Skip to main content

ရှေးမြန်မာ့လက်မှုပစ္စည်းများ (ထီး၊ ယွန်းထည်၊ လှည်း၊ လှေ၊ သင်္ဘော)

ရှေးခေတ်မြန်မာ့ထီးလုပ်ငန်း

ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်တို့တွင် မြန်မာ့ထီးလုပ်ငန်းသည်လည်း စည်ပင်ထွန်း ကားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရှေးခေတ်အခါက ထီးလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းငယ်အဖြစ် လုပ်ခဲ့ကြသည်။ သီပေါမင်းလက်ထက်တွင် နေပြည်တော် ဝန်းကျင်ရှိ မြို့ရွာများက တစ်နှစ်လျှင် ထီးမျိုးစုံ တစ်သောင်းခန့် ထုတ်လုပ်ရောင်းချခဲ့ပြီး ထီးတစ်လက်လျှင် တစ်ကျပ်ခန့် ဈေးရှိခဲ့သည်။ ရှမ်းပြည်မှထွက်သော ရှမ်းသီးများက ပို၍ဈေးရပြီး တစ်နှစ်လျှင် ရှမ်းပြည်မှ ရှမ်းထီ ၆၀၀၀ ခန့်ကို ထုတ်လုပ် ရောင်းချခဲ့သည်။ ထီးဆယ်လက်လျှင် ၃၅ ကျပ်ခန့်ဈေးရှိသည်။ ဝင်ငွေမနည်းလှသော အိမ်တွင်းစီးပွားရေး လက်မှုလုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။

မြန်မာမင်းများလက်ထက်က ထီးသည် မင်းစိုးရာဇာ၊ သူဌေးသူကြွယ်နှင့် ရဟန်းတော်များ၏ အသုံးအဆောင်သာ ဖြစ်ခဲ့သည်။ သာမန်အရပ်သူ အရပ်သားများနှင့် တောသူတောင်သားတို့မှာ မိမိတို့ကိုယ်တိုင်ရက်လုပ်သော ခမောက်များ ကိုသာ အားထား ခဲ့ကြရသည်။ မြန်မာတောင်သူလယ်သမားများသည် ကြိမ်းဝါးတို့ကို ကျင်လည်စွာ ကိုင်တွယ် တတ်ကြသည်။ လယ်ယာလုပ်ငန်း ရပ်နားချိန်များတွင် အိမ်သုံးအတွက် ခမောက်၊ ဆန်ကော၊ ဆန်ခါ၊ တောင်း၊ ပလုံးနှင့် ဖျာများကို ရက်လုပ်ခဲ့ကြသည်။ စပါး ကြိတ်၊ ဆန်ဖွပ်၊ မောင်းထောင်း၊ ရက်ကန်းရက်သော လုပ်ငန်းကဲ့သို့ပင် အိမ်တိုင်းလုပ်ဆောင်ရသော အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သည်။ နောက်ပိုင်းတွင် ခမောက်၊ ဆန်ကော၊ ဆန်ခါးတောင်း၊ ပလုံးနှင့်ဖျာများရက်လုပ်သော လက်မှုလုပ်ငန်းသည် အိမ်တွင်းသုံးမျှသာ မဟုတ်တော့ဘဲ တစ်ရွာမှတစ်ရွာသို့၊ တစ်နယ်မှတစ်နယ်သို့တင်ပို့ရောင်းချ ရန် လုပ်ဆောင်လာသဖြင့် စီးပွားရေးလုပ်ငန်း တစ်ရပ် ဖြစ်လာတော့သည်။ သုံးကုန်ထုတ်လုပ်ရေး လက်မှု လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။

ယွန်းထည်လုပ်ငန်း

ထို့ပြင် ယွန်းအုပ်၊ ယွန်းခွက်၊ ဗျတ်၊ ဒေါင်းလန်း၊ ဖိနပ် စသည်တို့ထုတ်လုပ်သော အိမ်တွင်းလက်မှုလုပ်ငန်းများလည်း ရှိခဲ့သည်။ အိမ်သုံးနှင့် လုပ်ငန်းခွင်သုံးအတွက် လျှော်နှင့်အုန်းဆံတို့ကို အသုံးပြုကာ ကြိုးများကျစ်ခြင်း၊ လျှော်ကြိုး များဖြင့် ငါးဖမ်းရန် ပိုက်ကွန်စသည့် ကုန်ထုတ် ကိရိယာများ ထုတ်လုပ်ခြင်းစသော အိမ်တွင်း လက်မှု လုပ်ငန်းများလည်း ရှိခဲ့သည်။

