စုပေါင်းညီညီ ရှေ့သို့ချီ
ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက်ထားသည့် လွတ်လပ်ရေးကျောက်တိုင်ကြီးက ခိုင်မြဲတည်တံ့သော ဂုဏ်ကျက်သရေဖြင့် တင့်တယ်စွာတည်ရှိနေသည်။ လွတ်လပ်ရေးအောင်ပွဲနှင့် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကို မြင်ရသူတိုင်း မြန်မာ့ လွတ်လပ်ရေးကို ကြိုးပမ်းရယူခဲ့မှုဖြစ်စဉ်များနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရနေကြသည်ချည်း ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် လွတ်လပ်ရေး ကျောက်တိုင်များကို စိုက်ထူထားခြင်းမှာ ပြည်သူများ၊ လူငယ်မျိုးဆက်သစ်များ အနေဖြင့် ခက်ခက်ခဲခဲရယူခဲ့ရသည့် လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေး မဆုံးရှုံးရ စေရေး လူတိုင်း အသိတရားရှိရှိဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရမည့်စိတ်များ ကိန်းအောင်းလာစေရန်ဖြစ်သည်။
လူငယ်များစည်းလုံးညီညွတ်ကြရန်
လွတ်လပ်ရေးနေ့ရောက်တိုင်း မြန်မာ ပြည်သူတို့စိတ်ထဲတွင် လွတ်လပ်ရေးနှင့် ပတ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြား ခဲ့သည့် မိန့်ခွန်းများပါ အချက်များကို ယနေ့ခေတ်တွင် မည်မျှအထိ လိုက်နာစောင့်ထိန်းကြသည့် အခြေအနေ အတိုင်းအဆကို သတိပြုဆင်ခြင်မိသည်။ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များက မရှိတော့သော်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော၊ တိုးတက်ဖွံ့ဖြိုး လိုသော၊ စိတ်ဓာတ်ပြင်းပြ ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များကို သတိရမိ သည်။
“လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ် လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမဟုတ်လျှင် လွတ်လပ်တဲ့ ဗမာပြည်ဟာ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာ မဟုတ်ဘူး” ဟု ၁၉၄၇ ခုနှစ် မတ်လအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သတိပေး အသံလွှင့် ဟောပြောကြားခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားများ ညီညီညွတ်ညွတ် အမြဲရှိကြရန် လိုအပ်ပုံနှင့် နိုင်ငံတော် အကျိုးစီးပွားအတွက် စုပေါင်းပြီး မကွဲမပြား လက်တွဲညီညီ လုပ်ကိုင်ကြမှသာ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံအဖြစ် ရောက်ရှိမည်ကို လည်း ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်မှာကြားခဲ့သည်များ ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၇၀ ကျော်ကြာ သည်အထိ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားများက တိုင်းရင်းသားအားလုံးကို သတိပေးနေဆဲ။
“ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီတို့က တခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်” ဟု ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ည ပင်လုံမြို့၊ စော်ဘွားများ ထမင်း စားပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အား
ကိုလိုနီဘဝမှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားပေးခဲ့ပြီးဖြစ်ရာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ၊ နိုင်ငံတကာတွင် ထည်ထည်ဝါဝါရပ်တည်နိုင်သော နိုင်ငံအဖြစ်သို့ ဆက်လက်တည်ဆောက်ရန် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အား၊ တွဲလက်ညီညီဖြင့် ရှေ့သို့ချီနိုင်မည့်စိတ်ဓာတ် တို့ ကိုယ်စီရင်ထဲစွဲမြဲပြည့်ဝနေမှသာ ရမည် ဖြစ်သည်။
လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေသော်လည်း တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းတို့လည်း ဟန်ချက်ညီညီ ဖြစ်ထွန်းနေမှသာ သာယာဝပြောသော လူနေမှုအဆင့်အတန်း မြင့်မားသောဘဝများကို ပုံဖော်နိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုဟူသော စည်းလုံးညီညွတ်သည့် အခြေခံစိတ်ဓာတ် အရင်းတည်ကာ တိုင်းရင်းသားအားလုံးအကျိုး၊ နိုင်ငံတော် အကျိုးစီးပွားတို့ကို စုစည်းညီညွတ်မှုအားဖြင့် ထုဆစ်ပုံဖော်နိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအလယ် တွင် စိုက်ထူထားသော လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်အခြေ၌ ရေးထိုး ထားသည့် လွတ်လပ်ရေးမော်ကွန်းအပိုဒ်(၉)တွင် “လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေး တာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။ ဤငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည် အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်စေ သတည်း” ဟု ပါရှိသည်။ မှန်ပါသည်။ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရန်၊ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် ကဏ္ဍအသီးသီးတွင် ပြည်ပ ပယောဂကြောင့် လက်လွတ်ဆုံးရှုံး မရှိစေရန်မှာ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်ဖြစ်သည်။ ထိုတာဝန်မှာ သားစဉ်မြေးဆက်အထိ တာဝန်ရှိသည်ဟူသော အသိတရားကို စိတ်ထဲနှလုံးသားထဲတွင် စွဲမြဲစွာကိန်းအောင်းနေစေရန် ယနေ့ ပြည်သူများက အမြဲမပြတ် သွန်သင်ဝေမျှပေးနေရမည် ဖြစ်သည်။
ညီညွတ်မှု၊ စည်းလုံးမှုအားများ
မြန်မာ့လွတ်လပ်ရေးကို ရယူခဲ့ကြစဉ်က ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး သွေးစည်းချစ်ကြည်ညီညွတ်ခဲ့ကြသည်။ ထိုသို့ ညီညွတ်မှုအင်အား၊ ပေါင်းစည်းမှုအားတို့ တစ်စိတ်တစ်ဝမ်းတည်းတူညီကာ လွတ်လပ်ရေးကို ရယူခဲ့ခြင်းဖြစ်သည်။ ယခု လွတ်လပ် ရေးရပြီးကာလများတွင်လည်း ညီညွတ်မှု၊ စည်းလုံးမှုအားများ ဆက်လက်ဖြစ်ထွန်းနေစေရန် အားလုံးက သတိရှိရှိ၊ အမြင် ကျယ်ကျယ်၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ကာ ရေပက်မဝင်သော စုစည်းမှု၊ ပေါင်းစည်းညီညွတ်မှုများဖြင့် တည်ဆောက် ကြရမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးနှင့်ပတ်သက်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ ရွှေတိဂုံစေတီတော်အလယ်ပစ္စယာ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင် “ကျွန်တော် လိုချင်တဲ့ ညီညွတ်ရေးက တစ်တိုင်းပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုး လုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊ ဒါတွေကို ရအောင်၊ အဲဒီလို တူညီတဲ့အကျိုး ပြည်သူ ပြည်သားတွေရအောင်၊ တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်နဲ့ ပြောရုံနဲ့မပြီးဘူး၊ ပါးစပ်က ညီညွတ်ချင်ပါ တယ်ပြောလို့ မဖြစ်ဘူး၊ အလုပ်မှာလည်း တူရမယ်၊ အကျိုးမှာလည်း တူရမယ်၊ ရည်ရွယ်ချက်မှာလည်း တူရမယ်၊ အဲဒါမျိုး ကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်” ဟု ပြောကြားခဲ့သည်။
တူညီသောခြေလှမ်း၊ တူညီသောအနာဂတ်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကိုများ၊ ပြည်သူများအားလုံး အကျိုးဖြစ်ထွန်းရန် ညီညွတ်ရေးက အရေးကြီးပုံကို ဗိုလ်ချုပ် အောင်ဆန်းက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် သတိပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တူညီသောခြေလှမ်း၊ တူညီသောအနာဂတ်ကို လက်တွဲမဖြုတ်တမ်း ဇွဲသန်သန်ဖြင့် စုပေါင်းကြိုးစားကြရမည်ဖြစ်သည်။
လွတ်လပ်ရေးရယူခဲ့စဉ်က မြန်မာနိုင်ငံ တစ်ဝန်း ထက်သန်နိုးကြားသော စိတ်ဓာတ်များ၊ တွဲလက်များခိုင်ခိုင်ဖြင့် စုပေါင်းဆင်နွှဲ ခဲ့သည့် ပုံစံကောင်းများက သမိုင်းဖြစ်ရပ်မှန် များအဖြစ် တည်ရှိခဲ့ကြသည်။ ဘယ်သူခွဲခွဲ သွေးမကွဲဘဲ လွတ်လပ်ရေးဟူသော အောင်ပန်းကို အရယူနိုင်ခဲ့ကြသည့် စိတ်ဓာတ်နှင့် စုပေါင်းအင်အားတို့က ပြန်စဉ်းစားရင် လူတို့နှလုံးအိမ်ဝယ် ပူနွေးနေဆဲဖြစ်သည်။
ယနေ့ လွတ်လပ်သည့် နိုင်ငံအဖြစ် တည်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်သည့် စုပေါင်းအား လိုအပ်နေချိန်ဖြစ်သည်။ တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်းများကို လက်တွေ့ဖော်ထုတ် တည်ဆောက် ကြရန် လိုအပ်နေချိန်လည်း ဖြစ်သည်။ ငြိမ်းချမ်းရေးလမ်းကို ဖော်ဆောင်ပြီး ပြည်သူလူထုအားလုံး ဖွံ့ဖြိုးတိုးတက် သော လမ်းမပေါ်၌ တွဲလက်မဖြုတ် နောက်မဆုတ်ဘဲ စုပေါင်းညီညီဖြင့် ရှေ့သို့ချီကြရမည်မှာ အမှန်ပင်ဖြစ်သည်။ ။
မိုးမြင့်လင်းလက်