Skip to main content

အယ်လ်နီညိုဖြစ်စဉ်နှင့် သဘာဝဘေးအန္တရာယ်များ

တင်ထက်ထက်ဇော်

မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အပူချိန်မြင့်တက်ခြင်း၊ မုတ်သုံဝင်ရောက်မှု နောက်ကျခြင်း၊ မုန်တိုင်းများဖြစ်ပေါ်နေခြင်း၊ မိုးဦးကာလ မိုးရရှိမှုနည်းခြင်း စသည့်လက္ခဏာများ ကြုံတွေ့ခဲ့ရသည်။ လတ်တလောတွင်လည်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသအလိုက် မိုးရွာသွန်းမှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း မကြာမီကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်၏ အစောပိုင်းကာလကို စတင် ရင်ဆိုင်ရနိုင်ခြေရှိနေသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ လေးလအတွင်း အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ လက်ရှိတွင် အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင်ရှိနေပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ရောက်ရှိနိုင်ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အယ်လ်နီညိုအခြေအနေမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျလာနိုင်သည်ဟု နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ခန့်မှန်းထားကြောင်း သိရသည်။

အယ်လ်နီညိုအကြောင်း သိကောင်းစရာ

အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက်ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိ ပင်လယ်ရေပြင်အပူချိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့်ဆက်စပ်သော လေထုနှင့်ရေစီးကြောင်းများပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာ ဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေသက်ရောက်သည့် ဖြစ်စဉ်ကိုခေါ်ဆိုခြင်းဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကို လူသားများက ၁၅ ရာစုနှစ်ကတည်းက တွေ့ရှိမှတ်သားလာကြပြီး ရာသီဥတုပြောင်းလဲခြင်းကမူ ၁၉၈၀ ပြည့်နှစ်ခန့်က စတင်ဖြစ်ပေါ်လာကြောင်း လေ့လာသိရှိရသည်။

အယ်လ်နီညို၏ သက်ရောက်မှုများ

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ ကမ္ဘာတစ်ဝန်း ကြုံတွေ့ခဲ့ရပြီးသည့် အယ်လ်နီညိုဖြစ်စဉ်များတွင် စားနပ်ရိက္ခာလုံခြုံစိတ်ချရမှု လျော့နည်းခြင်း၊ ရေရှားပါးခြင်း၊ တောမီးလောင်ခြင်း၊ ပင်လယ်သမုဒ္ဒရာရေအပူချိန်ပြောင်းလဲခြင်း၊ တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများ ထူပြောခြင်းတို့ ပါဝင်သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကလည်း ကမ္ဘာမြေပူနွေးလာမှုနှင့်ဆက်စပ်သည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သော အယ်လ်နီညိုစတင်မှုကြောင့် ကမ္ဘာ့အပူချိန်သည် စံချိန်တင်မြင့်တက်လာပြီး အမြင့်ဆုံး အခြေအနေသို့ရောက်ရှိနိုင်ဖွယ်ရှိကြောင်း၊ ယခုနှစ်အတွင်း အပူချိန်စတင်သက်ရောက်ပြီး လာမည့် ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ တိုးလာဖွယ်ရှိကြောင်းတို့ကို ယခုနှစ် မေလအစောပိုင်းကာလတွင် သတိပေးထားခဲ့ပြီးဖြစ်သည်။ အကျိုးဆက်အဖြစ် သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် အရှေ့တောင် ပိုင်းဒေသများတွင် ပြင်းထန်သည့် မိုးခေါင်မှုများနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုထားသည်။