မြန်မာမင်းများလက်ထက် တစ်နေရာတစ်နေရာသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်၊ ကူးသန်းရောင်းဝယ်ရန်နှင့် သွားလာရန် တို့အတွက် ပခုံးထမ်း၊ နွားဝန်တင်လားဝန်တင်၊ လှည်း၊ လှေများကို အသုံးပြုခဲ့ကြသည်။ တောတောင် ထူထပ်ပြီး ကြမ်းတမ်းသော လမ်းခရီးများတွင် နွားဝန်တင်၊ လားဝန်တင်များကိုသုံး၍ မြေပြန့်ဒေသများတွင် ပခုံးထမ်းဖြင့်လည်းကောင်း လှည်းများဖြင့်လည်း ကျောင်းသယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။ ထို့ကြောင့်ပင် လှည်းလုပ်သော လက်သမားပညာ ရပ်နှင့်လုပ်ငန်းမှာ အရေးပါခဲ့သည်။

လှည်းနှင့် လှည်းယဉ်များ

စိုက်ပျိုးသီးနှံများကို ရိတ်သိမ်းပြီးနောက် သယ်ယူရန်အတွက်နှင့် သစ်ဝါးများခုတ်ပြီး သယ်ယူရန်အတွက် လှည်းတစ်ခု တည်းကိုသာ အားထားခဲ့ကြသည်။ ထိုလုပ် ငန်းခွင်သုံးလှည်းများမှာ လှည်းကြမ်းများဖြစ်ကြသည်။ အိမ်တိုင်းလိုလို၌ လှည်းရှိရန် လိုမည်ဖြစ်သော်လည်းလှည်းကို ကိုယ်တိုင်လုပ်နိုင်သည်မဟုတ်၍ လှည်းလုပ်တတ်သူထံမှ ဝယ်ယူကြရသလို လှည်းဘီးများ ကိုလည်း ဝယ်ယူကြရသည်။ ကျေးလက်တောရွာများ၌ အမျိုးသားတိုင်းလိုလိုပင် အကြမ်းစား ခုတ်ထစ် တပ်ဆင်ရုံမျှသော လက်သမားအတတ်ကို တတ်မြောက်ကြသည်။ ထို့ကြောင့်ပင် များသောအားဖြင့် အိမ်သုံး လုပ်ငန်းခွင်သုံး လှည်းကြမ်းများကို အိမ်နီးချင်းများ၏ အကူအညီဖြင့် တည်ဆောက်ကြလေ့ရှိသည်။

မြို့ပေါ်သုံးနှင့် အလှသုံး လှည်းယာဉ်ကျော့ကျော့များကိုမူ လုပ်ငန်းကျွမ်းကျင်သူများကသာ ထုတ်လုပ်နိုင်ကြ သည်။ အလှူ အတန်းနှင့် ပွဲလမ်းသဘင်ရှိသည့်အခါများတွင် တစ်ရွာမှတစ်ရွာသို့ လှည်းများဖြင့် စုပေါင်းသွားလာကြသဖြင့် လှည်းများဝိုင်းဖွဲ့ကာ စခန်းချရပ်နားကြသည်ကို ကျေးလက်တောရွာများ၌ ယခုထိတိုင် တွေ့မြင်နိုင်သေးသည်။ လှည်းသည် မြန်မာတောင်သူ လယ်သမားတို့၏ စီးပွားဖက်ကုန်ထုတ်ပစ္စည်းပင် ဖြစ်သည်။ မြန်မာမင်းများလက်ထက် တွင် သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သော လှည်းပြုလုပ်သည့်လုပ်ငန်းမှာ အရေးပါလှသော လက်မှုလုပ်ငန်းတစ်ရပ် ဖြစ်သည်။

