Skip to main content

ထာဝရငြိမ်းချမ်းရေးအတွက် . . . . .

“ မည်သူမဆို ကူညီသည်ဖြစ်စေ

မည်သူမဆို မကူညီသည်ဖြစ်စေ

ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ

ကိုယ့်အားကိုယ်ကိုးမှ … ကိုယ်သာသခင် ဖြစ်ပေ

ဝန်ထမ်းရွှင်လန်း

ပန်းတိုင်ကိုအရောက် လျှောက်နိုင်ဖို့မသွေ

လုလင်ငယ်သွေး...အားမာန်မွေးရမလေ

ဒီသီချင်းစာသားလေးကို လူတိုင်းကြားဖူးကြမှာပါ။ အခုဆိုရင် ည ၈ နာရီ သတင်းလာခါနီးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ် အသံလွှင့်တဲ့အခါ နောက်ခံတီးလုံးအနေနဲ့ နေ့စဉ်ကြားနေကျဖြစ်နေမှာပါ။ သံစဉ်စာသားလေးတွေဟာ အဓိပ္ပာယ်ရှိသလို “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့အတိုင်း ဘယ်သူ့အကူအညီမှမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ကိုယ့်အား ကိုယ်ကိုးစိတ်ကိုဖြစ်စေပါတယ်။

ဘာကြောင့်များ သက်ဆိုးရှည်ကြာနေလဲ

ည ၈ နာရီထိုးခါနီး လုလင်ငယ်သွေးသီချင်း တီးလုံးသံလေးကြားရပြီဆိုရင် လူက ရုပ်မြင်သံကြား အနားကို ရောက်သွားလေ့ရှိပါတယ်။ မျက်စိကလည်း စခရင်ပေါ်က စာသားတွေကို လိုက်ဖတ်နေမိ တယ်။ နိုင်ငံရေးဦးတည်ချက် (၃)ရပ်ထဲက ဒုတိယအချက်ဖြစ်တဲ့ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်းအလေးထားလုပ်ဆောင်ရေးဆိုတဲ့ ဦးတည်ချက်ကို ဖတ်မိတော့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ဘာကြောင့်များ ဒီလောက်အထိ သက်ဆိုးရှည်ကြာနေလဲဆိုတာ အတွေးပွားမိတယ်။

လက်နက်ကိုင်ပဋိပက္ခတွေလို့ ပြောလိုက်တာနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်နေတဲ့ တိုက်ပွဲတွေကိုပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးကို လေ့လာကြည့် မယ်ဆိုရင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တယ်။ မတ်လမှာပဲ ဗမာပြည် ကွန်မြူနစ်ပါတီဟာ ဖဆပလအစိုးရကို ဝါဒရေးအရဆန့်ကျင်ပြီး တောခိုသွားရာကနေ လက်နက်ကိုင် ပဋိပက္ခတွေစတင်ခဲ့တယ်။ မရှေးမနှောင်းမှာပဲ ကရင်လူမျိုးရေး၊ သီးခြားကရင်ပြည်နယ်ထူထောင် ရေးဆိုပြီး ကရင်လက်နက်ကိုင် ပဋိပက္ခပေါ်ပေါက် လာရပြန်ပါတယ်။ နောက်တစ်ခါ ၁၉၆၁ ခုနှစ် ပြည်ထောင်စုပါတီ(ပထစ) အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း လိုက်လို့ ဘာသာရေးကိုအခြေခံပြီး ကချင်ဒေသမှာ ကေအိုင်အိုလက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်ခဲ့တယ်။

အဓိကအားဖြင့် ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက်တက်လာတဲ့ အစိုးရတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ်မူတည်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ ဘယ်အစိုးရတက်တက် တက်လာတဲ့အစိုးရနဲ့ ပြည်သူ့ ဘဝလုံခြုံရေးကို ရပ်တည်ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ဖြစ်နေတဲ့ ပဋိပက္ခတွေမဟုတ်ဘဲ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးစတဲ့ အကြောင်းတရားတွေကြောင့်သာ ဖြစ်ပွားနေရတာဖြစ်ပါတယ်။

