ကူးစက်မြန်ရောဂါထိန်းချုပ်ရန်အတွက် နည်းလမ်း (၉) ချက်
ဆေးတက္ကသိုလ် တတိယနှစ်တွင် ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်(Pre-ventive and Social Medicine – PSM) သင်ရသည်။ ထိုသို့ သင်ကြားရာတွင် ကူးစက်ရောဂါတစ်ခု လူအများတွင် ရုတ်တရက်ဖြစ်ပွား လာပါက လုပ်ဆောင်ရန် (Control of infectious disease out break) ကို သင်ရသည်။
တိုင်ရန်လူထု၊ သိမှုအစီရင်ခံ၊ ခွဲထားရန်နှင့်၊ တားပြန်သွားလာ၊ သတ်ခါပိုးမွှား၊ ဆေးဝါးမကျန်၊ ထိုးနှံ ပါဆေး၊ တိုက်ခါကျွေး၍၊ ဖြန့်ပေးပညာ၊ ဤကိုးဖြာ မှတ်ပါ ကာကွယ်ရေး။
(၁) တိုင်ရန်လူထု(Notification)
ကူးစက်ရောဂါတစ်ခုဖြစ်လျှင် ဖြစ်ဖြစ်ချင်း၊ သိသိ ချင်း သက်ဆိုင်ရာအထက်အဆင့်ဆင့်သို့ အမြန်အကြောင်း ကြားရန် အရေးကြီးသည်။ ဓာတ်ခွဲခန်းအဖြေ ရရချင်း၊ အချိန်မီအကြောင်းကြားမှသာ လူထုတစ်ရပ်လုံးကို ရောဂါကူးစက်ခြင်းဘေးမှ ကာကွယ်ရန်လုပ်ငန်းများကိုချက်ချင်းအရေးယူ စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Notification ကို ၂၄ နာရီအတွင်း အမြန်ဆုံး ဆောင်ရွက် ရမည် ဖြစ်သည်။ အထူးသဖြင့် လူထုကျန်းမာရေးကို အန္တရာယ်ပေးနိုင်သည်ဟု ယူဆရသည့် မည်သည့်ရောဂါ မဆို Notify အမြန်လုပ်ရမည် ဖြစ်ပါသည်။ အကြောင်း ကြားရာတွင် လျင်မြန်စေရန် ဖုန်းဖြင့်လည်းကောင်း၊ ကြေးနန်းဖြင့်လည်း ကောင်း၊ ဖက်စ်ဖြင့်လည်းကောင်း အကြောင်းကြားရန် အရေးကြီးပါသည်။
(၂) သိမှုအစီရင်ခံ (Reporting)
ရောဂါလက္ခဏာပြသော လူနာအရေအတွက်၊ သံသယရှိ လူနာအရေအတွက်၊ ဓာတ်ခွဲခန်း အတည်ပြု လူနာအရေအတွက်၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသသော လူနာအရေအတွက်၊ သေဆုံးသူအရေအတွက် မည်သည့်နေရာမှ စတင်ဖြစ်ပွားသည် စသည်တို့ကို ပြည့်စုံအောင် ကျန်းမာရေးဌာနအဆင့်ဆင့်သို့ အမြန်ဆုံး အစီရင်ခံစာတင်သွင်းရမည်။ သို့မှသာ ကူးစက်ရောဂါ၏ ကူးစက်မြန်ခြင်း၊ သေဆုံးခြင်းစသည့် လူထုကျန်းမာရေး ကို အန္တရာယ်ပေးနိုင်သည့် ပမာဏအပေါ်မူတည်၍ ရောဂါထိန်း ချုပ်ရေးအစီအမံများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
(၃) ခွဲထားရန် (Isolation)
