တို့ဘိုးဘွားယဉ်ကျေးမှုအမွေအနှစ်မို့ ……
ခင်သန်းမြင့်
အသက်ကြီးလာလို့ထင်ပါရဲ့။ ကျွန်မဖြင့် အခုနောက်ပိုင်း မြန်မာသံစဉ် တေးသီချင်းတွေကို ပိုပြီးနှစ်သက်မြတ်နိုးလာတယ်။ နိုင်ငံကျော် အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ မာမာအေး၊ ရီရီသန့်၊ သုမောင်၊ ဝင်းဦး၊ စန္ဒရား လှထွဋ်၊ စန္ဒရားချစ်ဆွေ၊ တွံတေးသိန်းတန်၊ ဟင်္သာတ ထွန်းရင်တို့ရဲ့ တေးသီချင်းတွေ၊ နံနက်ခင်း မင်္ဂလာ တေးတွေ၊ ရေကင်းသံ၊ ဗြောသံ၊ စည်သံတွေကို နားသောတဆင်ရတာ ပိုပြီးနားဝင်ပီယံရှိလာတယ်။
မြန်မာဂီတအနုသုခုမရဲ့ အခြေခံသဘောကိုက သိမ်မွေ့ခြင်း၊ နူးညံ့ပျော့ပျောင်းခြင်း၊ အေးချမ်း သာယာခြင်း၊ စိတ်နှလုံးမွေ့လျော်ခြင်းစတဲ့ လက္ခဏာရှိလေတော့ သက်ကြီးရွယ်အိုတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ သဘောသဘာဝနဲ့ ထပ်တူကျ ထင်ဟပ်လို့နဲ့တူပါတယ်။
စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကိုယ်စီနဲ့သတ်မှတ်
မြန်မာဂီတဆိုတာကလည်း ဆိုချင်သလိုဆို၊ စပ်ချင်သလိုစပ်၊ တီးချင်သလိုတီးလို့ရတဲ့ ဂီတ အမျိုးအစားမှမဟုတ်တာ။ ရှေးရှေးကတည်းက စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေ ကိုယ်စီနဲ့ သတ်မှတ် ချက်ထားရှိပြီးသား။
သီချင်းကြီးဆိုလည်း သူ့စည်းသူ့ကမ်း သူ့ဘောင်နဲ့။ ဘောလယ်၊ ယိုးဒယားပတ်ပျိုး၊ ဘွဲ့၊ ရတု၊ ရကန်၊ ပျို့၊ လင်္ကာတို့ဆိုလည်း သူ့စပ်နည်း စပ်ဟန်၊ ရေးနည်းရေးဟန်၊ ဆိုနည်းဆိုဟန်တွေ ရှိကြတယ်။ ရတုနဲ့ရကန်မှာတောင် အသံတည်ပုံ၊ အသံအလေးအနက်၊ အတက်အကျ၊ အနိမ့်အမြင့် မတူဘဲ ကွဲပြားခြားနားမှုရှိတယ်လို့ သိရတယ်။ ရှေးက ရှင်ဘုရင်ရှေ့တော်မှာဆိုရတဲ့ အဆိုရှင်တွေ ဆိုရင် သတ်မှတ်ပေးထားတဲ့ ဘောင်အတွင်းက ကျော်ပြီး ဆိုခွင့်မရှိဘူး။ မဆိုတတ်လို့၊ မဆိုနိုင်လို့က အာဖဲ့ခြင်းခံရတယ်လို့ဆိုတယ်။
ဆိုင်းဝိုင်းဆိုလည်း အချို့က တဒုန်းဒုန်း တဒိုင်းဒိုင်းမြည်အောင်တီးမှ ဆိုင်းကောင်းလို့ ယူဆ ကြတယ်။ ဒါပေမဲ့ တကယ့်နားလည်တဲ့ ဝါသနာရှင် တွေ၊ ပညာရှင်တွေကတော့ လူအများ နားခံသာစေဖို့ ငြိမ့်ငြိမ့်ညောင်းညောင်း သာယာနာပျော်ဖွယ် ဖြစ်အောင်၊ ပီသအောင် ကြေးကိုဦးစားပေးသင့်တဲ့ အခါပေး၊ မောင်းကို ဦးစားပေးသင့်ကပေး၊ နှဲကို ဦးစားပေးသင့်ကပေးပြီးတီးမှ တကယ့်ဆိုင်းဝိုင်းလို့ သတ်မှတ်ကြပါတယ်။ မြန်မာ့ဆိုင်း လောကမှာ နာမည်ကျော်ကြားထင်ရှားခဲ့တဲ့ ဆိုင်းဆရာစိန်ဗေဒါဟာ ဆိုင်းကို မြည်အောင်တီးသူမဟုတ်ဘဲ ပီသအောင်တီးသူ ဖြစ်တယ်လို့ဆိုပါတယ်။ အလားတူ စိန်ဗိုလ်တင့်ဟာလည်း လူတကာစွဲမက်အောင် ပညာသားပါပါ တီးခတ်နိုင်ရုံမက တီထွင်မှုရှိပြီး လုံ့လဝီရိယကြီးသူလို့လည်း ထင်ရှားခဲ့ပါတယ်။