ဒီအကြောင်းတရားတွေကို ပြန်ကြည့်မယ် ဆိုရင်လည်း သူ့ကျွန်ဘဝ တိုင်းတစ်ပါးရဲ့ကျူးကျော် အုပ်ချုပ်မှုအောက်မှာ သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရတာကြောင့်လို့ ဆိုနိုင်ပါတယ်။ မိမိတို့နိုင်ငံဟာ ရေမြေ တောတောင်သဘာဝအရ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသလို တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို ကွဲပြားခြားနားမှုရှိတဲ့နိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က တစ်ချိန်တည်း တစ်ပြိုင်တည်း သိမ်းပိုက်အုပ်ချုပ်ခဲ့တာမဟုတ်ဘဲ ၁၈၂၆ ခုနှစ်ကနေ ၁၈၈၆ ခုနှစ်အထိ နှစ်ပေါင်း ၆၀ အတွင်းမှာ ကျူးကျော်စစ်သုံးကြိမ် ပြုလုပ်ပြီးမှ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာကျင့်သုံးခဲ့တဲ့ ကိုလိုနီခေတ်အုပ်ချုပ်ရေးပုံစံဟာ တစ်နယ်နဲ့တစ်နယ် ကွဲပြားခြားနားခဲ့ပါတယ်။ ဒီလိုကွဲပြား ခြားနားမှုတွေကနေ အစပြုပြီးတော့ သွေးခွဲအုပ်ချုပ်မှုတွေကို ဖန်တီးခဲ့ပါတယ်။

စက္ကူဖြူစာတမ်း

အထင်ရှားဆုံး အထောက်အထားအနေနဲ့ တင်ပြရရင် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ မြန်မာပြည်စစ်ပြေးဘုရင်ခံ ဒေါ်မန်စမစ်ဟာ မြန်မာပြည်ကိုပြန်လည်အုပ်ချုပ်ဖို့အတွက် စာတမ်း တစ်စောင်ကို အိန္ဒိယမှာကြိုတင်ပြင်ဆင်ရေးဆွဲခဲ့တယ်။ နောင်မြန်မာ့သမိုင်းမှာ စက္ကူဖြူစာတမ်း ဆိုပြီးထင်ရှားတယ်။ ဒီစာတမ်းမှာ တောင်တန်းဒေသတွေရဲ့ အနာဂတ်အရေးနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော ဗမာလူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်ရာ ရှမ်းပြည်နယ်များနှင့် လူမျိုးစုတို့နေထိုင်ရာ တောတောင်ထူထပ်သည့် သီးခြားနယ်မြေများကိုမူ ထိုလူမျိုးများက မိမိတို့နေထိုင်သောဒေသများကို မြန်မာပြည်မနှင့် သင့်လျော်သောပုံစံဖြင့်ပူးပေါင်းလိုကြောင်း မိမိတို့ဆန္ဒကို ထုတ်ဖော်မပြုသေးမီ ကာလအတွင်း ဘုရင်ခံက အထူးစီမံအုပ်ချုပ် ထားလိမ့်မည်ဖြစ်ကြောင်း ပါရှိသလို ဘုရင်ခံ ဒေါ်မန်စမစ်ကလည်း “မြန်မာပြည်ရှိ တောင်တန်း လူမျိုးများထံသို့ ကျွန်ုပ်အထူးစကားတစ်ခွန်း မြွက်ကြားလိုကြောင်း၊ သင်တို့အဖို့ သီးသန့်အုပ်ချုပ် ရေးကိုပေးမည်ဖြစ်၍ သင်တို့၏ကြီးပွားရေးနှင့် ထုံးတမ်းဓလေ့အရ တိုးတက်မှုများကို အထူးဂရုပြု လိမ့်မည်ဖြစ်ကြောင်း၊ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသော မြန်မာပြည်မအတွင်းသို့ သင်တို့တစ်နေ့ ဝင်ကောင်းဝင်ချင်လာကြလိမ့်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်၏အစိုးရသည် မြန်မာပြည် စည်းလုံးညီညွတ်ရေး၏ နောက်ဆုံးအဆင့်ဖြစ်သော ဤအဆင့်အတန်း သို့ရောက်ရှိလာအောင် အစွမ်းကုန်ကြိုးစားမည် ဖြစ်ကြောင်း ပြောကြားတာတွေကို ကြည့်ခြင်းအား ဖြင့် ဗြိတိသျှတို့ဟာ မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသတွေကို ချန်လှပ်ထားပြီး သူတို့ဆက်လက်အုပ်ချုပ်လိုတာ ထင်ရှားတဲ့သာဓကတွေဖြစ်ပါတယ်။

