သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးနှင့် ထိရောက်မှု
သိန်းထွန်း(IR)
ယနေ့ကမ္ဘာကြီးတွင် လူသားတို့သည် ယခင်က မကြုံစဖူးဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။ လူသားတို့ရင်ဆိုင်နေကြရသည့် ဘေးအန္တရာယ်များတွင် လူလုပ်ဘေးအန္တရာယ်များ ပါဝင်သကဲ့သို့ သဘာဝဘေးအန္တရာယ်များလည်း ပါဝင်နေသည်။ လူလုပ်ဘေးအန္တရာယ်များတွင် စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ နျူကလီးယားအန္တရာယ်၊ ဓာတုပစ္စည်းများအန္တရာယ် စသည့်လူတို့ကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များပါဝင်ပြီး သဘာဝဘေးအန္တရာယ်များတွင် မုန်တိုင်းများ၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ အပူလှိုင်းများစသည်တို့ ပါဝင်ပါသည်။ အချို့သော သဘာဝဘေးအန္တရာယ်များသည် သဘာဝကြောင့်ဟုဆိုသော်လည်း ယင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေသည့် အရင်းခံအကြောင်းရင်းများသည် လူသားတို့၏ပယောဂကြောင့် ဖြစ်ပွားလာခြင်းဖြစ်သည်။
လူတို့သည် မိမိကိုယ်ကျိုးစီးပွား၊ မိမိနိုင်ငံ၊ မိမိဒေသနှင့် မိမိလူမျိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် သဘာဝအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကိုပျက်စီးစေသည့်ပစ္စည်းများ စွန့်ပစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ကာကွယ်မှုအားနည်းခြင်းတို့ကြောင့် ယင်း၏ ဆိုးကျိုးအန္တရာယ်များသည် ယခင်ကထက် တစ်နေ့တခြားများပြားလျက်ရှိသည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာလုံးအတိုင်းအတာအရဖြစ်ပွားနေပြီး ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုနှင့် ဂေဟစနစ်ပျက်စီးလာမှုတို့သည် လူသားတို့ အသက်ရှင်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်နေပြီဖြစ်သည်။
သဘာဝဘေးအန္တရာယ်အခြေအနေ
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာသဖြင့် လာမည့်ဆယ်စုနှစ်များအတွင်း စက်မှုခေတ်မတိုင်မီအဆင့်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်သွားမည်ဖြစ်ကြောင်း Global Assessment Report 2023 အစီရင်ခံစာတွင် ဖော်ပြထားသည်။ အပူချိန်အဆက်မပြတ် မြင့်တက်မှုနှင့် ဆက်စပ်အကျိုးသက်ရောက်မှုများသည် အခြားအကြောင်းရင်းများနှင့် ပေါင်းစပ်ကာ ဘေးအန္တရာယ်များကို တိုးမြင့်စေပြီး ဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုကို ကျဆင်းစေလျက်ရှိပါသည်။ လူသားနှင့်လူသားစနစ်အကြား အပြန်အလှန်ဆက်နွှယ်မှု တိုးမြင့်လာခြင်းသည် ဘက်စုံအန္တရာယ်အပြင် ဆက်စပ်နေသည့် အကျပ်အတည်းများကို တိုးမြင့်စေပါသည်။
သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့် အသက်ဆုံးရှုံးမှုများအပြင် စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍမျိုးစုံအပေါ် ထိခိုက်စေလျက်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု သုံးသပ်ချက် (GHO) ၂၀၂၃ အရ လူပေါင်း ၃၃၉ သန်း သည် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် အကာအကွယ်များလိုအပ်နေပြီး လွန်ခဲ့သောနှစ်များကထက် သိသိသာသာ တိုးမြင့်လာကာ ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
ရာသီဥတုနှင့်ပတ်သက်၍ လတ်တလော ခန့်မှန်းချက်များအရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာကြီးသည် တစ်နှစ်လျှင် ဘေးအန္တရာယ် ၅၆၀ ခန့်နှင့် ရင်ဆိုင်ရမည်ဟု (UNDRR, 2022) ဆိုပါသည်။ ပြင်းထန်သော ရာသီဥတုဆိုင်ရာဖြစ်စဉ်များ၏ ၇၅ ရာခိုင်နှုန်းသည် ကာဗွန်ထုတ်လွှတ်မှုကြောင့် ဖြစ်လာသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေကြောင်း (Climate Adaptation Platform, 2022) အရ သိရပါသည်။ ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ကာလအတွင်းက ရာသီဥတုဆိုင်ရာ ကပ်ဘေးများကြောင့် သေဆုံးမှုများ၏ ၉၁ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂကဆိုပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးဆိုင်ရာ အစီရင်ခံစာများအရ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များမှာ လျော့ကျနိုင်မှုထက် ပိုမိုဆိုးရွားလာမည့် အခြေအနေတွင် ရှိနေသည်။
