အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင် (၃)
နိုင်ငံတကာအဖွဲ့အစည်းများနှင့်
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအစိုးရ ချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Government to Government)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။
နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံက “ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်သည့် တောင်သူများသို့ ထောက်ပံ့ခြင်း” တွင် တစ်ကြိမ်လျှင် ဆန်တန်ချိန် တစ်သောင်းနှင့် နှစ်ကြိမ်အတွက် ဆန်တန်ချိန် နှစ်သောင်း ထောက်ပံ့ပေးခဲ့ပါသည်။
ပထမအကြိမ်အဖြစ် ၂၀၀၆ ခုနှစ်တွင် ထောက်ပံ့ ပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဇွန်လမှ စက်တင်ဘာလ အတွင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် မူဆယ်ဒေသများအပါအဝင် ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါသည်။
ကချင်ပြည်နယ် ဗန်းမော်ဒေသတွင် မန်ဝိန်းကြီး၊ လွယ်ဂျယ်နှင့် လိုင်ဇာတို့ကို ဆန်ဖြန့်ဝေရေး စခန်းများ သတ်မှတ်ခဲ့သည်။ စာရေးသူသည် မံဝိန်းကြီး ဆန်ဝေရေးစခန်းတွင် ဒုတိယအကြိမ် ဆန် ဖြန့်ဝေရေးတာဝန် ထမ်းဆောင်ခဲ့ရပါသည်။
မန်ဝိန်းကြီး
မန်ဝိန်းကြီးသည် ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အစပ်ရှိ ကျေးရွာ ကြီးဖြစ်သည်။ တရုတ်ပြည်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ မန်ဝိန်းကြီးနှင့် ဗန်းမော်သည် ၆၅ မိုင်ခန့် ကွာဝေးပါသည်။
မန်စီ၊ ချောင်းထောက်၊ မဒန်ယန်၊ ကိုက်ထိပ်နှင့် လဂတ်ဒေါ့ကျေးရွာများသည် ဗန်းမော်မှ မန်ဝိန်းကြီး သို့ သွားသည့်ကားလမ်းပေါ်တွင်ရှိသည်။ လမ်းကကြမ်းလှ၏။ တောင်များကို ခွင်းထားသည့် တောင်ကြားလမ်းများမှ သွားရသည်။ မတ်စောက်ကြမ်းတမ်းသည့် တောင်ပေါ်လမ်း၊ ကျောက်ကြမ်း လမ်းများကိုဖြတ်ရသည်။ အခက်ချင်းယှက်၊ အပင်ချင်းဆက်နေသော စိမ်းညို့အုပ်ဆိုင်းနေသည့် သစ်တော၊ ဝါးတောများကို ဖြတ်သန်းရပါသည်။ ဆောင်းရာသီကာလမို့ထင်၏။ တောင်ခြေအောက် ချိုင့်ဝှမ်းများ၌ မြူနှင်းများက ပိန်းပိတ်နေသည်။ တောင်ပေါ်တွင်လည်း ချမ်းမြမြ အေးစိမ့်စိမ့်နှင့်။
ဗန်းမော်မှ မန်ဝိန်းကြီးအထိ ဂျစ်ကားဖြင့် ခရီးသွားချိန် ငါးနာရီခန့်ကြာပါသည်။
ဤသို့ဖြင့် ဆန်ဖြန့်ဝေရေးတာဝန်အရ ကျေးရွာအလိုက် စာရင်းများကောက်ခဲ့ရသည်။ အုပ်စုအလိုက် အလှည့်ကျ ဆန်များထုတ်ပေးရသည်။
ဆန်ဖြန့်ဝေရာတွင် တွေ့မြင်ရသည့် ဒေသခံများ၏ ပျော်ရွှင်မှု၊ ရိုးသားဖော်ရွေမှု၊ ချစ်ခင်ဖွယ် ကောင်းသည့် အပြုအမူများက ကြည်နူးဖွယ်ပင်။ ဆန်ဖြန့်ဝေရေးတာဝန်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်ခဲ့ရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ နှစ်လနီးပါးခန့် အတူစား၊ အတူသွား၊ အတူလာ၊ အတူအိပ်ခဲ့ရသည်။ လက်နက်ကိုင်ဆောင်ပြီး တင်းမာသည်ဟု ထင်ရသည့် လူကြမ်းကြီးများ၏ နူးညံ့သော စိတ်ခံစားချက်များကိုလည်း အနီးကပ် တွေ့ခဲ့ရသည်။ အတွေးနှင့် နှလုံးသားထဲ၌ အမြဲ အမှတ်ရနေမိသည်။ သူတို့သည်လည်း မိမိနေထိုင်ရာ အရပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်လိုသောဆန္ဒများ ရှိပေလိမ့်မည်။ ဒေသတွင်း ငြိမ်းချမ်းလိုသော တောင့်တမှုများ ရှိပေလိမ့်မည်။