ကူးစက်ရောဂါဖြစ်ပွားလျှင် ရောဂါဖြစ်နေသူကို ခွဲထားခြင်းဖြင့် အခြားသူများကို မကူးစက်အောင်လုပ်ရ သည်။ Isolation ဆိုသည်မှာ ကူးစက်ရောဂါဖြစ်ပွားနေ သော လူနာကို သက်သက်ခွဲထားရုံမျှသာမဟုတ်ဘဲ လူနာ အား မျက်နှာနှာခေါင်းစည်း၊ အထူးစီမံထားသော ဝတ်ရုံ၊ လက်အိတ်စသည်များအပြင် လူနာထားသောသီးသန့် ခန်းကိုလည်း လေအဝင်၊ အထွက်ထိန်းချုပ်ခြင်း၊ အပူချိန် စိုထိုင်းဆ ထိန်းခြင်းစသည့် အင်ဂျင်နီယာပညာရပ်ပိုင်း ဆိုင်ရာ စီမံမှုများပါ ပါဝင်စေနိုင်လျှင် အကောင်းဆုံးဖြစ်ပါ သည်။ Isolation Ward ခေါ် သီးသန့်လူနာဆောင်ကိုလည်း ဆေးရုံအတွင်း သီးသန့်အဆောက်အဦတွင်ထားလျှင် ပိုကောင်းပါသည်။ သီးသန့်ဆေးရုံဆောက်၍ ထားနိုင်ပါက အတိုင်းထက်အလွန်ပင်။
(၄) တားပြန်သွားလာ (Quarantine)
ကူးစက်ရောဂါထိန်းချုပ်ရာတွင် ရောဂါဖြစ်ပွားနေသော ဧရိယာ ဒေသမှလူများကို အပြင်မထွက်ရန် တားမြစ်ခြင်း၊ ရောဂါမဖြစ် ပွားသေးသော အခြားဒေသမှ လူများကို ထိုဒေသသို့မသွားရန် ထိန်းချုပ်ခြင်းများ ပါဝင်သည်။ ထိုသို့ ပြုလုပ်ရာတွင် လူထုကို နားလည်သဘောပေါက်စေရန် မေတ္တာဖြင့်သေချာစွာ ရှင်းလင်းပြောကြားရန် အရေးကြီးသည်။ သို့မှသာ ကိုယ်စီနားလည်၍ လိုက်နာခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
ဌာနဆိုင်ရာ၊ အစိုးရဆိုင်ရာ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဆိုင်ရာတို့က အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန် လုပ်ဆောင်ရန် အရေးကြီးသကဲ့သို့ တရားမျှတမှုနှင့် ကိုယ်ချင်းစာတရားတို့ကိုလည်း လက်လွှတ်၍မရပါ။
(၅) သတ်ခါပိုးမွှား (Disinfection)
ကူးစက်ရောဂါဖြစ်ပွားနေသော လူနာ၏ အန်ဖတ်၊ သလိပ်၊ နှာရည်၊ အညစ်အကြေးစသည်များကို ပိုးသတ်ဆေး (Disinfectants) များဖြင့် ပိုးသတ်ခြင်း၊ စနစ်တကျစွန့်ပစ် ခြင်း၊ ကုသနေသောရောဂါ ထိန်းချုပ်ထားသောအခန်း၊ အဆောင်၊ ဆေးရုံနေရာများကို လည်း ပိုးသတ်ဆေးဖျန်းခြင်း အပြင် အခြားခေတ်မီနည်းစနစ်များဖြင့် ပိုးများနှိမ်နင်းခြင်း၊ အခြားနေရာသို့ ပိုးများမပြန့်ပွားအောင် စီမံခြင်းများ လုပ်ဆောင်ရသည်။ သို့မှသာ ပြန့်ပွားနိုင်သော ပိုးပမာဏ လျှော့ချခြင်းမှသည် အမြစ်ပြတ်သည်အထိ ချေမှုန်းနိုင်မည် ဖြစ်သည်။
မကူးစက်သေးသော လူများအနေဖြင့်လည်း လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးခြင်း၊ လက်ဆေးရန် အခြေအနေ မပေးသော နေရာများတွင် လက်ဆေးရည် (Handgel) ဖြင့် လက်ကိုပိုးသတ်ခြင်း စသည်များ လုပ်ဆောင်ပါမှ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
(၆) ဆေးဝါးမကျန် (Treatment)
