အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၁)
ဝထကလသ (နတလ)
ကမ္ဘာမြေတွင် ကြမ်းတမ်းသောမုန်တိုင်းများ တိုက်ခတ်လေ့ရှိသည်။ ထို့အတူ ရောင်စုံပန်းများလည်း ကမ္ဘာမြေပြင်အနှံ့ပွင့်ဖူးနေကြသည်။ မုန်တိုင်းများသည် အရာရာကို ရက်စက်စွာဖျက်ဆီးတတ်၏။ ပန်းပွင့်များကား လောကကြီးကို သာယာလှပစေ၏။ ပျံ့မွှေးထုံသင်းသောရနံ့များကိုပေး၏။ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှုရသများကိုလည်း ပေးစွမ်းပါသည်။
အစိမ်းရောင်လွင်ပြင်
စာရေးသူသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ၂၀၀၈ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့ကြောင့် နေပြည်တော်- မန္တလေးမှ ဗန်းမော်သို့လည်းကောင်း၊ ဗန်းမော်မှ မန္တလေးသို့လည်းကောင်း ကားလမ်း၊ ရေလမ်းဖြင့် အကြိမ်ကြိမ်ခရီးသွားရ၏။ ဒေသဖွံ့ဖြိုးရေး တာဝန်များဖြင့်လည်း ဗန်းမော်ဒေသနှင့် ပတ်ဝန်းကျင်မြို့ရွာများသို့ ဆိုင်ကယ်၊ လိုင်းကား၊ စက်လှေ၊ သင်္ဘောများ ဖြင့် နေရာအနှံ့နီးပါး ရောက်ခဲ့ပါသည်။
ဗန်းမော်ဒေသသည် မြင့်မားသောတောင်တန်းများ၊ ကွေ့ကောက်ရှည်လျားသော မြစ်ချောင်းများ၊ ထူထပ်သောသစ်တောများနှင့် ကျယ်ပြန့်စိမ်းလန်းသော လွင်ပြင်များကို ပိုင်ဆိုင်ထားသည်။
ဗန်းမော်မြို့သည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြသည်။ “အိုက်ခေါတော်” ဟု အမည်ရသော ရှမ်းမင်းသား နန်းစိုက်ရာဒေသလည်း ဖြစ်ခဲ့သည်။ ရှေးဘိုးဘေးစစ်သည်တော်တို့က အမိမြေအား တိုင်းတစ်ပါးကျူးကျော်မှုရန်မှ ဟန့်တားကာကွယ်သည့် စစ်ပွဲများနှင့် တပ်မတော်က ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းခဲ့သော စစ်ဆင်ရေးအောင်ပွဲများဖြစ်တည်ခဲ့ရာ သမိုင်းဝင်နယ်မြေလည်း ဖြစ်သည်။
ဆောင်းရာသီတွင် မြူနှင်းများကျဆင်းတတ်၏။ စာရေးသူခေတ္တရောက်ခဲ့ဖူးသည့် ဂျပန်၊ ကိုရီးယားတို့လိုတော့ ဆီးနှင်းများမကျပေ။ တစ်ခါတစ်ရံ မီးခိုးငွေ့၊ မြူနှင်းတို့ဖြင့် မှုန်ဝေပိန်းပိတ်နေသော နံနက်ခင်းများကို ကြုံခဲ့ရသည်။ မွန်းမတိမ်းမီ ကျဲကျဲတောက်ပူသောဒဏ်ကိုလည်း ခံစားခဲ့ရ၏။ သဲသဲမဲမဲရွာသော မိုးနေ့များကိုလည်း ရှောင်လွှဲ၍မရနိုင်ခဲ့။ သို့သော် နေရထိုင်ရသည်မှာ ပြင်ဦးလွင်ကဲ့သို့ပင် ဖြစ်ချေသည်။
မေခ၊ မလိခမြစ်ဆုံပြီးလျှင် ဒုတိယမြစ်ဆုံမှာ ဧရာဝတီမြစ်နှင့် တာပိန်မြစ်တို့ဆုံရာ ဗန်းမော်ဒေသ ဖြစ်သည်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင် လများတွင် မြစ်ရေတက်ကာ နှစ်စဉ်မြစ်ရေကြီးမှု ဖြစ်တတ်သည်။ သို့သော် ရေကျသွားချိန်တွင် နုန်းမြေများ တင်ကျန်မှုကြောင့် မြေဆီမြေသြဇာ အလွန်ကောင်းမွန်သော စိုက်ပျိုးမြေအများအပြား ပေါ်ထွန်းလေ့ရှိရာ ထိုအရပ်ဒေသများအတွက်များစွာ တန်ဖိုးရှိလှပေသည်။ ဆောင်းဦး၊ ဆောင်းလယ်၊ ဆောင်းနှောင်းနှင့် နွေရာသီတို့တွင် အဖြူ၊ အနီ၊ အဝါ၊ အစိမ်း၊ ခရမ်း ရောပြွမ်းနေသော ရောင်စုံစိုက်ခင်းများဖြင့် မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော “အစိမ်းရောင်လွင်ပြင်ဒေသ”ဟု ဆိုရပေမည်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