ဤမန်ဝိန်းကြီးဒေသတွင် အခြားဒေသများနည်းတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ မန်ဝိန်းကြီးမှ ပန်ခမ်းတံတား နယ်စပ်အထိ ကတ္တရာခင်းခြင်း သုံးမိုင် သုံးဖာလုံ၊ ကွန်ကရစ်ခင်းခြင်း ငါးဖာလုံနှင့် ရေထုတ်ပြွန် ခုနစ်စင်း၊ မန်ဝိန်းကြီး- နမ့်ခမ်းပါကျေးရွာချင်းဆက် လမ်းကတ္တရာ သုံးမိုင်ခင်းခြင်းတို့ကို ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်၏။ သုံးစွဲခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှာ ကျပ် ၁၉၀၉ ဒသမ ၉၄၇ သန်းဖြစ်ပါသည်။
မန်စီ
မန်ဝိန်းကြီးသို့ ခရီးသွားတိုင်း မန်စီမြို့ကို ဖြတ်ရသည်။ ဗန်းမော်- မန္တလေး ကားလမ်းဘေးက ချစ်စရာမြို့လေးပင်။ “မန်စီ”၏ မူရင်းနာမည်ဖြစ်သော “မန့်ကျေ့” ဟူသည်မှာ ရှမ်းဘာသာစကား ဖြစ်ပြီး “မန့်”၏အဓိပ္ပာယ်မှာ “ရွာ”၊ “ကျေ့”၏ အဓိပ္ပာယ်မှာ “စက္ကူ” ဖြစ်ပါသည်။ “စက္ကူလုပ်သော ရွာ”ဟု ဆိုလိုပါသည်။ “မန့်ကျေ့”ကို ကာလပြောင်းလဲ လာသည့်အခါ “မန့်ကျေ” ဟူ၍ခေါ်လာကြပါသည်။ “ကျေ”ဟူသည် “မြို့”ဟု အဓိပ္ပာယ်ရပါသည်။ ဌာနေ တိုင်းရင်းသားများကလည်း “မန့်ကျေ” ဟူ၍သာ ယနေ့တိုင် ခေါ်ဝေါ်နေကြဆဲဖြစ်ပါသည်။ ယခင်က “မန်စီ”တွင် ဖဖရရုံးမရှိသေးသော်လည်း ၂၀၁၆ ခုနှစ်တွင် မြို့နယ်ဖဖရရုံး ဖွင့်လှစ်ထားပြီးဖြစ်သည်။
မန်စီမြို့နယ်တွင်လည်း ဒေသခံများ အခြေခံလိုအပ်သည့် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး၊ ရေရရှိရေး၊ မီးလင်းရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ မိုင်းခေါင်- ဂျေစွမ်း ကျေးရွာချင်းဆက်လမ်း တစ်မိုင် ကတ္တရာလမ်းနှင့် တံတားသုံးစင်း တည်ဆောက်ခြင်း၊ ကိုက်ထိပ်တိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ၊ မံသာကျေးရွာ ကျန်းမာရေးဌာနခွဲ တည်ဆောက်ပေးခြင်း၊ ကိုက်ထိပ်၊ ဆဝမ်ကောင်၊ စီကော်၊ မုံတိမ်ပါ၊ မိုင်းခေါင် စသည့် ကျေးရွာများတွင် အခြေခံပညာမူလတန်း ကျောင်းဆောင်များ၊ အလယ်တန်းကျောင်းဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို ဆောင်ရွက်ပေးခြင်း၊ ဂါးယားယန်ရွာတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရရှိစေနိုင်ရေး စိမ့်စမ်းရေသွယ်ယူပေးခြင်း၊ သစ်ဆုံကျေးရွာ၊ ကောင်းတုံနှင့် တန်းသော်ရွာ မီးလင်းရေးအတွက် ကေဗွီအေမီးစက်တစ်လုံးစီ လှူဒါန်းပေးခဲ့ခြင်း စသည့်လုပ်ငန်းများ ဖြစ်ပါသည်။ ထို့အပြင် အထွေထွေလုပ်ငန်းများအနေဖြင့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် မန်စီမြို့နယ်ခန်းမကြီးကို အောင်မြင်စွာတည်ဆောက်ပေးခဲ့ပါသည်။
၁၉၉၀-၁၉၉၁ မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အထိ မန်စီမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေကျပ် ၅၂၃ ဒသမ ၇၆၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
မြို့လှ
ကောင်းတုံသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး မြို့လှသည် ဧရာဝတီမြစ် အနောက် ဘက်ကမ်းတွင် တည်ရှိသည်။