ဒီလိုလူမျိုးရေးအရ ခွဲခြားထားမှုတွေဟာ ဒုတိယကမ္ဘာစစ်အပြီး အမျိုးသားလွတ်လပ်ရေးကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့မြန်မာနိုင်ငံအတွက် မလိုလားတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် သမိုင်းစဉ်တစ်လျှောက်လုံး အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြတဲ့ မိမိတို့ တိုင်းရင်းသားသွေးချင်းတွေကို သံသယစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလိုသံသယစိတ်တွေကပဲ အမျိုးသားစည်းလုံးညီညွတ်ရေး လမ်းကြောင်းမှာ အဟန့်အတားတွေဖြစ်ပေါ်စေခဲ့သလို အခြေခံဥပဒေရေးဆွဲရာမှာလည်း အရှုပ်အထွေးတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအခြေခံအကြောင်းတရားတွေကပဲ အနာဂတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ ပင်လုံကတိကဝတ်၊ ခွဲထွက်ခွင့်၊ တန်းတူညီမျှရေးစတဲ့ အတောမသတ်နိုင်တဲ့ အရေးပေါင်းစုံ ပေါ်ပေါက်ခဲ့ ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းကြဘဲ လက်နက်ကိုင် လမ်းစဉ်လိုက်ပြီး‌ ဖြေရှင်းနေကြလို့လည်း ပဋိပက္ခတွေ ရှည်ကြာနေရတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ အစိုးရတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လွှတ်တော်တွေပေါ်ပေါက်လာပြီး တော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမအကြိမ် ဒီမိုကရေစီအစိုးရလက်ထက်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုအချင်းချင်းအကြား သမနိရှည်ကြာနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံ ရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာကြမယ်ဆိုပြီး သဘောထား ကြီးစွာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ အဖွဲ့အစည်းအားလုံး တန်းတူရည်တူဆွေးနွေးနိုင်ဖို့ ရှေးရှုပြီးတော့ နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့ စိတ်ရှည်သည်းခံမှုတွေကြောင့်ပဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်တွင်းအသိသက်သေတွေ၊ နိုင်ငံတကာအသိ သက်သေတွေ၊ နိုင်ငံခြားသံတမန်အကြီးအကဲတွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စတဲ့ အဖွဲ့အစည်းပေါင်းစုံရှေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပြီးတော့မှ ပေါ်ပေါက်လာတဲ့စာချုပ် ဖြစ်ပါတယ်။

သဘောတူစာချုပ်ရဲ့ နိဒါန်းပိုင်းကိုလေ့လာကြည့်ရင် “ဤတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံ၍ ဤသဘော တူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်သွားရန် အပြန်အလှန် သန္နိဋ္ဌာန်ပြုကြသည်ဟု ဖော်ပြထားရာ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးဟာ ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေကြောင့် အဖွဲ့အစည်းအချို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ကျောခိုင်းကာ သဘောတူစာချုပ်ပျက်ပြယ်သယောင် ပြောဆိုနေ မှုတွေရှိနေတာကို တွေ့ရပါတယ်။

ယနေ့ နိုင်ငံတော်တာဝန်ကိုယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ငြိမ်းချမ်း ရေးဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယနေ့ ကာလဟာ နိုင်ငံတော်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ စီမံအုပ်ချုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာတောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တစ်နည်းအားဖြင့် တပ်မတော်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နေခြင်းဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလို့ဆိုတာ ထင်သာမြင်သာတဲ့ အချက်ပဲဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟာ မိမိတို့တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းအကြား နှစ်ပေါင်းများစွာ အဖြေရှာခြင်းမပြုနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးအတွက် အဓိကကျတဲ့ လမ်းညွှန်မူကြီးဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တာကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်း ကနေ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းအဖြေရှာကြဖို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။    ။

ကောင်းဆက်