စာရေးသူသည် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒေသတစ်ခုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတို့ကို စီးမျောခံစားရင်း ဤဆောင်းပါးကို ရေးဖြစ်ပါ သည်။ အတိတ်ကာလ ဖြတ်သန်းမှုများသည် ပစ္စုပ္ပန်ကာလများအတွက် ကောင်းမှု၊ ဆိုးမှုကို အတုယူနိုင်ပါသည်။ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းများက ဆောင်ရန်ရှောင်ရန် အမွေကောင်းလည်းဖြစ်သည်။ ထို့အတူ အနာဂတ်ကာလမှာ ချိုမြိန်မွှေးကြိုင်စွာ သီးပွင့်လာမည့် အသီးအပွင့်များအတွက် ရေသောက်မြစ်များဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။
၁၉၈၉ ခုနှစ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ တရားဥပဒေဘောင်အတွင်း စတင်ဝင်ရောက် လာချိန်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ပေးခဲ့ပါသည်။ စစ်ဆင်ရေးများကို တစ်ဖက်သတ်ရပ်ဆိုင်းပေးခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။
၁၅-၁၂-၁၉၈၉ တွင် ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် NDA တပ်ဖွဲ့ဝင်အင်အား ၁၂၈၆ ဦးသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လျက် တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ ဝင်ရောက်လာသည်။ ၎င်းအဖွဲ့၏ ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော် (မြို့နယ်မြောက်ခြမ်း) ဒေသများအား ကချင်အထူး ဒေသ(၁)အဖြစ် နယ်မြေသတ်မှတ်ပေးခဲ့ပါသည်။ အလားတူ ဦးဘရန်ဆိုင်း၊ ဦးဇော်ဆိုင်း ဦးဆောင်သည့် KIO တပ်ဖွဲ့ဝင်အင်အား ၆၀၅၀ သည်လည်း ၂၄-၂-၁၉၉၄ တွင် ငြိမ်းချမ်းရေးရယူခဲ့သဖြင့် တနိုင်း၊ ကာမိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ အင်ဂျန်းယန်၊ မိုးမောက်၊ မံစီ၊ ဗန်းမော်၊ ဝိုင်းမော် (မြို့နယ်တောင်ခြမ်း) ဒေသများကို ကချင်အထူးဒေသ(၂) နယ်မြေအဖြစ်သတ်မှတ်ပေးခဲ့ပါသည်။ ယင်းအထူးဒေသများအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများရေးဆွဲ၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများမှာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဇူလိုင်လ အထိ ဖြစ်ပါသည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည့် အေးချမ်းသောကာလ ဖြစ်ပေသည်။ ထိုအချိန်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်လှည့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများ၊ မြို့နယ်ခွဲရုံးများအထိ ဖွင့်လှစ်ဆောင်ရွက်နေသောကာလဖြစ်ပါသည်။ တစ်နိုင်ငံလုံးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်ခွဲရုံးပေါင်း ၇၄ ရုံးအထိ ရှိခဲ့ပါသည်။