နိုင်ငံနှင့်ဒေသများအလိုက်ဖြစ်ပွားသည့် သဘာဝဘေးထိတွေ့ရမှုနှင့် အကျိုးဆက်တို့မှာ ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိကြသော်လည်း အချို့သောသဘာဝဘေးများသည် ဒေသအနှံ့ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိနေသည်။ ကမ္ဘာပေါ်တွင် နိုင်ငံနှင့်ဒေသအလိုက် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် ခံနိုင်ရည်များမတူညီကြသော်လည်း ဘေးအန္တရာယ်ခံနိုင်ရည်ရှိသောနိုင်ငံ တစ်နိုင်ငံမှမရှိပါ။
သဘာဝဘေးအန္တရာယ်လျော့ပါးရေး
ယခင်က သဘာဝဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကအားဖြင့် အရေးပေါ်တုံ့ပြန်ရေးကိုသာ ဦးစားပေးခဲ့သော်လည်း သဘာဝဘေးအန္တရာယ်များသည် (ဆက်စပ်အန္တရာယ်ရှိသည့်တိုင်) သဘာဝသက်သက်မဟုတ်ချေ။ ယင်းသဘာဝဘေးကြောင့် ရင်ဆိုင်ရသည့်ဆုံးရှုံးမှုများနှင့် အကျိုးသက်ရောက်မှုများကို သက်သာစေရန် စီမံဆောင်ရွက်နိုင်သည်ကို ၂၀ ရာစုအကုန်တွင် ပိုမိုသိရှိခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်လျှော့ချရေး စီမံဆောင်ရွက်ရာတွင် အဓိကလုပ်ဆောင်ရန်မှာ ထိခိုက်နိုင်ခြေများနှင့် ထိတွေ့မှုများလျှော့ချခြင်း ဖြစ်ပါသည်။
အဆိုပါ အစိတ်အပိုင်းနှစ်ရပ်ကို ဖြေရှင်းရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့် အခြေခံအကြောင်းရင်း များကို ဖော်ထုတ်ရန်နှင့် လျှော့ချရန် ဖြစ်ပါသည်။ ဘေးအန္တရာယ်ဖြစ်စေသည့် အခြေခံအကြောင်းရင်း များသည် အဓိကအားဖြင့် အားနည်းသော စီးပွားရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုတို့အပြင် ရာသီဥတုပြောင်းလဲမှုများနှင့် ဆက်နွှယ်နေသည်။ ယင်းတို့သည် ဘေးအန္တရာယ်များ၊ ဖြစ်ပွားမှုနှင့် ထိခိုက်နိုင်သည့် အခြေအနေများကို ဖန်တီးပေးလျက်ရှိပြီး အန္တရာယ်များကို ပိုမိုဆိုးရွားစေပါသည်။ ဘေးအန္တရာယ်ဖြစ်စေသည့် အရင်းခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို လျော့ကျစေပြီး ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ကျဆင်းစေပါသည်။ တစ်ဆက်တည်းမှာပင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေး အသိပညာပေးမှုများနှင့် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရေးမှာ ကမ္ဘာလုံးဆိုင်ရာအရေးတကြီး လိုအပ်ချက်ဖြစ်လျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့်ပတ်သက်၍ “အစိုးရတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဘေးအန္တရာယ်နဲ့ ထိခိုက်နိုင်ခြေတွေကို ပိုနားလည်လေလေသူတို့ဟာ ဘေးအန္တရာယ်တွေကို လျော့ပါးသက်သာစေပြီး လူ့အသက်များစွာကို ပိုပြီးကယ်တင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပြောခဲ့ဖူးပါသည်။
မြန်မာနိုင်ငံနှင့် သဘာဝဘေးအန္တရာယ်
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းရှည်လျားသည့် နိုင်ငံဖြစ်သည်။ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိ ရှည်လျားသည့် သက်ရှင်ပြတ်ရွေ့ဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့်အခြားသော ပြတ်ရွေ့ငယ်များရှိခြင်း၊ နိုင်ငံ၏ ရာသီဥတုအခြေအနေအရ မြို့ပြမီးနှင့် တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စသည့်သဘာဝ ဘေးအန္တရာယ်မျိုးစုံ ဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ သဘာဝကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များနှင့် လူတို့ကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များကြောင့် နှစ်စဉ်လူ့အသက်၊ အိုးအိမ်ပစ္စည်းများဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ များ စသည့်ကဏ္ဍအလိုက် ထိခိုက်ဆုံးရှုံးပျက်စီး မှုများ ဖြစ်ပေါ်နေပါသည်။