ရေလမ်းခရီးနှင့် လှေများ

ပင်လယ်ကမ်းစပ်နှင့် မြစ်နီးချောင်းနား နေသူများအတွက်မူ လှေသည် အရေးကြီးသော ပို့ဆောင်ရေး ရေယာဉ်ဖြစ်သည်။ တစ်ဖက် ကမ်းမှ အခြားတစ်ဖက်ကမ်းဆီသို့ တစ်နေရာမှ အခြားတစ်နေရာဆီသို့ သွားလာရန်။ ကုန်ပစ္စည်းများ သယ်ယူတင်ပို့ရန်၊ ငါးဖမ်း သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် အသုံးပြုရန်အတွက် လှေကြီးလှေငယ်များရှိရန် လိုအပ်သည်။

အရှေ့တောင်အာရှဒေသတွင် သစ်လုံးထွင်းလှေကို ကျောက်ခေတ်သစ်အတွင်း လွန်ခဲ့သောနှစ်ပေါင်း ၇၀၀၀ ကျော် လောက်ကပင် အသုံးပြုနေကြပြီဖြစ်သည်။ ပင်လယ်သွားဗောတဲ့လှေကို လွန်ခဲ့သောနှစ် ၆၀၀၀ ခန့်က အသုံးပြုတတ်ခဲ့ ကြသည်။ အရှေ့တောင် အာရှဒေသများမှ မြောက်ဘက်ရှိ ဂျပန်ကျွန်းအထိ ပင်လယ်ခရီးသွားခဲ့ကြသည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။ အရှေ့တောင်အာရှမှ ဓလေ့များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က အနောက်ဘက်ရှိ မာဒါဂါစကာကျွန်းအထိ ပျံ့နှံ့သွားကာ မြေထဲပင်လယ်ဝန်းကျင် ဒေသများနှင့် အဆက်အသွယ် ရခဲ့ကြသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၌လည်း မြစ်နီးချောင်းနားတွင်နေထိုင်ပြီး ရေလမ်းခရီးကိုသာ အသုံးပြုသူများသည် ရှေးအစောပိုင်းကာလ တွင် သစ်ပင် ကိုခုတ်လှဲ၍ ဓား၊ ပဲကွပ်ဆောက် စသည်တို့ဖြင့် အခေါင်းထွင်းထားသော သစ်လုံးထွင်းလှေများကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် လုပ်ငန်းကျွမ်းကျင်မှုက တစ်စတစ်စ တိုးတက်လာသောအခါ လုံးထွင်း လှေဝမ်းကို မီးဖြင့်ဖြန့်၍စပ်တင်ကာ ဝန်ပိုတင်နိုင် သော လှေကြီးများကို တည်ဆောက်ခဲ့ကြသည်။

မြန်မာ့သမိုင်းမှ စစ်လှေတပ်များ

မြန်မာမင်းများလက်ထက်က လှေကြီးလှေငယ်များသည် အရပ်သုံးနှင့် လုပ်ငန်းခွင်သုံးမျှသာမကဘဲ စစ်သုံးအတွက် လည်း အရေးပါခဲ့သည်။ ထို့ကြောင့်ပင် လှေလုပ်ငန်းမှာ စီးပွားဖြစ်လက်မှုလုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။ သာမန် လှေငယ်များမှသည် ရှစ်တန်ကျော်တင် ဆောင်နိုင်သော သမွန်ကြီးများ၊ စပ်လှေချုပ်လှေ၊ ကတ္တုလှေ၊ ပိန်းကောစသော ကုန်သည်လှေကြီးများ၊ သားလှေ ငှက်လှေ၊ ရဲလှေ၊ လွန်းကြင်လှေစသည်တို့နှင့် ရဲမက် ၁၀၀ မှ ၁၅၀ ကျော်တင်ဆောင်နိုင်သော စစ်လှေကြီးများကိုပါ ရှေးမြန်မာတို့ တည်ဆောက်နိုင်ခဲ့ကြသည်။

တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က စစ်ချီရာ၌လည်းကောင်း၊ အလောင်းမင်းတရားလက်ထက်က ဟံသာဝတီကို တိုက်ခိုက်သိမ်း သွင်းရာ ၌လည်းကောင်း လှေတပ်များ ပါဝင်ခဲ့သည်။ မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများသည် စစ်လှေကြီးများကို တည်ဆောက် ဆက်သွင်းရကာ ရွာသားများက လှေအမှုထမ်းများ ဖြစ်ကြရသည်။ ကုန်းဘောင် ခေတ်လယ် ဗဒုံမင်းလက်ထက်တွင် ပေ ၈၀ မှ ၁၀၀ ကျော်အထိရှည်၍ ၈ ပေခန့်ကျယ်ဝန်းသော စစ်လှေ ကြီးများရှိခဲ့ပြီး လူ ၅ဝကျော်တို့က လှော်ခတ်ကြရသည်။ ချင်းတွင်းမြစ် အောက်ပိုင်းရှိ ကျောက်မျက်နှင့် အနီးဝန်းကျင် ကျေးရွာများ သည်လည်းကောင်း၊ ရွှေဘိုသစ်ဆိမ့်ကြီး ကျေးရွာမှလည်းကောင်း စစ်လှေကြီးတစ်စင်းစီ ဆက်သရပြီး လှေအမှုထမ်း ကြရသည်။ အောက်မြန်မာနိုင်ငံတွင်လည်း ဟင်္သာတ၊ သာရဝေါ၊ သန်လျင်၊ ဒလစသည်တို့မှာ စစ်လှေကြီးများနှင့် လှေအမှုထမ်းများထွက်ရာ ဒေသများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော ရေလမ်းခရီးမှာ ဧရာဝတီမြစ် ကြီးဖြစ်သည်။ အောက်မြန်မာနိုင်ငံမှ ငါးပိ၊ ငါးခြောက်၊ ဆားစသောထွက်ကုန်များကို အထက်အညာ ဒေသသို့တင်ပို့ရန်နှင့် အညာဒေသထွက်ကုန်များကို မြန်မာနိုင်ငံအောက်ပိုင်းရှိ မြို့ရွာများသို့ ပို့ဆောင်ရန် ကုန်တင် လှေကြီးများ၊ ပိန်းကောကြီးများသည် ၁၇ ရာစု အလယ်ခန့်ကပင် ဧရာဝတီမြစ်ရိုးတစ်လျှောက် စုန်ဆန်ကူးသန်းလျက် ရှိနေခဲ့ကြသည်။

ဝန်ကြီးပဒေသရာဇာ၏ ပိန်းကောရှင်နှင့် ကုန်တင်လှေကြီးတျာချင်းများက အထင်အရှား သက်သေခံလျက်ရှိ သည်။ ၁၉ ရာစု အလယ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သော ကရောဖွတ်က ပခုက္ကူ ဆိပ်ကမ်းတွင် ကုန်တင်လှေကြီးငယ်ပေါင်း ၁၅၀ ခန့် ဆိုက်ကပ်လျက်ရှိသည်ကို မြင်တွေ့ရကြောင်း၊ ယင်းတို့အနက် အကြီးဆုံး ၂၁ စင်းမှာ မြန်မာကုန်သည် ကြီးများ၏ ကုန်တင်လှေ ကြီးများ ဖြစ်ကြောင်း သူ၏မှတ်တမ်းတွင် ရေးသားထားခဲ့သည်။

မြစ်တွင်းသွား ကုန်တင်လှေကြီးများသည် လူအားထက် လေအဟုန်ကို ပို၍ အားထားအသုံးပြုသော ရွက်လှေကြီးများ ဖြစ်ကြ သည်။ စင်စစ်အားဖြင့် ဟံသာဝတီ ဘုရင့်နောင်ခေတ်ကတည်းက အင်းဝကိုဗဟိုပြုသော မြောက်ပိုင်းမှ ကုန်သည်များနှင့် မြစ်ဝ ကျွန်းပေါ်မှ ကုန်သည်များသည် ဟံသာဝတီ၊ ဒလ၊ သန်လျင်၊ မုတ္တမ၊ တနင်္သာရီ စသော ဆိပ်ကမ်းမြို့များတွင် လှေကြီးလှေ ငယ်များဖြင့် လာရောက်ရောင်းဝယ်ဖောက်ကားလျက် ရှိနေခဲ့ကြပြီဖြစ်သည်။ မြစ်ဝကျွန်းပေါ် ဒေသရှိမြို့ရွာများသည်လည်း ကူးသန်းသွားလာရေးနှင့် ရောင်းဝယ်ဖောက်ကားရေးအတွက် လှေကြီးလှေငယ် အမျိုးမျိုးကို အသုံးပြု ကြရသည်ဖြစ်၍ လှေလုပ်၊ လှေစပ်၊ လှေဆောက်သောလုပ်ငန်းမှာ များစွာ တွင်ကျယ်ခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

