Skip to main content

သတိပြုရှောင်ရှားသင့်သော လူစုလူဝေးများနှင့် COVID-19 ရောဂါ

Pandemic ဆိုသည်မှာ

၂၀၂၀ မတ် ၁၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)ကို တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic disease) အဖြစ် ကြေညာခဲ့ပါတယ်။ ကူးစက်ရောဂါများမှာ Epidemic ဆိုရင် တစ်နေရာတည်းမှာပဲ သီးသန့်ဖြစ်နေ တာ၊ En- demic ဆိုရင် အဲဒီနေရာကနေ တခြားနေရာကို ပျံ့လာ တာနဲ့ Pandemic ဆိုရင်တော့ ကမ္ဘာအနှံ့ပျံ့နေတဲ့ သဘောကို ဆိုလိုပါတယ်။

ကမ္ဘာမှာ အဆိုးရွားဆုံး Pandemic (၁၀)ကြိမ် ရှိခဲ့ကြောင်း သိရပါတယ်။


(၁) HIV/AIDS (၂၀၀၅-၂၀၁၂)(သေဆုံးသူ ၃၆ သန်း)

(၂) Flu Pandemic (တုပ်ကွေးရောဂါ)(၁၉၆၈ ခုနှစ်)(သေဆုံးသူ တစ်သန်း)

(၃) Asian Flu (အာရှတုပ်ကွေးရောဂါ)(၁၉၅၆-၁၉၅၈)(သေဆုံးသူ နှစ်သန်း)

(၄) Flu Pandemic (၁၉၁၈ ခုနှစ်)(သေဆုံးသူ သန်း ၂ဝ မှ သန်း ၅၀)

(၅) Sixth Cholera Pandemic(ကာလဝမ်းရောဂါ)(၁၉၁၀-၁၉၁၁)(သေဆုံးသူ ရှစ်သိန်း)

(၆) Flu Pandemic (၁၈၈၉-၁၈၉ဝ)(သေဆုံးသူ တစ်သန်း)

(၇) Third Cholera pandemic(ကာလဝမ်းရောဂါ)(၁၈၅၂-၁၈၆ဝ) (သေဆုံးသူ တစ်သန်း)

(၈) The Black Death (ပလိပ်ရောဂါ)(၁၃၄၆-၁၃၅၃) (သေဆုံးသူ ၇၅ သန်းမှ သန်း ၂၀၀)

(၉) Plague of Justinian(ပလိပ်ရောဂါ)(၅၄၁-၅၄၂) (သေဆုံးသူ ၂၅သန်း)

(၁၀) Antonine Plague (ပလိပ်ရောဂါဖြစ်နိုင်)အေဒီ ၁၆၅(သေဆုံးသူ ငါးသန်း)တို့ ဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19

WHO က ကြေညာထားတဲ့ COVID-19 ကိုရိုနာဗိုင်း ရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့က တစ်ဆင့် ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်က စတင်ပျံ့နှံ့ ခဲ့တယ်လို့ သိရပါတယ်။ ဒီပိုးဟာ ဆားစ်(Severe Acute Respiratory Syndrome-SARS) ခေါ် လတ်တလော အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါပိုးဝင်ရောက်ခြင်း ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ဗီဇဆင်တူတာမို့ SARS-Cov-2 လို့လည်း ကျန်းမာရေးဘုတ်အဖွဲ့ကြီး (Health Board)က ခေါ်ပါတယ်။ အစောပိုင်းမှာတော့ Health Board က ဒီဗိုင်းရပ်စ်ပိုးမျိုးကို အချိန်အနည်းငယ်အတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့နိုင်တဲ့ပိုးလို့ မယူဆခဲ့ပါဘူး။ သို့သော် တရုတ်နိုင်ငံ၊ အီတလီ၊ အမေရိကန်ပြည်ထောင်စု၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီရန်နဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာ လန်နိုင်ငံများကို လျင်မြန်စွာကူးစက်နေပြီး ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။
ဒါဟာ ဒီပိုးမှာပါတဲ့ လူစုလူဝေးများအကြားမှာ အလွယ်တကူပျံ့နှံ့စေနိုင်တဲ့ (Community based transmission risk) အချက်ကြောင့်ဖြစ်ကြောင်း သိရပါ တယ်။ Diamond Princess အပျော်စီးသင်္ဘောကြီးက တစ်ဆင့် အထက်ပါနိုင်ငံများဆီ အစုအပြုံလိုက် ကူးစက် သွားတယ်လို့ ယူဆကြပါတယ်။ Diamond Princess အပျော်စီးသင်္ဘောကြီးဟာ ၂၀၁၆ ဖေဖော်ဝါရီလကလည်း gastroenteritis ခေါ် အစာလမ်းကြောင်းကူးစက်ရောဂါပိုး norovirus ဝင်ရောက်မှုဖြစ်ခဲ့ပြီး ခရီးသည်ပေါင်း ၁၅၈ ဦးနဲ့ သင်္ဘောသားများကို နာမကျန်းဖြစ်စေခဲ့ပါတယ်။

