Skip to main content

သီတင်းကျွတ်လ

မောင်လူမွှေး(မြန်မာမှု)

သီတင်းကျွတ်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် “သန်တူ” လဟုရေးထိုးကြ၏။ ရှေးရေးဗေဒင်ကျမ်း၊ ဆေးကျမ်းမှတ်တမ်းများတွင် “သန်တူ” လဟုပင် တွေ့ရပေသည်။

အရှည်တည်တံ့မြဲ

လှေသင်းအတွင်းဝန် ဦးခြိမ့်က သူ၏ဝေါဟာရလိနတ္ထဒီပနီ (ပြောဆိုသောစကားအနက်အဓိပ္ပာယ်လျှို့ဝှက်ရာကို ဖွင့်ဆိုသောကျမ်း) တွင် “သန်” ပုဒ်မှာ ဝဿန္တဥတုမှ “သန်” ကိုယူ၍ မိုးဥတုရာသီမှာပင် ကျရောက်သော တူရာသီမှ “တူ” ကိုယူကာ ပေါင်းစပ်ဝေါဟာရ “သန် + တူ” လဟုခေါ်ဝေါ်ကြောင်း ဖွင့်ဆိုထားလေသည်။ ဤအဆိုကို လက်မခံလိုပေ။ ပုဂံခေတ်ဦး ဝေါဟာရများသည် သာဓုသာဓုခေါ်သည်ကိုပင် “ကောင်းလောင်တည်း ကောင်းလောင်တည်း” “ကောင်းပေ၏ ကောင်းပေ၏” ဟု မြန်မာစကားစစ်စစ်ဖြင့် ရေးထိုးကြ၏။ ဆင်းရဲ-ချမ်းသာ- ကောင်းမှု-မကောင်းမှု စသည်တို့ကို လည်း မူရင်းမြန်မာဝေါဟာရအတိုင်း သုံးစွဲကြလေသည်။ နောင်ဗုဒ္ဓဘာသာ လှိုင်လှိုင်ကြီး ထွန်းကားလာသောအခါမှ ဆင်းရဲ+ဒုက္ခ (ပါဠိသက်)၊ ချမ်းသာ+ သုခ (ပါဠိသက်)၊ ကောင်းမှု+ ကုသိုလ်(ပါဠိပျက်)၊ မကောင်းမှု+ဒုစရိုက် (ပါဠိပျက်)၊ အိုး+စရည်း (မြန်မာမွန်) စသည်ဖြင့် ဝေါဟာရတွဲစပ် သုံးစွဲလာကြလေသည်။ အလွန်ရှေးကျသောအခါက ဝဿန္တနှင့် တူရာသီဝေါဟာရနှစ်ခုကို ဆက်စပ်၍ “သန်တူ” ဟု သုံးလာသည်ဆိုခြင်းမှာ မဖြစ်နိုင်တန်ရာပေ။ ဘာသာစကား ဝေါဟာရတို့သည် ဆယ်စု - ရာစုတိုင် ပြီးမှသာ အရှည်တည်တံ့မြဲဖြစ်ပေသည်။

ဆရာကြီး ဦးဖိုးလတ်ကမူ “သန်” သည် ကောက်စပါးကို ပြဆိုသော မြန်မာစကားဖြစ်သည်။ မိုးရာသီကာလ လုပ်ဆောင်သောလယ်ကို သန်လယ်၊ ဆောင်းဥတုကာလ လုပ်ဆောင်သော လယ်ကို မူရင်းလယ်ဟုခေါ်ကြရာ “သန်” သည် ကောက်စပါးကိုပြဆိုသော မြန်မာစကားစစ်စစ်ဖြစ်သည်။ “တူ”မှာ လည်း တစ်စုံတစ်ခုကို ထောင်မတ်သည်၊ စိုက်သည်ဟူသော အဓိပ္ပာယ်ရသည့် ထူ-တူ ဝေါဟာရမှ “တူ” သာဖြစ်သည်။ ထူမတ်ခြင်း၊ ထောင်ခြင်း၊ တက်၊ ထွက်၊ ထ၊ ထောင်၊ ပေါက် အဓိပ္ပာယ်ကို မြန်မာတို့နှင့် ဘာသာစကားနှီးနွှယ် သောမူဆိုဘာသာ၊ ပေါင်းရှည်ချင်းဘာသာ၊ လီဆူဘာသာ၊ တရုတ်ဘာသာတို့တွင် “တူ”ဝေါဟာရကို သုံးပေသည်။ ဆရာကြီး ဦးဖိုးလတ်၏ သုတေသနပြုချက်ကို ထောက်ခံရပါမည်။