မြန်မာ့ဆိုင်းဝါသနာရှင်တွေကတော့ စိန်ဗေဒါ နဲ့ လေဘာတီမမြရင်တို့ အတွဲညီသလို စိန်ဗိုလ်တင့်နဲ့ အမာစိန်တို့ကလည်း အတွဲညီတယ်လို့ ဆိုကြတယ်။ စိန်ဗိုလ်တင့်နဲ့ အမာစိန်တို့အတွဲဆိုရင် တစ်ခေတ် တစ်ခါက ရန်ကုန်လူထုတွေ ကြက်ပျံမကျ အားပေး ကြည့်ရှုခဲ့ကြတယ်ပေါ့။
မင်းသမီးဆိုလည်း ကိုယ်ပိုင်အသံနဲ့ဆိုတတ်မှ၊ ကကြိုးစုံအောင်ကတတ်မှ၊ အငြိမ့်မင်းသမီး ဆိုလည်း ရည်းစားမျှော် အဆို၊ အကတတ်မှ။ မင်းသား ဆိုလည်း ဆိုတတ်၊ ငိုတတ်၊ ကတတ်ရုံမက ဇာတ်ရုပ် အသွင်ပေါ်အောင် အမူအရာကောင်းမှ။ ခွန်းထောက် ဆိုတတ်ရုံမျှ မင်းသားမဖြစ်၊ လက်မြှောက်တတ်ရုံမျှ နှင့် မင်းသမီးမဟုတ်လို့ ဆိုစကားရှိတယ်။ ရှေးအခေါ် လူပြက်ဆိုလည်း ယောကျ်ားတို့တတ်အပ်တဲ့ အတတ်ပညာတစ်ဆယ့်ရှစ်ရပ်ထဲမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ လူပြက်ပညာ၊ လူပြက်အတတ် ဝမ်းစာ ပြည့်ပါမှ ပရိသတ်ရဲ့အားပေးလက်ခံမှုကို ရကြတာ။
မတိမ်ကော၊ မပပျောက်စေဖို့လက်ဆင့်ကမ်းသင်ကြား
မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပညာရပ်တွေ မတိမ်ကော၊ မပပျောက်စေဖို့ ပညာရှင်တွေကလည်း ဆရာစဉ် ဆရာဆက် လက်ဆင့်ကမ်းသင်ကြားပြီး ကျားကန်ပေးခဲ့သလို မျိုးချစ်စာပေပညာရှင်ကြီးတွေကလည်း အကြံပြု ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
ဆရာကြီး သခင်အောင်ဖေက “ဘာပဲ ပြောပြော ဇာတ်၊ အငြိမ့်၊ သဘင်များ ခါးဆက် ပြတ်လုနီးနီး ဖြစ်ခဲ့ကြသည်။ အနုပညာမြတ်နိုးသူတို့က သတိရ၍ ခါးဆက်လုံးလုံးမပြတ်ခင် ဆက်ပေးသော ကြောင့် ဝမ်းသာကြရသည်။ စင်စစ် မိရိုးဖလာက ဆင်းသက်လာသည့် အနုပညာ ဘာသာရပ်များ မတိမ်ကော မပပျောက်ရန် တာဝန် ကိုယ်စီရှိကြသည်။ ကျွန်ုပ်တို့သည် ရှိပြီးမိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုပညာရပ်များကို ပြုပြင်ပေးသင့်က ပြုပြင်ပေးရမည်။ သတိပြုရန်ကား အရိုးကိုအရွက် မဖုံးရပေ”လို့ အကြံပြုရေးသားခဲ့ပါတယ်။
အဆိုအက ထိုနှစ်ဝ
ဆရာမကြီး လူထုဒေါ်အမာကလည်း တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့ကြတဲ့ အနုပညာရှင်တွေအကြောင်းကို “ပြည်သူချစ်သော အနုပညာသည်များ”၊ “အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင်”ဆိုပြီး တခုတ်တရ မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။ ဆရာမကြီးက “ဖတ်ဖူးသူတွေက ဒီစာအုပ်တွေကို ကျွန်မ ဒီလို ရေးနိုင်တာဟာ ကျွန်မကိုယ်တိုင် ကိုယ်နှိုက်က အဆို၊ အတီး၊ အကစတဲ့ ပညာတစ်ခုမဟုတ်တစ်ခု