၂၀၂ဝ ဇန်နဝါရီ ၂ဝ ရက်က ဟောင်ကောင်နိုင်ငံသား အသက် ၈ဝ အရွယ် အမျိုးသားခရီးသည်တစ်ဦးဟာ ဂျပန် နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းကနေ သင်္ဘောပေါ်တက်ခဲ့ ပါတယ်။ ဇန်နဝါရီ ၂၅ ရက်တွင် ဟောင်ကောင်ဆိပ်ကမ်းမှာ ဆင်းသွားတယ်။ ဟောင်ကောင်ရောက်တော့ နေမကောင်း တာနဲ့ ဆေးရုံကိုသွားပြပါတယ်။ သင်္ဘောပေါ်ကဆင်းပြီး ခြောက်ရက်အကြာ ဖေဖော်ဝါရီ ၁ ရက်မှာ သူ့မှာ COVID-19 ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါ တယ်။ ဖေဖော်ဝါရီ ၄ ရက်မှာတော့ သင်္ဘောပေါ်က ခရီး သည် ၁၀ ဦးတို့မှာလည်း အလားတူ စစ်ဆေးတွေ့ရှိရပါ တယ်။ ဒါနဲ့ပဲ သင်္ဘောကြီးကို ဂျပန်နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်းမှာ ရပ်နားထားပြီး သီးသန့်စောင့်ကြပ်ကြည့်ရှု ခြင်း(Quarantine) လုပ်ထားလိုက်ပါတယ်။
သင်္ဘောပေါ်တွင် ဆက်လက်စစ်ဆေးရာ အိန္ဒိယ နိုင်ငံသား ၁၃၈ ဦး(ခရီးသည် ၁၃၂ ဦးနဲ့ သင်္ဘောသား ၆ ဦး)၊ ဖိလစ်ပိုင်နိုင်ငံသား ၃၅ ဦး၊ ကနေဒါနိုင်ငံသား ၃၂ ဦး၊ ဩစတြေးလျနိုင်ငံသား ၂၄ ဦး၊ အမေရိကန် ၁၄ ဦး၊ ဗြိတိန် နိုင်ငံသား နှစ်ဦး၊ မလေးရှားနိုင်ငံသား လေးဦးနဲ့ အင်ဒို နီးရှားနိုင်ငံသား လေးဦးတို့မှာ ရောဂါပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံအသီးသီးက မိမိတို့နိုင်ငံသားတွေကို လာရောက်ခေါ်ဆောင်သွားပြီး Quarantine ဆက်လုပ်ကြတယ်လို့ သိရပါတယ်။ မတ် ၅ ရက်မှာတော့ သင်္ဘောပေါ်ပါ ခရီးသည် ၃၇၁၁ ဦးနဲ့ သင်္ဘောသား ၆၉၆ ဦးတို့မှာ ရောဂါပိုး စစ်ဆေးတွေ့ ရှိရပြန်ပါတယ်။ အဲဒီအထဲမှာ သေဆုံးသူ ခုနစ်ဦးရှိကြောင်း သိရပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်အရ လူစုလူဝေးများမှာ ကူးစက်မြန်၊ ကူးစက်လွယ်ကြောင်းတွေ့ရပါတယ်။

