Skip to main content

သွားရောက်ဖူးမြော်ကြမည် တာတိုင်ဘုရားများဆီ

“အမျိုးမှန်လျှင် ပဲခူးသို့လည်း ဆန်ရမည် ဟူသည့် ဆိုရိုးစကားသည် ယနေ့တိုင် ပြောဆိုသုံးစွဲနေဆဲပင်။ ယင်းဆိုရိုးစကားအတိုင်းပင် ပဲခူးမြို့သို့ တစ်ခေါက်တစ်ခါ သွားရောက်လေ့လာကြည့်သင့်သည့်အရာများစွာက ယနေ့တိုင် ခရီးသွားပြည်သူ၊ ဘုရားဖူးပြည်သူများကို ဆွဲဆောင်နိုင်ဆဲ။ ကျုံးနှင့် နန်းမြို့ရိုးတို့ ပါဝင်သော မြို့တော်ဟောင်းနှင့် သမိုင်းဝင်စေတီပုထိုးများက ဝင့်ကြွားထည်ဝါခဲ့သည့် ဟံသာဝတီခေတ်သမိုင်းတစ်ခုကို ယနေ့အထိ သယ်ဆောင်ပေးထားသည်။

ထေရဝါဒဗုဒ္ဓဘာသာသည် ဟံသာဝတီခေတ်တွင် စည်ပင်ထွန်းကားခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းမြို့တော် ဟံသာဝတီ၏ အထွတ်အမြတ် သမိုင်းအမွေအနှစ်အဖြစ် ဗုဒ္ဓသာသနိကအဆောက် အအုံများ၊ စေတီပုထိုးများက သက်သေတည် ကျန်ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် ဟံသာဝတီခေတ် လူမှုစီးပွားကို ပြန်လည်လေ့လာနိုင်မည့်အရာများလည်း ဖြစ်သည်။

တာတိုင်ဘုရား ၁၁ ဆူ ဒေသနှစ်ခု၌ တည်ရှိ

ထိုသို့ လေ့လာရာတွင် ဟံသာဝတီခေတ် ကူးသန်းသွားလာရေးအတွက် ပဲခူးဟံသာဝတီမှ တစ်ဆင့် သန်လျင်ပင်လယ်ဝအထိ ရေလမ်းခရီး လမ်းကြောင်းကို ဆက်သွယ်သွားလာရန် အသုံးပြု ခဲ့ကြသည်။ ကုန်းလမ်းကြောင်းအတွက်လည်း ဟံသာဝတီ- သန်လျင်လမ်းကြောင်းကို အသုံးပြု ခဲ့ကြသည်။ ယင်းလမ်းကြောင်းကို ဒုံးလမ်းကြောင်းဟုလည်း ခေါ်ဆိုကြပြီး ပဲခူးဟံသာဝတီနှင့် သန်လျင် အစုန်အဆန်ခရီးအတွက် ရေလမ်းကြောင်းကို အသုံးပြုစရာမလိုဘဲ ရာသီမရွေး အတိုဆုံး၊ အမြန်ဆုံး သွားလာရောက်ရှိနိုင်သည့် ကုန်းလမ်းကြောင်းကို ရည်ညွှန်းသည်။ ထိုသို့ လျင်လျင်မြန်မြန် ဆက်သွယ်သွားလာနိုင်ရန် အသုံးပြုခဲ့သည့် ဒုံးလမ်းပေါ်တွင် ဟံသာဝတီဘုရင်များက စေတီများ တည်ထားကိုးကွယ်ခဲ့ကြသည်။ ယင်းဘုရားများကို တာတိုင်ဘုရားများဟုလည်း ခေါ်ဝေါ်ကြသည်။ လက်ရှိတွင် တာတိုင်ဘုရား ၁၁ ဆူသည် ပဲခူးနှင့် ရန်ကုန်ဒေသနှစ်ခု၌ တည်ရှိသည်။

ယနေ့ခေတ် ဆက်သွယ်ရေးလမ်းကြောင်းသည် အင်္ဂလိပ်ခေတ်ကာလက ဖောက်လုပ်ခဲ့သော ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ ရထားလမ်းဟောင်း လမ်းကြောင်းအတိုင်း ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းကို ဖောက်လုပ်အသုံးပြုနေခြင်း ဖြစ်သည်။

ဟံသာဝတီခေတ် လူမှုဘဝတွေကို ဒီဒုံးလမ်းကြောင်းနဲ့ တာတိုင်ဘုရားတွေက တစ်ဆင့် လေ့လာကြည့်လို့လည်း ရပါတယ်။ ဒါပေမယ့် ခေတ်ကာလက ရွေ့လျားလာတာကြာပြီဖြစ်တဲ့ အတွက် ထင်ထင်ရှားရှားရှိတဲ့ အရာတွေလည်းရှိသလို သေချာအောင်ထပ်ပြီး ဆန်းစစ်ဖို့လိုတဲ့ အရာတွေလည်း ရှိပါတယ်။ ဒီဒုံးလမ်းကြောင်းနဲ့ တာတိုင်ဘုရားတွေကို တပ်မတော်က တာဝန်ရှိသူ တွေ၊ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတို့ ပူးပေါင်းပြီး အခုနှစ် မေလတုန်းက ကွင်းဆင်း သုတေသနပြုလုပ်ခဲ့ကြပါတယ်ဟု ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပြသည်။

တာတိုင်စေတီများ တည်ရှိရာလမ်းကြောင်းသည် အစဉ်လိုက်

တာတိုင်စေတီများ တည်ရှိရာ လမ်းကြောင်းသည် ရွှေမော်ဓောဘုရားမှအစပြု၍ ကျိုက်ပဒိုင် (ရွှေတိဂုံလေး)စေတီ၊ မိုးခိုင်ကြီး(ကျိုက်မူးကမော့နွတ်)စေတီ၊ ကျိုက်မတ်ကော်စေတီ၊ မိုးဂနိန်း (ကျိုက်သို့ပုသိမ်)စေတီ၊ ကျိုက်ခရုစေတီ၊ ကျိုက်မထီးစေတီ၊ ရဲမွန်စေတီ၊ မြသိန်းတန်စေတီ၊ ကျိုက်သမွန်ခေါ် နံယောဘုရားနှင့် ကျိုက်ခေါက်ဘုရားအထိ အစဉ်လိုက်ဖြစ်သည်။

တာတိုင်ဘုရားများ စတင်ရာ ရွှေမော်ဓောဘုရား သည် တိုင်းသိပြည်သိ ထင်ရှားသည့် စေတီအမော် ဖြစ်သည်။ ဘုရားဝန်းကျင်သည် ဘုရားဖူးလာ ခရီးသွားဧည့်သည်များဖြင့် အမြဲစည်ကားနေသည်။ ရွှေမော်ဓောဘုရားသည် ငလျင်ဒဏ်အကြိမ်ကြိမ် ခံခဲ့ရသည့်အတွက် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြပြီး စည်ကားခမ်းနားသည့် ပဲခူးရွှေမော်ဓောဘုရားပွဲတော်ကြီးကို တန်ခူးလတွင် ကျင်းပလေ့ ရှိသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ

ပဲခူးမြို့ ရွှေမော်ဓောစေတီမြတ်ကြီး၏ တောင်ဘက် ဆံတော်တွင်းလမ်းမကြီးအတိုင်း သွားရောက်၍ ကျိုက်ပဒိုင်စေတီတော်ကြီးကို ဖူးမြော်နိုင်သည်။ တာတိုင်စေတီတစ်ဆူဖြစ်သည့် ကျိုက်ပဒိုင်(ရွှေတိဂုံလေး)စေတီသည် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီးကျေးရွာ အနီးတွင် တည်ရှိသည်။ ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်ကြီးရှိပြီးဖြစ်သဖြင့် မြတ်စွာဘုရား ဆံတော်များကို ကိန်းဝပ်တည်ထားကိုးကွယ်ခြင်းကြောင့် ရွှေတိဂုံလေးဟု ဘွဲ့တော်ပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။ ဆံတော်ရှင် ရွှေတိဂုံလေး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ရွှေမော်ဓောဘုရားမှ တတိယမြောက် တာတိုင်ဘုရားမှာ ကျိုက်မူးကမော့နွတ် ဖြစ်သည်။ ကျိုက်မှာ ဘုရား၊ မူးမှာ အမွန်း၊ ကမော့မှာကျော်၊ နွတ်မှာအကြီး ကျောက်စွန်းဘုရားကြီးဟု အဓိပ္ပာယ်ရသည်။ လှေကား၊ မဟာရံတံတိုင်းများကို ဂဝံကျောက်များဖြင့် တည်ဆောက်ထားခြင်းက ကျိုက်မူးကမော့နွတ် စေတီ၏ ထူးခြားချက်ဖြစ်သည်။ မူလစေတီတော် လက်ရာများ ပျက်စီးယိုယွင်း နေပြီဖြစ်သည့်အတွက် ပြုပြင်ရန် လိုအပ်လျက်ရှိသည်။ လက်ရှိတွင် မူလစေတီတော်ဟောင်းပေါ်၌ ဒေသခံများ ပူဇော် တည်ထားသည့် စေတီတော်ကို ဖူးမြော်နိုင်သည်။