တော့ အနည်းဆုံးတတ်လိမ့်မယ်၊ ဒါကြောင့် ဒီလို ရေးနိုင်တာလို့ ထင်ကြပါသတဲ့။ ကျွန်မဘာကိုမျှ မတတ်ပါဘူး။ မယုံမရှိပါနဲ့ ကျွန်မရေးပြပါ့မယ်” ဆိုပြီး နေရှင်နယ်ကျောင်းသူဘဝ၊ နေရှင်နယ်ဒေး ကပွဲမှာ ဗန္ဓုလစစ်သူကြီးအဝတ်အစားနဲ့ ဓားလွတ် ကိုင်ပြီး ကြိမ်းဝါးတဲ့အခါ စာသားမေ့နေလို့ ချွေးပြန် ခဲ့ရပုံတွေ၊ သီချင်းဆိုတဲ့အခါ အဆိုနဲ့အသံ မကိုက် လို့ ရွာစားကြီးစိန်ဗေဒါ ချွေးပြန်ခဲ့ရပုံတွေ၊ ကိန္နရီ ယိမ်းကတဲ့အခါ ရှေ့က ကနေသူရဲ့ ထဘီအနားကို တက်နင်းမိလို့ ရှေ့ကသူခမျာ ဟပ်ထိုးဟပ်ထိုးနဲ့ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရပုံတွေကို “အဆို အက ထိုနှစ်ဝ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဆရာမကြီးလူထုဒေါ်အမာဟာ မြန်မာနိုင်ငံအတွင်းကို ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှုပြဿနာနဲ့ ပတ်သက်ပြီး ကလေးတွေ အတွေးအမြင်မမှား ရလေအောင် ၁၉၉၄ ခုနှစ် နိုဝင်ဘာလထုတ် မိုးဂျာနယ်မှာ “လူကြီးတွေက ဝိုင်းပြီးထိန်းသိမ်း ကြပါဦးစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးရေးသားခဲ့ပါတယ်။
ခေတ်အလိုနှင့်ညီညွတ်အောင် ပြုပြင်
ဆရာကြီးသိန်းဖေမြင့်ကတော့ မြန်မာ့ ဇာတ်သဘင်ခေတ်သစ်ကို တည်ထောင်နိုင်ကြရန်ဆိုပြီး ဇာတ်သဘင်က တင်ပြသော အကြောင်းအရာ များကို ခေတ်အလိုနှင့် ညီညွတ်အောင် ပြုပြင်ထိုက် လေပြီ။ တင်ပြသောအကြောင်းအရာတို့သည် ဇာတ်နိပါတ်၊ ရာဇဝင်တို့ဖြင့် ရောင့်ရဲမနေအပ်တော့ချေ။ ကာလပေါ်ဝတ္ထု၊ ပြဇာတ်နှင့် ရုပ်ရှင်တို့သည် ခုမျက်မှောက်ဖြစ် ပျက်ရင်းတို့ကို အခြေခံ၍ ဇာတ်ကွက်ဇာတ်လမ်း တည်ဆောက်သလို ကဇာတ် ၏ဇာတ်ကွက်ဇာတ်လမ်းများကို တည်ဆောက်ဖို့ လိုလေပြီ။
အက၊ အဆိုများတွင်လည်း ဦးဖိုးစိန် တိုးချဲ့တီထွင်ခဲ့သည့်နည်းအတိုင်း မြန်မာ့အမျိုးသားဟန် များကို မပျောက်စေဘဲ၊ အရိုးကိုအရွက်မဖုံးစေဘဲ၊ အတိတ်အစဉ်အလာများနှင့် အဆက်မပြတ် စေဘဲ၊ အမျိုးသားဟန်တို့နှင့် ခွကန့်လန့်မဖြစ်စေဘဲ အသစ် များဖြည့်ခြင်း၊ နိုင်ငံခြားမှခေတ်မီ ဟန်စနစ်များကို ငုံယူကာ အကသစ်၊ အဆိုသစ်၊ ဟန်သစ်များကို ထွင်ထိုက်လေပြီ။
ဒိုးပတ်၊ အိုးစည်စသော တောဓလေ့အကမျိုးကို လည်း ပိုခေတ်စားအောင် ဇာတ်ခုံပေါ်မှာအားပေး သင့်၏။ အကြောင်းမူကား ထိုအကတို့သည် လူကို အားတက်စေသည်။ ကြွစေသည်။ မြူးစေသည်။ ၎င်းပြင်လူထုကိုချစ်စေသည်။ ဥပမာ “ကောက်စိုက် ခြင်း” အကသည် တောင်သူလယ်သမားကို ချစ်စေ သည်။ ကောက်စိုက်ခြင်းအကလို လက်ဖက်ရွက် ခူးသည့်အကမျိုး၊ မြေတူး မြေပေါက်ရေကာတာ ဆောက်သည့်အကမျိုးကို တီထွင်ထိုက်၏။ ထိုအက မျိုးကိုကြည့်ရင်း ထိုအလုပ်ကိုလည်းကောင်း၊ ထိုအလုပ်သမားကိုလည်းကောင်း ချစ်လာ စေသည်။