ကွာရင်တင်းန်(သို့မဟုတ်)ကူးစက်ရောဂါကို ထိန်းချုပ်ခြင်း

ကွာရင်တင်းန် (Quarantine) လုပ်ခြင်းဆိုတာကို ၂၀၀၆ ခုနှစ် ဆားစ်ရောဂါဖြစ်ချိန်ကပင် မြန်မာနိုင်ငံသား များ သိကျွမ်းရင်းနှီးခဲ့ကြပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများမှာ ဆားစ်ရောဂါခြိမ်း ခြောက်ခံနေရစဉ် ပြည်ပမှ ဝင်ရောက်လာသူများကို လေဆိပ်မှာစစ်ဆေးပြီး သံသယရှိသူများကို ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ ၁၄ ရက်ခန့် စောင့်ကြည့်ခံရပါ တယ်။ ပြင်ပက ဘယ်သူနဲ့မှ ထိတွေ့ပြောဆို ဆက်ဆံမှု မပြုရဘဲ ဆေးရုံအတွင်းမှာသာနေရတာဖြစ်လို့ စောင့် ကြည့်ခံရသူများအနေနဲ့ အတော်ကို စိတ်ဆင်းရဲရတာ ဖြစ်ပါတယ်။ သို့သော် ပြင်းထန်တဲ့ ကူးစက်ရောဂါဖြစ်နေပြီး ဒီလိုမှ မတားဆီးထားရင် လူထုထဲကို အမြန်ဆုံးပျံ့နှံ့သွား နိုင်တာမို့ လုပ်ရတာဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်ခြင်းကို "State of enforced isolation" သို့မဟုတ် Quarantine လုပ်ခြင်းလို့ ခေါ်ပါတယ်။

ယခင်က Isolation ward ဆိုပြီး ဆေးရုံတွေမှာ တီဘီ၊ ဝမ်းရောဂါတွေအတွက် သီးသန့်ထားလေ့ရှိကြပါ တယ်။ Quarantine ဆိုတဲ့ စကားလုံးဟာ ၁၇ ရာစု အီတာ လျံစကား quaranta ဆိုတဲ့ စကားလုံးက လာတာဖြစ်ပြီး အဓိပ္ပာယ်က ၄၀(forty)လို့ ဆိုပါတယ်။ အဲဒီအချိန်က Black Death လို့ခေါ်တဲ့ ပလိပ်ရောဂါကြီး ပျံ့နှံ့နေချိန်မို့ အီတလီကိုဆိုက်ကပ်မယ့်သင်္ဘောက ခရီးသည်တွေနဲ့ သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုမတက်ရသေးဘဲ သင်္ဘောပေါ်မှာ ရက်ပေါင်း ၄၀ နေရပါတယ်။ ဒီလိုနည်းနဲ့ ရောဂါကူးစက်နိုင်မှုကို တားဆီးဟန့်တားခဲ့ကြရာကနေ ဆက်လက်ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ အူရောင် ငန်းဖျားရောဂါလို့သိကြတဲ့ တိုက်ဖွိုက်ရောဂါ ပျံ့နှံ့စဉ်က Typhoid Mary ခေါ် ရောဂါပိုးသယ်သူကို quarantine လုပ်တာ ၂၄ နှစ်တောင်ကြာခဲ့တာမို့ နိုင်ငံသားအခွင့်အရေး များနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ဖူးပါတယ်။ COVID-19 က ရောဂါပျိုးရက် (incubation period) ၁၄ ရက်ခန့်ရှိတာမို့ ၁၄ ရက် သီးသန့်ထားခြင်းဖြစ်ပါတယ်။
ရှေးက Yellow Jack လို့ခေါ်တဲ့အလံကို တင်ထား ခံရတဲ့ သင်္ဘောဟာ quarantine အလုပ်ခံထားပြီဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ Anthrax ဆိုတဲ့ ထောင့်သန်းရောဂါ သံသယဖြစ်သူတွေကိုတွေ့တော့ ဝတ်ထားတဲ့အဝတ် တွေချွတ်၊ ရေချိုးခိုင်းပြီးတာနဲ့ Quaranrine က ပြီးသွား တယ်လို့လည်း သိရပါတယ်။ လကမ္ဘာပေါ်ကို ပထမဆုံး သွားခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေတောင် Lunar Receiving Laboratory မှာ quarantine အလုပ်ခံကြရ ပါတယ်။ လကမ္ဘာပေါ်က မသိနိုင်တဲ့ ရောဂါပိုးတစ်ခုခုများ ပါလာခဲ့ရင်ဆိုတဲ့ သံသယနဲ့ လုပ်တာဖြစ်ပါတယ်။ ရှေးက ကူးစက်ရောဂါတွေဖြစ်တဲ့ ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ကျောက်ရောဂါ၊ တိုက်ဖွိုက်ရောဂါ စသည်များအတွက် quarantine လုပ်ခြင်းကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြပါတယ်။

