Skip to main content

ကမ္ဘာ့မြို့ကြီးများနေ့

မိုးမိုးလှိုင်မြင့်(မြို့ပြ)

ကမ္ဘာ့မြို့ကြီးများနေ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှစတင်၍ ကမ္ဘာ့မြို့ကြီးအသီးသီးတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်ဆိုလျှင် ဆယ်စုနှစ်တစ်စုသို့ ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ့မြို့ကြီးများနေ့၏ ဆောင်ပုဒ်မှာ “ကောင်းမွန်သောမြို့၊ ကောင်းမွန်သောဘဝ” ဖြစ်ပြီး ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ မြို့ပြအသွင်ကူးပြောင်းခြင်းတွင် နိုင်ငံတကာအသိုက်အဝန်း၏ စိတ်ဝင်စားမှုကို မြှင့်တင်ရန်၊ အခွင့်အလမ်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံများနှင့် မြို့များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်ဖြစ်သည်။

၁၀ နှစ်ပြည့် ကမ္ဘာ့မြို့ကြီးများနေ့

ကမ္ဘာ့မြို့ကြီးများနေ့ကို ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အီတလီနိုင်ငံ မီလန်မြို့၌လည်းကောင်း၊၂၀၁၆ ခုနှစ်တွင် အီကွေဒေါနိုင်ငံ ကီတို၌လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ ကွမ်ကျိုး၌လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံ လီဗာပူး၌ လည်းကောင်း၊၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံ ယေခါထရင်းဘာ့ဂ်၌လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကင်ညာနိုင်ငံ နာခုရုမြို့၌လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ လူဇွာမြို့၌လည်းကောင်း၊ ယခင်နှစ် ၂၀၂၂ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌လည်းကောင်း ခေတ်ကာလအခြေအနေကို ထင်ဟပ်စေသော ဆောင်ပုဒ်ခွဲများချမှတ်၍ နှစ်စဉ် ဆွေးနွေးပွဲများနှင့်အတူ ကျင်းပပြုလုပ် ခဲ့ကြသည်။ အဆိုပါနေ့တွင် ဆွေးနွေးကြသည့် ခေါင်းစဉ်များသည် အထူးသဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၁၁ ဖြစ်သော “To make cities Inclusive, safe, resilient and sustainable” ကို အခြေခံ၍ လက်ရှိမြို့ကြီးများ၏ မြို့ပြဖြစ်ထွန်းမှုအခြေအနေ၊ စိန်ခေါ်မှုများနှင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည့် နည်းလမ်းကောင်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့မြို့ကြီးများနေ့

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့မြို့ကြီးများနေ့ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့မြို့ကြီးများနေ့၏ အဓိက ဆောင်ပုဒ်ဖြစ်သည့် “အားလုံးအတွက် မြို့ပြအနာဂတ်ရေရှည်စဉ်ဆက်မပြတ်တည်တံ့ရေး ဘဏ္ဍာငွေကြေးလျာထားပေး” “Financing Sustainable Urban Future for all” ဟူသော ခေါင်းစဉ်ဖြင့် မြို့ပြစီမံကိန်းများအကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြောင်းလဲ တိုးတက်လာစေရေးနှင့် လုံလောက်သည့် ငွေကြေးဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိစေရေးကို စကားဝိုင်း ဆွေးနွေးမှုများမှတစ်ဆင့် လေ့လာဆွေးနွေး ဖော်ထုတ်သွားမည် ဖြစ်သည်။

မြို့ပြဖြစ်ထွန်းခြင်းနှင့် အခြေခံမြို့ပြဝန်ဆောင်မှုအခြေအနေ

မြို့ကြီးများသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ပြီး ကမ္ဘာ့ GDP ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပေးစွမ်းနိုင်သည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်သည် မြို့ပြများတွင် နေထိုင်လာကြမည်ဟု ခန့်မှန်းထားရာ မြို့ပြများသည် လူသားများ၏ အနာဂတ်ဟု ဆိုရပေမည်။ ယနေ့ကမ္ဘာ့မြို့ပြများတွင် လူဦးရေ ၅၆ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိရာ ၂၀၅၀ ပြည့်နှစ်တွင် ခန့်မှန်းလူဦးရေ နှစ်ဘီလီယံကျော် တိုးပွားလာမည်ဖြစ်၍ လျင်မြန်သည့် မြို့ပြဖြစ်ထွန်းမှုနှင့်အတူ လက်ရှိအခြေခံအဆောက်အအုံ မလုံလောက်မှုများကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ စွမ်းအင်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း မြို့ကြီးများမှပင် သုံးစွဲနေသည်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေနှင့် မိလ္လာစနစ်၊ သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်သွားလာမှု၊ စွမ်းအင် စသည့် ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လာမည်ဖြစ်သည်။ မြို့ကြီးများတွင် လူဦးရေတိုးပွားနေထိုင်လာခြင်းသည် စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုများ တိုးတက်စေခြင်း၊ နည်းပညာဆိုင်ရာ ဗဟုသုတများကို ဖလှယ်သုံးစွဲနိုင်ခြင်း၊ အရင်းအမြစ်များကို အကျိုးရှိရှိ တစ်စုတစ်ဝေးတည်း အသုံးပြုနိုင်သည့်အတွက် သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သကဲ့သို့ ဆန့်ကျင်ဘက်ရလဒ်အနေဖြင့် မြို့ပြဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

