Skip to main content

နှာခေါင်းစည်းတပ်ဆင်သူများနဲ့ မတပ်ဆင်ကြသူများ

ယခုရက်တွေအတွင်း သင်ဟာ ဟောင်ကောင်၊ ဆိုးလ် ဒါမှမဟုတ် တိုကျိုမြို့မှာ နေထိုင်သူ တစ်ယောက်ဆိုရင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ကို ထွက်လိုက်ပြီဆိုတာနဲ့ သင့်ကိုမနှစ်မြို့တဲ့ အကြည့်တွေကို ရင်ဆိုင်ရပါလိမ့်မယ်။ COVD-19 ဗိုင်းရပ်စ်လို့ အမည်ပေးထားတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ချိန်ကစပြီး တချို့နေရာဒေသတွေမှာ လူတွေအားလုံးနီးပါး နှာခေါင်းစည်းတွေ တပ်ဆင်ထားကြတာကို တွေ့ရပြီး နှာခေါင်းစည်း တပ်မထားတဲ့သူဟာ လူမှုရေးနယ်ပယ်မှာ ဝိုင်းပယ်ခံထားရတဲ့အထိတောင် ကြုံရပါတယ်။

လက်ခံတဲ့နိုင်ငံတွေရှိ

သို့သော်လည်း ဗြိတိန်၊ အမေရိကန်၊ ဩစတြေးလျနဲ့ စင်ကာပူနိုင်ငံတွေကစပြီး ကမ္ဘာကြီးရဲ့ တခြားသော နေရာအများအပြားမှာ မျက်နှာပေါ် ဘာအကာအကွယ်မှမပါဘဲ လမ်းလျှောက်သွားလာနေတာကို အပြည့်အဝ လက်ခံပေးလို့ရနေတုန်းပါပဲ။ နိုင်ငံအချို့မှာ နှာခေါင်းစည်းတွေနဲ့ လုံးပန်းနေချိန် ကျန်တဲ့နိုင်ငံတွေက နှာခေါင်းစည်းကို လုံးဝမတပ်ဆင်ဘဲနေတာဟာ အစိုးရရဲ့ညွှန်ကြားချက်တွေ၊ ဆေးပညာဆိုင်ရာ အကြံပြုချက်တွေနဲ့ မဆိုင်တော့ဘဲ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင်ရာတွေပါ ပါဝင်လာပါတယ်။ ဒါပေမယ့် ကပ်ရောဂါဖြစ်ပွားမှုကတော့ ပိုပြီး အခြေအနေဆိုးလာနေတုန်းပါပဲ။

နှာခေါင်းစည်းတပ်ဆင်ဖို့လိုတဲ့ သူနှစ်မျိုး

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကထုတ်ပြန်လိုက်တဲ့ တရားဝင် အကြံပြုချက်ကတော့ ရှင်းလင်းတိကျပါတယ်။ နှာခေါင်းစည်းတပ်ဆင်ရမယ့်လူ နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ဖျားနာပြီး ရောဂါလက္ခဏာ ပြလာတဲ့လူဖြစ်၍ နောက်တစ်မျိုးကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့လူနာကို ပြုစုစောင့်ရှောက်နေတဲ့သူ အဲဒီလူနှစ်မျိုးဟာ မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ထားရမယ့် သူတွေဖြစ်တယ်လို့ အတိအလင်းဆိုထားတာဖြစ်ပါတယ်။