အယ်လ်နီညိုနှင့် ကျန်းမာရေးပြဿနာ

အပူချိန်မြင့်မားခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အပူလျှပ်ခြင်း၊ မျက်ခမ်းစပ်ရောဂါနှင့် မျက်စိနာအမျိုးမျိုး၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးတိုးခြင်း၊ ချွေးထွက်လွန်၍ သွေးပေါင်ကျခြင်း၊ ရေကျောက်ရောဂါ၊ အပူဝမ်းရေငတ်ဝမ်းကျခြင်း၊ အရေပြားရောဂါအမျိုးမျိုး၊ အထက်လှန်အောက်လျှောဖြစ်ခြင်း စသည်တို့ဖြစ်လာနိုင်သည်။ နေပူစပ်ခါး မဖြစ်မနေသွားလာရသည့်အခါ ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အပူမစုပ်ဘဲ အရောင်ပြန်နိုင်သော အရောင်ဖျော့ဖျော့ ချည်သားလက်ရှည်အဝတ်အထည်တို့ကို ဝတ်ဆင်သင့်ပါသည်။ ခန္ဓာကိုယ်အတွင်း အပူငြိမ်းအေးစေမည့် အအေးစာများဖြစ်ကြသည့် သောက်ရေ၊ ဖရဲ၊ သခွား၊ ပူစီနံရွက်၊ မုန်လာဥအဖြူ၊ နှမ်း၊ စမုန်စပါး၊ အုန်းစိမ်းရေ၊ သလဲသီး၊ ပဲနံ့သာပင်အစေ့၊ နွားနို့၊ သံပရာရည်စသည်တို့ကို စားသုံးသင့်ပါသည်။

အယ်လ်နီညိုနှင့် လျှပ်စစ်ဓာတ်အား အခြေအနေ

အယ်လ်နီညို၏ နောက်ဆက်တွဲ ပူပြင်းခြောက်သွေ့မှုကြောင့် ရေရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများမှာလည်း သတ်မှတ်ရေပမာဏ မရရှိနိုင်တော့သဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝထုတ်လုပ်ပေးနိုင် ရန် ခက်ခဲလာပါလိမ့်မည်။ သို့ပါ၍ နိုင်ငံခေတ်မီဖွံ့ဖြိုးရေးအတွက် အဓိကအဖော်မွန်ဖြစ်သော လျှပ်စစ်မီးကို ဝန်အားနှင့်မျှတအောင်သုံးစွဲရန်၊ လေလွင့်ပျောက်ဆုံးမှုမရှိအောင်ဂရုစိုက်ရန်၊ အန္တရာယ် မဖြစ်အောင် သတိပြုရန်နှင့် နေ့စဉ်အကျိုးရှိစွာ ချွေတာသုံးစွဲတတ်ကြရန်လိုပါသည်။

အယ်လ်နီညိုနှင့် မီးဘေးအန္တရာယ်

အချို့ကမ္ဘာ့ဒေသများ၌ အပူချိန်မြင့်တက်လာမှုသည် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ် မှုရှိနေနိုင်သော်လည်း ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များ စုစည်းမှုမြင့်တက်လာခြင်းမှာ ကမ္ဘာတစ်ဝန်း အပူလွန်ကဲလာမှု၏ အဓိကအကြောင်း တရားဖြစ်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ် ထားသည်။ လက်ရှိ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုတော်လှန်ရေးမတိုင်မီ အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်စ် ပိုလာမည်ဆိုပါက ကာလရှည်ကြာသည့် အပူဒဏ်လွန်ကဲမှုပြဿနာများကို နှစ်နှစ်တစ်ကြိမ်မှ ငါးနှစ်တစ်ကြိမ်အထိ ရှေ့လျှောက်ရင်ဆိုင်ရနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိ ပေးထားသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်ပြင်းထန်မှုလွန်ကဲပြီး သစ်ပင်များ၊ မြက်ပင်များ ခြောက်သွေ့ကာ မီးလောင်ရန်လွယ်ကူသည့် အခြေအနေဖြစ်လာနိုင်သည်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့သောရာသီက မီးလောင်ခြင်းကိုအားပေး၍ ပေါ့ဆမီးမဖြစ်ရအောင် အထူးသတိထား ကြရန်လိုပါသည်။