ဒေသအစိုးရများ၏တာဝန်ဝတ္တရားများ

 နိုင်ငံများ၏ ဒေသအစိုးရများသည် မြို့ပြနေပြည်သူများ၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် အရေးကြီးသော အခြေခံဝန်ဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(SDG-2030) ၁၇ ရပ်သည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန် ချမှတ်ထားသော မူဝါဒပန်းတိုင်များဖြစ်ပြီး အဆိုပါ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိရန်အတွက် ၆၅ ရာခိုင်နှုန်းသော လုပ်ငန်းများမှာ ဒေသအစိုးရများက ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိ ကမ္ဘာ့အကျပ်အတည်းများနှင့် အနာဂတ်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရန်၊ ရေရှည်တည်တံ့သော လမ်းကြောင်းများဆီသို့ အောင်မြင်စွာရောက်ရှိနိုင်ရန် ဒေသအစိုးရတို့၏ တိုးမြှင့်လုပ်ဆောင်နိုင်မှုအပေါ် များစွာမူတည်နေသည်။

Grant Model to Financing Model

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေအနေမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်းထားရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDG-2030)သို့ အောင်မြင်စွာရောက်ရှိနိုင်ရန်မှာ အခြေခံအဆောက်အအုံကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် နည်းလမ်းကောင်းများဖြင့် စံနမူနာပြအပြောင်းအလဲတစ်ခုကို ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် မဖြစ်မနေဆောင်ရွက်ရပါမည်။ ဖွံ့ဖြိုးရေးဆိုင်ရာအထောက်အပံ့ ကျဆင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းတို့သည် ထောက်ပံ့မှုပုံစံ(Grant Model)မှ ဘဏ္ဍာငွေကြေးဆိုင်ရာပုံစံ(Financing Model) သို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း အထင်အရှား တွေ့မြင်လာရမည် ဖြစ်သည်။ စီးပွားရေးကျဆင်းနေသည့် ယခုအချိန်တွင် ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရရှိရန် အလျင်အမြန် လိုအပ်နေသည်သာမက ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ဦးစားပေးဆောင်ရွက်ရမည့် အခွင့်အလမ်းများကို ပေးဆောင်နိုင်သည့် အများပြည်သူဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ရန်လိုအပ်သည်။ အဆင့်မြင့်အရာရှိကြီးများက ဦးဆောင်၍ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေကြေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများကို စကားဝိုင်းဆွေးနွေးမှု (ပထမပိုင်း)တွင် တွေ့မြင်ကြရမည် ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းမှသည် ဥစ္စာပစ္စည်း အဖြစ်သို့ (Waste to Wealth)