လူစုလူဝေးများနှင့် ကိုဗစ်-၁၉

COVID-19 (Coronavirus Disease 2019) ကိုရို နာဗိုင်းရပ်စ်ပိုးဟာ လူတစ်ဦးကနေတစ်ဦးထံ respiratory droplets ခေါ် ရောဂါပိုးကူးခံနေရသူရဲ့ အသက်ရှူလမ်း ကြောင်းကထွက်တဲ့ ရောဂါပိုးနဲ့ အမွှားတွေကနေ အများ ဆုံး ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူရဲ့ နှာခေါင်းနဲ့ လည် ချောင်းတို့မှာ ရောဂါပိုးတွေ များစွာရှိနေတတ်ပြီး နှာချေ၊ ချောင်းဆိုးလိုက်တာနဲ့ ပိုးကပျံ့နှံ့တော့တာပါပဲ။ တရုတ် နိုင်ငံ Anyang မြို့မှာ COVID-19 နဲ့ နှာမွှန်နေသူတစ်ဦး ကြောင့် မိသားစုတစ်ခုလုံး ရောဂါကူးစက်ခံရကြောင်း JAMA ကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။
ရောဂါပိုးကူးစက်ခံနေရသူနဲ့ ခြောက်ပေခန့်အကွာ အတွင်းမှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ လူနာရဲ့ ကိုယ်ကထွက်တဲ့ အရည်တစ်ခုခုကို ထိတွေ့မိရာကနေ ကူးစက်နိုင်ကြောင်းလည်း ယူဆကြပါတယ်။ မကြာမီက တွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အရာဝတ္ထုပစ္စည်း တွေပေါ်မှာ နာရီများစွာကနေ ရက်အတန်ကြာအထိ အသက်ရှင်နေနိုင်ကြောင်း သိရပါတယ်။ National In- stitute of Health(NIH)ရဲ့ လေ့လာမှုက ဗိုင်းရပ်စ်ပိုး ဟာ လေထဲမှာ သုံးနာရီ၊ ကြေးနီပြားပေါ်မှာ တစ်ရက်၊ ပလတ်စတစ်နဲ့သံမဏိပြားပေါ်မှာ နှစ်ရက်မှ သုံးရက် အထိ ရှင်သန်နေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် လူတိုင်း လက်ကို သန့်ရှင်းစွာထားဖို့နဲ့ အများနဲ့ ဆိုင်တဲ့ နေရာများမှာ သန့်ရှင်းစင်ကြယ်ပြီး ပိုးမွှားကင်းစင်နေဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ပိုးသန့်စင်ရေး အစီအမံများ ဆောင်ရွက်သင့်ကြောင်း သိရပါတယ်။
ဒီရောဂါကူးစက်ခံရရင် ခံစားရတတ်တာတွေက သိပ်မပြင်းထန်တတ်ပါဘူး။ သေဆုံးမှုလည်း သိပ်နည်းပါ တယ်။ သို့သော် လူများများကို ကူးစက်မိပြီဆိုရင်တော့ စောစောက သေဆုံးမှုနည်းတယ်ဆိုတဲ့ အရေအတွက်ဟာ သိသာထင်ရှားတဲ့အရေအတွက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူအများစုကို အမြန်မကူးစက်စေနိုင်ဖို့ အထူး သတိပြု တားဆီးရပါမယ်။
ကူးစက်ခံရသူအများစု(၈၀ ရာခိုင်နှုန်းခန့်) ဟာ သာမန်အအေးမိသလိုသာ ခံစားကြရတတ်ပါတယ်။ ၅ ရာခိုင်နှုန်းလောက်ဟာ ပြင်းထန်အဆင့်ကို ရောက်သွား ကြပြီး ၁-၂ ရာခိုင်နှုန်းလောက်ကတော့ သေဆုံးနိုင်ကြ တယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်က ဆားစ်ရောဂါက သေနှုန်း ၁၄-၁၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးများ ကြောင့် သေဆုံးရသူအများစုဟာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကိုယ်ခံအားကျ၊ ကင်ဆာစတဲ့ ရောဂါအခံရှိသူများဖြစ် ကြောင်းလည်း သိရပါတယ်။ ဒီလို ရောဂါအခံရှိသူများမှာ COVID-19 ကြောင့် သေဆုံးနိုင်မှု မြင့်မားနေတတ်ပြီး အသက် ၈၀ ကျော်သူများမှာ ၁၄ ရာခိုင်နှုန်းခန့် သေဆုံးနိုင် ကြောင်း သိရပါတယ်။
လူများများစုဝေးနေတဲ့ နေရာမျိုးမှာ လူတစ်ဦးက သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတစ်ခုခု ခံနေရပြီဆိုရင် သူ့အနီးမှာရှိတဲ့လူတွေကို အလွယ်တကူကူးစက်နိုင်ပါ တယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကမ္ဘာလုံးပျံ့နှံ့ နေချိန်မျိုးမှာ ဒီအချက်ကို အထူးသတိပြုဆင်ခြင်သင့်ပါ တယ်။ ပိုးဝင်နေသူတွေကို စနစ်တကျစစ်ဆေးမှသာ တိတိကျကျ သိနိုင်ပါတယ်။ ပိုးသံသယရှိနေပြီ/ပိုးရှိနေပြီ ဆိုလည်း စနစ်တကျ သီးသန့်ခွဲထားပြီး စောင့်ကြည့်တာ၊ ကုသတာတွေကို သက်ဆိုင်ရာများက ညွှန်ကြားထားတဲ့ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရပါမယ်။

လူစုလူဝေးကြီးနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေ ကျင်းပနေရင် မသိနိုင်သေးတဲ့အခြေအနေကတစ်ဆင့် လူအများထံကို အချိန်အနည်းငယ်အတွင်း ကူးစက်သွား စေနိုင်ပါတယ်။ ဒါကြောင့် အခုလိုအလွန်အရေးကြီး နေချိန်မှာ လူများများစုဝေးမှုမျိုး လုံးဝမလုပ်သင့်တာဖြစ် ပြီး လူစုလူဝေးရှိနိုင်တဲ့ နေရာတွေကို ရှောင်ရှားသင့်ပါ တယ်။ လူအများစုဝေးနိုင်မယ့် ပွဲလမ်းသဘင်၊ အခမ်း အနား၊ ဖျော်ဖြေပွဲ၊ ဇာတ်ပွဲ၊ အလုံပိတ်အခန်းတွေဖြစ်တဲ့ ရုပ်ရှင်ရုံပွဲ စသည်တို့ကို ပိတ်သိမ်းထားသင့်ပါတယ်။
လူတိုင်းလိုက်နာရန်
ရောဂါကာကွယ်ရေးအတွက် လူတိုင်းလိုက်နာရန် အချက်များကတော့ ချောင်းဆိုးလျှင် အဝတ်တစ်ခုခု အုပ်ပြီး ဆိုးပါ။ လက်ကို မှန်မှန်ဆေးပါ။ လက်ဆေးရည်/ ဆပ်ပြာနှင့် ရေကိုသုံးနိုင်ပါတယ်။ လာဗင်ဒါအဆီကိုလည်း သုံးနိုင်တယ်လို့ သိရပါတယ်။ လက်ဆေးကြွေဇလုံများ၊ တံခါးလက်ကိုင်များနဲ့ အိမ်သာများကို ကောင်းစွာ သန့် ရှင်းနေစေသင့်ပါတယ်။ စနစ်တကျအချိန်ပေးပြီး သေချာ စွာ လက်ဆေးပါ။ နေအိမ်တံခါးများ ဖွင့်ထားပါ၊ လေဝင် လေထွက်ကောင်းပါစေ။ နေအိမ်ထဲမှာ တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့နေအောင် ဆောင်ရွက်ပါ။

