မြန်မာ့သဘင် ဆန်းစုံလင်
အလင်္ကာကျော်စွာ ဦးရဲဒွေး
“မြန်မာ့ယဉ်ကျေးမှုအစ ပျူခေတ် က” ဟုဆိုရပေမည်။ အေဒီ ၈၀၂ တွင် သရေခေတ္တရာပျူမင်းက ပျူယဉ်ကျေးမှု အဖွဲ့ကို တရုတ်ဧကရာဇ် တဲကျန်း နန်းစိုက်ရာ ချင်အန်းမြို့တော်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ် မှာ ပျူအဆို၊ အတီး၊ အကအလှတို့တွင် နစ်မွန်းနေသဖြင့် ကဗျာဆရာကြီး ပိုးကျူအိက တရုတ်ပြည်သူတို့အား လျစ်လျူရှုမထားသင့်ကြောင်း ကဗျာ တစ်ပုဒ်ဖြင့် အသိပေးမှု၊ သတိပေးမှု ပြုခဲ့ရသည်။
သဘင်ဂီတအနုပညာရပ်များအားလုံး တိုးတက်မြင့်မားခဲ့
ပုဂံခေတ်တွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ပျူ၊ မွန်၊ မြန်မာအဆိုအတီးအကများမှာ ရောပြွမ်းလျက်ရှိ၍ သဘင်ဂီတအနုပညာ ရပ်များအားလုံးတိုးတက်မြင့်မားခဲ့သည်။ ထိုခေတ်တွင် “ပန်တျာ၊ သဘင်နှင့် ကခြေ”ဟူသော ဝေါဟာရများတွင်ကျယ်စွာ သုံးနှုန်းလျက်ရှိသည်။ ထို့ပြင် ပုဂံ ခေတ်တွင် မြန်မာစာပေပေါ်ပေါက်လာ ပေသည်။ ပင်းယခေတ်တွင် ဇာတိသွေး ဇာတိမာန် တက်ကြွစေသော ကာချင်းနှင့် ကာအကများ ပေါ်ပေါက်သည်။
အင်းဝခေတ်သည် ပုဂံခေတ်တွင် ပေါ်ပေါက်သော မြန်မာစာပေ၏ ပထမ ရွှေခေတ်ဖြစ်သည်။ ထိုခေတ်တွင် ကြိုးသီချင်းများ၊ ဆိုင်းဝိုင်း (ပတ်ဆိုင်း)နှင့် ကြိုးဆွဲရုပ်သေးများ ပေါ်ထွန်းလေ သည်။ ရှင်မဟာရဋ္ဌသာရဖွဲ့ဆိုသော ပျို့လင်္ကာကဗျာများတွင် “ကြိုးဆွဲငင်ချ၊ အရုပ်ကသို့၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ် ကြည့်ပွဲ၊ လက်တန်ညွှတ်မျှ၊ ဟန်ဆောင် က၏။ နှုတ်ခမ်းဖွင့်အုပ်၊ မေးလှုပ်လှုပ်နှင့် အရုပ်မထင်၊ အရှင်ဟုမှား” ဟူသော စပ်အင် များအရ ကြိုးဆွဲရုပ်သေးသဘင် သည် အင်းဝခေတ်တွင် တိုးတက်မြင့်မား လေသည်။ ကမ္ဘာ့အရိပ်ပြ၊ လက်ထိုး၊ တုတ်ထိုးနှင့် ကြိုးဆွဲရုပ်သေးနည်း စနစ်များအနက် ကြိုးဆွဲရုပ်သေးအမျိုး အစားမှာ အခက်ခဲဆုံး၊ အနုပညာ အမြောက်ဆုံးဖြစ်သည်။
