ထူးမြတ်လှစွာ အဘိဓမ္မာအခါ လေ့လာနာယူပူဇော်ရာ
ဒေါက်တာမြတ်မိုး
ရဟန်းသံဃာတော်များ ဝါတွင်းကာလသုံးလတာလွန်မြောက်ပြီး မကြာမီ ဝါမှထွက်ဝါကျွတ်ကြတော့မည်။ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းက ထိုဝါကျွတ် ဝါလကင်းလွတ်သောနေ့ကို သတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အဖြစ် အထွတ်အမြတ်ထားကြသည်။ ထိုနေ့ကို မိဘကျေးဇူးဆပ်သောနေ့တစ်နေ့အဖြစ် ဘုရားရှင်ကို ရည်မှန်းပြီး အဘိဓမ္မာတရားကို ပူဇော်နာယူမှုပြုကြသည်။ ထို့နေ့တွင်ပင် တာဝတိံသာနတ်ပြည်မှ ပြန်ကြွလာသော မြတ်စွာဘုရားရှင်ကို နတ်၊ ဗြဟ္မာ၊ မင်းနှင့် ပြည်သူတို့က ဆီမီးတန်ဆောင်ထွန်းလင်းရောင်ဖြင့် ထွန်းညှိပူဇော်ခဲ့ကြဖူးသည်။ ဤနေ့တွင်ပင် ထူးမြတ်လှစွာသော အဘိဓမ္မာတရားတော်ကြီးကို မင်းနှင့်ပြည်သူတို့ စတင်နာကြားခွင့်ရခဲ့ကြပြန်သည်။
ဝိသေသထူးများနှင့် ဂုဏ်ယူဖွယ်ရာ အဘိဓမ္မာအခါတော်
အထက်ပါ ဝိသေသများကိုအစွဲပြု၍ ရိုးရာမပျက် အစဉ်အလာဆက်ကာ မြတ်စွာဘုရားဂုဏ်တော်ကို ရည်မှန်း အာရုံပြု၊ မီးထွန်းပွဲများ ကျင်းပကြခြင်းဖြစ်သည်။ တစ်ဖန် သတင်းကျွတ်ရာသီတွင် မိမိထက် အသက်၊ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးသူ ကျေးဇူးရှင် မိဘ၊ ဆရာ၊ ဘိုးဘွား၊ အစ်ကို၊ အစ်မတို့အား ဂါရဝရှေ့ထား ကန်တော့ကြခြင်းဖြင့်လည်း ဗုဒ္ဓ၏အမွေကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြပြန်သည်။
ကိလေသာကင်းပြီးသော မြတ်စွာဘုရား၏ ဓမ္မအမွေကိုဆက်ခံခြင်းသည် ကောင်းမြတ်သော မင်္ဂလာပင်ဖြစ်သည်။ ကျေးဇူးဆပ်ခံရသူက မြတ်စွာဘုရား၏ မယ်တော်မာယာဖြစ်ခဲ့ဖူးသည့် တုသိတာ နတ်ပြည်ရှိ သန္တုဿိတနတ်သား၊ တရားနာယူကြသူများကား တာဝတိံသာ နတ်ပြည်ရှိ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများ၊ ဟောကြားသည့်ဓမ္မကား အဘိဓမ္မာတရား။ ထိုတရားသည် ဘုရားရှင် ခုနစ်ဝါမြောက်တွင် ဝါတွင်းသုံးလပတ်လုံး အစ၊ အဆုံးတစ်ထိုင်တည်း ကျယ်ကျယ်ပြန့်ပြန့်နှင့် အသံမစဲ အသေးစိတ်ဟောကြားခဲ့သည့် ကျေးဇူးဆပ်တရားအမည်တွင်၍ “ထူးခြားသည်” ဆိုသော ဂုဏ်ကိုဆောင်သည်။