မြန်မာနိုင်ငံရှိ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (Myanmar information Management Unit- MIMU) ဆန်းစစ်လေ့လာမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံသည် သဘာဝဘေးဒဏ်ကြောင့် ကမ္ဘာပေါ်တွင် ထိခိုက်မှုအရှိဆုံးနိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လာမည့်နှစ်များအတွင်း ဘေးအန္တရာယ်အသစ်များအတွက် အထိခိုက်နိုင်ဆုံးနိုင်ငံများထဲ ပါဝင်နေသည်ဟု ဆိုပါသည်။ အသက်အန္တရာယ်၊ အလုပ်အကိုင်နှင့် အိုးအိမ်ပစ္စည်းများ သိသိသာသာဆုံးရှုံးခြင်းအပြင် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံ၏ တစ်နှစ်တာ GDP၏ ၃ ရာခိုင်နှုန်းဆုံးရှုံးနိုင်သဖြင့် ရေရှည်အကျိုး သက်ရောက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာနေ့
ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၈၉ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်း သဘာဝဘေးဆိုင်ရာ အသိပညာပေးရန်နှင့် သဘာဝဘေးအန္တရာယ် လျှော့ချရန်အတွက် ကုလသမဂ္ဂညီလာခံက အောက်တိုဘာလ ၁၈ ရက် ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်များသည် ဒေသအဆင့်တွင် အပြင်းထန်ဆုံးဖြစ်ပြီး အသက် ဆုံးရှုံးမှုများအပြင် လူမှုရေး၊ စီးပွားရေး ကသောင်းကနင်းဖြစ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၂၀၁၅ ခုနှစ် ဂျပန်နိုင်ငံဆန်ဒိုင်း၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ တတိယအကြိမ်မြောက် အစည်းအဝေးတွင် သတိပေးခဲ့ကြသည်။ ယခုအခါ ရုတ်တရက်ဖြစ်ပွားသည့် သဘာဝဘေး အန္တရာယ်များကြောင့် နှစ်စဉ်လူသန်းပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်နေကြရသည်။ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပိုမိုဆိုးရွားလာသည့် သဘာဝဘေးအန္တရာယ်များသည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ဆောင်မှုများကို အဟန့်အတား ဖြစ်စေနေပါသည်။
ထိုသို့ သဘာဝဘေးအန္တရာယ်မြင့်တက်လာမှုကို လျော့နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့အတွက် ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့” (Fighting Inequality for A Resilient Future) ဟု ချမှတ်ထားသည်။
အဓိကသတိပေးချက်
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့အတွက် ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့” (Fighting Inequality for A Resilient Future) ၏ အဓိကဖော်ပြချက်တွင် ဆင်းရဲမွဲတေမှု၊ မညီမျှမှုနှင့်ခွဲခြားဆက်ဆံမှုတို့သည် တိုးမြင့်လာနေသည့် သဘာဝဘေးအန္တရာယ်၏ အရင်းခံအကြောင်းများနှင့် အကျိုးဆက်များဖြစ်ကြောင်း ဖော်ပြထားသည်။ မညီမျှမှုများကြောင့် လူများသည် ထိခိုက်နိုင်ခြေရှိသည့် အခြေအနေများသို့ ရောက်ရှိနေသည်။ ဘေးအန္တရာယ်များသည် အန္တရာယ်အများဆုံးရှိနေသည့် လူများနှင့်အဆင်းရဲဆုံးသူများအပေါ် မညီမျှစွာ အကျိုးသက်ရောက်လျက်ရှိပြီး မညီမျှမှုများကို ပိုမိုဆိုးရွားစေလျက်ရှိပါသည်။ ဘေးအန္တရာယ်များဆိုင်ရာ ထိခိုက်နိုင်ခြေများကို လျှော့ချရာတွင် ကဏ္ဍပေါင်းစုံမှ လုပ်ဆောင်ရန်လိုအပ်ပါသည်။
ထို့အပြင် သဘာဝဘေးကြောင့် ဖြစ်လာသည့် မညီမျှသောအကျိုးဆက်များနှင့် ခံရနိုင်ခြေများကို ပိုမိုနားလည်လာစေရန် အသိပညာပေးကြရမည်ဖြစ်ပါသည်။ ခံနိုင်ရည်မြှင့်တင်ရေး အစီအမံများကို အထောက်အကူပေးနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင် ရာတွင် ဘက်စုံမှအချက်အလက်များ ပေါင်းစပ်အသုံးပြုရန်လိုအပ်ကြောင်း မီးမောင်းထိုးဖော်ပြထား ပါသည်။
မညီမျှမှုများ