ထို့ပြင် အင်းဝခေတ်တွင် ဇာတ်ပြဇာတ်အနုပညာ (Art of Drama) မှာလည်း ကြိုးဆွဲရုပ်သေးဖြင့်ပင် ထွန်းပေါ်လာခဲ့သည်ဟု တိကျသေချာစွာ ယူဆဖွယ်ဖြစ်သည်။ ဘုရင်မင်းခေါင် သည် သက္ကရာဇ် ၈၆၁ ခုနှစ် (အေဒီ ၁၄၉၉) တွင် မင်္ဂလာစေတီတည်မှု အလုံးစုံပြီးစီးသောအခါ သဘင်စုံခံရာ တွင် သီဟိုဠ်မင်းက မြန်မာမင်းထံ စေလွှတ်လိုက်သည် ဆိုသော ပုဏ္ဏား တော်ရုပ်ကြီးက ပရိသတ်ရှေ့မှောက် စင်မြင့်ထက်တွင် ထွက်လာလေသည်။ ပုဏ္ဏားရုပ်သည် ပရိသတ်ရှေ့တွင် လှုပ်ရှားပြောကြားဖြေဖျော်၍ အလို အလျောက် ဇာတ်ရုပ်ဇာတ်ကောင် (Dramatic Character) ဖြစ်နေခြင်း၊ ၎င်း၏ဂုဏ်ပုဒ်များကို ကြွားဝါပြောကြားခြင်း (တစ်ဦးတည်းပြောဇာတ်စကား၊ Monologue)၊ လောကကြောင်း၊ ရာဇ ကြောင်း၊ ဓမ္မကြောင်းစကားများနှင့် အခြားစကားများ ပြောဟောခြင်း (ဇာတ်စကား၊ Dramatic Dialogues)၊ ပြောဟန် ဆိုဟန် သွားဟန် လာဟန် လှုပ်ရှားဟန်များ ပြုလုပ်ခြင်း(Dramatic Movements and Gestures) ဟူသော ဇာတ်ပြဇာတ်သရုပ်ဆောင်အနုပညာ၏ အခြေခံသဘောသဘာဝများကို ပြုလုပ်ပြသလေသည်။ ထိုစဉ်အခါက ဇာတ်လမ်း ဇာတ်ကွက်ကား မပါသေးချေ။ စေတီတော်၊ ဘုရင်နှင့် ပြည်သူများ အကြား ပြောကြားမှုသည် ဇာတ်လမ်း သဖွယ်တော့ ဖြစ်နေသည်။
ဇာတ်ပြဇာတ်ပညာ
ဇာတ်ပြဇာတ်ပညာ (Art of Drama)ဆိုသည်မှာ ဘာသာရေးဆိုင်ရာကျမ်းစာ များ၊ ရာဇဝင် သမိုင်းများ၊ ဝတ္ထုများ၊ ဒဏ္ဍာရီပုံပြင်များ၌ ဖော်ပြပါရှိသော ဘုရားများ၊ နတ်များ၊ မကောင်းဆိုးဝါး များ၊ လူများနှင့် တိရစ္ဆာန်တို့၏ ဖြစ်စဉ် ဖြစ်ရပ်နှင့် ဇာတ်လမ်းများကို လူဇာတ် ဆောင်များ သို့မဟုတ် ရုပ်သေးရုပ်များက ဇာတ်ကွက်ဇာတ်လမ်းဆင်ကာ သရုပ် ဖော်ဆောင် ပြသဖျော် ဖြေရသော အနု ပညာပင်ဖြစ်သည်။ ကမ္ဘာ့ဇာတ် သဘင်တွင် တင်ဆက်ပုံနည်းလမ်း (၄)မျိုးထွန်းကားလေသည်။
၎င်းတို့မှာ-
(က) တီးဝိုင်းမပါရှိသော သဘာဝစကား ပြောပြဇာတ် (Straight Hay) ပြဇာတ်၊ ဥပမာ-ရှိတ်စပီးယားနှင့် ဘားနတ်ချော တို့၏ပြဇာတ်များ၊