ဇာတ်ပြချိန်ကိုလည်း ပြင်ထိုက်လေပြီ။ တစ်ည လုံး မိုးအလင်းကသည့်စနစ်မှာ ဘယ်ဘက်က ကြည့်ကြည့်မကောင်း။ လူတိုင်းကလည်း မကောင်း ဟု ဝန်ခံကြသည်။ အချိန်တိုတိုနှင့် အရသာအပြည့် ပါအောင် ပြုပြင်အပ်ပေသည်။
အဝတ်တန်ဆာများကိုလည်း သင့်လျော်သလို ပြုပြင်သွားဖို့၊ နောက်ခံကား၊ ဆက်တင်အခမ်းအနား၊ မီးထိုးပုံ စသည်များလည်း ပြုပြင်သွားဖို့ ၁၉၅၃ ခုနှစ် က “ဇာတ်ဆရာ ဦးဖိုးစိန်” ဆောင်းပါးမှာ အကြံပြု ရေးသားသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ အထက်ဖော်ပြပါအချက် များအတိုင်း ပြုပြင်နိုင်မှသာ ဇာတ်သဘင် ခေတ်သစ် တစ်ခု ဖြစ်ပေါ်ပေလိမ့်မယ်၊ ဇာတ်သဘင်ဟာ မတိမ် ကော မပပျောက်ဘဲ တိုးတက်ထွန်းကားလိမ့်မယ် လို့လည်း ဆရာကြီးသိန်းဖေမြင့်က ဆိုပါတယ်။
သို့ပေမယ့် နောက်ပိုင်းကာလမှာ ကမ္ဘာကြီး ဟာ ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အချိန်မှာတော့ ခေတ်အခြေအနေအရ နိုင်ငံငယ်တွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ဝိသေသလက္ခဏာတွေဟာ အရိုးပေါ် အရွက်ဖုံးလာရုံမက အချို့ဆို ပျောက်ကွယ်ပျက်စီး လုနီးနီး ဖြစ်လာခဲ့ရပါတယ်။
ပျူခေတ်ကာလမှ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ရတနာပုံစတဲ့ ခေတ်ကာလအဆက် ဆက် ကိုယ့်ထီးကိုယ့်နန်းနဲ့ ယဉ်ကျေးမှု ထွန်းကား ခဲ့တဲ့ မြန်မာနိုင်ငံမှာလည်း တိုင်းတစ်ပါးယဉ်ကျေးမှု တွေ စိမ့်ဝင်ထိုးဖောက်ဝင် ရောက်ပျံ့နှံ့လာမှုနဲ့အတူ မိရိုးဖလာ မြန်မာ့ရိုးရာယဉ်ကျေးမှုပညာရပ်တွေ ဟာလည်း တဖြည်းဖြည်း အရိုးပေါ်အရွက်ဖုံးလာ တယ်။ တိုင်းတစ်ပါးယဉ်ကျေးမှုအပေါ် အထင်ကြီးပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုအပေါ် အထင်သေးလာ ကြတယ်။ လေးစားမြတ်နိုးတန်ဖိုးထားမှုတွေ နည်းလာ ကြတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်ရအောင်၊ လျော့ပါး မသွားစေရအောင်၊ တိုင်းတစ်ပါး ယဉ်ကျေးမှုများ ရောနှောလွှမ်းမိုးမသွားစေရအောင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပညာရှင်ကြီးတွေရဲ့ အကြံဉာဏ်တွေ၊ ဦးဆောင်မှု တွေနဲ့ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါတယ်။ ပြိုင်ပွဲကြီးကနေ မျိုးဆက်သစ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး အနုပညာ ရှင်များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အချို့ဆိုရင် အနုပညာနယ်ပယ်မှာ ထင်ရှား ကျော်ကြားသူတွေအဖြစ် ပေါ်ထွက်လာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီမိုကရေစီခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းရဲ့ မျောပါမှုနဲ့အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟာ သိပ်ခေတ်မစားတော့ဘဲ နောက်ရောက် သွားခဲ့ပါတယ်။