ရွှေမော်ဓောစေတီကနေ ကျိုက်မူးကမော့နွတ် စေတီအထိက အရင်ခေတ်နဲ့ လမ်းကြောင်းက ထပ်တူနီးပါးကျတယ်။ ကျိုက်မူးကမော့နွတ်စေတီနဲ့ ကျိုက်မတ်ကော်စေတီကြားမှာကျတော့ လမ်းကြောင်းနဲ့ အနောက်ဘက်ကို တိမ်းစောင်းသွားတယ်။ တစ်ခါ ကျိုက်မတ်ကော်စေတီကနေ ကျိုက်ခရုစေတီအထိကျတော့ လမ်းကြောင်းက အရင်ဒုံးလမ်းနဲ့ ထပ်တူ နီးပါးရှိတယ်။ ကျွန်တော်တို့အဖွဲ့တွေ ကွင်းဆင်းတဲ့အခါ ဇွဲကိုက်ရွာကနေ ကျိုက်ခရုစေတီတော်အထိက အသုံးပြုနေတဲ့ လမ်းမရှိတဲ့အတွက် လယ်ကွင်းထဲကနေ ဖြတ်သန်းသွားခဲ့ရတယ် ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းပြသည်။

လမ်းကြောင်းသည် ထပ်တူမကျဘဲ ကွဲလွဲမှုများရှိနေ

ထိုသို့လေ့လာကွင်းဆင်းမှုများအရ ပဲခူးရွှေမော်ဓောစေတီတော်မှ ကျိုက်ခရုစေတီတော်အထိ လမ်းကြောင်းနှင့် မြသိန်းတန်စေတီမှ ကျိုက်သမွန် (ခေါ်) နံယောစေတီအထိ လမ်းကြောင်းတို့သည် တစ်ဖြောင့်တည်း တည်ရှိပြီး ယခင်မှန်းဆဒုံးလမ်းနှင့် တူညီမှုများစွာ ရှိသည်။ ကျိုက်ခရု စေတီနှင့် မြသိန်းတန်စေတီအကြား လမ်းကြောင်းသည် ရေနက်ကွင်းဖြစ်ပြီး ရေဖုံးလွှမ်းမှုများကြောင့် လက်ရှိကာလတွင် သွားလာရလွယ်ကူသည့် ကုန်းမြင့်ပိုင်းများမှ လမ်းဖောက်လုပ် အသုံးပြုနေ သည့်အတွက် တစ်ဖြောင့်တည်းမရှိဘဲ မှန်းဆဒုံးလမ်းကြောင်းနှင့် ထပ်တူမကျဘဲ ကွဲလွဲမှုများရှိနေ ကြောင်း သိရသည်။

စေတီ၏ ထုလုပ်ထားပုံမှာ လက်ရာမြောက်ပြီး ထူးခြားလှ

ကဝမြို့နယ်အတွင်း ကျိုက်မတ်ကော်စေတီ၊ မိုးဂနိန်း(ကျိုက်သို့ပုသိမ်)စေတီနှင့် ကျိုက်ခရုစေတီတို့ တည်ရှိသည်။ ကျိုက်မတ်ကော်စေတီသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဖလေးရွာတွင် တည်ရှိသည်။ ကျိုက်မတ်ကော်စေတီသည် မြန်မာနိုင်ငံတွင် ဉာဏ်တော် စတုတ္ထအမြင့်ဆုံးနှင့် ထီးတော် ဒုတိယအကြီးဆုံး စေတီတော်ကြီး ဖြစ်သည်။ စေတီ၏ ပန်းတင်ခုံပေါ်တွင် ရဟန္တာ ၅၀၀ ဆွမ်းခံကြွပုံ ထည့်သွင်းထုလုပ်ထားပုံမှာ လက်ရာမြောက်ပြီး ထူးခြားလှသည်။

