တစ်ခါတစ်ရံ ငြိမ့်ခနဲနေအောင် လှုပ်ရမ်းခဲ့သည်။ စက်လှေများ ခုတ်မောင်းခြင်းကြောင့် ထွက်ပေါ်နေသည့် လှိုင်းလိပ်ရေပွား များက စိတ်ကို ကြည်လင်စေခဲ့၏။ ဘေးဘယ်ညာ ငေးကြည့်ပါက အချို့ နေရာများတွင် သစ်ပင်ကြီးများ၊ ဝါးပင်များ ပေါက်ရောက် နေသည့် တောင်တန်းများကို တွေ့ရသလို အချို့နေရာများတွင် ဆင်ကြီးတစ်ကောင် ဝပ်ဆင်း နေသဏ္ဌာန်ဖြစ်နေသော တောင်တန်း ကြီးများကိုလည်းတွေ့ရသည်။
ပေါင်းလောင်းချောင်းအတွင်း စက်လှေစီးနေသည့် တစ်ခဏ တရုတ်နိုင်ငံ လီမြစ်အတွင်း သင်္ဘောစီး၍ ခရီးသွားလာခဲ့ရသည်များကို သတိရမိသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်က တရုတ်နိုင်ငံတောင်ပိုင်းမှ ကွေ့လင်မြို့ကို သင်္ဘောစီး၍ သွားဖူးသည်။ လီမြစ်ဆိုသည်မှာ အလွန် သာယာလှပပြီး တောတောင်သဘာဝအလှများဖြင့် ကမ္ဘာ လှည့်ခရီးသွားများကို ဆွဲဆောင်မှုရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ လီမြစ်အတွင်း တင်ကျီးငှက်ဖြင့် ငါးဖမ်းပြနေ သည့် ဒေသခံများနှင့် ယွမ်ငွေ ၂၀ ပေါ်တွင် ပုံနှိပ်ဖော်ပြထားသည့် တောင်တန်းကြီးများက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စေခဲ့သည်။
ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ကျွန်တော်တို့သိနားလည်ထားကြသည်မှာ ခရီးသွားလုပ်ငန်း တိုးတက်စေလိုလျှင် ကွဲပြားခြားနားသောရှုထောင့်စုံမှ လေ့လာဆောင်ရွက် ရမည့်အချက် ပင်ဖြစ် သည်။ ခရီးသွားဒေသ တစ်ခု ဖော်ဆောင်မည်ဆိုပါက ပထဝီဆိုင်ရာရှုထောင့် (Geographical Perspective)၊ လူမှုဗေဒဆိုင်ရာရှုထောင့် (Sociological Perspective)၊ သမိုင်းဆိုင်ရာရှုထောင့် (Historical Perspective)၊ စီမံခန့်ခွဲမှုဆိုင်ရာရှုထောင့် (Managerial Perspective)နှင့် စီးပွားရေးဆိုင်ရာရှုထောင့် (Economic Perspective) တို့ကို ကြည့်ရှုဆောင်ရွက်တတ် ရမည်ဟု ထင်သည်။
ပထဝီဆိုင်ရာရှုထောင့်အဖြစ် ကြည့်ပါက ခရီးသွား လုပ်ငန်းဖော်ဆောင်မည့် ဒေသ၏ ရာသီဥတု၊ သဘာဝ ပတ်ဝန်းကျင်အနေအထား၊ တောတောင်ရေမြေ ရှုခင်း ရှုကွက်တို့ကို ထည့်သွင်းစဉ်းစားရမည်။ ထိုနည်းတူ လူမှုဗေဒဆိုင်ရာရှုထောင့်တွင် ခရီးသွားဧည့်သည်များနှင့် ကွဲပြားခြားနားနေသော ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ အပြုအမူနှင့် အမူအကျင့်များ၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာ အစားအစာများနှင့် အဝတ်အထည် အသုံးအဆောင် များသည် ဆွဲဆောင်မှုဖြစ်ပေါ်စေသဖြင့် ထည့်သွင်းစဉ်းစားရသည်။ထို့ပြင် သမိုင်းဆိုင်ရာ ရှုထောင့် အနေ ဖြင့် ရှားပါးသော သမိုင်းအမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံများ၊ ဖြစ်စဉ်ဖြစ်ရပ်များသည် ခရီးသွားလုပ်ငန်းအတွက် အကျိုး သက်ရောက်မှု ရှိစေမည်ဖြစ်သည်။