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နှစ်စဉ်မပျက်မကွက် ပြန်လည်ကျင်း ပပေးလာတဲ့အတွက် ပြိုင်ပွဲကြီးဟာ တစ်ဖန်သက်ဝင်နိုးထလာခဲ့ပါတယ်။
မကြာမီမှာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပပါတော့မယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပြိုင်ပွဲတွေရဲ့ အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ ဝါသနာရှင်အဆင့် စတဲ့ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ကြတဲ့ မျိုးဆက်သစ်အနုပညာရှင် အသီးသီးဟာလည်း တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်စားပြုပြီး မကြာမီဝင်ရောက်ယှဉ်ပြိုင်ကြပါတော့မယ်။
၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်က “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင် ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့်ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့အတွက် အမျိုးသား ယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ် တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေး”ဆိုတဲ့ ဦးတည်ချက်(၄)ရပ်နဲ့အညီ ကျင်းပသွားမယ်လို့ သိရပါတယ်။
မကြာမီကာလမှာ မျိုးဆက်သစ်တွေရဲ့အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ မြန်မာ့အနုသုခု မစွမ်းရည် တွေကို မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်မတို့ အကဲဖြတ် ရှုစားအား ပေးကြ ရပါတော့မယ်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအဖို့ နိုင်ငံရေး၊ စီးပွားရေးတို့က အရေးကြီးသလို ယဉ်ကျေးမှုက လည်း အရေးကြီးတယ်မဟုတ်ပါလား။ အိန္ဒိယ ခေါင်းဆောင်ကြီးနေရူးက အာရှတောင်ပိုင်းမှာ အိန္ဒိယယဉ်ကျေးမှုတွေ ပြန့်ပွားခဲ့ပုံတွေကို အထူး နှစ်ထောင်းအားရမိကြောင်း သူရေးတဲ့ Discovery of India စာအုပ်မှာဖော်ပြခဲ့သလို ခေတ်အဆက် ဆက် ယဉ်ကျေးမှုအမွေအနှစ်တွေ ထွန်းကားခဲ့တဲ့ ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်ရဲ့ မိရိုးဖလာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို မပြန့်ပွားရင်နေ၊ မတိမ်ကော၊ မပပျောက်အောင်ထိန်းသိမ်းစောင့် ရှောက်ဖို့တော့လိုတာပေါ့။ ။