ဂမ်ဘီယာအကြောင်း သိကောင်းစရာအချို့
ဒေါက်တာ ရင်ရင်နွယ်
မြန်မာအများစုက ဂမ်ဘီယာနိုင်ငံကို ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်၌ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအား အိုင်စီဂျေခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားသည့်နိုင်ငံဟူ၍ သိကြသည်။ ဘင်္ဂါလီများနှင့် ဆက်စပ်နေသောပြဿနာများသည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မည်သည့်အချိန်ကမျှ ထိခိုက်မှု၊ သက်ရောက်မှုမရှိခဲ့ဟူ၍လည်း မြန်မာနိုင်ငံဘက်မှ အိုင်စီဂျေတွင် တင်ပြခဲ့ကြောင်းကိုလည်း သိကြပေမည်။ ယခုမြန်မာနိုင်ငံကို အိုင်စီဂျေတွင် ဆက်လက်တရားစွဲနေသောနိုင်ငံသည် မည်သို့သောနိုင်ငံမျိုးဖြစ်သည်ကို ပိုမိုနားလည်နိုင်အောင် ဤဆောင်းပါးကိုရေးရခြင်းဖြစ်ပါသည်။
အလုပ်အတွေ့အကြုံ
၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ကျွန်မသည် ကုတ်ဒီဗွားနိုင်ငံအာဘီဂျန်မြို့ (Abidjan, d’Ivoire) တွင် အခြေချခဲ့ပါသည်။ အာဖရိကတိုက် အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသရှိ ၂၃ နိုင်ငံတွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ပရိုဂရမ်များအား ဆန်းစစ်အကဲဖြတ်ရသည့် တာဝန်ကိုရယူခဲ့ပါသည်။ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာ စကားနှစ်မျိုးလုံးလိုအပ်၍ ခရီးမြောက်မြားစွာ ထွက်ခဲ့ရသောအလုပ်မျိုးဖြစ်ပါသည်။ ထိုစဉ်ကကျွန်မ၏ဒါရိုက်တာသည် အလွန်ထက်မြက်သော နော်ဝေအမျိုးသမီးကြီးဖြစ်၍ ကျွန်မကိုများစွာခိုင်းရုံသာမက စီမံခန့်ခွဲမှုပညာကို လက်တွေ့သွန်သင်ပေးခဲ့သည်။ ကျွန်မကိုထို ၂၃ နိုင်ငံ၏ သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေးတို့ကို အသေးစိတ်သုတေသနလုပ်ခိုင်း၍ စာတမ်းတိုများ ထုတ်ခိုင်းခဲ့သည်။ ထိုဒါရိုက်တာ၏ ကျေးဇူးကြောင့် ကျွန်မသည်ဂမ်ဘီယာနှင့် အခြားအာဖရိကနိုင်ငံများအကြောင်း ပိုမိုနားလည်လာ၍ ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်ခဲ့သည်။
သို့ဖြစ်၍ ကျွန်မသည်ဂမ်ဘီယာနိုင်ငံတွင် အလုပ်အတွေ့အကြုံရလာသလို ယင်းနိုင်ငံမှ အစိုးရဝန်ထမ်းများနှင့် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များကို အထိုက်အလျောက် သိကျွမ်းလာခဲ့သည်။ ခင်မင်တတ်သောလူမျိုး ဖြစ်ပါသည်။ အာဘီဂျန်မြို့ သို့မဟုတ် အခြားအာဖရိကမြို့ကြီးများတွင် ကျွန်မစီစဉ်ကြီးကြပ်ခဲ့သော နိုင်ငံတကာ အစည်းအဝေးများသို့ ဂမ်ဘီယာအစိုးရသည် အစဉ်အမြဲ ကိုယ်စားလှယ်များကို လွှတ်လေ့ရှိသည်။
ဝမ်းနည်းစရာကောင်းသည့်သမိုင်း