မိုးဂနိန်း(ကျိုက်သို့ပုသိမ်)စေတီသည်လည်း ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် တည်ရှိပြီး တာတိုင်ဘုရား ၁၁ ဆူအနက် ငါးဆူမြောက်ဘုရား ဖြစ်သည်။ ပဲခူး-သန်လျင် ကားလမ်းမှဖြစ်စေ၊ ကဝ-အုန်းနှဲလမ်းဘေးရှိ ညောင်ပင်လေးဆိပ်မှဖြစ်စေ၊ မိုးတွင်းအခါ ကဝ-သက္ကလ ရေလမ်းကြောင်းအတိုင်းဖြစ်စေ သွားရောက်ဖူးမြော်ကြည်ညိုနိုင်သည်။ ရာသီဥတုဘေး၊ သဘာဝဘေးများကြောင့် စေတီတော်ကြီးသည် ပျက်စီးယို့ယွင်းလာခဲ့သည့်အတွက် ပဲခူးမြို့ ၁၀ မိုင်ကုန်း ပတ္တမြားကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရက ပြန်လည်ပြုပြင် ပူဇော်ထားကြောင်း ဒေသခံများဆီမှ သိရသည်။

ထုံးသင်္ကန်းဖြူဖြူဖြင့် သပ္ပာယ်ကြည်ညိုဖွယ် ကောင်းလှသည့် ကျိုက်ခရုစေတီသည်လည်း ကဝ မြို့နယ်၌ တည်ရှိသည်။ သမိုင်းဝင်စေတီတော်ကြီး တစ်ဆူဖြစ်သည့်အတွက် စေတီတည်ရှိရာ ကန်ဘဲ့ ရွာခံများသာမက အထုံ၊ ဇီးဖြူကုန်း၊ကန်ပေါက်စသည့် ကျေးရွာနေပြည်သူများကပါ ဝိုင်းဝန်း ပူဇော်ထားရှိသည်။

တာတိုင်ဘုရား ၁၁ ဆူနက် ကျိုက်မထီးစေတီ၊ ရဲမွန်စေတီ၊ မြသိန်းတန်စေတီ၊ ကျိုက်သမွန်(ခေါ်) ကျိုက်နံယောစေတီနှင့် ကျိုက်ခေါက်ဘုရားတို့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်အတွင်း တည်ရှိသည်။

စေတီတော်တွင် ရှေးဟောင်းအုတ်လက်ရာများ လေ့လာတွေ့ရှိ

တာတိုင်ဘုရား ခုနစ်ဆူမြောက် ကျိုက်မထီးစေတီသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ် ပဇင်းနီကန်ရွာတွင် တည်ရှိသည်။ ရွှေအင်တုံဘုရားဟုလည်း ခေါ်ဆိုကြသည်။ ရှစ်မြှောင့်ပုံစေတီတစ်ဆူဖြစ်ပြီး စေတီတော်တွင် ရှေးဟောင်းအုတ် လက်ရာများကို လေ့လာတွေ့ရှိ နိုင်သည်။

သန်လျင်ခရိုင်အတွင်း တည်ရှိသည့် ရဲမွန်စေတီသည် တာတိုင်ဘုရားရှစ်ဆူမြောက်စေတီဖြစ်သည်။ မွန်ဘာသာအရ ရဲစွမ်းသတ္တိရှိသော မွန်လူမျိုး၊ ဆွေမျိုးစုဟု အဓိပ္ပာယ်ရသည်။ ရဲမွန်စေတီတော်ကို ခရမ်းမြို့ ကမာကလူကျေးရွာတွင် သွားရောက်ဖူးမြော်နိုင်ပြီး စေတီစတင်တည်ထားစဉ် အသုံးပြု သည့် ကန်တော်မင်္ဂလာသည် ယခုအချိန်အထိ တည်ရှိနေသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လပြည့်နေ့တိုင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