ဒီတော့ ကျန်တဲ့လူတွေဟာ နှာခေါင်းစည်း တပ်ဆင်ထားဖို့မလိုအပ်ပါဘူး။ တပ်ဆင်ဖို့ မလိုတဲ့ အကြောင်းပြချက်တွေလည်း ရှိပါတယ်။ အကြောင်းပြချက်တစ်ခုကတော့ နှာခေါင်းစည်းဟာ ယုံကြည်စိတ်ချရတဲ့ အကာအကွယ်ပစ္စည်းတစ်ခုလို့ မဆိုနိုင်ပါဘူး။ လက်ရှိလုပ်ဆောင်ထားတဲ့ သုတေသနပြု လေ့လာမှုတွေအရ ဗိုင်းရပ်စ်ဟာ အရည်အစက်တွေကနေ ကူးစက်နိုင်ပြီး သန့်ရှင်းမှုမရှိတဲ့ မျက်နှာပြင်တွေကို ထိတွေ့တာကနေ ကူးစက်နိုင်ပါတယ်။ လက်ဆေးခြင်းကပို ထိရောက်ဒီတော့ နှာခေါင်းစည်းက သင့်ကို ဘယ်လိုအချိန်မျိုးမှာ အကာအကွယ် ပေးနိုင်သလဲဆိုတော့ ရောဂါ ကူးစက်ခံထားရတဲ့သူ တစ်ယောက်ယောက်က သင်နဲ့နီးကပ်တဲ့နေရာမှာ ရှိနေတဲ့အခါ ၎င်းနှာချေလိုက်တဲ့အချိန်နဲ့ ချောင်းဆိုး လိုက်တဲ့အချိန်တွေမှာ နှာခေါင်းစည်း တပ်ဆင်ထားတဲ့သင့်ကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ကိုဆပ်ပြာနဲ့ရေသုံးပြီး အကြိမ်ကြိမ်ဆေးတာကတော့ ဒီထက် ပိုထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြု ထားပါတယ်။

အာရှနိုင်ငံအချို့မှာ အခုဆိုရင် လူတိုင်းလိုလို နှာခေါင်းစည်းကို လူတိုင်းက ကန့်ကွက်မှုမရှိဘဲ တပ်ဆင်နေကြတာကို တွေ့ရပါတယ်။ လူတွေက ဒါကိုပိုပြီးဘေးကင်းတယ်၊ တစ်ဦးနဲ့တစ်ဦးလည်း ပိုပြီးစာနာထောက်ထားရာ ရောက်တယ်လို့ ထင်မြင်ကြဖွယ်ရှိပါတယ်။

လူတိုင်း ဗိုင်းရပ်စ် သယ်ဆောင်သူဖြစ်နိုင်သလား

တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်းနဲ့ ထိုင်ဝမ်တို့မှာ လူတိုင်းဟာ ဗိုင်းရပ်စ် သယ်ဆောင်သူဖြစ်နိုင်တယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ သူတစ်ယောက်ဖြစ်နေပါစေ ဗိုင်းရပ်စ် သယ်ဆောင်သူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့အတွေးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။ ဒီတော့ စည်းလုံးညီညွတ်ဖို့လိုတယ်ဆိုတဲ့ အသိစိတ်နဲ့ သင်ဟာ သင့်ဆီ ကဗိုင်းရပ်စ် တခြားသူဆီ မကူးအောင်၊ တခြားသူဆီက ဗိုင်းရပ်စ်လည်း သင့်ဆီ ကူးစက်မလာအောင် အပြန်အလှန် ကူညီတဲ့အနေနဲ့ နှာခေါင်းစည်း တပ်ဆင်ခြင်းဖြင့် ကာကွယ်ခြင်းဖြစ်တယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အတည်ပြုခြင်း မရှိသေးတဲ့ သံသယရှိလူနာ အများအပြားရှိနေပြီး မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ ပြည်သူအများစုဟာ တစ်ဦးကနေ တစ်ဦးဆီ ဗိုင်းရပ်စ်မရောက်ရှိစေရေး တားဆီးဖို့အတွက် နှာခေါင်းစည်းတွေစပြီး တပ်ဆင်နေကြပြီ ဖြစ်ပါတယ်။

မယဉ်ကျေးတဲ့အပြုအမူ

တချို့နိုင်ငံတွေမှာ နှာခေါင်းစည်းတပ်ဆင်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်မလာခင်ကတည်းက ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တစ်ခုအဖြစ် ရှိနေခဲ့တာပါ။ နှာခေါင်းစည်းတွေက ဖက်ရှင်ကျတဲ့ ဖော်ပြချက်တစ်ခု ဖြစ်လာတာမျိုးတောင် ရှိပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဟောင်ကောင်မှာဆိုရင် Hello Kitty ရုပ်ပုံပါတဲ့ နှာခေါင်းစည်းတွေဟာ ပြည်သူလူထုကို အမျက်ဒေါသထွက်စေတဲ့ အကြောင်းတွေရှိခဲ့ဖူးပါတယ်။

