ဂျပန် - မြန်မာ ချစ်ကြည်ရေး တိုးတက်မှုကိုရည်ရွယ်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi ၏ သတင်းစကား
ယနေ့တွင် ကျွန်တော်သည် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်လျက်ရှိပါသည်။ ကျွန်တော်သည် ယခုခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် ခရီးစဉ်နောက်ပိုင်း ပထမဦးဆုံးလာရောက်ခြင်းဖြစ်သည့် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့မည်ဖြစ်သည့်အတွက် အထူးဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို အပြောင်းအလဲမရှိဘဲ ထိန်းသိမ်းလာခဲ့ကြပါသည်။ အထူးသဖြင့် စစ်ကြီးပြီးခါစ စားနပ်ရိက္ခာအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည့်ကာလတွင် မြန်မာနိုင်ငံမှ ဆန်အမြောက်အမြားကို ပေးပို့ခဲ့သည့် ကျေးဇူးတရားကို မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်ပါ။ မြန်မာ နိုင်ငံသည် အာဆီယံနှင့် မဲခေါင်နိုင်ငံများထဲတွင် အဓိကအရေးပါသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်ပေါင်းရှည်ကြာစွာ ချစ်ခင်ရင်းနှီးခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေးတွင်လည်း အလွှာစုံ အပြန်အလှန်ဆက်ဆံရေးကို တည်ဆောက်ရာတွင် အခြေခံအကြောင်းတရား ဖြစ်လာခဲ့ပါသည်။
အစွမ်းကုန် ကူညီထောက်ပံ့
မြန်မာနိုင်ငံတွင် ယခုလက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းစဉ်များကို ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံအတွက် အရေးကြီးသည့်မိတ်ဆွေနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံအနေဖြင့်လည်း အစွမ်းကုန် ကူညီထောက်ပံ့လျက်ရှိပါသည်။ ပထမဦးဆုံး ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးခြင်းမှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံစလုံးက အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းမှုဖြင့် ဖွင့်လှစ်နိုင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ကုမ္ပဏီပေါင်း ၁၁၃ ခု၊ ဝန်ထမ်းပေါင်း ၁၂၄၀၀ အတွက် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ခဲ့ပြီး ကြီးမားသည့်အောင်မြင်မှုကို ရရှိလျက်ရှိပါသည်။ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်၏ နောက်ဆက်တွဲအကျိုးကျေးဇူးအသီးအပွင့်များအဖြစ် ပိုမိုကျယ်ပြန့်စွာ ကူးလူးသွားလာနိုင်စေရန် အရှေ့အနောက် စီးပွားရေးစင်္ကြံ၊ ရန်ကုန်-မန္တလေးရထားလမ်း စသည့်အခြားဒေသကြီးများနှင့် ချိတ်ဆက်မှု ခိုင်မာအား ကောင်းစေရေးအတွက် လုပ်ငန်းစဉ်များကိုလည်း ရှေ့ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ သာမက ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ အုပ်ချုပ်ရေးစွမ်းရည်မြှင့်တင်ရေး စသည့်ကဏ္ဍအသီးသီးတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏အနာဂတ်ကို မျှော်လင့်ထားကြသော ဂျပန်ကုမ္ပဏီများ၏ “တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု” ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေဖြင့် ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်သွားလိုပါသည်။
အတူတကွတည်ဆောက်နိုင်
ဂျပန်နိုင်ငံသည် ရခိုင်ပြည်နယ်အရေးကိုလည်း အထူးအလေးထားလျက် ရှိပါသည်။ ရခိုင်ပြည်နယ်အရေးသည် ရိုးရှင်းလွယ်ကူသည့် စိန်ခေါ်မှုမဟုတ်ကြောင်း ကောင်းစွာနားလည်ထားပြီး မြန်မာနိုင်ငံသားများ၏ ဉာဏ်အမြော်အမြင်ဖြင့် မြန်မာနိုင်ငံတွင် လူများအားလုံးအတူယှဉ်တွဲ နေထိုင်ကြပြီး သာယာဝပြောသော လူ့အသိုက်အဝန်းကို ကျိန်းသေပေါက် အတူတကွတည်ဆောက်နိုင်ကြလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတကာလူ့အဖွဲ့အစည်းအနေဖြင့်လည်း မြန်မာနိုင်ငံကိုယ်တိုင်က လုပ်ဆောင်သွားရမည့်လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသွားသင့်သည်ဟု အခိုင်အမာယုံကြည်ပါသည်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကိုအခြေခံပြီး မြန်မာအစိုးရ၊ မြန်မာတပ်မတော်နှစ်ဖက်စလုံးက ပွင့်လင်းမြင်သာမှုရှိသောပုံစံမျိုးဖြင့် ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းကို တစ်ဆင့်ချင်းပုံမှန်လုပ်ဆောင်သွားရင်း တစ်ပြိုင်တည်းမှာ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် ဝန်းကျင်ကောင်းဖန်တီးရေးကို အမြန်ဆုံးလုပ်ဆောင်သွားရန် အထူးမျှော်လင့်လျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေဖြင့် လူ့အဖွဲ့အစည်းနှစ်ခုအကြား သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့်လုပ်ငန်းစဉ်များကို ဆက်လက်၍ အစွမ်းကုန် ကူညီထောက်ပံ့သွားမည်ဖြစ်ပါသည်။
အထူးမျှော်လင့်
တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်ရေးသည်လည်း အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ဂျပန်အစိုးရသည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sasakawa Yohei ကို ဦးဆောင်စေပြီး ငြိမ်းချမ်းရေးကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးစကားဝိုင်းများကို တိုးမြှင့်လုပ်ဆောင်သွားရင်း ဂျပန်နိုင်ငံ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ရေတွင်းများ၊ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးနည်းပညာများ သင်ကြားပြသခြင်းများမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုဘဝတိုးတက်မြင့်မားရေးအတွက် အထောက်အပံ့များပေးအပ်လျက် ရှိပါသည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် Nippon Foundation မှတစ်ဆင့် တည်ဆောက်ခဲ့သည့် အိမ်ခြေ ၂,၃၅၀ ရှိသော လူနေအိမ်ရာများတွင် ဒေသခံပြည်သူဦးရေ စုစုပေါင်း တစ်သောင်း ပြန်လည်အခြေချနေထိုင်လျက်ရှိပါသည်။ ထို့ပြင် ယခုနောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားနိုင်ရေးအတွက် ကူညီထောက်ပံ့လျက်ရှိပါသည်။ တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်လုပ်ဆောင်ရင်း အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာအစိုးရ၏ ရည်မှန်းချက်ကို အားပေးကူညီသွားခြင်းသည် ဂျပန်အစိုးရ၏ အခြေခံမူဝါဒတစ်ရပ်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အထောက်အပံ့သည် မြန်မာနိုင်ငံသားအားလုံး၏လူနေမှုအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာရေးအတွက် အထောက်အကူ ဖြစ်စေရန် အထူးမျှော်လင့်ပါသည်။
အခိုင်အမာယုံကြည်
ယခုအခါ နိုင်ငံတကာအသိုက်အဝန်းမှာ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကမ္ဘာတစ်ဝန်းလုံး ကူးစက်ပြန့်ပွားမှုဆိုသည့် ယခင်က တွေ့ကြုံခဲ့ဖူးခြင်းမရှိသော စိန်ခေါ်မှုကြီးကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ အစိုးရနှင့် ပြည်သူများ၏စည်းလုံးညီညွတ်မှုကြောင့် နိုင်ငံတွင်းကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သည့်အတွက် ချီးကျူးလိုပါသည်။ တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုများနှင့် နိုင်ငံများအချင်းချင်း အပြန်အလှန် ကူးလူးသွားလာမှုများ ရပ်ဆိုင်းခဲ့ရသည့် အကျိုးဆက်များသည် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအပေါ်တွင်လည်း အလွန်ကြီးမားစွာ ရိုက်ခတ်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ တတ်နိုင်သမျှ အမြန်ဆုံး လျော့ကျသွားစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ဦးဆောင်ဦးရွက်ပြုကာ ကျန်းမာရေးနှင့် ဆေးကုသမှုစနစ်တွင် လိုအပ်ချက်ရှိသောနိုင်ငံများကို ကူညီထောက်ပံ့လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ယခု အချိန်အထိ နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိသော နည်းပညာအကူအညီများနှင့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာအထောက်အပံ့များကို ပေးအပ်ခဲ့သည့်အပြင် စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၁၀ တန်ဖိုးခန့်ရှိသော အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အလုပ်သင်အလုပ်သမားနှင့် ပညာတော်သင်ကျောင်းသားအများအပြားသည် ဂျပန်နိုင်ငံသို့သွားရောက်ရန် စောင့်ဆိုင်းလျက်ရှိကြကြောင်းကိုလည်း ကျွန်တော် ကောင်းစွာသိရှိထားပါသည်။ COVID-19 ရောဂါ ထပ်မံ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ပြီး နှစ်နိုင်ငံ စလုံးအတွက် အဆင်ပြေမည့်ပုံစံမျိုးဖြင့် အသွားအလာများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ ယခင်က မကြုံစဖူးသော အခက်အခဲ အကျပ်အတည်းကို ဂျပန်နှင့် မြန်မာနှစ်နိုင်ငံစလုံးမှ နိုင်ငံသားများ အတူတကွ လက်တွဲလျက် ရင်ဆိုင်ကျော်လွှားနိုင်ပြီး COVID-19 အလွန်ကာလများတွင် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာကာ စီးပွားရေးအရ တိုးတက်အောင်မြင်မှုများ ပိုမိုရရှိနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ထားပါသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များထဲမှ အရေးကြီးသည့် မှတ်တိုင်တစ်ခုကို စိုက်ထူရန် ရှိပါသည်။ မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကို ကျင်းပနိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားပါသည်။ ဂျပန်နိုင်ငံက ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ် Mr. Sasakawa Yohei ဦးဆောင်သည့် ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကိုစေလွှတ်ပြီး အထွေထွေရွေးကောက်ပွဲကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနေပုံများကို မြန်မာနိုင်ငံသားများနှင့်အတူ ဝိုင်းဝန်းလေ့လာ အားပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများအားလုံးတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခြင်းမှ ကာကွယ်နိုင်ရန်အတွက် အလွယ်တကူ ဖျက်ပစ်၍မရသည့် မင်ရည်များကို ထောက်ပံ့ပေးအပ်ခြင်းဖြင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ကူညီသွားမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်မှန်သည့် မိတ်ဆွေရင်းချာအဖြစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းအားဖြင့် ဘက်ပေါင်းစုံမှ ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi