အဘိဓမ္မာဒေသနာ ပြန့်ပွားသည့် နေ့ထူးနေ့မြတ်
သိန်းထွန်း (IR)
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက် ဖြစ်ပါသည်။
အလေးနက်ဆုံးဒေသနာ
သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓတရားတော်၏ ကျယ်ပြန့်နက်နဲသည့် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်အတွက် အဘိဓမ္မာဒေသနာတော်နေ့လည်း ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပိဋကတ်သုံးပုံဖြစ်သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ ပါဝင်ပါသည်။ အဘိဓမ္မာတရားသည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားတော်များထဲတွင် အထူးခြားဆုံးနှင့် အလေးနက်ဆုံးဒေသနာ ဖြစ်ပါသည်။
မြတ်စွာဘုရားသည် ခြောက်ဝါအလွန် ခုနစ်ဝါအရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်တွင် စံပယ်တော်မူ၍ မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားအား ကျေးဇူးဆပ်လိုသောအားဖြင့် ဝါတွင်းသုံးလပတ်လုံး “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” အစ ချီသော အဘိဓမ္မာခုနစ်ကျမ်းကို နတ်ဗြဟ္မာအပေါင်းတို့အား ပထမဦးဆုံး ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကြီးအား ဝါဆိုလပြည့်နေ့မှ စတင်ဟောကြားခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် တရားတော်ဟောကြား ပြီးဆုံးခဲ့ပါသည်။ ထို့နောက် မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြန်လည်ဆင်းသက်တော်မူလာခဲ့ပါသည်။ မြတ်စွာဘုရား ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများထွန်းကာ မြင့်မိုရ်ပွဲ ဆင်ယင်ကျင်းပကြသည်။
သီတင်းကျွတ်လ
သီတင်းကျွတ်လသည် မြန်မာရာသီ ၁၂ လတွင် သတ္တမမြောက်လဖြစ်ပါသည်။ မိုးနှောင်းကာလ လည်းဖြစ်သည်။ နက္ခတ်ဗေဒင်အရ သီတင်းကျွတ်လသည် တူရာသီဖြစ်သည်။ ထိုရာသီကို အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇ ဟူ၍ဆိုပါသည်။ တူရာသီ၏ ရာသီပန်းမှာ ကြာဖြူပန်းဖြစ်ပါသည်။ ထိုလကို သီတင်းကျွတ်လဟု ခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉၀၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ သီတင်းဝါလကျွတ်သောကြောင့် (သီတင်းကျွတ်) လဟူ၍ သာသနာကျမ်းအလို ခေါ်ဆိုကြောင်း လှေသင်းအတွင်းဝန်ရေးသည့် ဝေါဟာရ လီနတ္ထ ဒီပနီကျမ်း၌ဆိုပါသည်။ ထိုလကိုပင် မြန်မာဘာသာ ရှေးသူဟောင်းတို့စကား (သန်တူလ) ဟူ၍လည်း ရှေးရေး ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ သမိုင်းကျောက်စာများတွင် ရှေးပညာရှိတို့ ရေးသားကြောင်း၊ သန်တူလ အဓိပ္ပာယ်မှာ ဝသန္တမိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ဆိုကြောင်း ဆိုပါသည်။
ပုဂံခေတ်ထိုး ကျောက်စာတို့တွင် သီတင်းကျွတ်ဟူသောစကားကို မတွေ့ရှိရဘဲ တုရွင်းတောင်ရှိ သက္ကရာဇ် ၅၇၄ ခုနှစ်က ထိုးထွင်းထားပြီး စာကြောင်းရေ ၂၉ ကြောင်းပါ စောရဟန်း သိမ်ကျောက်စာတွင် သတင်းချွတ်ဟူသောအသုံးကို ရှေးဦးဆုံး တွေ့ရကြောင်း သိရပါသည်။ သတင်းချွတ်ဟူသော စကားသည် သတင်းသီလစောင့်ထိမ်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင်ပြုသည်ဟု အနက်ထွက်ကြောင်း သိရပါသည်။ သတင်းချွတ်နှင့် ဝါကျွတ်ဟူသော စကားကိုဖက်တွဲ၍ သတင်းကျွတ်ဟူသော စကားဖြစ်ပေါ်လာသည်ဟု ယူဆကြပါသည်။ မြန်မာလ အမည်များစာအုပ်၌ “သတင်းကျွတ်” ဟူသောစကားကို အင်းဝခေတ် သက္ကရာဇ် ၈၀၀ ခန့်မှသာစ၍ ကျောက်စာတို့တွင် သုံးစွဲလျက်ရှိသည်ဟု ဆိုပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်
သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပုဂံခေတ်ကပင် ကျင်းပပြုလုပ်နေပြီဟုယူဆရသည့် ပုဂံခေတ် ဘုရားစေတီများမှ နံရံဆေးရေးပန်းချီများတွင် တွေ့ရပါသည်။ ရှေးမြန်မာဘုရင်တို့လက်ထက်က ဘုရင်နှင့်မိဖုရားတို့၏ ကန်တော့ခံပွဲများကို နန်းတွင်းနန်းပြင်၌ ကျင်းပလေ့ရှိကြောင်း (ဆရာ ကြီး) မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်တွင် ဖော်ပြထားပါသည်။ ယခင်က သီတင်းကျွတ်ပွဲတော်ကို မြင့်မိုရ်ပွဲဟူ၍လည်းကောင်း၊ တာဝတိံသာပွဲဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကြောင်း ဖော်ပြထားသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် မြတ်စွာဘုရားရှင်အား မီးများထွန်း၍ ပူဇော်သည့်ရက်မှာ လပြည့်နေ့တစ်ရက်ပင် ဖြစ်သော်လည်း အများအားဖြင့် ကျင်းပကြသည်မှာ လပြည့်နေ့မတိုင်မီ တစ်ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်အဖြစ် သုံးရက်တိုင် ကျင်းပလေ့ရှိကြောင်း (ဆရာမကြီး) ဒေါ်ခင်မျိုးချစ်၏ ဆယ့်နှစ်လရာသီ ပန်းများနှင့် ပွဲတော်များစာအုပ်တွင် ဖော်ပြထားပါသည်။ ယနေ့ထက်တိုင်လည်း သီတင်းကျွတ်မီးထွန်း ပွဲတော်ကို သုံးရက်ကျင်းပလျက်ရှိကြပါသည်။
မီးထွန်းပွဲတော်သည် ဘာသာရေးနှင့်ဆိုင်သည့် ပွဲတော်ဖြစ်သော်လည်း ကလေးဘဝက သီတင်းကျွတ် ပွဲတော်ရောက်လျှင် များစွာပျော်ကြပါသည်။ သီတင်းကျွတ်ကျောင်းပိတ်ချိန်လည်း ဖြစ်သည့်အတွက် ကျောင်းစာများခဏနားကာ ပျော်ရသည့်ရက်များလည်း ဖြစ်ခဲ့ပါသည်။ ငယ်စဉ်က သီတင်းကျွတ် မီးထွန်းပွဲတော်အကြောင်းကို သေချာစွာမသိခဲ့ပါ။ ကလေးသဘာဝအတိုင်း မီးထွန်းပွဲရောက်တိုင်း ပျော်ရသည်ကို စွဲမြဲစွာမှတ်မိခဲ့သည်။
ကျောင်းပိတ်သည့်ကာလအတွင်း သီတင်းကျွတ်မီးထွန်းပွဲတွင် လျှောက်လည်ကြပါသည်။ ကျွန်တော်တို့ငယ်စဉ် လျှပ်စစ်မီးမရရှိသေးသဖြင့် ရေနံဆီမီးခွက်သာ အသုံးပြုနေရစဉ်က သီတင်းကျွတ်တွင် မီးထွန်းရန် ဆီမီးခွက်များ သုံးကြပါသည်။ ဆီမီးထွန်းရန် ဆီမီးခွက်၊ မီးစာ၊ ဆီတို့ကို ဝယ်ကြသည်။ ရံဖန်ရံခါ မီးပုံးလေးများဝယ်ကြသည်။ ကျွန်တော်တို့က နို့ဆီခွက်နှင့်လုပ်သည့် တွန်းလှည်းလေးများကို ဝါးခြမ်းပြား၊ နို့ဆီခွက်တို့ဖြင့် ကိုယ်တိုင်လုပ်ကြသည်။ နို့ဆီခွက်အခွံနှင့် လုပ်ထားသည့် လှည်းကလေးတွင် ဒလက်တပ်ထားသဖြင့် လှည်းတွန်း လိုက်တိုင်း အသံမည်သည်ကို ကလေးတိုင်း သဘောကျကြသည်။ ကိုယ့်ဘာသာလုပ်နိုင်သည့် ကစားစရာဖြစ်သည့်အတွက် အထွေအထူးငွေကုန်စရာမလို။ ထိုလှည်းလေးတွင် ဖယောင်းတိုင်လေးထွန်း၍ ရပ်ကွက်ထဲ လျှောက်လည်တော့သည်။ ကလေးနှစ်ယောက်၊ သုံးယောက်လောက်များ တွန်းသွားကြလျှင် အသံကဆူညံနေသည်။ လူကြီးများက နားငြီးပေမယ့် ကလေးတွေအတွက်တော့ ပျော်လို့မဆုံးနိုင်။ နောက်ပိုင်းတော့ မီးပုံးတွန်းလှည်းလေးများပေါ်လာသည်။ အရုပ်မျိုးစုံဖြင့် လုပ်ထားသည့် မီးပုံးများလည်း မျိုးစုံပေါ်လာသည်။ လျှပ်စစ် မီးရောင်စုံတွေပေါ်လာသည့်အခါ သီတင်းကျွတ် မီးထွန်းပွဲတော်သည်လည်း ယခင်ကနှင့်မတူ ခေတ်မီလာသည်။
မီးထွန်းပွဲတော်ညပိုင်းတွင် ဆီမီးများဖြင့် ဘုရားပူဇော်ကြ၊ အလှဆင်ကြ၊ ဆော့ကစားကြသည်။ လပြည့်နေ့တွင် မိသားစုလိုက် ဘုရားသို့သွား၍ ဆီမီးပူဇော်ကြသည်။ ထို့နောက် လူကြီးသူမများကို ကန်တော့ကြသည်။ မိမိထက်အသက်အရွယ်ကြီးသည့် အစ်ကိုအစ်မတို့ကိုလည်း ကန်တော့ကြသည်။ လူကြီးသူမများက ဆုတောင်းပေးကြသည်မှာ ကြည်နူးစရာဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလတွင် နောက်ဆုံးလလည်း ဖြစ်သည်။ လူကြီးသူမများက ဝါတွင်းသုံးလပတ် ကာလလုံး ဥပုသ်သီလ ဆောက်တည်ကြသည်။ မိဘများက ကျွန်တော်တို့အား ဝါတွင်းဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းလိုက်၍ သီလယူရန် ခေါ်ကြသည်။
ကျွန်တော်တို့ကလည်း ဘုန်းကြီးကျောင်းသို့ အမြဲလိုက်ချင်ကြသည်။ ဘုန်းကြီးကျောင်းရောက်လျှင် စားစရာအစုံစားရသည်။ ဘုန်းကြီးနှင့် မိဘများက ရင်းနှီးသဖြင့် ဘုန်းကြီးကလည်း ကျွန်တော့်အား အလိုလိုက်သည်။ သီတင်းကျွတ်လပြည့်နေ့ ဘုန်းကြီးကျောင်းသွားလျှင် ဆရာတော်က သီတင်းကျွတ်လပြည့်နေ့နှင့်ပတ်သက်၍ တရားဟောသည်။ ထိုစဉ်က ဘုန်းကြီးဟောသည့်တရားကို နားမလည်ခဲ့။ သီတင်းကျွတ်လပြည့်နေ့သည် မီးထွန်းပွဲတော်ဟုသာ သိခဲ့သည်။
အနှစ်သာရ
တကယ်တော့ သီတင်းကျွတ်လပြည့်နေ့သည် မီးထွန်းပွဲတော်ဆိုသည်ထက် ပို၍အနှစ်သာရရှိပါသည်။ မြတ်စွာဘုရားရှင်က မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်ကာလလုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ တစ်ချိန်တည်းမှာ လူ့ပြည်တွင်လည်း အဘိဓမ္မာတရားအနှစ်ချုပ်ကို ရှင်သာရိပုတ္တရာအား ဟောကြားခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးခဲ့ပါသည်။
အဘိဓမ္မာနှင့်ပတ်သက်၍ ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားသောတရားကို နာကြားဖူးပါသည်။ တာဝတိံသာနတ်ပြည်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာ ခုနစ်ကျမ်းသည် သဘာဝတရားများကို ဆင်ခြင်စဉ်းစားထားသည့် အထူးခြား အလေးနက်ဆုံးနှင့် အကျယ်ဝန်းဆုံး တရားတော်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး ၂၂ ရက်မြောက်နေ့မှစ၍ ၂၈ ရက်နေ့အထိ ခုနစ်ရက်ကြာ ဗောဓိပင်၏ အနောက်မြောက်ဘက်တွင် အဘိဓမ္မာ၏ သဘာဝတရားတို့ကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါသည်။
ထိုဆင်ခြင်သုံးသပ်တော်မူခဲ့သည့် အဘိဓမ္မာတရားတော်တို့တွင် ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်းနှင့် ပဋ္ဌာန်းကျမ်းကြီးတို့ ပါဝင်ပါသည်။ ထိုအဘိဓမ္မာ ခုနစ်ကျမ်းတွင် အနက်နဲဆုံးဖြစ်သည့် ပဋ္ဌာန်းကျမ်းကြီးလည်း ပါဝင်ပါသည်။ မြတ်စွာဘုရားသည် လွန်စွာကျယ်ဝန်းလှသည့် ပဋ္ဌာန်းတရားတော်ကြီးအား ဆင်ခြင်သုံးသပ်ပြီးချိန်တွင် မြတ်စွာဘုရားရှင်၏ ခန္ဓာကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးထွက်ပေါ်လာခဲ့ပါသည်။
ရုပ်၊ နာမ် သဘာဝတရားတို့၏ အကြောင်းနှင့်အကျိုးကို ထိုးထွင်းသိမြင် ဆင်ခြင်သုံးသပ်ထားသည့် ထိုအဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မြတ်စွာဘုရားသည် အဘိဓမ္မာတရားအား နတ်ပြည်တွင် ဟောကြားနေစဉ် နေ့စဉ်ဆွမ်းဘုဉ်းပေးသည့်အချိန်၌ လူ့ပြည်သို့ကြွလာပါသည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ကြွချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ဖန်ဆင်း၍ တရားတော်များကို ဆက်လက်ဟောကြားပေးခဲ့ပါသည်။ မြတ်စွာဘုရားရှင် လူ့ပြည်သို့ကြွလာစဉ် ရှင်သာရိပုတ္တရာအား နတ်ပြည်၌ဟောကြားခဲ့သည့်တရားများကို အကျဉ်းချုပ်၍ နေ့စဉ်ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်များကို ရှင်သာရိပုတ္တရာကိုယ်တော်မှ အမျိုးကောင်းသား တပည့်ရဟန်း ၅၀၀ အား ထပ်ဆင့်ဟောကြားခဲ့ပါသည်။ ထိုသို့နတ်ပြည်နှင့်လူ့ပြည်တွင် အဘိဓမ္မာတရားဒေသနာများအား တစ်ပြိုင်နက်တည်း ဟောကြားခဲ့ရာ တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရားက အဘိဓမ္မာခုနစ်ကျမ်းဟော၍ နိဂုံးချုပ်သည့်နေ့တွင် လူ့ပြည်မှ ရဟန်း ၅၀၀ သည်လည်း အဘိဓမ္မာဆောင်သည့် ပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်နေ့သည် နတ်ပြည်နှင့် လူ့ပြည်တွင် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဒေသနာတော်ကြီး ဟောပြောပြီးဆုံးသည့်နေ့ ဖြစ်ပါသည်။ ထိုနေ့သည် နတ်ပြည်နှင့် လူ့ပြည်တွင် ဗုဒ္ဓသာသနာ၏ အလွန်တရာနက်နဲသော တရားတော်များ စတင်အခြေတည်သည့်နေ့ ဖြစ်ပါသည်။ လူသားတို့အတွက်အဖိုးမဖြတ်နိုင်သော နေ့ရက်ဖြစ်ပါသည်။ ယနေ့ဗုဒ္ဓဘာသာဝင်တိုင်း ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်လျက်ရှိကြပါသည်။ အဘိဓမ္မာ ဒေသနာတော်များကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိစေနိုင်ပါသည်။ ထိုသို့ရရှိခြင်းဖြင့် မိမိသန္တာန်တွင် အစိုင်အခဲအဖြစ် ရှိနေသည့် အယူအဆအမှားများဖယ်ရှား၍ အတ္တဆိုသည့် အတွေးမှား၊ အမြင်မှားများကို ဖယ်ရှားပစ်နိုင်ပါသည်။ အတ္တသည် မိမိခန္ဓာကိုယ်အတွင်း၊ အပြင် မည်သည့်နေရာမှမရှိ၊ အနတ္တသည် အတ္တမဟုတ်ကြောင်း အမြင်မှန်များကို ရရှိစေပါသည်။
ထိုသို့ဖြစ်ရာ အဘိဓမ္မာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ်ရက် တစ်ရက်ဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် အဘိဓမ္မာတရားတော်တို့သည် ယနေ့ထက်တိုင် ကျွန်တော်တို့ကို အသိဉာဏ်အလင်းများ ပေးလျက်ရှိပါသည်။ ဘဝသံသရာမှလွတ်မြောက်ရာဖြစ်သော အဘိဓမ္မာတရားတို့သည် ဝါတွင်းကာလအတွင်းအတွက်သာ မဟုတ်ပါ။ ရုပ်နှင့်နာမ်တည်ရှိနေသရွေ့ အဘိဓမ္မာ တရားတို့ကို ဆင်ခြင်သုံးသပ်ကျင့်ကြံအားထုတ် နေကြရပါဦးမည်။ ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားတော်မူသကဲ့သို့ ဗုဒ္ဓသာသနာသည် မိမိကိုယ်တိုင်လိုက်နာကျင့်သုံးမှ မိမိသာသနာဖြစ်ပါမည်။ မိမိရင်ထဲသာသနာတည်မြဲနေဖို့သည် ကိုယ်တိုင်မည်မျှအထိ လိုက်နာကျင့်သုံးသလဲအပေါ် မူတည်သည်ဟု ဟောကြားတော်မူပါ၏။
ဝါလကင်းလွတ်သီတင်းကျွတ်မှရရှိသော တရားထူးတရားမြတ်တို့သည် “ငါ” ဆိုသည့် အတ္တစွဲကို စွန့်လွှတ်နိုင်သည့် တရားထူးတရားမြတ်တို့အစပြုရာ နေ့ရက်ဖြစ်ပါသည်။ ထိုတရားတို့ဖြင့် ငါအတ္တစွဲအားဖယ်ရှားရန် ကြိုးစားကြရပါမည်။ ဖြစ်ခြင်း၊ ပျက်ခြင်း အကြောင်းနှင့်အကျိုးကိုသိရန် ကြိုးစား အားထုတ်ကြရပါမည်။ သဘာဝလောက၏ အကြောင်းအကျိုးကိုမဆင်ခြင်ဘဲ ငါအတ္တစွဲအား ဖက်တွယ်ထားသမျှ ဘဝဒုက္ခဆင်းရဲနွံအတွင်း လှုပ်လေမြုပ်လေဖြစ်နေပါဦးမည်။ တရားကိုသိခြင်း၊ တရားကိုလိုက်နာကျင့်သုံးခြင်းသည် ဗြဟ္မာဝိဟာရဟုခေါ်သည့် မြင့်မြတ်သော နေထိုင်ခြင်းပင် မဟုတ်ပါလား။ ။