(ခ) တီးဝိုင်းပါရှိ၍ စကားပြောများ၊ တေးသီချင်းများနှင့် အကများဖြင့် တင်ဆက်သော တေးဂီတကဇာတ် (Musical Play or Drama)၊
(ဂ) စကားပြော အနည်းငယ်မျှသာပါရှိ၍ အဆိုတော်ဇာတ်ဆောင်များက တေး သီချင်းများဖြင့် အပြန်အလှန်ပြောကြား သီဆိုသော တေးဂီတဇာတ် (အော်ပဒါ၊ အော်ပရာ၊ Opera) နီးစပ်သည်။ ဥပမာ-ရွှေမန်းဦးတင်မောင်၏ “ရွဲကုန်သည်”၊
(ဃ) အကပညာရှင်ဇာတ်ဆောင်တို့က အကများဖြင့် ဇာတ်လမ်းသရုပ်ဖော် ဆောင် ကပြရသောဘဲလေးကဇာတ်။
ပုဏ္ဏားရုပ်သေးရုပ်ဖြင့် စတင် ပေါ်ပေါက်ခဲ့ဟန်တူသော ဇာတ်၊ ပြဇာတ်၊ အနုပညာသည် အင်းဝခေတ်အလယ်ပိုင်း ခန့်တွင် စတင်ပေါ်ပေါက်၍ အင်းဝခေတ် နှောင်းပိုင်းခန့်တွင် ပိုမိုပီပြင် မြင့်မားခဲ့ ဟန်တူသည်။ ဤအချက်ကို အင်းဝခေတ် အား ဆက်ခံသော တောင်သူခေတ်မှ စာဆို မင်းဇေယျရန္တမိတ် ဖွဲ့သီသော “ပဋာစာရီသာချင်း” က သက်သေ ပြုလျက်ရှိသည်။ ပဋာစာရီသာချင်းတွင်-
“ပွဲပရိသတ်၊ ဤသည့်ဇာတ်ကို၊ သူမြတ်သူကောင်း၊ စိုးမင်းပေါင်းတို့၊ ပူပြင်းဒုက္ခ၊ ဤကိစ္စ၌၊ သောကပရိ၊ မီးတောက်ဖိ၍၊ မချိပင်ပန်း”စသည်ဖြင့် တွေ့ရသည်။ ထို့ကြောင့် တောင်ငူခေတ် တွင် “ဇာတ်ပွဲကပြသူများ”နှင့် “ဇာတ်ပွဲ ကြည့်ရှုသူများ” ရှိနေပြီဖြစ်ကြောင်း၊ တစ်နည်းဆိုသော် ဇာတ်သဘင် ထွန်းကားလျက်ရှိကြောင်း ခိုင်လုံ ထင်ရှားစွာ သိရှိနိုင်သည်။
တောင်ငူခေတ်တွင် အငြိမ့်သဘင်လည်း ထွန်းကားလျက်ရှိကြောင်း တွေ့ရသည်။ မင်းဇေယျရန္တမိတ်ရေး ပဋာစာရီသာချင်း၌ပင်
“တစ်ခါတစ်ရံ ငြိမ့်ပွဲခံသည်၊ စောင်းသံကြူးရင့်၊ ညောင်းသနှင့်” ဟု တွေ့ရသဖြင့် အငြိမ့်သဘင်သည် ညောင်ရမ်းခေတ်ထက် အဆောအလျင် ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။ ထိုစဉ် က အငြိမ့်တွင် အဆို၊ အတီးနှစ်မျိုးတည်း သာပါရှိ၍ အကမပါသေးပေ။
ကြိုးသီချင်းများတိုးတက်ပြောင်းလဲလာ
