သန်းခေါင်စာရင်းကောက်တော့မည် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့လိုသည်
သန်းခေါင်စာရင်းကို ရှေးမြန်မာဘုရင်များ လက်ထက်က စစ်တမ်းအသွင်ဖြင့် စတင်ခဲ့သည်။ သို့သော် စစ်တမ်းတွင် လူဦးရေစာရင်းထက် မြို့ရွာအုပ်ချုပ်သူများ၏ မျိုးရိုးစဉ်ဆက်နှင့် အခွန်တော် အမျိုးမျိုးကိုသာ ဦးစားပေးဖော်ပြလေ့ရှိခဲ့သည်။ စနစ်တကျ လူဦးရေစာရင်းကောက်ခံမှုကို ဗြိတိသျှ အစိုးရလက်ထက် အောက်မြန်မာပြည်တွင် ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်၌ စတင်ကောက်ယူခဲ့သည်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီးနောက် ၁၈၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း စတင်ကောက်ခံခဲ့ရာမှ ယင်းနောက်ပိုင်းတွင် ၁၈၈၁ ခုနှစ် မှစ၍ ယေဘုယျအားဖြင့် ၁ဝ နှစ် တစ်ကြိမ် သန်းခေါင်စာရင်း ဆက်လက်ကောက်ခံခဲ့သည်။ ၁၈၈၁ ခုနှစ်က အောက်မြန်မာပြည်၏ လူဦးရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာ ရှိခဲ့သည်ဆိုသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် မှစ၍ အောက်မြန်မာပြည်အတွက်သာမက အထက်မြန်မာပြည်အတွက်ပါ ကောက်ခံခဲ့ကြသည်။
သီးခြားချန်လှပ်ထား
၁၈၉၁ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ခံခဲ့ရာ၌ အောက်မြန်မာပြည်လူဦးရေ ၄၄ဝ၈၄၆၆ ဦး၊ အထက်မြန်မာပြည်လူဦးရေ ၃၃၁၃၅၈၇ ဦး စုစုပေါင်း ၇၇၂၂၀၅၃ ဦးရှိခဲ့သည်။ သို့သော် ယင်းစာရင်းတွင် ကရင်နှင့်ကရင်နီ (ယခု ကယား) ပြည်နယ်ဒေသများ ပါဝင်ခဲ့ခြင်းမရှိပေ။ ဗြိတိသျှ တို့၏ သွေးခွဲစနစ်အရ သီးခြားချန်လှပ်ထားခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေမှာ ၄၀၀၄၁၅ ဦး ရှိကြောင်း သိရှိရသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က တိုင်းရင်းသား များအဖြစ် ကချင်၊ ကရင်၊ ကယား၊ ဝ၊ လီဆူး၊ နာဂ၊ ပဒေါင်၊ ဆလုံ၊ ချင်း၊ တောင်သူ၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းစသော လူမျိုးစု ၁၆ မျိုးနှင့် အစုငယ်ပေါင်း ၁၃၈ မျိုးရှိကြောင်း ဆိုသည်။
၁၉၄၁ ခုနှစ်တွင် အောက်မြန်မာပြည်လူဦးရေ ၈၉၁၇၅၃၃ ဦး၊ အထက်မြန်မာပြည်လူဦးရေ ၇၉ဝ၆၂၆၅ ဦး စုစုပေါင်း ၁၆၈၂၃၇၉၈ ဦး ရှိသည်။ ထိုစဉ်က မြန်မာပြည်၏ အကျယ်အဝန်းဧရိယာ ၂၃၃၄၉၂ စတုရန်းမိုင်တွင် စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၁၉၄၁ ခုနှစ် သန်းခေါင် စာရင်းများမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာမှုကြောင့် ဗြိတိသျှတို့ မြန်မာမြေပေါ်မှ ထွက်ခွာသွား ခဲ့ရသဖြင့် မှတ်တမ်းများပျောက်ပျက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်က ရန်ကုန်မြို့၏ လူဦးရေမှာမူ ၅ဝဝ၈ဝဝ ရှိကြောင်း ဆိုသည်။ သန်းခေါင်စာရင်း ကောက်ယူရခြင်းနှင့်ပတ်သက်၍ ဗြိတိသျှတို့၏ ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေကို သိရှိနိုင်ရေးနှင့် မြန်မာ့အဆီ အနှစ်များအား တတ်နိုင်သမျှ ထုတ်ယူကြရေး အတွက်သာဖြစ်ပါသည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှစ၍ သန်းခေါင်စာရင်းကောက်ယူရာတွင် စိစစ်ရရှိသည့်အချက်အလက်များအရ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များကို စီမံကိန်းများဖြင့် စနစ် တကျဖြည့်ဆည်းပေးနိုင်ရန် ကောက်ခံခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်
ပြည်တွင်းသောင်းကျန်းသူများကြောင့် မူလသတ်မှတ်ထားသော ၁၉၅၁ ခုနှစ်တွင် သန်းခေါင် စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ သန်းခေါင်စာရင်းမင်းကြီး ဦးကျော်ခိုင် ဦးဆောင်သောအဖွဲ့က စနစ်တကျ သန်းခေါင်စာရင်းကောက်ခံနိုင်ရန်အတွက် ပုံစံများ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ယင်းပုံစံတွင် လူဦးရေစာရင်းကိုသာမက ဘာသာစကား၊ စစ်မဖြစ်မီနေရပ်၊ စစ်ပြီးနေရပ်၊ ဝင်ငွေ၊ အလုပ်အကိုင် စသည့်အချက်အလက်များကိုပါ ထည့်သွင်းထားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်မှ မြန်မာပြည်တစ်ဝန်း သန်းခေါင်စာရင်းကောက်ယူ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူဦးရေ ၇၃၇ဝ၇၉ ဦး နေထိုင်ကြောင်း သိရှိရသည်။
၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့မှ မြို့နေ လူဦးရေစာရင်းကို ကောက်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စု ၂ဝဝဝ ကျော်ရှိ လူဦးရေစာရင်းအား ကောက်ယူခဲ့၏။ ၁၉၅၃-၁၉၅၄ ခုနှစ် များတွင် ကောက်ယူခဲ့ကြသည့် စာရင်းများမှာ တစ်ပြည်လုံးခန့်မှန်းခြေလူဦးရေ၏ ၁၅ ရာခိုင်နှုန်း ခန့်သာဖြစ်သည်။ ကျန်နယ်မြေများကို ၁၉၅၅ ခုနှစ်တွင် ဆက်လက်ကောက်ယူရန် ရည်ရွယ်ခဲ့သော် လည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် မကောက်ယူနိုင်ခဲ့ပေ။ ၁၉၅၇ ခုနှစ်တွင် နမူနာအဖြစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ကြသေးသည်။ ၁၉၆၁ ခုနှစ်တွင် စာရင်းကောက်ယူရန်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်လျှော့ခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်လာခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာန တို့ ပူးပေါင်းလျက် နလကနှင့် ကျောင်းဆရာ ဆရာမ များ၊ ကျောင်းသားများ အကူအညီဖြင့် (လူဦးရေ) စီးပွားရေးစစ်တမ်းကောက်ယူမှုပြုခဲ့သည်။
အပြည့်ကောက်လူဦးရေသန်းခေါင်စာရင်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ခံခဲ့သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၇၂ ခုနှစ်တွင် သန်းခေါင် စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တိုင်း ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါ သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်း ခွဲခြား၍ ထုတ်ပြန်ပေးခဲ့သည်။ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စုအလိုက် သတ်မှတ်ကောက်ယူခဲ့သည်ဆိုသည်။ ယခင်က သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူခဲ့ကြကြောင်း ဆိုသည်။ ယင်းမျိုးနွယ်စု ၁၃၅ မျိုးတွင် ကချင် ၁၂၊ ကယား ၉၊ ကရင် ၁၁၊ ချင်း ၅၃၊ ဗမာ ၉၊ မွန် ၁၊ ရခိုင် ၇၊ ရှမ်း ၃၃ မျိုး ပါဝင်သည်။ သန်းခေါင်စာရင်းတွင် အပြည့်ကောက်လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေသန်းခေါင်စာရင်း၊ နမူနာ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားစုံလင်စွာရှိရာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှာ အပြည့်ကောက်လူဦးရေ သန်းခေါင်စာရင်းအမျိုးအစား ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည့်ကောက်လူဦးရေသန်းခေါင် စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူရေးကို နံနက် ၄ နာရီမှ စတင်ခဲ့သည်။ စမ်းသပ်ကောက်ယူပုံကို ဗဟို သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းညွန့်၊ ကော်မတီဝင်များနှင့် လေ့လာရေးအဖွဲ့ဝင်များက လှည့်လည်လေ့လာကြည့်ရှုခဲ့ကြသည်။ ဒုတိယနေ့ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာသို့ ကမ္ဘာ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဒေသဆိုင်ရာအကြံပေးအရာရှိ မစ္စတာဗီယာနိုကာနစ္စတို လာရောက် လေ့လာခဲ့သည်။ ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဦးကိုကို၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးသန်းညွန့်နှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုကာ လိုအပ်သောအကူအညီများ ပေးအပ်ခဲ့ သည်။ ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူ ခဲ့ခြင်းမှာ ၁၉၇၄ ခုနှစ်တွင် ပြည်သူသို့ အာဏာ ပြန်အပ်ရေးအတွက် အဆင့်ဆင့်သော ပြည်သူ့ကောင်စီ၊ အဆင့်ဆင့်သောရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးစီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းတင်ခဲ့ကြသည်။
သန်းခေါင်စာရင်းဟူသောဝေါဟာရ
၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ၁၉၇၃ ခုနှစ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ ၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် မြန်မာတစ်နိုင်ငံလုံး၌ လူဦးရေ ၃၅ ဒသမ ၃ သန်း ကျော်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံ တစ်နိုင်ငံ၏တိုးတက်မှုကို ကိန်းဂဏန်းအရေအတွက်တို့ဖြင့် အကဲဖြတ်သကဲ့သို့ ဖွံ့ဖြိုးမှုကိုလည်း လူ့စွမ်းအားအရင်းအမြစ်တို့၏ အရည်အသွေးတို့ဖြင့် တိုင်းတာလေ့ရှိသည်။ ခိုင်မာပြီး အရည်အသွေးပြည့်ဝ သောစာရင်းအင်းများသည် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် မူဝါဒများကို ချမှတ်ရာ၌ အရေးပါလျက်ရှိရာ နိုင်ငံတိုင်းသည် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းကို အလေးထား ဆောင်ရွက်လေ့ရှိသည်။ အရည်အသွေးပြည့်ဝသော သန်းခေါင်စာရင်းများသည် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ရလဒ် ပြန်လည်ရရှိချက် လွန်စွာကြီးမားကြောင်းကိုလည်း ဖွံ့ဖြိုးမှုရှေ့တန်း ရောက်နေသည့်နိုင်ငံများကို ပမာထား၍ ရှုမြင်နိုင်သည်။ သန်းခေါင်စာရင်းဟူသော ဝေါဟာရသည် ၁ဝ နှစ်တစ်ကြိမ် လူဦးရေ ရေတွက်ခြင်း သို့မဟုတ် လူဦးရေစာရင်းများ ကောက်ယူခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူဦးရေအားလုံး၏အသက်၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ယောက်ျား၊ မိန်းမ၊ အလုပ် အကိုင်မှအစ တစ်ယောက်ချင်းစီနှင့် သက်ဆိုင်သမျှ အကြောင်းအရာစုံလင်စွာ မှတ်သားထားသော စာရင်းကို သန်းခေါင်စာရင်းဟု ခေါ်ဆိုကြသည်။
လွတ်လပ်ရေးရပြီးနောက် ၁၉၇၃ ခုနှစ်၊ ၁၉၈၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင်မူ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃ဝ တိုင်အောင် သန်းခေါင်စာရင်းကောက်ယူ နိုင်ခြင်းမရှိခဲ့ပေ။
၂၀၁၄ ခုနှစ်တွင် ကောက်ယူနိုင်ခဲ့သော သန်းခေါင်စာရင်းပါ အချက်အလက်များသည် မြန်မာ့သမိုင်းတစ်လျှောက် အပြည့်စုံဆုံးနှင့် အခိုင်မာဆုံး စာရင်းမှတ်တမ်းများဖြစ်သည်။ လူဦးရေ သန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစုစစ်တမ်းအပါအဝင် အခြားသောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မွေးနှုန်း၊ သေနှုန်း၊ ရွှေ့ပြောင်းသွားလာမှု၊ အိမ်အကြောင်းအရာ စသည်ဖြင့် အရည်အသွေးမီအချက်အလက်များဖြင့် ကောက်ယူ ထုတ်ပြန်နိုင်ခဲ့သည်။
နိုင်ငံတွင်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်းအရာများ ပြည့်စုံမှန်ကန်စွာ ရရှိထားမှသာ နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နယ်မြေဒေသများရှိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို အစဉ်အမြဲ မှန်ကန်ပြည့်စုံအောင် ကောက်ယူထားနိုင်မှသာ ဒေသခံပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေးစသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ပြည်သူတို့သည် များသောအားဖြင့် မိမိတို့ဒေသတွင်သာ အတည်တကျနေထိုင်ကြရာမှ ပြောင်းလဲလာသော လူမှုဘဝအခြေအနေများအရ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုများ ရှိလာကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်
လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များ မှန်ကန်စွာရရှိရန်အတွက် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းကို ဆယ်စုနှစ်အလိုက် ဆောင်ရွက်ကြသည်။ တိုးပွားနေသောလူဦး ရေနှင့် အတည်တကျမရှိသော ရွှေ့ပြောင်းသွားလာ နေထိုင်မှုများကြောင့် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိရန်အတွက် အခက်အခဲများရှိမည်ဖြစ်ရာ မှန်ကန်သောအချက်အလက်များ ရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်၌ ၁ဝ နှစ် ပြည့်ပြီဖြစ်၍ ပြောင်းလဲလာသော ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ လာမည့်ကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေး၊ နိုင်ငံသားတိုင်း အသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုး မဖြစ်မနေရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် သတ်မှတ်ကာလအတွင်းဆောင်ရွက်ခဲ့ရာ တိုင်းလုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။
၂ဝ၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်းကောက်ယူရာ၌ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူရမည်ဖြစ်ရာ လုပ်ငန်းပမာဏ အများဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်၍ မြေပုံရေးဆွဲ ပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းများကို အချိန်အကြာဆုံး၊ လူအင်အားနှင့် ငွေအင်အားအများဆုံး အသုံးပြုနေကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူစဉ်က GIS နည်းပညာဖြင့် မြေပုံရေးဆွဲ ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်/ကျေးရွာ တည်နေရာပွိုင့်များ ကောက်ယူခြင်းကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နိုင်ရန် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအောင်မြင်စေရန် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်နေစဉ် အခြားအများပြည်သူနှင့် သက်ဆိုင်သည့် အဖွဲ့ အစည်းများကလည်း လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိခြင်းသည် နိုင်ငံအတွက် အရေးပါပြီး ပြည်သူများ အကျိုးစီးပွားအတွက် များစွာအထောက်အကူပြုပုံတို့ကို အသိ ပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံပြုလုပ် ပေးသင့်သည်။ ပြည်သူများအမြင်တွင် နားလည် သဘောပေါက်ပြီး လုပ်ငန်းများအောင်မြင်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်မှု အားကောင်း လာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါလျက်ရှိရာ အများပြည်သူနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးခြင်း၊ အကောင်းဆုံးကူညီဆောင်ရွက်ပေးခြင်း၊ အကောင်းဆုံးနွေးထွေး ပျူငှာစွာဆက်ဆံခြင်းဖြင့် ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အချိန် ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်
၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို နိုင်ငံ တော်စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ လုပ်ငန်းဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ်လေးရပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်က ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ ကြာပြီးနောက် ၂၀၁၄ ခုနှစ်တွင် သန်းခေါင် စာရင်းအရ နိုင်ငံလူဦးရေ ၅၁ ဒသမ ၅ သန်းရှိပြီး ပေါ်ထွက်လာသော စာရင်းအချက်အလက်ရလဒ် များအရ နိုင်ငံနှင့်လူမျိုးအတွက် သတိပြုဆင်ခြင် ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းဆောင်ရွက်ရမည့် အကြောင်းအရာများ ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာက စီစဉ်လျက်ရှိသည်။ တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များသည် တိုင်းပြည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ ကုလသမဂ္ဂအဖွဲ့ ကြီးကလည်း နိုင်ငံအသီးသီးအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးတက်မှုကို တိုင်းတာရန် အတွက် ၁ဝ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အကြံပြုထားသည်။ နိုင်ငံတစ်နိုင်ငံ တွင် မည်သည့်လုပ်ငန်း၊ မည်သည့်စီမံကိန်းများကို ဆောင်ရွက်သည်ဖြစ်စေ သန်းခေါင်စာရင်းနှင့် ကင်းကွာ၍မရပေ။ သန်းခေါင်စာရင်းကိုသာ အခြေခံ၍ တိုင်းပြည်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ရေးဆွဲ အကောင်အထည်ဖော်ကြရသည်။ သန်းခေါင်စာရင်း ကောက်ယူမှုသည် ပြည်သူတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်းများစွာ အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစီမံချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
မေယု-မျိုးအောင် (MANA)