စကားဝိုင်းဆွေးနွေးမှု(ဒုတိယပိုင်း)တွင် စွန့်ပစ်ပစ္စည်းများဆိုင်ရာ စီမံခန့်ခွဲမှုကို အခြေခံ၍ ဆွေးနွေးသွားမည်ဖြစ်သည်။ မြို့ကြီးများသည် နှစ်စဉ် စွန့်ပစ်ပစ္စည်း တန် ၂ ဒသမ ၃ ဘီလီယံကျော်ကို ထုတ်လွှတ်နေပြီး စီမံခန့်ခွဲမှုအားနည်းသည့်အတွက် မြို့ပြဝင်ငွေတိုးများလာခြင်းနှင့်အတူ စွန့်ပစ်ပစ္စည်းများမှာ တဖြည်းဖြည်း တိုးပွားလျက်ရှိသည်။ UN-Habitat ၏ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းစွန့်ပစ်ပစ္စည်းအားလုံး၏ ၈၄ ရာခိုင်နှုန်း သိမ်းဆည်းနိုင်ခဲ့ပြီး ၆၁ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်စီမံခန့်ခွဲနိုင်ခဲ့သည်။ ယေဘုယျအားဖြင့် မြို့ပြဖြစ်ထွန်းမှု အားကောင်းသောဒေသများတွင် နေ့စဉ်ထွက်ရှိသော စွန့်ပစ်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ထွက်ရှိသော အပျက်အစီး/အကျိုးအပဲ့များကြောင့် ပတ်ဝန်းကျင်အရည်အသွေးပျက်စီးခြင်း၊ မြေဆီလွှာနှင့် ရေထုညစ်ညမ်းခြင်း၊ ရေစီးဆင်းရာလမ်းကြောင်း ပြောင်းလဲခြင်း၊ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုဆိုင်ရာ ဘေးအန္တရာယ်များရှိခြင်း၊ ရာသီဥတုပြောင်းလဲခြင်းစသည့် အဓိကစိန်ခေါ်မှုများကို ဖြစ်စေနိုင်ပါသည်။ တူကီယဲနှင့် ဆီးရီးယားတို့တွင် မကြာသေးမီက ငလျင်လှုပ်ခတ်ခဲ့ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများသည် ၎င်းမြို့ကြီးများအတွက် များစွာသောစိန်ခေါ်မှုများကို ဖြစ်စေခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဖြိုချဖျက်ဆီးခြင်းများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များနှင့်အတူ မြူနီစပယ်ဧရိယာအတွင်း ထွက်ရှိသော အမှိုက်များကို စနစ်တကျစီမံခန့်ခွဲရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

မြို့ကြီးများသည် စီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်သော်လည်း များသောအားဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအတွက် ဘဏ္ဍာငွေလုံလောက်မှုမရှိခြင်း သို့မဟုတ် ထိရောက်စွာသုံးစွဲနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ကောင်းမွန်သောစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုသည် မြို့စည်ပင်သာယာရန်ပုံငွေ၏ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအတွင်း ကုန်ကျနိုင်သော်လည်း ဝန်ဆောင်မှုမှာမူ လိုအပ်နေဆဲဖြစ်သည်။ စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း၊ သယ်ယူခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လိုအပ်သော အခြေခံအဆောက်အအုံများအတွက် ဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့ကြီးများ၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွင် ပုံမှန်တရားဝင် မဟုတ်သော လုပ်သားများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန်အတွက် အရောင်းအဝယ်ပြုနေသည့် လူဦးရေ ၁၅ သန်းခန့်ရှိရာ စွန့်ပစ်ပစ္စည်းများ၏ ၅၈ရာခိုင်နှုန်းမှာ အဆိုပါလုပ်ငန်းများမှ ဆောင်ရွက်ပေးနေ၍ မြို့စည်ပင်သာယာရေးဆိုင်ရာ ရန်ပုံငွေအသုံးပြုခြင်းကို သက်သာစေသည်။ သို့သော် ထိုလုပ်သားအများစုမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး အခြေခံ လူမှုဘဝလုံခြုံရေးကို မရရှိသူများသာ ဖြစ်ကြသည်။

ပတ်လည်စီးပွားရေး (Circular Economy)

စွန့်ပစ်ပစ္စည်းထွက်ရှိမှုသည် ထိန်းသိမ်းမှုမရှိသော သုံးစွဲခြင်းနှင့် ထုတ်လုပ်ခြင်းတို့၏ ရလဒ်တစ်ခုဖြစ် သည်။ အရင်းအမြစ်များအား လက်ရှိပုံစံအတိုင်း ဆက်လက်သုံးစွဲနေပါက လူနေထိုင်မှုဘဝ ဆက်လက်တည်တံ့စေရေးအတွက် ၂၀၅၀ ပြည့်နှစ်တွင် ဂြိုဟ်ကြီးသုံးခုစာ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန် လိုအပ်လာမည်ဟု ဥရောပသမဂ္ဂမှ ခန့်မှန်းထားသည်။ ထို့ကြောင့် အရင်းအမြစ်များအား ပြန်လည်အသုံးပြုခြင်း (Reused)၊ ပြန်လည်ပြုပြင်အသုံးပြုခြင်း (Repaired)၊ အသုံးပြုပြီးပစ္စည်းများ ပြန်လည်ထုတ်လုပ်သုံးစွဲခြင်း (Recy-cled) စသည့် ပတ်လည်စီးပွားရေး သို့မဟုတ် စွန့်ပစ်ပစ္စည်းကင်းစင်သည့် စီးပွားရေးပုံစံတစ်ခုသို့ ပြောင်းလဲခြင်းသည် လွန်စွာအရေးကြီးလာပါသည်။ အဆိုပါစီးပွားရေးပုံစံသို့ ပြောင်းလဲခြင်းသည် ညစ်ညမ်းမှုများအပြင် ၎င်းနှင့် ဆက်စပ်သည့်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေး ပြဿနာများအား လျော့ပါးစေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချပေးနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် “စွန့်ပစ်ပစ္စည်းများမှသည် ဥစ္စာပစ္စည်းအဖြစ်သို့” ပြောင်းလဲစေပါသည်။ ဥပမာအားဖြင့် အာဖရိကတွင် “စွန့်ပစ် ပစ္စည်း ပြန်လည်အသုံးပြုခြင်း”ဆိုင်ရာ အခွင့်အလမ်းများကို အပြည့်အဝအသုံးပြုခဲ့မည်ဆိုပါက တစ်နှစ်လျှင် အာဖရိကစီးပွားရေးအတွင်းသို့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