အသက် ၆၅ နှစ်အထက် လူကြီးများ၊ ကလေးငယ်များ၊ နာတာရှည်ရောဂါရှင်များ၊ ခုခံအားကျနေသူများကို အထူး ဂရုပြုစောင့်ရှောက်ပါ။ လူစုလူဝေးများရာ၊ လေဝင်လေထွက်မကောင်းသောနေရာများမှာ အချိန်ကြာကြာ နေခြင်းကို ရှောင်ပါ။ Mask ခေါ် နှာခေါင်းစည်းများ တပ် ဆင်သွားလာပါ။ အထူးသဖြင့် မိမိမှာ အအေးမိနှာစေး နေပြီဆိုရင် Mask ကို မဖြစ်မနေတပ်ပါ။ Mask ကို စနစ် တကျတပ်ဆင်ရန် လိုပါတယ်။ (သာမန်သုံးတဲ့ Surgical Mask ထက် N95 ခေါ် Mask ကို လူကြိုက်များကြပါတယ်။ ၅ မိုက်ခရွန်ခန့်အထိ သေးငယ်တဲ့အမှုန်များကို စစ်ထား နိုင်လို့ ဗိုင်းရပ်စ်ကို ဟန့်တားနိုင်မယ်လို့ ယူဆကြပါတယ်။ အသက်ရှူကျပ်စေနိုင်လို့ သတိပြုသုံးသင့်ပါတယ်။ လိုအပ်မှသာ သုံးလျှင်ကောင်းပါတယ်)။ မည်သည့် Mask ကိုသုံးသည်ဖြစ်စေ သတိပြုရန်များရှိပါတယ်။ ကြာရှည် သုံးရင် အာငွေ့နဲ့ စိုစွတ်လာပြီး ရောဂါပိုးများ ကပ်လာနိုင် ပါတယ်။ ထိုအခါ ချက်ချင်း စွန့်ပစ်သင့်ပါတယ်။

အကောင်းဆုံးကတော့ မှန်မှန်လက်ဆေးခြင်းသာ ဖြစ်ပါတယ်။ နှာစေးချောင်းဆိုးရင် အဝတ်တစ်ခုခုနဲ့ ကာကွယ်ထားခြင်းကို သတိမလစ်စေဘဲ ဆောင်ရွက်သင့် ပါတယ်။ အအေးမိနှာစေးရာမှ အဖျားဝင်၊ ကိုယ်လက် ကိုက်ခဲလာပြီဆိုတာနဲ့ ဆရာဝန်များ၊ အနီးဆုံးကျန်းမာရေး ဌာနများမှာ ပြသပြီး လိုအပ်သလိုဆောင်ရွက်သင့်ပါ တယ်။ အရေးကြီးတာကတော့ လူတိုင်းတစ်ကိုယ်ရေသန့် ရှင်းရေးကို အလေးထားဆောင်ရွက်သင့်ခြင်း ဖြစ်ပါတယ်။ ကလေးငယ်များဖျားနာရင် ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးပြ ပါ။ ဖျားနာသူကို ကျောင်း၊ အလုပ်များသို့ မလွှတ်ပါနဲ့။ ကိုဗစ်အဖျားရောဂါလို့ သံသယရှိသူများကို သက်ဆိုင်ရာ များသို့ အမြန်ဆုံးအသိပေးအကြောင်းကြားဖို့လည်း အထူးလိုအပ်ပါတယ်။ COVID-19 ကူးစက်ရောဂါကို ကာကွယ်တားဆီးနိုင်အောင် လူစုလူဝေးများကိုရှောင်ဖို့ အရေးကြီးလှပါတယ်ခင်ဗျား။

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)