သန်လျင်ခရိုင်အတွင်း တည်ရှိသည့် စေတီတစ်ဆူမှာ မြသိန်းတန်စေတီဖြစ်သည်။ မြသိန်းတန်စေတီသည် သုံးခွမြို့နယ် ရှမ်းစုရွာတွင် တည်ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူအနက် ကိုးဆူမြောက်ဘုရားဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စေတီတော်တိုးတက်စည်ကားရေးကို ဒေသခံများက လိုလားလျက်ရှိသည်။ မြသိန်းတန် စေတီဘုရားပွဲကို နှစ်စဉ် တပို့တွဲလပြည့်နေ့မှ စတင်၍ ငါးရက်ကြာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ရှေးဟောင်းမွန်ဘုရားကြီးဆိုတာကို သိတဲ့ သူရှိပေမယ့် မသိတဲ့သူက များပါတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီဘုရားကြီးကို နောင်သား စဉ်မြေးဆက်အထိ ရှိစေချင်တယ်။ ဒီလိုပဲ တခြား နေရာတွေက ပြည်သူတွေကိုလည်း သိရှိစေချင်တယ်။ ဘုရားဖူးလာစေချင်တယ်။ အခုကတော့ သိလို့လာဖူးတဲ့သူက မရှိသလောက်ပါပဲ။ ဒီဘုရားကြီးမှာ ဘုရားတွေ စည်ကားပြီး ကျွန်တော်တို့ ဒေသလည်း ဆက်စပ်တိုးတက်စေချင်တယ်။ ဟု မြသိန်းတန်စေတီ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျိုက်သမွန်ဟူသည့် အခေါ်အဝေါ်သည် ဒေသတွင် မသုံးနှုန်းဘဲ သန်လျင်ခရိုင် နံယောကျေးရွာအနီး တွင် ရှိသည့်အတွက် နံယောဘုရားဟုသာ ဒေသခံများက ခေါ်ဆိုကြသည်။ ဒေသခံများ ခေါ်ဆိုသည့် နံယောစေတီသည် တာတိုင်ဘုရား ၁၁ ဆူအနက် ၁၀ ဆူမြောက်ဟု ယူဆထားကြသည်။ အဘယ်ကြောင့်ဆိုသော် အခြားတာတိုင်ဘုရားများနှင့် လမ်းကြောင်းတူ တည်ရှိခြင်း၊ ဘုရားတည်ရာတွင် အသုံးပြုထားသည့် အုတ်အရွယ်အစားများ တူညီနေခြင်း၊ မြသိန်းတန်စေတီအနီးတွင် တည်ရှိခြင်း၊ တံတိုင်းအကြွင်းအကျန်များ တည်ရှိခြင်း စသည့် အချက်များကြောင့် ၁၀ ဆူမြောက်စေတီအဖြစ် ယူဆသတ်မှတ်ထားခြင်းဖြစ်သည်။ သို့သော် သမိုင်းဆိုင်ရာအထောက်အထား၊ အချက်အလက်များဖြင့် ထပ်မံသုတေသနပြုမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရင်ပြင်တော်ကို ကျောက်ပြားအနီဖြင့် ခင်းကျင်းထားမှုမှာ ထူးခြားမှုတစ်ခု

တာတိုင်ဘုရား ၁၁ ဆူမြောက်သည် ကျိုက်ခေါက်ဘုရားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာ၊ သန်လျင်မြို့တောင်ဘက် သန်လျင်-ကျောက်တန်းလမ်းအနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည့်် ကျိုက်ခေါက်ဘုရားသည် လူသိများ ထင်ရှားသည်။ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာတွင် တည်ရှိပြီး စေတီတွင် ရှေးမွန် ဗိသုကာပညာရပ်များကို လေ့လာတွေ့ရှိ နိုင်သည်။ စေတီရင်ပြင်တော်ကို မြန်မာနိုင်ငံ အထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျ ဆစ်ချောခင်းကျင်းထားမှုမှာလည်း ထူးခြားမှုတစ်ခု ဖြစ်သည်။

တာတိုင်စေတီများ တည်ရှိရာ ရွှေမော်ဓောဘုရားမှသည် ကျိုက်ခေါက်ဘုရားအထိ စေတီအမွန် ၁၁ ဆူကိုအဆူဆူအလိုက် လေ့လာဖူးမြော်ရင်း ဘုရားဖူးပြည်သူများအနေဖြင့် လိုအပ်နေသည့် စေတီတော် တိုးတက်ရေးကိစ္စရပ်များတွင် ပါဝင်လှူဒါန်းရင်း ကုသိုလ်ပြုနိုင်ပါသည်။ ထို့အတူ စေတီအမွန် ၁၁ ဆူ၏ ရှေးလက်ရာများကိုလည်း လေ့လာနိုင်ပါသည်။ သို့တင်မကဘဲ ရှေးခေတ် ဟံသာဝတီမှသည် မျက်မှောက်ခေတ်အထိ ပြောင်းလဲလာသည့် ဒေသလူမှုစီးပွားဘဝများကိုလည်း လေ့လာနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် တာတိုင်စေတီများဆီသို့ တစ်ခေါက်တစ်ခါဖြစ်ဖြစ် ကုသိုလ်ပြု သွားရောက်ဖူးမြော်နိုင်ကြပါရန် နှိုးဆော်တင်ပြ လိုက်ရပါသည်။       ။

မြတ်သူ