ကူးစက်ရောဂါဖြစ်ပွားနေသော လူနာများကို ရောဂါ သက်သာပျောက်ကင်းအောင် ကုသရေးသည်လည်း အရေး ကြီးလှသည်။ ကုသရာတွင် နှစ်ပိုင်း ရှိသည်။ လောလောဆယ် ခံစားနေရသော ဝေဒနာသက်သာရေး ဥပမာ - အသက်ရှူ ကျပ်နေပါက အသက်ကောင်းကောင်း ရှူနိုင်ရေးအတွက် ဆေးဝါးနှင့် အောက်ဆီဂျင်ပေးခြင်း - (Supportive treat -ment) နှင့် ရောဂါပိုးသတ် ဆေးပေးခြင်း (Specific treat -ment) ဟူ၍ နှစ်ပိုင်းရှိသည်။ ရောဂါပိုးကို သတ်နိုင်သည့် ဆေးမရှိသေးပါက သတ်နိုင်သည့်ဆေးကို အလျင်အမြန် ဖော်စပ်ရသည်။
(၇) ထိုးနှံပါဆေး(Immunization)
ကူးစက်ရောဂါမဖြစ်သေးသောသူများကို ဖြစ်ပွားနေ သောရောဂါနှင့် သက်ဆိုင်သည့် ရောဂါကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်။ သို့သော်ကာကွယ်ဆေး မရှိသေးပါက အလျင်အမြန်သုတေသနပြု၍ ဖော်စပ်ရ သည်။
(၈) တိုက်ခါကျွေး၍(Nutrition)
ရောဂါဖြစ်နေသောလူနာများ၊ မဖြစ်သေးသော သူများအားလုံး အာဟာရပြည့်ဝမျှတစွာ စားသုံးရေးသည် လည်း အရေးကြီးသည်။ အာဟာရပြည့်ဝမှ ကိုယ်ခံအား ကောင်းမည်။ ရောဂါရှိသူများရောဂါကို ပြန်လည်တိုက်ထုတ် နိုင်သလို ရောဂါမကူးသေးသူ များလည်း ရောဂါပိုးကို ကိုယ်ခံအားစနစ်က ဖျက်ဆီးချေမှုန်းနိုင်သည်။
(၉) ဖြန့်ပေးပညာ (Health education)
ကျန်းမာရေးအသိပညာ နည်းပါးခြင်း၊ သိသော်လည်း တိကျစွာမလိုက်နာခြင်း၊ ကျန်းမာရေးဆိုင်ရာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ တာဝန်မဲ့ခြင်းတို့ကြောင့် ကူးစက် ရောဂါများဖြစ်ပွားရခြင်းဖြစ်သည်။ ကျန်းမာရေးပညာပေး လုပ်ငန်းကြီးသည် ပြည်သူ လူထုကြားတွင် အမြဲလုပ်ဆောင် နေရသော၊ လုပ်ဆောင်နေသင့်သော မလုပ်မဖြစ်၊ မရှိမဖြစ် အရေးကြီးသောလုပ်ငန်းကြီးတစ်ရပ် ဖြစ်ပါသည်။ စဉ်ဆက်မပြတ် ကျန်းမာရေးပညာပေးခြင်းအပြင် ကူးစက်ရောဂါဖြစ်ပွားလာသောအခါတွင် အထူးအရေး ပေး၍ ကျန်းမာရေးပညာပေးလုပ်ငန်းကို မီဒီယာများပါ မကျန် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဆောင်ရသည်။ ကောလာ ဟလသတင်းများ၊ အသိမှား အမြင်မှားများကို ရှောင်ကြဉ်၍ မှန်ကန်တိကျထိရောက် သည့် လက်တွေ့အသုံးကျသည့် ကျန်းမာရေး ပညာများ ပြည်သူလူထုကြား ပြန့်ပွားလိုက်နာရေးသည် လွန်စွာ အရေးကြီးလှပေသည်။
ထို့ကြောင့် ပြည်သူတစ်ယောက်ချင်းမှသည် ရွာ၊ ရပ်ကွက်အလိုက်၊ မြို့အလိုက်၊ တိုင်းပြည်အလိုက် သာမက တစ်ကမ္ဘာလုံး ကျန်းမာရေး သတိကြီးစွာထားကြမှသာ ကမ္ဘာ့ကပ်ဆိုးကြီးများကို သေချာပေါက်ကာကွယ်ခြင်း၊ ကျော်လွှားခြင်း၊ အမြစ်ပြတ် ချေမှုန်းခြင်းများ အောင်မြင် မည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကပ်ကြီးသုံးပါးမှ အစဉ်အမြဲလွတ်ကြပါစေသော်ဝ်….
ဒေါက်တာဇော်ထွန်းလင်း (ဆေးပညာမဟာသိပ္ပံ)