အရေးကြီးဆုံး ရှုထောင့်နှစ်ခုမှာ စီမံခန့်ခွဲမှုဆိုင်ရာရှုထောင့်နှင့် စီးပွားရေးဆိုင်ရာရှုထောင့်ပင် ဖြစ်သည်။ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ စဉ်းစားရာတွင် ခရီးသွား များလည်ပတ်ရန် အစီအစဉ်များ ရေးဆွဲခြင်း၊ ဈေးနှုန်းများ အဆမတန်ကြီးမားမှု မရှိစေရန် ကွပ်ကဲထိန်းချုပ်ထားခြင်း၊ သုတေသနပြုလုပ်၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ အရည်အသွေးမီသော ဝန်ဆောင်မှု များပေးခြင်း၊ လုံခြုံမှုနှင့် ကျန်းမာရေး အကာအကွယ် များပေးခြင်း စသည်တို့ကို ဆောင်ရွက်ရမည်။ စီးပွားရေး ဆိုင်ရာရှုထောင့်တွင် နိုင်ငံခြားငွေလဲလှယ်ပေးသည့် စနစ်၊ တစ်ဦးချင်းနှင့် စုပေါင်းဝင်ငွေရရှိမှု၊ အလုပ်အကိုင် ရှာဖွေ ပေးနိုင်မှုနှင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိနိုင်မှု၊ ဒေသ ထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်မှုစသည်တို့ကို စဉ်းစားဆောင်ရွက်ရမည်။
ယခုနမ့်မွန်ကြီးရေတံခွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အသေးစိတ် ဆောင်ရွက် ရမည့်လုပ်ငန်းများကို ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကိုယ်တိုင် ဆွေးနွေးမှာကြားနေသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း အားတက်သရော ဝိုင်းဝန်းဆွေးနွေး နေကြသည် ကို တွေ့မြင်နေရသည်မှာ လွန်စွာအားရဖွယ် ကောင်းလှသည်။
“ဒီဒေသမှာ အဓိက ထုတ်လို့ရတာက ဝါးပဲ။ ဝါးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ထုတ်လုပ်ပြီးရောင်းဖို့ စီစဉ်သင့် ပါတယ်… လိုအပ်နေတဲ့ သင်တန်းတွေပေးနိုင်အောင် စီစဉ်ပါ့မယ်” ဟု ပြည်နယ်ဝန်ကြီးတစ်ဦး၏ ပြောစကားကို ကြားနေရသည်။ သူတို့ပြောသည့်စကားများတွင် ဒေသခံ များအပေါ် သူတို့၏မေတ္တာစေတနာများ စီးမျော သက်ဝင် နေသည်ကို တွေ့ရ၊ မြင်ရ၊ ကြားရသဖြင့် ဝမ်းမြောက် မိသည်။
၁ နာရီ ၁၅ မိနစ်ခန့်ကြာ စက်လှေစီးပြီးနောက် နမ့်မွန်ကြီးရေတံခွန်သို့ ရောက်ရှိသည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရေတံခွန်သို့လာရောက်လည်ပတ် သည့် ဧည့်သည်များကို နှုတ်ဆက်ရင်း အတူတကွ ဓာတ်ပုံ ရိုက်နေသည်။
ကျောက်လွှာ အထပ်ထပ်ပေါ်မှ စီးဆင်းကျဆင်းနေ သည့် ရေတံခွန်ကြီးက ကျွန်တော်တို့အတွက် ကြည့်မဝ ရှုမဝဖြစ်နေရသည်။ အခြားရေတံခွန်များနှင့်မတူဘဲ ရေများစိမ်းလဲ့ ကြည်လင် နေသည်ကလည်း ထူးခြားသည်။ ဤကဲ့သို့ သာယာလှပသည့် ရေတံခွန်များ မြန်မာနိုင်ငံတွင် များစွာရှိနေသည်။ အချို့မှာ သွားလာရေး လွယ်ကူပြီး၊ အချို့မှာ သွားလာရေး ခက်ခဲသည်။ အချို့မှာ ငြိမ်းချမ်း၍ အချို့မှာ မငြိမ်းချမ်းသော ဒေသများတွင်တည်ရှိနေ၏။ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့သည် နယ်မြေဒေသ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် အချိုးညီညီ ဆက်စပ်ဖြစ်ပေါ် နေသည်ကို နားလည်မိသည်။
ငြိမ်းချမ်းမှုနှင့်သာယာလှပမှု