အရှေ့အာရှဒေသမှာ လူတွေဟာ ဖျားနာတဲ့အခါ ဒါမှမဟုတ် ဖျားနာတဲ့ ရာသီချိန်တွေရောက်တဲ့အခါ နှာခေါင်းစည်းတွေ တပ်ဆင်လေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အကာအကွယ်မပါဘဲ လူပုံအလယ်မှာ ချောင်းဆိုးတာ၊ နှာချေတာတွေဟာ မယဉ်ကျေးဘူးလို့ ထင်မြင်ယူဆကြလို့ပါပဲ။ အသစ်လိုဖြစ်နေဆဲ၊ ၂၀၀၃ခုနှစ်က ဆားစ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ချိန်က ဒေသတွင်း နိုင်ငံအများအပြားအထိ ဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် ဆားစ်ဗိုင်းရပ်စ်ကြောင့် လူအများအပြား သေဆုံးခဲ့ရတဲ့ ဟောင်ကောင်မှာဆိုရင် နှာခေါင်းစည်းတပ်ဆင်တာကို အရေးတကြီး လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီတော့ လူမှုအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံက လူမှုအဖွဲ့အစည်းတွေအကြား မတူတဲ့အချက်တစ်ခုက ၎င်းတို့ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံမှု အတိတ်ဖြစ်ရပ်ဆိုးတွေဟာ အခုချိန်အထိ အသစ်လိုဖြစ်နေဆဲ၊ နာကျင်ခံစားနေရဆဲဖြစ်လို့ အနောက်နိုင်ငံတွေထက်စာရင် ဒီကိစ္စမှာပိုပြီး အထိအခိုက် မခံနိုင်အောင် ဖြစ်နေကြတဲ့သဘောမျိုး တွေ့ရနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့်လည်းတပ်ဆင်

ဘယ်လိုပဲဆိုဆို အရှေ့တောင်အာရှဒေသမှာတော့ အထူးသဖြင့် လူဦးရေ ပိုမိုထူထပ် များပြားတဲ့မြို့ကြီးတွေမှာ လူအများအပြားဟာ လေထုညစ်ညမ်းမှုကြောင့် လမ်းမတွေပေါ် သွားလာတဲ့အခါမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထား ကြပါတယ်။ ဒါပေမယ့် ဒီလိုပုံစံမျိုးက အာရှရဲ့ နေရာတိုင်းမှာတော့ မတွေ့ရပါဘူး။

စင်ကာပူမှာ အစိုးရက ကျန်းမာရေး လုပ်သားတွေအတွက် ပစ္စည်း မလုံလောက်မှု မဖြစ်စေဖို့ နှာခေါင်းစည်းတွေ မတပ်ဆင်ကြဖို့ တိုက်တွန်းထားပြီး ပြည်သူအများစုဟာ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိဘဲ ဟိုနားသည်နား လမ်းလျှောက်သွားလာနေကြပါတယ်။ ပြည်သူလူထုဟာ အစိုးရအပေါ်မှာ အပြည့်အဝ ယုံကြည်ထားတာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီလိုအကြံပြုချက်မျိုးကို လိုက်နာ ဆောင်ရွက်ကြဟန်ရှိတာကို တွေ့ရပါတယ်။ သေချာတာကတော့ လက်ရှိအချိန်အတွင်း နှာခေါင်းစည်းတွေဟာ ဈေးကွက်မှာ ယခင်ကထက် ကြီးမြင့်တဲ့ဈေးနှုန်းတွေနဲ့ ဈေးကွက်မှာ နေရာယူလျက်ရှိတယ်ဆိုတာပါပဲ။

ကလျာမိုးမြင့်

ကိုးကား - အေအက်ပီ၊ ဘီဘီစီ