ကျွန်းသစ်ဖြင့် သင်္ဘောတည်ဆောက်မှု

ဥရောပနိုင်ငံများမှ ကုန်သည်များနှင့် စွန့်စားသွားလာ သူများသည် ၁၅ ရာစုအကုန် ၁၆ ရာစု၏ အဦးအစကပင် မြန်မာနိုင်ငံရှိ ပဲခူး၊ မုတ္တမ၊ သန်လျင်တို့သို့ ဝင်ထွက်သွား လာလျက်ရှိနေကြပြီဖြစ်သည်။ ဤသည်တို့ကို အကြောင်း ပြု၍ မြန်မာ့ကျွန်းသစ်ဖြင့် သင်္ဘော တည်ဆောက်မှုက ထွန်းကားထင်ရှားလာခဲ့သည်။ အေဒီ ၁၈၀၀ ခန့်တွင် မြန်မာတို့၏ သင်္ဘောတည်ဆောက်သောလုပ်ငန်းမှာ ခိုင်မာစွာတည်ရှိနေခဲ့သည်။

ရှေးမြန်မာမင်းများသည် နိုင်ငံတော်အတွင်းမှ ထွက်ရှိသော ရွှေငွေ၊ ကျောက်သံပတ္တမြားနှင့် ကျွန်းသစ်များကို ပြည်ပသို့ ထုတ်ယူခွင့် မပြုခဲ့ကြပေ။ ထို့ကြောင့်ပင် နိုင်ငံခြားသားကုန်သည်များက အပြန်ခရီးတွင် ကျွန်းသစ်ဖြင့် တည်ဆောက် အပ်သော မြန်မာ့ လက်ရာသင်္ဘောများကို ဝယ်ယူသယ်ဆောင်သွားခဲ့ကြသည်။ သန်လျင်နှင့် ရန်ကုန်ဆိပ်ကမ်းတွင် မြန်မာလက်သမားများ တည်ဆောက်သော သင်္ဘောများက ဂင်္ဂါမြစ်ဝ သို့မဟုတ် ဘုံဘေတွင် တည်ဆောက်သည့် သင်္ဘောများထက် လက်ရာပြောင် မြောက်ကာ ကောင်းမွန်သေသပ်သည်ဟု နိုင်ငံခြားသားမှတ်တမ်းများက ဖော်ပြခဲ့သည်။

ထိုစဉ်က သင်္ဘောအများစုကို သန်လျင်ဆိပ်ကမ်း၌ တည်ဆောက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ရန်ကုန် ဆိပ်ကမ်းရှိ သင်္ဘော တည်ဆောက်သည့် လုပ်ငန်းများက ပိုမိုထင်ရှားလာခဲ့သည်။ ပြည်မြို့အနီးတွင်လည်း သင်္ဘောတည်ဆောက် သည့်လုပ်ငန်းရှိခဲ့ သည်ဟု ဆိုကြသည်။ သင်္ဘောတည်ဆောက်သော လက်သမားများမှာ မြန်မာတိုင်းရင်းသားများ သာဖြစ်ကြကာ နည်းပညာကို ပြင်သစ်တို့ထံမှ ရခဲ့သည်ဟု ဆိုသည်။ ၁၇ ရာစု အတွင်းက သန်လျင်တွင် ပြင်သစ်တို့၏ ရောင်းဝယ်ရေးနှင့် သင်္ဘော တည်ဆောက် ရေးစခန်း ရှိခဲ့သည်။

ဗဒုံမင်းလက်ထက်၁၇၉၅ခုနှစ်တွင် ဗြိတိသျှကိုယ်စားလှယ် ဆိုင်း(မ်)(စ်)လာရောက်စဉ်က ရန်ကုန်သင်္ဘောကျင်းတွင် တန် ၈၀ဝ မှ တန် ၁ဝဝဝရှိ သင်္ဘောကြီးများ တည်ဆောက်နေသည်ကို တွေ့ခဲ့ရကြောင်း သူ၏မှတ်တမ်းတွင် ဖော်ပြထားသည်။ လက်ရာ အလွန်ပြောင်မြောက်ပြီး သေသပ် ကောင်းမွန်သည်ဟုလည်း ချီးကျူးစကားဆိုထားသည်။ ပြင်သစ် မှတ်တမ်းများကလည်း ရန်ကုန်တွင် သင်္ဘောအများအပြား တည်ဆောက်ခဲ့ကြောင်း၊ တန် ၁၅၀၀ သင်္ဘောကြီးအထိ အရွယ်အစားအမျိုးမျိုး တည် ဆောက်ခဲ့ ကြောင်း ဖော်ပြခဲ့သည်။

မြန်မာ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် ၊ အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးသည့် အချိန်တွင်လည်း ဆက် လက် ရှင်သန်လျက် ရှိနေခဲ့သည်။ ဗြိတိသျှတို့ လက်အောက်ကျရောက်ပြီးနောက် ၁၈၃၄ ခုနှစ်မှ ၁၈၇၇ ခုနှစ်များ အတွင်း မော်လမြိုင်ဆိပ်ကမ်းမှ ကျွန်းသားသင်္ဘော ၁၄၆ စင်း တည်ဆောက်ခဲ့သေးသည်။ စတီးဘရားသား ကုမ္ပဏီ၏ မှတ်တမ်းများ ကလည်း ၁၈၅၀ ပြည့်နှစ်ဝန်းကျင်က တန် ၁၀၀၀ ကျော် သင်္ဘောကြီးများ တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ကပ္ပတိန် ဖော့(စ်)ကလည်း မြန်မာတို့၏ လှေသင်္ဘောတည်ဆောက်သည့် လုပ်ငန်းကျွမ်းကျင်ပုံ၊ လက်စွမ်း ထက်ပုံ၊ လက်ရာကောင်းပုံကို ချီးကျူးလျက် မြန်မာတို့သည် လုံးထွင်းလှေငယ်မှစ၍ ပေ ၆၀ ကျော်ရှည်သော ရှစ်တန်လှေကြီးများအထိ ဆောက်လုပ်နိုင်ကြ သည်ဟု ၁၈၇၈ ခုနှစ်က မှတ်တမ်းတင်ထားခဲ့သည်။

မြန်မာ့လှေလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်သည့်လုပ်ငန်းမှာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့တိုင် ပျံ့နှံ့ကျော်စော ထင်ရှားခဲ့သည်။ မြန်မာမင်းများလက်ထက် တစ်လျှောက်တွင် လှေ၊ သင်္ဘော တည်ဆောက်သည့် လုပ်ငန်းများသည် စားဝတ်နေရေး ဆိုင်ရာ ပြဿနာတို့ကို ဖြေရှင်းပေးနိုင်သော စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ် ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းမျှသာမက နိုင်ငံတော် ကာကွယ်ရေးနှင့် စစ်ရေး လိုအပ်ချက်ကိုပါ တာဝန်ယူ ဖြည့်ဆည်းပေးခဲ့သော လုပ်ငန်းကြီးလည်းဖြစ်ပေသည်။ ထိုမျှ အရေးပါ လှသော လက်မှုလုပ်ငန်းကြီးသည် ၁၉ ရာစုနောက်ပိုင်းတွင် သံထည်သင်္ဘောများ၊ မီးသင်္ဘောများ ပေါ်ထွန်းလာသည့် အချိန်တွင် မှေးမှိန်တိမ်ကောသွားခဲ့သည်။ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း မှေးမှိန်တိမ်ကောသွားသော်လည်း မြစ်ချောင်းများအနီးနှင့် ပင်လယ်ကမ်းခြေတွင် နေထိုင်သူ ပြည်သူတို့အတွက်မူ ကူးသန်းသွားလာရေး နှင့် ငါးဖမ်းလုပ်ငန်းများအတွက် လှေကြီး လှေငယ် များကို ယခုထိတိုင် အသုံးပြုနေကြရသေးသည်ဖြစ်ရာ လှေတည်ဆောက်သည့်လုပ်ငန်းမှာ ဆက်လက်ရှင်သန်နေဆဲပင် ဖြစ်တော့ သည်။ ။

သိပ္ပံစာရေးဆရာကိုကိုအောင်