အယ်လ်နီညိုရာသီဥတု အခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလတွင် အအေးဓာတ်လျော့နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး ရေလှောင်တမံနှင့် ရေလွှဲဆည်များတွင် ရေဝင်ရောက်မှုနည်းပါးခြင်း ဖြစ်ပေါ်နိုင်သည်။ အယ်လ်နီညိုအားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့အပြင် နွေရာသီတွင် ပူပြင်းခြောက်သွေ့ပြီး သာမန်ထက်ပို၍ ရှည်ကြာနိုင်မည့် နွေကာလကို ဖြတ်သန်းရနိုင်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ဆည်မြောင်းကဏ္ဍတာဝန်ရှိသူများက တောင်သူများနှင့်ပူးပါင်း၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ပြည်သူလူထုဗဟိုပြု အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါ သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးကို ထိခိုက်နိုင်

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသတွင်း လျှပ်တစ်ပြက် (Flash Flood) ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုဖြစ်ကာ သောက်သုံးရေရှားပါးခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ ရေအရင်းအမြစ်များခန်းခြောက်ကာ တိရစ္ဆာန်များ အတွက် သန့်ရှင်းသောရေမရရှိခြင်း၊ ဒေသတွင်းစိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်လာနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းတွင် အယ်လ်နီညို သက်ရောက်မှုအဖြစ် တိရစ္ဆာန်အစာရေစာများ ရှားပါးလာခြင်း၊ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ တိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းလာခြင်း၊ ဇီဝကမ္မဗေဒဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများဖြစ်လာနိုင်ခြင်း၊ မျိုးပွားထုတ်လုပ်မှုကျဆင်းလာခြင်းနှင့် အစာမှအသားပြောင်းနှုန်းညံ့ဖျင်းလာခြင်း၊ ကူးစက်ရောဂါများ၊ အဆိပ်အတောက်ဖြစ်မှုများ မကြာခဏဖြစ်ပွားခြင်းနှင့် အသက်ဆုံးရှုံးမှုများလည်း ကြုံရ နိုင်ပါသည်။

ထို့ကြောင့် သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေး သမားများအား အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့အား ပြည်သူလူထုဗဟိုပြု ဟောပြောပွဲ ပြုလုပ်ပေးလျက်ရှိပါသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့၌လည်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတောင်သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အချုပ်ဆိုရသော် သဘာဝဘေးအန္တရာယ်များသည် ရှောင်လွှဲ၍မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်နှင့် ပျက်စီးဆုံးရှုံးမှု လျော့ပါးသက်သာစေရန် လုပ်ဆောင်နိုင်ပါသည်။ လာလတ္တံ့သော အယ်လ်နီညိုဖြစ်စဉ်ကို ကြံ့ကြံ့ခံအန်တု နိုင်ရေးအတွက် လိုအပ်သည့် အစီအမံများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်သူလူထုဗဟိုပြု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ အယ်လ်နီညိုသက်ရောက်နိုင်မှုအပေါ်ဌာနတစ်ခု သို့မဟုတ် နှစ်ခုတည်းအနေဖြင့်ကာကွယ်ရန် မဖြစ်နိုင်သကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရပါမည်။ ထို့ပြင် နေ့စဉ်ဘဝ၌ ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲခြင်း၊ မီးဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်းအပါအဝင် သက်ဆိုင်ရာက လမ်းညွှန်ချက်များအတိုင်း အလေးထားလုပ်ဆောင်ကြရန်လိုအပ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ရာ စိုက်ပျိုးမွေးမြူရေး တောင်သူများသာမက ပြည်သူလူထုတစ်ရပ်လုံးက မိုးလေဝသသတင်းအခြေအနေတို့အား မျက်ခြည်မပြတ်သင့်ပါကြောင်း အကြံပြုရေးသားလိုက် ရပါသည်။ ။