“သန်တူလ” မှ သီတင်းကျွတ်လကို ပြောင်းလဲလာပုံတို့မှာ - ဗုဒ္ဓဘာသာကိုအခြေခံ၍ ဖြစ်လာသောအရာဖြစ်ပေသည်။ အင်းဝခေတ် သက္ကရာဇ်-၈ဝဝ ဝန်းကျင်တွင် ရေးထိုးခဲ့သောကျောက်စာများတွင် “သီတင်းကျွတ်” ဆိုသော ဝေါဟာရကို တွေ့ရပေပြီ။ ထိုကျောက်စာများသည် တချို့ “ဆင့်ထိုး၊ နောက်ထိုး” ကျောက်စာများရှိသည် ဆိုသော်လည်း “သန်တူလ” အစား “သီတင်းကျွတ်” ဝေါဟာရကိုလည်း သုံးစွဲနေလေပြီ။ (သံဃ ရာဇာ ကျောက်စာသက္ကရာဇ်-၉၂၅)

အင်းဝခေတ်မှသည် ကုန်းဘောင်ခေတ်ထိကျောက်စာတို့တွင်လည်း သီတင်းကျွတ်ဝေါဟာရကို လှိုင်လှိုင်သုံးလာကြသည်။ သက္ကရာဇ် ၉၅၂ နှစ်၊ မူလ မင်းရဲကျော်စွာထိုးခဲ့သော စစ်ကိုင်းပုညရှင်စေတီကျောက်စာတော်ကို ၁၁၃၇ နှစ်တွင် ဘိုးတော်ဘုရားက ဆင့်ထိုးခဲ့ရာ-“သက္ကရာဇ် ၁၁၄၂ ခု၊ သီတင်းကျွတ်လပြည့်ကျော်” ဟု ရေးထိုးလေသည်။

ပုဂံစောရဟန်း၊ ကျောက်စာတွင် “သတင်းတိုင်”“သတင်းချွတ်” ဟူ၍ လည်းကောင်း၊ အခြား ပုဂံခေတ်ထိုး ကျောက်စာတို့တွင် “သတင်းနေ့၊ သတင်းသည်၊ သတင်းတည်းကုပ်” ဟူ၍လည်း ကောင်း၊ ခေတ်အလိုက် ရေးသားလာခဲ့ကြရာ “သီတင်း” ဟု ယနေ့ခေတ်ရေးထုံး “သ” တွင် လုံးကြီးတင်ဆန်ခတ်နှင့် မရေးဘဲ “သတင်း” ဟုသာ ရေးခဲ့ကြပေသည်။

အဓိပ္ပာယ်ကူးပြောင်းသွား

မြန်မာဝေါဟာရများသည် ပုဂံခေတ်နောက်ပိုင်းမှသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားဘာသာစကားများနှင့် ပို၍ပို၍ ပေါင်းစည်းရေးသားပြောဆိုလာကြသည်။ မွန်ဘာသာ၌ ရဟန်းသံဃာတော်တို့နှင့် မြင့်မြတ်သူတို့အသုံးပြုသောကျောင်းတွင် နေထိုင်သည့်အရာကို “သ္တင်” ဟုသုံး၏။ မြန်မာတို့တွင်လည်း “သ” နှင့် “တ” ကို ဆင့်လျက်ရေးသော ပုဂံခေတ်ကျောက်စာများကို တွေ့ရ၏။ ရဟန်းသံဃာတော်တို့နေထိုင်ရာ ကျောင်းတော်ကို “သတင်းသုံး” သည်ပြောကြ၏။ ဤအထိ “သ” တွင် လုံးကြီးတင်ဆန်ခတ် မပါသေးပေ။ ရဟန်းတို့နေထိုင်ခြင်း၊ သီလကို ကျင့်သုံးဆောက်တည်ခြင်းတို့သည် မကွဲမပြား တစ်သားတည်းဖြစ်သဖြင့် “သီတင်း” ဟူသောပုဒ်သည် သီလကိုကျင့်သုံးဆောက်တည်၍ နေထိုင်ခြင်း၊ ဝိနည်းတော်အရ ဝါတွင်းသုံးလပတ်လုံး ကျင့်သုံးနေထိုင် သီတင်းသုံးခြင်းမှ သီလ ဆောက်တည်ခြင်းသို့ ဦးတည်အဓိပ္ပာယ် ကူးပြောင်းသွားလေသည်။