ဘုရားရှင်လက်ထက်က အဘိဓမ္မာတရားကို နာယူဖူးသူများတွင် အရှင်သာရိပုတ္တရာ၏ တပည့်ရဟန်း ၅၀၀ လည်း ပါဝင်ခဲ့သည်။ ထိုရဟန်းတို့သည် အရှင် ကဿပဘုရားလက်ထက်က လင်းနို့သား ၅၀၀ ဖြစ်ခဲ့ဖူးကြပြီး ဘုရားဟောသော ထိုအဘိဓမ္မာတရားကို နေ့စဉ်နာကြားရုံမျှဖြင့်ပင် အကြိမ်ကြိမ်နတ်သားဖြစ်၊ ဂေါတမဘုရားရှင်လက်ထက် အရောက်တွင် ရဟန်းဘဝ ရောက်ခဲ့ကြသူများဖြစ်ပြီး လက်ယာတော်ရံ အရှင်သာရိပုတ္တရာထံမှ အဘိဓမ္မာတရားကို မကျဉ်းမကျယ်နာယူခဲ့ရသည့် လေးနက်သည့်ကုသိုလ်တရားများကို လက်ဆင့်ကမ်းဆောင်ယူခဲ့ကြသူများဖြစ်ပါသည်။
ကျေးဇူးရှင်မြတ်စွာဘုရား သဗ္ဗညုတ ဉာဏ်တော်ရရှိပြီး ၄၅ ဝါပတ်လုံး ဟောကြားခဲ့သည့် “ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မ” အစစ်အမှန် အဆုံးအမများ အနေဖြင့် ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရှိခဲ့ပြီး ထိုတရားအားလုံးကို သုံးပုံပုံ၍ “ပိဋက” ဟူသော ခြင်းတောင်း၌ သိုမှီးသိမ်းဆည်းထားရာ၌ အဘိဓမ္မာတရားများက ဓမ္မက္ခန္ဓာအားဖြင့် ၄၂၀၀၀ အထိ သိမ်းဆည်းနေရာယူထားသည့်အတွက် အရေအတွက်အားဖြင့် သာလွန်နေပြန်သည်။ ထို့ကြောင့်လည်း “အဘိ” သာလွန်ထူးခြားမှုအပြင် “ဓမ္မ” ကုသိုလ်ထူးသည့် ကျေးဇူးတရားအဖြစ် လူနတ်ရဟန်းသံဃာအပေါင်းတို့က ပူဇော် အထူးပြုကြခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် လူပုဂ္ဂိုလ်ပေါင်းများစွာတို့သည် ထိုအဘိဓမ္မာတရားကို နာကြားသင်ယူ လေ့လာပူဇော်နိုင်ကြပြီဖြစ်ရာ လူ့ပြည်၊ နတ်ပြည် နှစ်ဌာနလုံးတွင် ဟောကြားနာယူနိုင်သည့် တရားတော်ကြီးအဖြစ် ဂုဏ်ယူစရာကောင်းလှပါသည်။
ခန္ဓာကို အဘိဓမ္မာနှင့်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်နေမှသာ
ကာမဘုံသားဘဝတွင် လူဟူ၍ဖြစ်လာလျှင် ဦးစွာကိုယ့်အကြောင်း ကိုယ်သိဖို့တော့လိုမည်ဟု ဆိုကြသည်။ တရားစကားဖြင့်မူ မိမိခန္ဓာအကြောင်း မိမိကိုယ်တိုင်သိရန်၊ ဒီထက်ဆိုရလျှင် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ခန္ဓာအဓိပ္ပာယ်အောက်တွင် အတူတူပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကျေးဇူးရှင်ဘုရားရှင်၏အဘိဓမ္မာကို သင်ကြားနာယူခွင့်ရသူ အားလုံးသည်ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးကို အသေးစိတ်သိရှိရပြီး မိမိ၏ကုသိုလ် ဖြစ်တည်ရာဓမ္မလမ်းကြောင်းကို မယိမ်းမယိုင် မှန်မှန်ကန်ကန် ထိန်းကျောင်းခွင့် ရရှိသွားသည်ဟု ဆိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆုံးမတည့်မတ်နိုင်သော တရားတော်ကြီးပင်ဖြစ်ပါသည်။ အသေးစိတ် ညွှန်ကြားပြသပေးသော ဓမ္မတရားကြီး ဖြစ်၍ သိခွင့်ရသူများအတွက် ဂုဏ်ယူဖွယ်ရာအတိဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်သည်ဆိုသည်မှာ တရားရှာ ကိုယ်မှာတွေ့ဆိုသကဲ့သို့ ကိုယ့်ရုပ်နာမ်တို့ကို သိအောင်လုပ်ခြင်း ပင်ဖြစ်သည်။
ရုပ်တို့၊ နာမ် (စိတ်+စေတသိက်) တို့ဆိုသည် ကိုယ့်ခန္ဓာတွင် အမှန်အတိုင်း စက္ကန့်မလပ် ဖြစ်ပျက်နေသော ကိုယ့်အလုပ်ကိုယ်လုပ်နေကြသော သဘာဝပရမတ္ထတရားများသာ ဖြစ်သည်။ တကယ့်ခန္ဓာအမှန်ကို ဘာတွေနဲ့ ဖွဲ့စည်းထားပါသလဲ၊ သံသရာမှလွတ်ကြောင်း ဝိပဿနာအထိ ကျင့်ကြမည်ဆိုလျှင် ရုပ်အကြောင်း နာမ်အကြောင်းမသိဘဲ၊ တစ်နည်းစိတ်၊ စေတသိက်၊ ရုပ်တို့ အကြောင်းမသိဘဲ သွားမည့်လမ်းက ဖြောင့်တန်းပါ့မလား။ အခြေခံပရမတ် နာမ်နှင့်ရုပ်ကို ပိုင်းပိုင်းခြားခြားသိခြင်းသည်ပင် နာမရူပပရိစ္ဆေဒဉာဏ်ပါတဲ့၊ သူ့အကြောင်းတရားနှင့်သူဖြစ်၍ သူ့သဘောသူ ဆောင်နေခြင်းသာဖြစ်သည်ကို သိရသည့်အခါ မိမိတွင်ရှိသည့် အတ္တကင်းသွားနိုင်သည်။ ဤသို့ စဉ်းစားမိသည့်အခါ အဘိဓမ္မာ၏ အရေးပါမှုကို ပို၍သိ၊ ပို၍ကြိုးစားလေ့လာမိသည်။ ထိုအခါ အဘိဓမ္မာ၏ ထူးခြားသည့် အရသာမှာ ပိုမိုပေါ်လွင်လာပြီး ဝိပဿနာ အကျင့်အတွက် ပညာလမ်းကို အဆောတလျင် လှမ်းမိလာပါလိမ့်မည်။
အဘိဓမ္မာ၏အရသာအစစ်
စိတ်ဆိုသည်က အာရုံကိုသိရုံမျှပင်၊ အာရုံကိုလက်ခံသည့် ထိုစိတ်များကို အကောင်း၊ အဆိုး ခြယ်လှယ်နေသည်က စေတသိက်ပါ။ အကုသိုလ်စိတ် ၁၂ ပါး အပါအဝင် လောကီလောကုတ္တရာစိတ်က အကျဉ်း ၈၉၊ အကျယ်ချဲ့လျှင် အပါး ၁၂၀၊ ခြယ်လှယ်နေသည့် ကုသိုလ်၊ အကုသိုလ်စေတသိက်က ၅၂ မျိုးအထိ အစဦးတွင်ပင် အသေးစိတ် သရုပ်ခွဲ လေ့လာခွင့်ရသည်။ စိတ်၊ စေတသိက် တို့ဆိုသည်မှာ ရောပြွမ်းနေခြင်းဖြစ်သည်၊၊