ရာသီဥတုတည်ငြိမ်စေရေး ရည်မှန်းချက်-၂၀၅၀ ကို အောင်မြင်မှုရရှိစေရန် ဥရောပသမဂ္ဂသည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် “ပတ်လည်စီးပွားရေး လုပ်ငန်းစဉ်သစ်” တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် နှစ်စဉ် မတ်လ ၃၁ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်း ကင်းစင်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ပါသည်။ မကြာသေးမီက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် ဂျီ-၂၀ အစည်းအဝေးတွင် “စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးနိမ့်ကျလာမှုတို့ကို ယှဉ်တွဲဖြစ်ပေါ်လာခြင်း မရှိစေရန်နှင့် အဓိကအရင်းအမြစ်များကို သုံးစွဲရာတွင် ရေရှည်တည်တံ့သော ထုတ်ယူမှုနှင့် သုံးစွဲမှုတို့ဖြစ်လာစေရန်မှာ အဓိက အခန်းကဏ္ဍတွင်ပါဝင်ကြောင်း” ကမ္ဘာ့ ခေါင်းဆောင်များက ကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြသည်။

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကိစ္စရပ်သည် လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်နေသကဲ့သို့ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများ၊ စက်မှုကဏ္ဍများနှင့်လည်း ဆက်နွှယ်နေသည်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရာတွင် သိမ်းဆည်းခြင်း၊ သယ်ယူခြင်းနှင့် ပြန်လည်သန့်စင်ခြင်းတို့ အပါအဝင် အမှိုက်စုပုံနေရာသတ်မှတ်ခြင်းတို့ ပါဝင်သည်။ လွန်ခဲ့သော ကပ်ရောဂါအချိန်ကာလအတွင်း မြို့ပြဧရိယာများတွင် ကူးစက်ရောဂါများ လျင်မြန်စွာ ဖြစ်ပွားခြင်းသည် မြို့ကြီးများအတွက် ဖြေရှင်းရမည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော မြို့ပြလုပ်ငန်းစဉ်သစ်သည် မြို့ကြီးများတွင် “ပတ်လည် စီးပွားရေး”ကို ပိုမိုအသုံးပြုလာစေရန်နှင့် ဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ နည်းဗျူဟာများကို အကောင်အထည်ဖော်ရာတွင် စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့် စွန့်ပစ်ခြင်း ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးချမှတ် ခြင်းတို့ကို အလေးထားဆောင်ရွက်ရန် ဖော်ပြထားပါသည်။

စကားဝိုင်းဆွေးနွေးပွဲများ၏ရည်ရွယ်ချက်

၂၀၂၃ ခုနှစ် ကမ္ဘာ့မြို့ကြီးများနေ့တွင်

-         ပတ်လည်စီးပွားရေးသို့ ပြောင်းလဲခြင်းအပေါ် တစ်ကမ္ဘာလုံးမှ အလေးပေးမှုကို ရယူရန်အတွက် “စွန့်ပစ်ပစ္စည်းမှသည် ဥစ္စာပစ္စည်းအဖြစ်သို့” စကားဝိုင်း ဆွေးနွေးပွဲ၌ ဗဟိုအစိုးရနှင့် ဒေသအစိုးရများအနေဖြင့် ပတ်လည်စီးပွားရေးသို့ ကူးပြောင်းရာတွင် လိုအပ်သော ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ကောင်းမွန်သည့် အလုပ်အကိုင်များရရှိနိုင်မှု မဟာဗျူဟာများ ဖော်ထုတ်ရန်၊