ညောင်ရမ်းခေတ်၌ အင်းဝခေတ်တွင် ပေါ်ပေါက်သော ကြိုးသီချင်းများမှာ ဝန်ကြီးပဒေ သရာဇာ၏ အားထုတ်မှုကြောင့် ပိုမိုပီပြင်တိုးတက်ပြောင်းလဲလာသည်။ ထိုခေတ်တွင် ဝိဓူရဇာတ်၊ ကိန္နရာဇာတ်၊ မနော်ဇာတ်၊ ကုမ္မာဘယဇာတ်၊ အန္တရဒဝီဇာတ်နှင့် မဏိကက်ဇာတ်များ ကပြသည်။ ထို့ပြင် ကုန်းတစ်တန်၊ ရေတစ်တန် လှည့်လည်သီဆိုတီးမှုတ် ကပြရသောအငြိမ့်နှင့် မြေဝိုင်းဇာတ် အဖွဲ့များလည်း ပေါ်ပေါက်လာသည်ဟု ယူဆရဖွယ်ဖြစ်သည်။
ရှေးနန်းတွင်း ဇာတ်သဘင်၊ အရပ်ဘက် မြေဝိုင်းဇာတ်သဘင်နှင့် ရုပ်စုံရုပ်သေးသဘင်တို့သည် ပြည်သူ အပေါင်းအား ဖြေဖျော်မှုတစ်ရပ်တည်းသာ မဟုတ်မူဘဲ လောကီလောကုတ္တရာ နှစ်ဖြာသောအဆုံးအမများနှင့် ဗဟုသုတ များပေးဝေသော မျက်မှောက်ခေတ်မှ စာအုပ်၊ သတင်းစာ၊ စာစောင်(ဂျာနယ်)မဂ္ဂဇင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများ သဖွယ် ဖြစ်တည်ခဲ့ လေသည်။
ဆန်းသစ်တီထွင်ပြုပြင်ပြောင်းလဲ
ကုန်းဘောင်ခေတ် ဆင်ဖြူရှင် မင်းတရား လက်ထက်တွင်ကား အကြောင်းအားလျော်စွာ ထိုင်းနိုင်ငံမှ အဆိုဂီတ(သီချင်းများ)၊ အတီးဂီတ (ဂီတသံစဉ်များ)၊ အကများ၊ အီနောင် ဇာတ်၊ ရာမာရဏဇာတ်နှင့် အခြားဇာတ်များ ဤနိုင်ငံသို့ ရောက်ရှိလာရကား မြန်မာ့ယဉ်ကျေးမှု ဗိမာန်ကြီးအတွင်းဝယ် ထိုင်းယဉ်ကျေးမှုအနုပညာပစ္စည်း များ ဖြည့်သွင်းလိုက်သကဲ့သို့ ဖြစ်တော့ သည်။ သို့သော်မြန်မာတို့သည် အိမ်နီးချင်းနိုင်ငံများမှ ယဉ်ကျေးမှုအနု ပညာရပ်များကို သိမ်းသွင်းရယူရာတွင် တစ်သဝေမတိမ်း တိုက်ရိုက်ပုံတူကူးယူ ခြင်းအလျှင်းမရှိခဲ့ဘဲ အသွင်သစ်၊ အမြင် သစ်၊ ရသအသစ်ဖြင့်သာလျှင် မြန်မာ့ အတွေး၊ မြန်မာ့အကြိုက်ဆန်းသစ်တီထွင် ပြုပြင်ပြောင်းလဲကာ မြန်မာမှု ပြုခဲ့သဖြင့် မြန်မာတို့အတွက် “ပေးတော့ ငွေ၊ ရတော့ ရွှေ” ဆိုသကဲ့သို့ဖြစ်လေသည်။
အင်္ဂလိပ်အရာရှိ ကလီမင့်ဝီလျံ (Clement William) က တရုတ်မြန်မာ နယ်စပ်ဖြတ်ကျော်၍ တရုတ်နယ်စပ် မြို့တစ်မြို့သို့သွားရာ အသွားအပြန်ခရီးစဉ် များတွင် ဗန်းမော်မြို့၌ ပေါင်းခြောက်ရက် ခန့်မျှ ခိုနားရသည်။ ကလီမင့်ဝီလျံသည် ဗန်းမော်မြို့တွင် ရွှေဘိုမြို့မှ “မုဆိုးဗိုလ်” မြေဝိုင်းဇာတ်အဖွဲ့က တင်ဆက်သော ပဋာစာရီဇာတ်၊ ကောဠိယဇာတ်၊ ရွှေ ချိန်ခွင်ဇာတ်၊ ခိုးသားငါးရာဇာတ်နှင့် ပေါက်ကျိုင်းဇာတ်များကို ကြည့်ရှုခဲ့ရပြီးလျှင် မြေဝိုင်းဇာတ်အဖွဲ့ဝင် သဘင်ပညာရှင်တို့၏ သရုပ်ဆောင်အနုပညာအဆင့် အတန်းမှာ မြင့်မားကြောင်း ၎င်း၏ မှတ်တမ်းအစီရင်ခံစာတွင်ရေးသား ဖော်ပြထားလေသည်။
ထို့ပြင် ကလီမင့်ဝီလျံက မုဆိုးဗိုလ် ဇာတ်အဖွဲ့ဝင်ပေါင်း ၁၆ ဦးတို့မှာ အမျိုးသားများချည်းသာ ဖြစ်ကြောင်း၊ နှစ်ဦးက မင်းသမီးများအဖြစ် သဘာဝ ကျစွာ သရုပ်ဆောင်ကပြနိုင်ကြကြောင်း ဖြင့်လည်း ရေးသားမှတ်တမ်းတင်ထား သည်။ မြန်မာ့ဇာတ်သဘင်သည် ဥရောပ တိုက်သား၊ ကမ္ဘာကျော်ပြဇာတ်စာရေး ဆရာကြီး ရှိတ်စပီးယားမွေးဖွေးရာ အင်္ဂလန်နိုင်ငံသား၊ နိုင်ငံခြားသား ကလီမင့်ဝီလျံ၏ ချီးကျူးဝေဖန်ခြင်း ခံရလောက်အောင် အနုပညာအဆင့် အတန်း တိုးတက်မြင့် မားခဲ့လေသည်။ အေဒီ ၁၈၆၃ နောက်ဆုံး ယောက်ျား မင်းသမီးမှာ ဦးအောင်ဗလဖြစ်သည်။ တရုတ်ပြည်၌ ကျော်ကြားသော နောက်ဆုံး ယောက်ျားမင်းသမီးမှာ မေလန်ဖန်းဖြစ်သည်။ ဂျပန်ကာဘူကီး ဇာတ်သဘင်တွင်လည်း ယောက်ျားများက မင်းသမီးများအဖြစ် ကပြကြလေသည်။
မင်းတုန်းမင်းကြီး လက်ထက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အင်္ဂလိပ်လူမျိုး “ရွှေရိုး” ကလောင် အမည်ခံ ဂျော့စကော့ (George Scott) က မြန်မာ့ယဉ်ကျေးမှုနှင့်စပ်လျဉ်း ၍ ရဟန်းပညာရှိ၊ လူပညာရှိများထံ ချဉ်းကပ်လေ့လာ ရေးသားသော “မြန်မာ၊ သူ့ဘဝသူ့အတွေး” (The Burman; His Life and Notions) တွင် ဇာတ်မှာ ဘုရားဟောနိပါတ်ဇာတ်တော် များ တင်ဆက်မှုဖြစ်၍ ပြဇာတ်မှာ ထိုးဇာတ်လုပ်ဇာတ်များ အဓိကထား တင်ဆက်ကပြမှုဖြစ်သည်ဟု ရေးသား ဖော်ပြထားလေသည်။
စက်ယန္တရားများ တပ်ဆင်ထားသည့် ဇာတ်ရုံတော်