ထို့ကြောင့် သီတင်းကျွတ်ဆိုသည်မှာ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ ပတ်လုံး သီလကျင့်သုံး (ဝါဆို) ဆောက်တည်နေထိုင်ခြင်းမှ လွတ်မြောက်သောလ ဟုအဓိပ္ပာယ်ရသော ဝါကျွတ်လ၊ သီတင်းကျွတ်လဟု ခေါ်ဝေါ်လာကြလေတော့သည်။

သီတင်းကျွတ်လ၏ပွဲတော်မှာ မီးထွန်း ပွဲတော်ဖြစ်ပေသည်။ ဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာ၌ ဝါဆိုတော်မူပြီး ထိုမှသင်္ကဿမြို့သို့ သီတင်းကျွတ်လပြည့်နေ့တွင် ကြွဆင်းတော်မူ ကြောင်းကို ဗုဒ္ဓဝင်ဆိုင်ရာ စာပေများ၌ ပါရှိလေသည်။

ပုဂံခေတ်ထိုး ကျောက်စာအလှူများ စာရင်းများတွင် ညောင်ရေသွန်းအလှူ၊ စာရေးတံမဲအလှူ၊ ကထိန်အလှူ၊ ပံ့သကူ အလှူ စသည်ဖြင့်ရှိရာ မီးဖုန်းအလှူသည်လည်း ပါဝင်ပေသည်။

ပုဂံမှသည် အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်ထိ ဆီမီးမြင်းမိုရ်ခေါ် မီးထွန်းပွဲတော်ကို ဘုရင်ကိုယ်တော်တိုင် ကြွရောက်ကျင်းပကြသည့် မှတ်တမ်းမှတ်ရာများကို လောကဗျူဟာ အင်ရုံစာတမ်းတွင် တွေ့နိုင်ပေသည်။

ဘိုးတော်ဘုရားလက်ထက် ထင်ရှားခဲ့သော စာဆိုတော်ဦးယာက သီတင်းကျွတ် မီးထွန်းပွဲတော်ကို “လူးတား” ဖြင့်ဖော်ပြခဲ့ရာ ပွဲသဘင်ကိုကွက်ကွက်ကွင်းကွင်းထင်မြင်မှု တွေ့ရမြင်ရသကဲ့သို့ ခံစားရပေ၏။ မင်းတုန်းမင်း၊ သီပေါမင်းလက်ထက် မီးထွန်းပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပုံကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် တွေ့နိုင်ပေ၏။

ကိုလိုနီခေတ် အင်္ဂလိပ်စာရေးဆရာ ကြီး ရွှေရိုးအမည်ခံ Sir James Scott က မင်းတုန်းမင်းခေတ် မီးထွန်းပွဲတော်အကြောင်း ရေးသားချက်ကို သူ၏ (Burmar) စာအုပ်တွင် အကျယ်တဝင့် ရေးထားရာ ကုန်းဘောင်ခေတ် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တင်ပြထား သောဒြပ်မဲ့ယဉ်ကျေးမှု = (Intangible Cultural Heritage)မှတ်တမ်းကြီးဖြစ်ပေသည်။

ပဝါရဏာပွဲ

သီတင်းကျွတ်လ၏ အခြားထူးခြား ချက်တစ်ရပ်မှာ “ပဝါရဏာ” ပွဲဖြစ်ပေသည်။ ပဝါရဏာပွဲကို သီတင်းကျွတ် လပြည့်နေ့တွင် ရဟန်းတော်များ မိမိတို့ကျောင်းတိုက် သိမ်အတွင်းပြုလုပ်ကြရ သည်။ သတ်မှတ်အချိန်အတွင်း စုရုံးရောက်ရှိကြပြီး သံဃပရိသတ်စုံသောအခါ ဦးစွာဥပုသ်ပြုသည့် နည်းအတိုင်းပြုလုပ်ပြီး သမ္မုတိရသော ရဟန်းတော်နှစ်ပါးက အမေး၊ အဖြေပြုရသည်။ အဖြေရဟန်းတော်က ပဝါရဏာကံအတွက် ဉာတ်ထား (ပဝါရဏာပြုတော့မည်ဟု သံဃာကို ရှေးဦးစွာအသိပေးခြင်း)ရသည်။ သိက္ခာဝါကြီးသော မထေရ်က လက်ဝဲပခုံးပေါ် ဧကသီကိုစမ္ပယ်တင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင် “ငါ့ရှင်တို့ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏။ တပည့်တော်၏အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယရှိသော်လည်းကောင်း တပည့်တော်ကို သနားသောအားဖြင့် ပြောဆိုသတိပေးကြပါ။ အပြစ်တော်ကိုရှာ၍ ကုစားပါမည်ဘုရား” ဟု သုံးကြိမ်တိုင်တိုင် သံဃာကို ဖိတ်ကြား တိုက်တွန်းရ၏။ ထို့နောက် ထေရ်စဉ် ဝါလိုက် ဤသို့ပင် မြွက်ဆိုပြီး ကျန်ရဟန်း တော်များက “သာဓု” သုံးကြိမ်ခေါ်ကြရသည်။ ပြီးသောအခါ အကြီးအမှူး ဆရာတော်က ဩဝါဒစကားမိန့်ကြား တော်မူလေသည်။