ထိုစိတ်၊ စေတသိက်တို့ကို ရောပြွမ်းဝေဖန်သည့်အခါ ပကိဏ်းဟူ၍ဖြစ်လာသည်။ အာရုံနှင့် ဒွါရတိုက်၍ ဖြစ်လာသည့် ဝီထိစိတ်အစဉ်အတန်းများ အကြောင်း၊ ၃၁ ဘုံတွင် အတိတ်၊ ပစ္စုပ္ပန် ပြုခဲ့ပြုမိသည့် ကံများအပေါ်မူတည်၍ ဘဝများပြောင်းနေပုံ၊ သတ္တဝါတို့ ဘယ်လိုမွေးဖွားလာသလဲ၊ ပဋိသန္ဓေ စတင်ဖြစ်လာပုံနှင့် ဘယ်လိုသေဆုံး သွားကြသလဲ၊ သေဆုံးခြင်းစုတိစိတ်များ အကြောင်း၊ ကံကြောင့်၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်ဖြစ်ရ သော ရုပ် ၂၈ မျိုး၊ အကြောင်းကြောင့် ဖြစ်လာသည့် မိမိရုပ်ခန္ဓာအကြောင်း သိရပြီဆိုလျှင် ဘယ်လိုပြုပြင်နေထိုင် သင့်ပါသလဲ၊ ရုပ်နှင့်ဆက်စပ်၍ နိဗ္ဗာန် အကြောင်း၊ အထက်တွင်ဖော်ပြခဲ့သည့် ပရမတ္ထတရားများကို သဘောတူရာချင်း စုစည်းမိရာမှ အာသဝေါ၊ နီဝရဏ၊ ဥပါဒါန်၊ ဗိုလ်၊ ဣန္ဒြေ၊ သစ္စာလေးပါး တရားများကိုလည်း လေ့လာခွင့်ရပါလိမ့်မည်။
ထို့နောက်တွင်မှ အကြောင်းတရားများ ပေါင်းစုညီညွတ်ခြင်းဖြင့်သာ အကျိုးတရားများ ဖြစ်လာရသည့် ပဋိစ္စသမုပ္ပာဒ်တရား၊ အမျိုးမျိုးသော အကြောင်းအကျိုး တရားတို့၏ ဆက်သွယ်ပုံကို ပစ္စယသတ္တိဖြင့်ပြလျှင် ပဋ္ဌာန်းတရား စသည်တို့ကို လေ့လာခွင့်ရပါမည်။ နောက်ဆုံး၌ အဖန်ဖန်အားထုတ်ရမည့် သမထဝိပဿနာ၊ ဘာဝနာကမ္မဋ္ဌာန်း နှစ်ပါးနှင့်အတူ မေတ္တာဘာဝနာ၊ ဗုဒ္ဓဂုဏ်တော်ပွားများခြင်း ကမ္မဋ္ဌာန်းအပါအဝင် သမထကမ္မဋ္ဌာန်းပေါင်း ၄၀ နှင့် ၁၀ ပါးသော ဝိပဿနာဉာဏ်စဉ်များကို နောက်ဆုံးပိတ်လေ့လာခြင်းဖြင့် ရလိုက်သည့် အဘိဓမ္မာပညာများ။ ထို့ပြင် စကားလုံးများ၊ ဝေါဟာရအဓိပ္ပာယ် ဖွင့်ဆိုချက်များကို အဓိပ္ပာယ်နှင့်တကွ အသေးစိတ် အလွတ်ကျက်မှတ် သိနားလည်လိုက်ရသည့်အခါမှ မသိသေးသည်များ အများကြီး၊ ကံကောင်းခြင်းမက ကံကောင်းလှသည်ဆိုသည့် အတွေးနှင့်အတူ.. အရသာအားလုံးအနက်မှ တရား၏အရသာသည် အလွန်ကောင်းလှပြီး နှစ်သက်ဝမ်းသာမှု ပီတိနှင့် ကိုယ်ရောစိတ်ပါ ချမ်းသာမှု သုခတို့ကို အမှန်တကယ်ရရှိလာမည်ဟု ယုံကြည်ပါသည်။
ကုသိုလ် အကုသိုလ်ကို ကွဲကွဲပြားပြား ခွဲခြားသိရုံဖြင့်