ကုန်းဘောင်ခေတ် နှောင်းပိုင်း ဖြစ်သော ရတနာပုံခေတ်တွင် မန္တလေးမြို့ နန်းတွင်းတစ်နေရာ၌ မြေလျှိုးမိုးပျံခြင်း၊ ပဒုမ္မာကြာဖူးကြီး တဖြည်းဖြည်းပွင့်လာပြီးလျှင် ကြာဖူး ကြီးအတွင်းမှ နတ်မိမယ်ပေါ်ထွက်ကပြခြင်း၊ ပေါ်ရာမှပျောက်၍ ပျောက်ရာမှ ပေါ်ခြင်းစသည့် ပြကွင်းပြ ကွက်များ ဖန်တီးနိုင်သော စက်ယန္တရားများ တပ်ဆင်ထားသည့် ဇာတ်ရုံတော် တည်ဆောက် ထားရှိသည်။ အခြား တစ်နေရာ၌ ဘုရင်နှင့်တကွ မင်းပရိသတ် တို့က အပေါ်စီးမှ ကြည့်ရှုနိုင်သော ပွဲကြည့်ဆောင်တည်ရှိသည်။
ပွဲကြည့်ဆောင်ရှေ့ မြေကြီးပေါ် တွင် သစ်သားတိုင်လုံးကြီးတစ်တိုင် တည်း စိုက်ထူထားကာ တိုင်ထိပ်ပေါ်၌ထီးခမောက်သဏ္ဌာန်ရှိသော အမိုးကြီးတပ်ဆင်ထားသည်။ ထိုထီးကြီးအောက် ၌ မြေကြီးပေါ်တွင် မြေဝိုင်းဇာတ် အခင်းအကျင်းဖြင့် သဘင်သည်တို့က တီးမှုတ်ကပြကြရသည်။ သာမန် မင်းမှုထမ်းများက သတ်မှတ်နေရာများ တွင် ဒူးတုပ်လျက်ထိုင်ကာ ပွဲကြည့်ရှု ကြရလေသည်။ ထိုလေဟာပြင်ဇာတ်ရုံ ကို ထီးရုံတော်ဟုခေါ်ဆိုလေသည်။
နန်းတွင်းရုပ်စုံစင် (အဖွဲ့) များ ဖြစ်သော ဘုရင်၏စင်တော်ကြီး၊ မိဖုရား ခေါင်ကြီးနှင့် သို့မဟုတ် အိမ်ရှေ့မင်း၏ စင်တော်ကလေး၊ သမီးတော်များ၏ သမီးတော်များစင်နှင့် နန်းတွင်းလုံခြုံ ရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများအတွက် ဝင်းစင်များကလည်း နန်းမြို့အတွင်းတွင် ကပြကြသည်။ မန္တလေးမြို့ရှိ ရုပ်သေးတန်းခေါ် ရပ်ကွက်၌လည်း အရပ်စင်များ ဖွဲ့စည်းတည်ထောင်ကြ လေသည်။ အရပ်စင်များမှ အသံကောင်း၊ အဆိုကောင်း၊ အငိုကောင်း၊ အပြောကောင်း၊ အကကောင်းသော ရုပ်သေး မင်းသား၊ မင်းသမီး၊ မင်းသားကြီး၊ လူပြက်၊ လူကြမ်း၊ ကြိုးဆွဲများအောင်မြင် ကျော်ကြားလာပါက “ထင်ပေါ်လျှင် စင်တော်ကကောက်” ဟူသောစကား အတိုင်း နန်းတွင်းစင်များက ကောက်ယူ ခန့်ထားကြသည်။ ထိုခေတ်တွင် မိန်းမများစင် ပေါ်တက်ခွင့်မရှိကြ၍ ယောက်ျား ပညာရှင်များကသာ “အသံမင်းသမီး” များအဖြစ် ကပြကြရ လေသည်။ ။