၁၉၉၃-၁၉၉၄ မှ ၂၀၁၄-၂၀၁၅ အထိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဗန်းမော်)အဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှစတင်၍ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဖြစ် ဖွဲ့စည်းပုံပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် ဗန်းမော်သို့စာရေးသူရောက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဗန်းမော်)အမည် ဖြစ်ပါသည်။
ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့လှမြို့နယ်ခွဲများတွင် လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ တစ်ခါတစ်ရံ မံစီ၊ ကိုက်ထိပ်တို့ကို ဖြတ်သန်းလျက် တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းကြီးဒေသအထိပင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရဖူးသည်။ ယခုအချိန်တွင် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ်ရုံးနှင့် မံစီမြို့နယ်ရုံးများဖွင့်လှစ်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်နေပေပြီ။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဗန်းမော်မြို့နယ်အတွင်း ၁၉၉၀-၁၉၉၁ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ဒေသတွင်း အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်းတံတား၊ ပညာရေးနှင့် စွမ်းအင်ကဏ္ဍများအတွက် ရန်ပုံငွေကျပ် ၂၁၅၅ ဒသမ ၂၃ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့သည့် ဗန်းမော်ဒေသ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ နမ့်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို ကျေးရွာချင်းဆက်မြေသားလမ်း ၁၇ မိုင်နှင့် လမ်းပေါ်ရှိ တံတားများ၊ ရေထုတ်ပြွန်များ အပါအဝင် ယင်းစီမံကိန်းသည် ၂၀၁၉-၂၀၂၀ တွင် အောင်မြင်စွာပြီးစီးခဲ့သည်။ နမ့်ခုတ်၊ ဗူးတောင်း၊ ကျောက်အိုက်၊ နောင်မို၊ အောင်သာယာ၊ မံမလင်း အပါအဝင် ဒေသခံကျေးရွာ ၁၈ ရွာအတွက် အထူးမှီခိုအားထားရသော လမ်းမကြီးပင်တည်း။
ဗန်းမော်မြို့နယ်နှင့်ကပ်လျက်၌ ရွှေကူမြို့နယ် တည်ရှိနေသည်။ ဗန်းမော်- စင်းခန်း- ရွှေကူမြို့နယ် ချင်းဆက်မြေသားလမ်း ၆၄ မိုင် ၂ ဖာလုံကို ၁၉၉၆- ၁၉၉၇ ခုနှစ်တွင် ဆက်သွယ်ဖောက်လုပ်ပေးခဲ့သည်။ ထို့အပြင် ရွှေကူဒေသခံပြည်သူများ အမှန်တကယ်လိုအပ်သည့် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေရရှိရေး၊ သာသနာရေးနှင့် အထွေထွေလုပ်ငန်းများအတွက် ငွေကျပ် ၅၉၆ ဒသမ ၈၅၂ သန်းဖြင့် ဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးခဲ့သည်။
ဒေသဖွံ့ဖြိုးရေးများနည်းတူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက်လည်း ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ၁-၈-၁၉၉၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော လူငယ်သင်တန်းကျောင်းနှင့် ၁၁-၁-၂၀၀၅ ရက်တွင် ဖွင့်ခဲ့သော အိမ်တွင်းမှုသင်တန်းကျောင်းများလည်း ဗန်းမော်တွင်တည်ရှိနေပါသည်။
ဗန်းမော်