ထို့ကြောင့်လည်း အဘိဓမ္မာကို သင်ကြားနာယူလေ့လာရန် အခွင့်အလမ်း သင့်သူတိုင်းကို အခွင့်အရေးရတိုင်း လေ့လာသင်ယူရန် တိုက်တွန်းမိသည်။ တစ်ဦးချင်း ငြိမ်းချမ်းမှုမှသည် ပတ်ဝန်း ကျင်တစ်ခုလုံး အေးချမ်းသာယာမှုဆီ ရှေးရှုရာတွင် ကိုယ်စီကိုယ်စီ ကိုယ့်အကြောင်း၊ သူ့အကြောင်း၊ ပတ်ဝန်းကျင်အကြောင်း အမှန်သိ သိနေခြင်းက လမ်းမှန်ကို ရှေးရှုမိရန် လမ်းစဖြစ်ပါလိမ့်မည်။ အကြောင်းက မိမိသည် ကုသိုလ်စိတ်နှင့် နေနေသည်လား၊ အကုသိုလ်စိတ်နှင့် နေနေသည်လား၊ ကုသိုလ်ဖြစ်နေလား၊ အကုသိုလ်ဖြစ်နေလား အဘိဓမ္မာအသိက မျက်စိဖွင့်ပေးသွားခြင်းကြောင့်ဖြစ်သည်။
အလွန်ကို တန်ဖိုးရှိသွားပါသည်။ ယခင်က ကုသိုလ်ဖြစ်သည်အထင်နှင့် အကုသိုလ်ဖြစ်နေသည်ကို သတိမထားမိ၊ သတိမထားမိ၍ အပါယ်သွားရရန် များသွားသည်။ ကုသိုလ်ဖြစ်နေမှန်းမသိ၊ အကုသိုလ်ဖြစ်နေမှန်းမသိ၊ ကုသိုလ်စိတ်ကဘာလဲ၊ အကုသိုလ်စိတ်က ဘာလဲမသိတော့ ကုသိုလ်အထင်နှင့် အကုသိုလ်များ လုပ်မှန်းမသိ လုပ်မိသွားတတ်ကြသည်။ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် ကုသိုလ်ထက် အကုသိုလ် အတွေး၊ အပြော၊ အလုပ်များကသာ ပိုများ နေသည်ကို အဘိဓမ္မာအသိနှင့် သတိထားဆင်ခြင်မိမှသာ အသိနှင့်အကျင့်ကို ဆက်စပ်မိသည့် သဘောဖြစ်သွားသည်၊၊
ထို့ကြောင့်လည်း ပတ်ဝန်းကျင်တွင် မငြိမ်းချမ်း၊ မအေးချမ်း၊ မသာယာခြင်းများသာ တွေ့နေ၊ မြင်နေရခြင်းဖြစ်သည်။ ကုသိုလ်နှင့် အကုသိုလ်ကို ကွဲကွဲပြားပြားသိ၊ အကုသိုလ်ကို အကုသိုလ်မှန်း ချက်ချင်းသိခြင်းဖြင့် အကုသိုလ်ကိုရှောင်၊ ကုသိုလ်ဆောင်ပြီး စိတ်ထားများ ဖြူစင်သွားကြလျှင် လူ့အဖွဲ့အစည်းသည် မကောင်းသောအနိဋ္ဌာရုံများမှ ကင်းဝေးလိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့သော ယုံကြည်မှုမျိုး အားလုံးတွင်သာ ရှိလိုက်လျှင်ဆိုသော အိပ်မက်ကို တန်ဖိုး ကြီး အဘိဓမ္မာပညာနှင့် အကျင့်မြတ်ကသာ ပေးစွမ်းနိုင်မည်ဟု ခံယူမိပါသည်။