လတ်တလော ဆယ်စုနှစ်များအတွင်း သုတေသနပြုမှုများအရ ယေဘုယျအားဖြင့် ဆင်းရဲသူများသည် ဘေးအန္တရာယ်များကို အများဆုံးခံစားနေကြရပါသည်။ ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ သဘာဝ ဘေးအန္တရာယ်နှင့်ဆက်နွှယ်၍ သေဆုံးရသူပေါင်း၏ ၈၂ ရာခိုင်နှုန်းသည် ဝင်ငွေနိမ့်ကျသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။ မကြာသေးမီက လေ့လာမှုများအရ ပြင်းထန်သောရာသီဥတု အဖြစ်အပျက်များ၏ ၇၅ ရာခိုင်နှုန်းသည် ကာဗွန်ထုတ်လွှတ်မှုကြောင့် ပိုမိုအားကောင်းလာနေသည့် ရာသီဥတုပြောင်းလဲမှုများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် အကြီးမားဆုံး အဆုံးအရှုံးများနှင့်ရင်ဆိုင်နေရသည့် နိုင်ငံများသည် ထိုပြဿနာအပေါ် အနည်းဆုံးပံ့ပိုးပေးသူများ ဖြစ်ကြပါသည်။
ဆင်းရဲနွမ်းပါးသူများသည် သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနှင့် အန္တရာယ်ရှိသည့် ဒေသများတွင်နေထိုင်နိုင်ခြေပိုများကြသည်။ ၎င်းတို့သည် အရည်အသွေးနိမ့်ကျ၍ လုံခြုံမှုမရှိသောနေအိမ်များတွင် နေထိုင်ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကဲ့သို့သော ဝန်ဆောင်မှုများမရှိခြင်းသည် အခြေအနေကို ပို၍ဆိုးရွားစေပါသည်။ အမျိုးသမီးများ၊ ကလေးများနှင့် မသန်စွမ်းသူများကဲ့သို့သူများသည် သဘာဝဘေးအန္တရာယ်၏ဆိုးကျိုးများကို သိသိသာသာ ထိခိုက်ခံစားနေကြရပါသည်။ မညီမျှမှုများသည် သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ဆောင်မှုများအပေါ် ကြီးမားသည့် အဟန့်အတားဖြစ်စေသဖြင့် ခံနိုင်ရည်ရှိမှု ကွာဟချက် ကြီးမားလာပြီး ထိရောက်မှုအားနည်းစေလျက်ရှိပါသည်။
အားလုံးပူးပေါင်းပါဝင်မှု
ထိုသို့ သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိမှု ကွာဟချက်အား ကိုင်တွယ်ဖြေရှင်းရာတွင် အထူးသဖြင့် ထိခိုက်လွယ်သော နိုင်ငံများအနေဖြင့် ထိခိုက်မှုခံနိုင်ရည်မြှင့်တင်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးသည် ယခင်ကထက် အားစိုက်လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုများတွင် ကဏ္ဍပေါင်းစုံပါဝင်လာရေး စည်းရုံးပြင်ဆင်ရာ၌ အချိန်ယူလုပ်ဆောင်ရသဖြင့် မလွှဲမရှောင်သာ ကုန်ကျစရိတ်များ တိုးမြင့်လာမည် ဖြစ်ပါသည်။ ထို့အပြင်နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများကို ပြန်လည်ဆန်းစစ်ကြကာ ယနေ့နှင့် အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအဓိကအချက်အနေဖြင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိခြင်းအပေါ် ပိုမိုအလေးထား ကြရမည် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း ထိရောက်မှုမရှိသော ဖွံ့ဖြိုးရေးမူဝါဒများသည် ဘေးအန္တရာယ်များကို မြင့်တက်စေနိုင်ပြီး ဆုံးရှုံးမှုများလည်း ဖြစ်စေနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ထိရောက် စေရန်အတွက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများ၊ အစိုးရ၏ အစိတ်အပိုင်းများ၊ ပရိုဖက်ရှင်နယ်နှင့် ပုဂ္ဂလိကကဏ္ဍများအားလုံး ပါဝင်ရန်လိုအပ်ပါသည်။ အထူးသဖြင့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများ အထူးသဖြင့်အဆင်းရဲဆုံးသူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ စွမ်းအားမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်မှုများ အလေးထားမြှင့်တင်ပေး မှသာသဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်လာနိုင်မည်ဖြစ် ပါသည်။ ။
ကိုးကား
၁။ မြန်မာနိုင်ငံရှိ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ် MIMU ဆန်းစစ်လေ့လာမှုအကျဉ်း၊ မေလ ၂၀၂၂
၂။ Global Assessment Report on Disaster Risk Reduction Special Report, United Nations, 2023
၃။ International Day for Disaster Risk Reduction 2023 concept note, UNDRR
၄။ https://www.un.org/en/observances/disaster-reduction-day
၅။ https://www.eird.org/americas/we/what-is-disaster-risk-reduction.html