          -         မြို့ကြီးများတွင် လူမှုပတ်ဝန်းကျင်၌ ပတ်လည်စီးပွားရေးစနစ်နှင့် စွန့်ပစ်ပစ္စည်းကင်းစင်မှုတို့ကို မြှင့်တင်နိုင်ရေးအတွက် စက်မှုလုပ်ငန်းများနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်မည်ကို ဖော်ထုတ်ရန်၊

          -         တစ်ပြိုင်နက်မှာပင် စွန့်ပစ်ပစ္စည်းများအပေါ် မှီတည်နေသည့် လုပ်သားများ၏ ဘဝရပ်တည်မှုဆိုင်ရာများ၊ အထူးသဖြင့် အဆိုပါ လုပ်သားများကဲ့သို့သော ထိခိုက်လွယ်သူများအတွက် စီးပွားရေးပုံစံပြောင်းလဲမှုမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဆွေးနွေးရန်နှင့်

          -         စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု တိုးတက်လာစေရန်နှင့် ပတ်လည်စီးပွားရေးကို မြှင့်တင်နိုင်ရန် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်နှင့် ရန်ပုံငွေလိုအပ်ချက်တို့အတွက် ပုဂ္ဂလိကကဏ္ဍများနှင့် မြို့နေလူထုတို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဆန်းသစ်သော ဘဏ္ဍာငွေကြေးဆိုင်ရာပုံစံများကို အသုံးချခြင်းနှင့် ဘဏ္ဍာငွေလိုအပ်ချက်တို့ကို ဆက်သွယ်ပေးခြင်းဖြင့် မြို့ပြဖြစ်ထွန်းလာမှု၏တန်ဖိုးကို မည်ကဲ့သို့အရှိန် အဟုန်မြှင့် ဆောင်ရွက်ကြမည်တို့ကို ရည်ရွယ်၍ ဆွေးနွေးကြမည် ဖြစ်ပါသည်။

UN-Habitat ၏ “Waste Wise Cities” နှင့် “သန့်ရှင်းသောအာဖရိကမြို့များ ပလက်ဖောင်း” (African Clean Cities Platform)အစီအစဉ်ဖြင့်ဗဟိုအစိုးရနှင့် ဒေသအစိုးရများနှင့်အတူ စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်သော ပတ်လည်စီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲပေးနိုင်သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးနိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

ပါဝင်ဆွေးနွေးမည့်သူများ

စကားဝိုင်းတွင် ဗဟိုအစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်း၊ မြို့ကြီးများမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ ပါဝင်ပါမည်။ ဆွေးနွေးပွဲကို အခြေခံပြီး ရရှိလာသောအကြံပြုချက်များကိုစုစည်းပြင်ဆင်၍ “ပတ်လည်စီးပွားရေးပုံစံသို့ကူးပြောင်းရာတွင် ရေရှည်တည်တံ့သည့် ဘဏ္ဍာငွေကြေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို စက်မှုလုပ်ငန်းများ၊ အစိုးရနှင့် အခြားစွန့်ပစ်ပစ္စည်းကဏ္ဍတွင် ပါဝင်သူများအား တရားဝင်သတင်းထုတ်ပြန်ချက်” ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံများ၊ ဒေသအစိုးရများနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အမြင်ဖြင့် UN-Habitat Waste Wise Cities နှင့် သန့်ရှင်းသောအာဖရိကမြို့များ ပလက်ဖောင်းအစီအစဉ်တို့မှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမည်ဖြစ်ပါသည်။ ထို့အပြင် စကားဝိုင်း၏ သတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ စွန့်ပစ်ပစ္စည်းကင်းစင်မှုဆိုင်ရာ အကြံပေးဘုတ်အဖွဲ့အား အသိပေးမျှဝေသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့မြို့ကြီးများနေ့တွင် ကမ္ဘာ့တစ်ဝန်း ဖြစ်ပေါ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးပွဲများကို ကျင်းပကြမည်ဖြစ်ရာ “အားလုံးအတွက် မြို့ပြအနာဂတ် ရေရှည်စဉ်ဆက် မပြတ်တည်တံ့ရေး ဘဏ္ဍာငွေကြေး လျာထားပေး” (Financing Sustainable Urban Future for all) ဆောင်ပုဒ်နှင့်အတူ “စွန့်ပစ်ပစ္စည်းမှသည် ဥစ္စာပစ္စည်း အဖြစ်သို့” (Waste to Wealth) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် ရလဒ်ကောင်းများကို မျှော်လင့်ရင်း ၁၀နှစ်ပြည့် ကမ္ဘာ့မြို့ကြီးများနေ့ကို ကြိုဆိုကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။       ။