အဘိဓမ္မာအသိဖြင့် လက်တွေ့နယ်ပယ်တွင် ကိုယ်လုပ်တာ၊ ကိုယ်ပြောတာ၊ အထူးသဖြင့် ကိုယ်တွေးတာများသည် ကုသိုလ်ဖြစ်ရဲ့လား၊ အကုသိုလ်ကော ကင်းပသလား သတိမထားလျှင် အပါယ်လားနိုင်သည့်အတွက် အမြဲတမ်း “သတိ” အလိုလို ထားတတ်လာပါမည်။ လက်တွေ့အသုံးချလျက်ဖြင့် ရလာသော “သတိ” အပေါ် “ပညာ” ကိုပါ ထပ်ကာထပ်ကာ ဆင့်လိုက်သည့်အခါ ဘဝတွင်နေတတ်ထိုင်တတ်လာပါမည်။ နောက်ဆုံး မမြဲသောသေခြင်းတရားကိုလည်း ရင်ဆိုင်ရဲပြီး သေတတ်လာမည်ဖြစ်ကာ ကောင်းမှု၊ မကောင်းမှုလားရာသည်လည်း ကွဲကွဲပြားပြားဖြစ်သွားခဲ့ပါပြီ။
တရားအသိကို သိအောင်သင်ရန်နှင့် နာယူရန်သည်သာ အဓိကဖြစ်ပြီး သိမှလည်း ကျင့်နိုင်မည်ဖြစ်သကဲ့သို့ အကျင့်အထိသွားမှလည်း လိုချင်တာရပါမည်။ ဤသည်ပင် ဗုဒ္ဓ၏အမွေကို လက်ဆင့်ကမ်း သယ်ဆောင်ခြင်းလည်းမည်ပါသည်။ ယခုကဲ့သို့ အကျပ်အတည်းကာလကား သာသနာအတွက် အရေးအကြီးဆုံး အချိန်ပါ။ သာသနာမကွယ်ရန်၊ သာသနာတော်အဓွန့်ရှည် တည်တံ့ပြန့်ပွားရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်သည် ယနေ့ ဗုဒ္ဓဘာသာဝင်အားလုံး၏ တာဝန်ဖြစ်သည်ဟု ခံယူသည့်အားလျော်စွာ သာသနာနှင့်ဆုံခိုက် သံသရာဆွေမျိုးပမာ ကျေးဇူးဆပ်ခြင်းတစ်မျိုးလည်းဖြစ်ပါသည်။
အဓိကအချက်က အသိ+ ပညာ+ အကျင့်ဖြင့် အားလုံးသောအရှုပ်အထွေးများစွာကို လျော့ပါးသက်သာစေရန်ဖြစ်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းစင်စေလိုသော၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေလိုသော ဆန္ဒအမှန်သာ ဖြစ်ပါသည်။ ကိုယ့်ပတ်ဝန်းကျင်တွင် သံဝေဂယူစရာများ များလွန်းလှ၍ ရနေသေးသည့်အချိန်လေး၌ ကောင်းမှုများ လုပ်နိုင်ရန် အခွင့်အလမ်းမရှိသေးလျှင်သော်မှ ယခုမျက်မှောက် နာယူပူဇော်ခြင်းဖြင့်ပင် ယခုဘဝတွင်မက နောင် ဘဝသံသရာ အဆက်ဆက်ပါကောင်းသော အကျိုးကို ဧကန်ရနိုင်ရန် ဖြစ်ပါသည်။
ဝါတွင်းကုန်၍ သတင်းကျွတ်အခါ သမယရောက်တိုင်း ကျေးဇူးဆပ် အဘိဓမ္မာဖြင့် အပြန်အလှန်ကျေးဇူးဆပ်ကြခြင်းဖြင့် ကျွန်ုပ်တို့အားလုံးသည် လောက၌ ဖြစ်ပျက်လျက်ရှိသည့်အရာ အားလုံးကို သဘာဝအတိုင်း၊ အမှန်အတိုင်းသိပြီး တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်၊ သည်းခံ၊ စာနာ၊ နားလည်မှုများဖြင့် မေတ္တာ၊ စေတနာ၊ ကရုဏာ၊ ဥပေက္ခာရှေ့ထား ကောင်းမြတ်သော ဗြဟ္မာစိုရ်တရားများထူထောင်နိုင်ကြပါစေကြောင်း ပူဇော် အထူးကုသိုလ်ပြုလိုက်ရပါသည်။ ။