ပဝါရဏာပွဲဖြစ်ပေါ်လာပုံမှာ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် သီတင်းသုံးဖော် ရဟန်းတစ်စုသည် ကောသလတိုင်း ဇနပုဒ်တစ်ခု၌ ဝါဆိုကြ၏။ ထိုရဟန်းတို့ သည် စကားနည်းရန်စဲဆိုသလို အချင်းချင်းမခေါ်မပြောဘဲ နေထိုင်ခြင်းသည် ငြင်းခုံမှုမပေါ်နိုင်ဟု ယူဆကာနေကြ၏။ ဝါလကျွတ်၍ ဘုရားရှင်ကို သွားရောက် ဖူးမြော်ကြ၏။ ဘုရားရှင်က အကျိုးအကြောင်းမေးမြန်းရာ အထက်ဖော်ပြပါ နေထိုင်ကြသည်ကို လျှောက်ထားကြလေသည်။

ထိုအခါ ဘုရားရှင်က “ရဟန်းတို့ အချင်းချင်း မခေါ်မပြောဘဲနေခြင်းသည် တိရစ္ဆာန်တို့ နေခြင်းမျိုးသာဖြစ်သည်။ ရန်သူအချင်းချင်း နေခြင်းနှင့်တူသည်။ ချမ်းသာစွာ နေထိုင်ခြင်းမျိုးမဟုတ်၊ အဘယ့်ကြောင့် တိတ္ထိတက္ကဒွန်းတို့ကဲ့သို့ ကျင့်သုံးနေထိုင်ကြသနည်း။ သူအတို့ကဲ့သို့ကျင့်သုံးနေထိုင်ကြရသနည်း။ ဒါယကာ၊ ဒါယိကာမတို့ အကြည်ညိုပွား စေနိုင်သောအကျင့်မျိုးမဟုတ်၊ ယင်းအကျင့်မျိုး မကျင့်ရ၊ ကျင့်သည့်ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ” ဟု ပညတ်တော်မူ၏။

ညွှန်ပြပညတ်တော်မူ

ထိုမျှသာမက သီတင်းကျွတ်သည့်အခါ ရဟန်းတော်များ ပြုကျင့်ရမည့် စည်းလုံးညီညွတ်စွာ နေထိုင်ခြင်း၊ ပန်ကြားပြောဆိုခြင်းများကို ညွှန်ပြပညတ်တော်မူ၏။ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ သံသယရှိ၍ဖြစ်စေ၊ သုံးပါးသော အကြောင်းတို့ဖြင့် ပဝါရဏာပြုခြင်း(ဝါ) ဖိတ်ကြားခြင်းငှာခွင့်ပြု၏။ ထိုသို့ ဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်းလိုက်လျောညီညွတ်၍ အာပတ်စင်ကြယ်စေ၏။ ဝိနည်းကို လေးစားရာရောက်သည်” ဟု မိန့်ကြားတော်မူ၏။ ထိုသို့မိန့်ကြားပညတ်တော်မူသည်မှစ၍ ပဝါရဏာပွဲတော်ဖြစ်ပေါ်လာခဲ့လေသည်။