ဂမ်ဘီယာဟူသော နိုင်ငံသည် မြန်မာ၊ ထိုင်း၊ တရုတ်အစရှိသော နိုင်ငံများကဲ့သို့ ရှေးသမိုင်းတွင် နယ်နိမိတ်များ သတ်သတ်မှတ်မှတ်မရှိခဲ့ပါ။ ယနေ့ ဂမ်ဘီယာဟုခေါ်နေသော နိုင်ငံသည် သေးငယ်သည့် မြစ်ဝှမ်းတစ်ခုသာဖြစ်သည်။ ၎င်း၏သမိုင်းသည် ကျွန်ကုန်ကူးခြင်းကို အခြေခံခဲ့သည်။ ဆယ်ရာစုခန့်မှစတင်၍ အာရပ်လူမျိုးများသည် ဂမ်ဘီယာနှင့်အခြား အာဖရိကလူမျိုးများကို ကျွန်များအဖြစ်ဖမ်းဆီးပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ကာ အာရပ်နှင့်တူရကီသူဌေးများနှင့် ဘုရင်များထံသို့ ရောင်းစားခဲ့သည်။ အာရပ်တို့သည် အာဖရိကအမျိုးသားများကို ရက်စက်စွာသင်းကွပ်ပြီး အာဖရိကအမျိုးသမီးများနှင့် ကလေးများကို လိင်ကျွန်များအဖြစ်ထားခဲ့သည်။ နောက်ပိုင်းရာစုနှစ်များတွင် ပေါ်တူဂီ၊ ပြင်သစ်နှင့် အင်္ဂလိပ်လူမျိုးများသည် ကျွန်ကုန်သည်များ ဖြစ်လာသည်။ ၁၈၁၆ ခုနှစ်တွင် ဗြိတိသျှတို့က ကျွန်ကုန်ကူးရန်အတွက် သေးငယ်သောဂမ်ဘီယာမြစ်ကြောင်းကိုသာ သိမ်းပိုက်လိုက်သည်။ မြစ်ဝှမ်းအပြင်ဘက်ရှိ ဘေးပတ်ဝန်းကျင်ဒေသကိုကား ၁၇ ရာစုကတည်းက ပြင်သစ်များ စသိမ်းပိုက်ခဲ့၍ ယင်းသည်ဆီနီဂေါလ်နိုင်ငံဟုခေါ်သော ပြင်သစ်ကိုလိုနီ ဖြစ်လာခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ဆီနီဂေါလ်နိုင်ငံ၊ ၁၉၆၅ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံတို့သည် အသီးသီး လွတ်လပ်ရေးရရှိခဲ့ကြသည်။
မြစ်ဝှမ်းတစ်ခုသာလျှင်ရှိသော တိုင်းပြည်
သမိုင်းတွင် ဖြစ်ပေါ်လာပုံကြောင့် ဂမ်ဘီယာနိုင်ငံ၏ ပထဝီအနေအထားသည် အားနည်းချက်တစ်ရပ်ပင်ဖြစ်သည်။ ထူးခြားလှသည်။ ယင်းနိုင်ငံသည် ဂမ်ဘီယာမြစ်တစ်လျှောက် အလျားမိုင် ၃၀၀၊ အကျယ်မိုင် ၁၅၃၀ သာရှိသော နိုင်ငံဖြစ်သည်။ ဂမ်ဘီယာနိုင်ငံ၏ အနောက်ဘက်သမုဒ္ဒရာကမ်းရိုး တန်းမှလွဲ၍ ကျန်နေရာများကို ဆီနီဂေါလ်နိုင်ငံက ပတ်လည်ဝန်းရံထားသည်။
အချုပ်အခြာအာဏာအင်္ဂါရပ်များ အပြည့်မရှိသောနိုင်ငံ
လွတ်လပ်ရေးကိုရခဲ့သော်လည်း ဂမ်ဘီယာသည် နိုင်ငံတစ်နိုင်ငံရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များမပြည့်စုံပါ။ မိမိ၏နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို ကာကွယ်ခုခံရန် တပ်အင်အားပင်လုံလောက်စွာမရှိချေ။ ဥပမာ- ၁၉၈၁ ခုနှစ်တွင် ပုန်ကန်မှုတစ်ခုဖြစ်ခဲ့ရာ၊ ဂမ်ဘီယာနိုင်ငံသမ္မတ ဆာဒေါ်ဒါဂျာဝါရာ (Sir Dawda Jawara) သည် ဆီနီဂေါလ်နိုင်ငံအစိုးရထံ သူပုန်များကို တိုက်ထုတ်ပေးရန် စစ်အကူအညီတောင်းခဲ့ရသည်။ ထိုစစ်ပွဲကို ဆီနီဂေါလ်စစ်တပ်က လွယ်ကူစွာပင် အနိုင်ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံနှင့် ဆီနီဂေါလ်နိုင်ငံတို့သည် ပူးပေါင်း၍ Senegambia ကွန်ဖက်ဒရေးရှင်းနိုင်ငံဖွဲ့ရန် သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ကြသည်။ သို့သော် ၁၉၈၉ ခုနှစ် တွင် ဂမ်ဘီယာနိုင်ငံသည် ဆက်မပေါင်းနိုင်တော့ဟူ၍ ခွဲထွက်ခဲ့၍ ထိုနှစ်နိုင်ငံသည် သပ်သပ်စီပြန်ဖြစ်သွားသည်။ ယနေ့အထိ၊ ဆီနီဂေါလ်နိုင်ငံသည် အချိန်မရွေးဂမ်ဘီယာကို ဝင်တိုက်နိုင်သည်။ ဥပမာ- ၂၀၁၆ ရွေးကောက်ပွဲ၏ ရလဒ်ကိုလက်မခံဟု သမ္မတယာယားဂျာမဲက ကြေညာခဲ့သည်။ ၂၀၁၇ ဇန်နဝါရီလတွင် ဆီနီဂေါလ်နိုင်ငံ အပါအဝင် အိမ်နားနီးချင်းနိုင်ငံများ “ECOWAS” စစ်တပ်များသည် ဆီနီဂေါလ်နိုင်ငံမှ ဂမ်ဘီယာသို့ စဝင်လာမှသမ္မတယာယားဂျာမဲက အရှုံးပေး၍ ထွက်ခွာသွားသည်။ သမ္မတသစ်ဖြစ်သော အာဒါးမားဘဲရိုးသည်လည်း ယာယားဂျာမဲမထွက်မချင်း ဂမ်ဘီယာနိုင်ငံသို့ မပြန်ရဲဘဲ အားကိုးနေကျ ဆီနီဂေါလ်နိုင်ငံတွင်သာ ဂမ်ဘီယာသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
လူ့အရင်းအမြစ် အားနည်းသောနိုင်ငံ
ကျွန်မအာဖရိကကိုရောက်သောနှစ်၌ပင် ဗိုလ်ကြီးအဆင့်သာရှိသော ယာယားဂျာမဲသည် အာဏာသိမ်းခဲ့၍ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ အုပ်ချုပ်ခဲ့သည်။ မိမိကိုယ်တိုင် အခြေခံပညာရေးအဆင့်သာ ရှိခဲ့သောသူဖြစ်သည်။ ပညာတတ်များ ရှားပါးသောနိုင်ငံဖြစ်သည်။ ဂမ်ဘီယာတရားရုံးချုပ်တွင် နိုင်ငံခြားသားများ (အထူးသဖြင့် နိုင်ဂျီးရီးယားနှင့် ဆီရာလီယွန်နိုင်ငံ သားများ)ကို တရားသူကြီးများ ခန့်ခဲ့ဖူးသလို ဂမ်ဘီယာ၏ တရားသူကြီးချုပ်နေရာတွင်လည်း ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဂါနာနိုင်ငံသားများအား ခန့်ခဲ့ဖူးသည်။ ဂမ်ဘီယာနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ကို ၁၉၉၈-၁၉၉၉ မှသာ စတည်ထောင်ခဲ့သည်။
ဓာတ်ခွဲခန်းသုံးကြွက်ဖြူဘဝ
ကျွန်မ၏ ဝါရင့်လုပ်ဖော်ကိုင်ဖက်များသည် ဂမ်ဘီယာနိုင်ငံကို “အာဖရိက၏ဓာတ်ခွဲခန်း” ဟူ၍ ရှုတ်ချဖော်ပြခဲ့သည်။ ဂမ်ဘီယာအစိုးရသည် မိမိ လူမျိုး၏ ကောင်းကျိုးထက် အနောက်နိုင်ငံများမှ သုတေသနအဖွဲ့အစည်းများကို ဦးစားပေးခြင်းကို ဆိုလိုသည်။ ဗြိတိန်နိုင်ငံမှ ဆေးသုတေသနကောင်စီ (MRC, the Medical Research Council Unit, The Gambia, at the London School of Hygiene & Tropical Medicine) သည် ဂမ်ဘီယာနိုင်ငံ၌ ၁၉၄၇ ခုနှစ်တွင် သုတေသနလုပ်ငန်းများကို စတင် တည်ထောင်ခဲ့သည်။ ကျွန်မအာဖရိကတွင် တာဝန်ထမ်းဆောင်နေစဉ် MRC သည် ဂမ်ဘီယာတွင် ဗြိတိန်နိုင်ငံ၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်သည်။ MRC ၏ ကျန်းမာရေးသုတေသန ပရောဂျက်များ၏ အဓိကရည်ရွယ်ချက်များမှာ စာတမ်းများထုတ်ဝေရန်၊ ယင်းစာတမ်းများကို ပြုစုသောသုတေသီများ နာမည်ကြီးစေရန်၊ သုတေသနလုပ်ငန်းများ ကြီးသည်ထက်ကြီးအောင်တိုးချဲ့၍ ရန်ပုံငွေများရရှိရန်တို့ဖြစ်သည်ဟု သုံးသပ်ကြသည်။ ယင်းပရောဂျက်များကို ကိုင်တွယ်ရသော ဂမ်ဘီယာအစိုးရဝန်ထမ်းများလည်း ပရောဂျက်ကြေးငွေများရခဲ့သည်။ ရောဂါများနှင့်ပတ်သက်၍ အမျိုးမျိုးစမ်းသပ်ခံနေရသော၊ ပညာမတတ်သော ဂမ်ဘီယာရွာသားများသည်လည်း နေ့တွက်ရငွေများနှင့် ကျေနပ်နေမည်ဟု တွက်ဆနိုင်ပါသည်။ သို့သော် မိမိနိုင်ငံနှင့်လူမျိုး၏ ကျန်းမာရေး တိုးတက်လာစေရန်၊ ရောဂါနှုန်းများ ကျဆင်းစေရန် အစရှိသဖြင့် အဓိကဖြစ်သင့်သော ရည်ရွယ်ချက်များကိုကား ဦးတည်ခဲ့ပုံမပေါ်ပေ။ ဥပမာ- ငှက်ဖျားရောဂါ တိုက်ဖျက်ရန်အတွက် MRC ၏ နာမည်ကြီး “ပိုးလောက်လမ်းထိန်းချုပ်ရေး ပရောဂျက်” Larval Control Project (lcp)သည် ငှက်ဖျားရောဂါဖြစ်မှုနှုန်းကို လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပေ။ ဤရည်မှန်းချက်လည်းရှိခဲ့ပုံ မပေါ်ပေ။ အံ့သြစရာမှာ ဂမ်ဘီယာနိုင်ငံသားများနှင့် အစိုးရက ဤကဲ့သို့ကျင့်ဝတ်သိက္ခာချိုးဖောက်သည့် သုတေသနလုပ်ငန်းမျာကို မကန့်ကွက်ခဲ့ပေ။ နောက်ဆုံး၌ အခြားအနောက်တိုင်းသားများကသာ ယင်းကျင့်ဝတ်ဆိုင်ရာ ပြဿနာများကို မီးမောင်းထိုးပြခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် MRC ရုံးချုပ်သည် ဂမ်ဘီယာနိုင်ငံရှိ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်လိုက်သည်။ MRC နှင့် စပ်လျဉ်းနေသောဖြစ်ရပ်များသည် ခေတ်အဆက်ဆက်မှ ဂမ်ဘီယာအကြီးအကဲများ၏ စိတ်ဓာတ်ကိုပြသည်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း မိမိ၏လူမျိုးကို နိုင်ငံခြားသားများ၏ အစမ်းသပ်ခံကြွက်ဖြူဘဝသို့ရောက်အောင် တွန်းပို့ခဲ့သော စိတ်ဓာတ်၊ နိုင်ငံခြားသားများကို အကြွင်းမဲ့အထင်ကြီးသော စိတ်ဓာတ်ဟု သုံးသပ်နိုင်သည်။
ဆိုးရွားသော ကျော်ကြားမှု
ကျွန်မအာဖရိကကို မရောက်သေးသည့်အချိန်မှစ၍ ယနေ့အထိတိုင်အောင် ဂမ်ဘီယာနိုင်ငံသည် လိင်မှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက် ကျော်ကြားနေသည်။ အချို့အာရှနိုင်ငံများရှိ လိင်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့်မတူ။ ဂမ်ဘီယာနိုင်ငံတွင်ကား ဂမ်ဘီယာအမျိုးသားငယ်များနှင့် အမျိုးသားပြည့်တန်ဆာများသည် ဗြိတိန်နှင့် ဥရောပမြောက်ပိုင်းမှ အသက် ၇၀၊ ၈၀ ကျော်များ အပါအဝင်သက်ကြီးရွယ်အို အမျိုးသမီးကြီးများအတွက် လိင်မှုဆိုင်ရာဝန်ဆောင်မှုများအပေါ် အခြေခံထားသော ခရီးသွားလုပ်ငန်း ဖြစ်သည်။ ၁၉၉၄-၁၉၉၉ ကာလတွင် ဂမ်ဘီယာနိုင်ငံ၏ မြို့တော်ဘန်ဂျူးလ်မြို့(Banjul)သို့ ကျွန်မသွားရောက်ခဲ့စဉ်က လုပ်ဖော်ကိုင်ဖက်များက သတိပေးထားသောကြောင့် ဟိုတယ်အပြင်ရှိ ကမ်းခြေကိုမသွားခဲ့ချေ။ ထိုကမ်းခြေပေါ်တွင် ဂမ်ဘီယာလူငယ်များ အုန်းအုန်းကျွက်ကျွက် သွားလာလှုပ်ရှားနေသည်ကို ဟိုတယ်ပြတင်းပေါက်များမှ လှမ်းမြင်နေရ၏။ ယနေ့အထိ ဂမ်ဘီယာနိုင်ငံသည် အသက်(၅၀)နှင့်အထက် သက်ကြီးရွယ်အို အမျိုးသမီးကြီးများကို လိင်မှုဆိုင်ရာဝန်ဆောင်မှုများပေးနိုင်သည့် နိုင်ငံဟူ၍ သတင်းစာများတွင် ဖော်ပြကြသည်။