အပြန်ခရီးက သွက်လက်နေသည်။ တရိပ်ရိပ်ပြေး နေသည့် ရှုခင်းမြင်ကွင်းများနှင့်အတူ အေးငြိမ့်ငြိမ့် စမ်းရေ စီးသံများပါ ကြားနေသည်။ ရှမ်းပြည်နယ်အတွင်းရှိ သာယာလှပသော အခြားရေတံခွန်ကြီးများ၊ တောတောင် သဘာဝရှုခင်းကြီးများကိုလည်း အတွေးဖြင့် မြင်ယောင်နေသည်။
ကျွန်တော်၏နားထဲတွင် ပြည်နယ်ဝန်ကြီးတစ်ဦး၏ "NCA မြန်မြန်ထိုးစေချင်တယ်" ဆိုသည့်စကားကို အထပ်ထပ် ကြားနေမိသည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အခြေခံလိုအပ်ချက်မှာ ငြိမ်းချမ်းတည်ငြိမ်ဖို့ပင်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင်အဖွဲ့များရှိသည်။ အတွေးအမြင်အမျိုးမျိုး၊ အယူဝါဒအမျိုးမျိုး ကြောင့် သာ လက်နက်စွဲကိုင်နေကြသည်။ ဤလက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြေ ဒေသမဖွံ့ဖြိုး မတိုးတက်ရုံသာမက ပြည်သူများ ကျီးလန့် စာစားဘဝဖြင့်သာ ကျင်လည်နေရသည်ကိုလည်း တွေ့ မြင်နေရသည်။ သဘာဝတရားက သာယာလှပမှုများ ဖန်ဆင်းပေးထား သော်လည်း အကျည်းတန်အရုပ်ဆိုးသော ဘဝများသာ ပိုင်ဆိုင်နေကြရသည်။ တစ်နည်းအားဖြင့် လှေပေါက် ကြီးဖြင့် ခရီးသွားနေရသလို မည်သည့်အချိန်တွင် လှေမှောက်မည်၊ လှေမြုပ်မည်ကို စိုးတစ်ထင့်ထင့်ဖြင့် ဖြတ်သန်းနေကြရသည်။ မိမိဒေသ၊ မိမိတို့အနာဂတ် အတွက် မရေမရာ ရုန်းကန် နေကြရသည်ကို စိတ်မကောင်း ဖွယ်တွေ့မြင်နေရသည်။
ကျွန်တော့်ရင်ထဲတွင် သဘာဝအရင်းအမြစ် ပေါ ကြွယ်ဝသည့် ရှမ်းပြည်နယ်ကြီးအပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးစေချင်သည်။ သဘာဝခရီးသွား လုပ်ငန်းသာမက ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေချင် သည်။ ဤမျှော်လင့်ချက်များအတွက် သော့ချက်သည် ငြိမ်းချမ်းရေး ပင်ဖြစ် သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက NCA သဘောတူစာချုပ်ကို အမြန် လက်မှတ် ရေးထိုးပြီး မိမိတို့နိုင်ငံ၏ အလှအား ကမ္ဘာကို လှစ်ဟပြစေလိုသည်။
စိတ်ကူးတို့ဖြင့် စီးနင်းလာသော ယာဉ်တန်း သည် ရှမ်းတောင်တန်းကြီးများကို ကျော်လွှားကာ တစ်ရိပ်ရိပ် ပြေးဆင်းနေသည်။ ဟိုးအဝေးက လှမ်းမြင်နေရသည့် စိမ်းညို့ညို့ တောင်တန်း ကြီးများသည် တဖြည်းဖြည်း ကျန်ရစ်ခဲ့လေပြီ။ ယင်းတောင်တန်းကြီးများနေရာတွင် ဟိုတစ်ကွက်သည်တကွက် ဖြစ်နေသော မြေကွက်နီနီ များကိုလှမ်းမြင်ရသည်။ တောတောင်များ လွန်ပြီး လူ့ရပ်လူ့ရွာနှင့် နီးစပ်လာသည်ဟု မှတ်ယူရသည်။ တချို့နေရာ များတွင် အိမ်စုကလေး များ၊ တချို့နေရာများတွင် စိုက်ခင်း ပျိုးခင်းများကိုလည်း တွေ့နေရသည်။ ထိုအခိုက် ကျွန်တော့် နားထဲတွင် ကိုနေဝင်း၏ သီချင်းတစ်ပိုင်းတစ်စ ကြားနေရသည်။
“ရိုးမတောင်ခြေနေရောင်မခတဲ့တောင်တွေ…ငြိမ်းချမ်းစေ…”
ကျွန်တော်တို့ ယာဉ်တန်းသည် အစိမ်းရောင် တောင်တန်းကြီးများကို ကျောခိုင်းကာ အဝါရောင် လွင်ပြင်ကြီးများဆီသို့ တရွေ့ရွေ့ပြေးလျက် ရှိလေသည်။
အေးကြွယ်