လောက၌ လူသားတို့သည် သူတစ်ပါး အပြစ်ကိုသာ ရှေးရှုကြကုန်၏။ ကိုယ့်အပြစ်ကိုရှု၍ ဝေဖန်ထောက်ပြ တည့်မတ်ဖို့ရာကိုမူ ပြုနိုင်ခဲကြပါ၏။ ပဝါရဏာကမူ မိမိကိုယ်ကို ဝေဖန်သုံးသပ်၍ ဆင်ခြင်တုံ သဘောတရားကို သံဃာ့ အဖွဲ့အစည်းတွင် အုတ်မြစ်ချပေးလိုက်ရာ ယနေ့တိုင် ဗုဒ္ဓသာသနာတော်ကြီးသည် နှစ်ပေါင်း ၂၅၆၇ နှစ်တိုင် တည်တံ့ခိုင်မြဲနေ၏။ တည်တံ့ခိုင်မြဲမှုထဲတွင် ထိုအကြောင်းအရာသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်ဟုဆိုရာ၏။

ဘာသာရေး သုတေသီပညာရှင်များက ပဝါရဏာပွဲဥပဒေသည် ဂေါတမဗုဒ္ဓ၏ ရှေးအကျဆုံး၊ ခေတ်အမီဆုံးနှင့်တိုးတက် မှုလမ်းစဉ်ဖြစ်ကြောင်းကို လက်ခံပြောဆိုကြကုန်၏။

ထို့ကြောင့် ဤဝေဖန်ရေးအစဉ် အလာကောင်းကို သံဃာတော်များ သာမက လူများကလည်း (Paradigm) အနေနှင့် နည်းယူအသုံးချပါက အထူးကောင်းလှပေ၏။ သင့်လျော်လှပေ၏။

Dale Carnegie ၏ ကမ္ဘာကျော် မိတ္တဗလ ဋီကာကျမ်းသည် ရာစုနှစ်ပင် မပြည့်သေးပေ။ Napoleon Hill ၏ တက်ကျမ်းသည်လည်း ရာစုနှစ်ပင်မပြည့်သေးပေ။ ထိုစာအုပ်များတွင် တစ်ဦးနှင့်တစ်ဦး အထက်နှင့်အောက် ကျင့်သုံးနေထိုင်ရေး နည်းလမ်းကောင်းများကို ရေးသားထားရာ ဤပဝါရဏာ သဘောတရားပါဝင်နေသည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။ ဗုဒ္ဓ၏ပဝါရဏာ လမ်းညွှန်မှုကား နှစ်ပေါင်း ၂၅ဝဝ ကျော်ခဲ့ပေပြီ။

ဗုဒ္ဓဘုရားရှင်လက်ထက် ဝါလကျွတ်ပါက ဘုရားရှင်ထံသို့ အရပ်လေးမျက်နှာမှ ရဟန်းတော်အသီးသီး လာရောက်ကန်တော့ကြ၏။ ထိုမှတစ်ဆင့် ဝါစဉ်ဝါလိုက်ကန်တော့ခံကြသည့်သာဓကများရှိလေသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုမှ မြစ်ဖျားခံလာသော မြန်မာ့ယဉ်ကျေးမှုသည် ရဟန်းတော်များ၊ ဝါစဉ်ဝါလိုက် ကန်တော့ခံကြသလို မင်းညီမင်းသားနှင့် မှူးမတ်သေနာပတိများက ဘုရင်မင်းမြတ်ကို ကန်တော့ကြကုန်၏။ မြန်မာမဟာ မင်းခန်းတော်ဆိုင်ရာတွင် ကန်တော့ခံပလ္လင် (ပလ္လင်ရှစ်ခန်း) ကို သီးခြားလုပ်ဆောင်ထားသည်အထိ ရှိပေသည်။

ထိုကန်တော့ခြင်းသည် ဘုရင်နှင့် မင်းညီမင်းသားမှူးမတ်များ သာမက တိုင်းသူပြည်သားများအနေနှင့်လည်း သက်ကြီးဝါကြီးပူဇော်ပွဲများကို ထိုနည်းတူ ကျင့်သုံးလာကြပေသည်။ သက်ကြီးဝါကြီးတို့၏ ဆုံးမစကား ဩဝါဒများကိုခံယူ၍ ပူဇာစ ပူဇနေ ယျာနမင်္ဂလာ၊ ဒါနမင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာ၊ ကတညုတာမင်္ဂလာ၊ သောဝစဿတာမင်္ဂလာစသည့် မင်္ဂလာတရားတော်များကို တစ်ပြိုင်နက်ဖြစ်စေသော၊ ရစေသော သီတင်းကျွတ်လ၏ ယဉ်ကျေးမှုဖြစ်ပါသတည်း။ ။