နိဂုံး
ဂမ်ဘီယာနိုင်ငံသည် မိမိနိုင်ငံသားများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုခြင်းမပြုဘဲ တာတိုအတွက်ရရှိမည့် ဝင်ငွေများကိုသာကြည့်ပြီး ရှိသမျှအခွင့်အရေးများကို ရအောင်ယူတတ်သောနိုင်ငံဟု ဝေဖန်နိုင်ပါသည်။ ယင်းသည် နိုင်ငံခြားသုတေသနအဖွဲ့များမှ ရရှိသောပရောဂျက်ငွေများ ကိုကျေနပ်နေ၍ ပညာခေါင်းပါးသော မိမိ၏ ရွာသူရွာသားများကို နှစ်ပေါင်း ၄၀ ကျော် အစမ်းသပ်ခံဘဝသို့ တွန်းပို့ခဲ့သည်။ ထို့အပြင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများမှ ဝင်ငွေကောင်းသောကြောင့်နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း မိမိ၏ အမျိုးသား လူငယ်များ ပျက်စီး၍ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံ့သိက္ခာပါကျသွားခဲ့သည်။ ယခုအခါတွင် ဂမ်ဘီယာနိုင်ငံသည် ယင်းနှင့်မည်သို့မျှ သက်ဆိုင်မှုမရှိသော မြန်မာကိစ္စတွင် မဟုတ်မမှန်သော စွဲချက်များဖြင့် မြန်မာနိုင်ငံအား အိုင်စီဂျေတွင် တရားစွဲခြင်းကြောင့်လည်း မည်သည့်အခွင့်အရေးများ၊ ငွေကြေးများရခဲ့သနည်းဟူ၍ မေးခွန်းထုတ်နိုင်သည်။ နိုင်ငံတိုင်းသည် မိမိလူမျိုး၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန် တာဝန်ရှိသော်လည်း ဂမ်ဘီယာနိုင်ငံသည် ဤတာဝန်ကို မကျေပွန်ခဲ့ဟူ၍ နိဂုံးချုပ်ရပါသည်။ ။
အညွှန်းများ။
သမိုင်းနှင့်စပ်လျဉ်းသော အညွှန်းများ
၁။ https://www.britannica.com/place/The-Gambia
၂။ https://2001-2009.state.gov/r/pa/ei/bgn/5459.htm
၃။ https://www.wikiwand.com/en/Yahya_A.J.J._Jammeh
၄။ https://newafricanmagazine.com/ 15079/
ဆေးသုတေသနနှင့် စပ်လျဉ်းသော အညွှန်းများ
၁။ https://www.ncbi.nlm.nih.gov/books/NBK279765/
၂။ https://www.thelancet.com/journals/lancet/ article/ PIIS0140-6736(97) 21039-1/fulltext
၃။ https://www.nejm.org/doi/full/10.1056/NEJM199709183371212
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်းသော အညွှန်းများ
၁။ https://europeanconservative.com/articles/essay/the-rise-of-the-dirty-old-woman/
၂။ https://sports.yahoo.com/sex-tourism-african-nation-fed-172701874.html
၃။ https://www.dailymail.co.uk/news/article-8784285/Viewers-cringe-British-grannies-prey-Gambian-men-holiday-romance-Ch4-documentary.html