စိတ်ဝင်စားစရာ သမိုင်းမှတ်တမ်း၊ ရာဇဝင်များဖြင့် ပြည့်နေသော ဗန်းမော်သည် သမိုင်းကြောင်း ရှည်လျားစွာဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်၏။ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းများဖြင့် သွားရောက်နိုင်ပြီး သင်္ဘောဖြင့် အောက်မြန်မာပြည်အရပ်ရပ်သို့ ကုန်စည်စီးဆင်းရာ အချက်အချာမြို့လည်းဖြစ်သည်။
မြစ်ကြီးနားမြို့၏တောင်ဘက် ၁၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး တရုတ်နိုင်ငံနယ်စပ်နှင့် မိုင် ၄၀ ခန့်သာကွာဝေး၏။ ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်းနှင့် ဒုတိယမြစ်ကျဉ်းအကြားတွင် တည်ရှိနေသောမြို့လည်းဖြစ်သည်။
ဗန်းမော်ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်မော်”မှ ကာလရွေ့လျောကာ ပြောင်းလဲ လာကြောင်း သိရသည်။ မန် = ရွာ၊ မော် = အိုး ဟု အဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။ ထို့ကြောင့် ဗန်းမော်တွင် အိုးလုပ်ငန်းအတွက်မြေတူးခဲ့၍ ကျင်းတွေ၊ ချိုင့်တွေပေါများနေခြင်းဖြစ် လိမ့်မည်ဟု တွေးမိသေးသည်။ ဗန်းမော်မြို့ဟု ဖြစ်ပေါ်လာမည့် “စမ္ပာနဂိုရ်မြို့”ကို ရှေးဦးတည်ထောင်သူမှာ “စမ္ပေယျမင်း” ဖြစ်သည်။ ထိုစမ္ပာနဂိုရ် မင်းဆက် ပျက်ပြီးနောက် စော်ဘွား “သိုလျင်ဘွား” သည် သက္ကရာဇ် ၄၀၀ ကျော်တွင် ဗန်းမော်မြို့ပြကို တည်ထောင်သည်။ ထိုမှအစပြု၍ ဗန်းမော်မြို့တွင်စော်ဘွား ၂၃ ဆက်သည် နှစ်ပေါင်း ၃၅၀ ခန့်အုပ်စိုးခဲ့ကြောင်း လေ့လာမှတ်သားရပြန်သည်။
ဗန်းမော်မြို့ကို စတင်စေခဲ့သော စမ္ပာနဂိုရ်မင်းဆက် အထောက်အထားအဖြစ် စမ္ပာ နှင့် နဂိုရ်အရပ်တို့ ယခုအချိန်ထိတိုင် ရှိနေသည်။ သို့သော် ယခင်အမည်များ မဟုတ်တော့။ “စမ္ပာ” အမည်မှ “စံပါ”၊ “နဂိုရ်” အမည်မှ “နောင်ခို” စသောအမည်နာမများဖြင့် ရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပေပြီ။ နောင်ခိုရပ်ကွက်သည် ရွှေကျီးနားဘုရား၊ အိုက်ခေါ တော်ဘုရားသို့သွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ၎င်းအရပ်မှ “မျှစ်ချဉ်ခေါက်ဆွဲ”သည် ဒေသအစားအစာအဖြစ် ကျော်ကြားလှပေသည်။
“ညောင်ဦးကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်မှ နွားမပေါင်ကျိုးရသည်” ဟူသည် မဆီမဆိုင်သော ဖြစ်ရပ်တို့ကို ခိုင်းနှိုင်းကြသော မြန်မာစကားပုံဖြစ်သည်။ ပုဂံညောင်ဦးနှင့် ဗန်းမော်သည် ဧရာဝတီမြစ် ဘေးမှ မြို့များဖြစ်သော်လည်း အဝေးကြီးဖြစ်၏။ ထို့ကြောင့ စကားပုံပါ “စမ္ပာနဂိုရ်” အရပ်သည် ဤ ဗန်းမော်အရပ်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
လွယ်ဂျယ်-မိုးမောက်လမ်း
၂၀၀၉ ခုနှစ် သြဂုတ်လတွင် စာရေးသူသည် လွယ်ဂျယ်မြို့နယ်ရုံး၌ မြို့နယ်ခွဲတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗန်းမော်နှင့် လွယ်ဂျယ် ၅၆ မိုင် ၄ ဖာလုံ ဝေးသည်။ ဗန်းမော်နှင့် မိုးမောက်ကိုးမိုင်ကွာဝေးပါသည်။ မိုးမောက်တွင် လမ်းခွဲရှိသည်။ မြောက်ဘက်သို့သွားလျှင် ဒေါ့ဖုန်းယန်၊ အရှေ့ဘက်သို့သွားလျှင် လွယ်ဂျယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါလှသည့် လွယ်ဂျယ်-မိုးမောက်လမ်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောက်လမ်းခင်းခြင်း ပြီးစီးပါသည်။ ဒေသခံများက ပြောင်းဖူးစေ့လမ်းဟု ခေါ်ဝေါ်ကြ၏။ ကျောက်များကိုဖြတ်တောက်ပြီး အကြားအလပ်မရှိ ညီညာစွာခင်းထားသည်။ ကတ္တရာမပါသော်လည်း လမ်းသားသည် လှုပ်ရှားမှုမရှိ၊ ကောင်းမွန်လှပါသည်။
ဤလမ်းပိုင်းတွင် ၁၉၉၇-၁၉၉၈ ခုနှစ်က နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျောက်စခန်း-လော့ဒန်-လွယ်ဂျယ်လမ်း(ရှစ်မိုင်)ကို ပြုပြင်ပေးခဲ့ပါသည်။ ထို့အပြင် မိုးမောက်မြို့အနီး ဤလမ်းပိုင်းပေါ်ရှိ ကျလိချောင်းကို ဖြတ်ကူးရသော “နမ့်ကျရီ” ကွန်ကရစ်တံတားကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။ ဒေသခံများ ပျော်ရွှင်မှုကား အတိုင်းထက်အလွန်ဖြစ်ခဲ့မည်မှာ ဧကန်ပင်။
စိန်လုံကဘာ
မိုးမောက်မှ ကျောက်စခန်းကျော်သည်နှင့် တောင်တက်လမ်း စပါသည်။ တောင်တက်လမ်းအတိုင်း ၂၃ မိုင်ခန့်အကွာတွင် စိန်လုံကဘာရွာလေး တည်ရှိသည်။ စိန်လုံသည် အမြင့်ပေ ၆၀၅၀ တောင်ထိပ်တွင် တည်ရှိသောရွာလေးဖြစ်၏။ စိန်လုံဒေသကိုရောက်သည်နှင့် ရာသီဥတုကအပူမှအအေးသို့ ရုတ်ခြည်းပြောင်းလဲသွားသည်။ မှိုင်းဝေအုံ့ဆိုင်းနေသော နှင်းပင်လယ်တို့ တအိအိပြိုကျ ဖုံးအုပ်ထားသောတောင်ထိပ်သည် အေးမြမြရှိချေ၏။
ယခင်က ဗန်းမော်မြို့နယ်ဝင်ဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့သော စိန်လုံသည် ကချင်တောင်တန်းများရှိ စော်ဘွားများအား ကြီးကြပ်အုပ်ချုပ်ရသော တောင်တန်းဝန်ထောက် ရုံးစိုက်ရာအရပ် ဖြစ်ခဲ့သည်။ စိန်လုံကဘာ၏ တောင်စွယ်တောင်တန်းများက နယ်စပ်မျဉ်းများကို စိုးမိုးနိုင်သော ပထဝီအနေအထားနှင့် မေမြို့ထက် ပိုအေးကာ နှင်းများလွှမ်းနေတတ်သော ရာသီဥတုကြောင့် အင်္ဂလိပ်အစိုးရအတွက် ဆွဲဆောင်မှုကောင်းသောနေရာလေး ဖြစ်ခဲ့ပေလိမ့်မည်။
ဤစိန်လုံကဘာရွာလေးသည် စစ်တက္ကသိုလ် (ပြင်ဦးလွင်)၏ ပထမဆုံးကျောင်းအုပ်ကြီး ကချင်အမျိုးသား ဗိုလ်မှူးကြီးသီရိပျံချီ အယ်လ်ခွန်နောင် မွေးဖွားရာ ဇာတိရပ်မြေလည်းဖြစ်သည်။
နိုင်ငံတော်သည် စိန်လုံကျေးရွာလေးအတွက် ၂၀၁၃-၂၀၁၄ တွင် ရုပ်သံလွှင့်စက်ရုံ တည်ဆောက်ပေးခဲ့သည်။ ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးကို စိန်လုံဒေသခံများ တွေ့မြင်နိုင်ခဲ့ပေပြီ။ စိန်လုံတောင်ပေါ်တွင် ထူးခြားသော ရေထွက်တစ်ခုရှိသည်။ ထိုသောက်သုံးရေသည် PH Level Standard အပြည့်ရှိသည်ဟု ဆိုပါသည်။ စိန်လုံကျေးရွာ ရေအလွယ်တကူ သုံးစွဲနိုင်ရေးအတွက် သဘာဝအရင်းအမြစ်မှ ကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၁၇- ၂၀၁၈ တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၃၁၅ ဒသမ ၅၈၅ သန်းဖြင့် အောင်မြင်စွာဆောင်ရွက်ပေးခဲ့ပါသည်။ စိန်လုံဒေသခံတို့ ရေကြည်ရေသန့်ကို လုံလောက်စွာ ရရှိခဲ့လေပြီ။
စိန်လုံမှ ဆက်ထွက်လျှင် “ယောယုံ”ကို ရောက်မည်။ ယောယုံသည် တရုတ်နယ်စပ်အနီး လွယ်ဂျယ်ဒေသကိုစိုးမိုးနေသော တောင်ကြောကြီးအစွန်ရှိ တောင်၏အမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်