၂၀၁၀ ပြည့်နှစ် နွေဦးကာလတွင် မြို့လှမြို့နယ်ခွဲ ရုံး၌ အလှည့်ကျတာဝန် ထမ်းဆောင်ခွင့်ရသည်။ မြို့လှသည် ဗန်းမော်ခရိုင်၊ ကသာခရိုင်အစပ်တွင် တည်ရှိသည်။ ဗန်းမော်မှ မြို့လှသို့သွားရန်အတွက် စက်လှေလမ်းကြောင်းသာရှိသည်။ ၁၃ နာရီခန့် စက်လှေစီးရသည်။ ဗန်းမော်မှ နံနက် ၇ နာရီထွက် ပါက ည ၈ နာရီခန့်မှ မြို့လှသို့ ရောက်ပါသည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းကျောင်း ကုန်းရွာတွင် မြို့လှအဝင် ကောက်ကွေ့ချောင်းဝ ရှိသည်။ အကွေ့ ၉၉ ကွေ့ရှိသော ထိုချောင်းကို ကောက်ကွေ့ချောင်းဟု ခေါ်ခြင်းဖြစ်သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဤ “မြို့နယ်ခွဲ”များ ဖွင့်လှစ်ခဲ့ခြင်းပင်ဖြစ်ပါသည်။ မြို့လှဒေသကား မြေပြန့်နှင့် ကုန်းမြင့်များသာရှိပါသည်။ တောင်တန်း များ မရှိပေ။ သစ်တော၊ ဝါးသော အလွန်ပေါများ သောအရပ်ဖြစ်၏။ မြို့လှဒေသသည်လည်း ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်သော ဒေသတစ်ခုပင်။
ထို့ကြောင့် မြို့လှဒေသအတွက် လမ်းတံတားကဏ္ဍတွင် ကောက်ကွေ့ချောင်းကူး (မြို့လှ) ပေ ၁၅၀ တံတား၊ မြို့လှ- အုတ်ချီ မြေသားလမ်း ၁၃ မိုင် ဖောက်လုပ်လမ်းတာချဲ့ခြင်း၊ ထိုလမ်းပိုင်း ပေါ်တွင် တံတား သုံးစင်းနှင့် ရေထုတ်ပြွန် ၁၈ စင်း တည်ဆောက်ပေးခြင်း၊ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး အမတ်ကြီး ကုန်းကျေးရွာတွင် ဆေးပေးခန်းနှင့် ဝန်ထမ်း အိမ်ရာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ဆရာ ဆရာမနေအိမ်များ တည်ဆောက်ပေးခြင်း၊ မြို့လှဘုန်းကြီးကျောင်း တည်ဆောက်ပေးခြင်းနှင့် မြို့လှသိမ်တော်ကို အုတ်ညှပ်သွပ်မိုးအဖြစ် ပြင်ဆင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။
မြို့လှမြို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၅၆၃ ဒသမ ၈၅၂ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပါသည်။
ဤသို့ အေးချမ်းသာယာလှပသည့် အစိမ်းရောင် လွင်ပြင်ရှိသော ဗန်းမော်ဒေသ၏ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲအသီးသီးတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း လှည့်လည်တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် စာရေးသူသည် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း
ဗန်းမော်မှ အပြန်ခရီးကား ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောခရီးဖြစ်၏။ ရာသီကား ဧရာဝတီမြစ် ကြီး ရေကျချိန်ဖြစ်သည်။ ရေကျသဖြင့် သဲသောင်ပြင်တို့ကို ထင်ထင်ရှားရှား ပီပီပြင်ပြင် မြင်ရသည်။ သောင်မတင်စေရန် သင်္ဘောကို ဖြည်းဖြည်းသာ ခုတ်မောင်းကြရ၏။ နေရောင်တို့ကြောင့် သဲသောင်ပြင်တို့သည် အဝါရောင်လက်လက်ထနေ၏။ ထို့ကြောင့် ဧရာဝတီမြစ်အား အချို့က ရွှေမှုန်များဖြင့် လင်းလက်နေသောရွှေသဲမြစ်ဟု တင်စားကြခြင်း ဖြစ်ပေလိမ့်မည်။
ဒုတိယမြစ်ကျဉ်းသည် ဗန်းမော်နှင့် ရွှေကူအကြား စင်းခန်းရွာအနီး၌ရှိပါသည်။ ထိုမြစ်ကျဉ်းတွင် နတ်မျက်နှာတောင်နှင့် ဥဒေါင်းတောင်များရှိလေ သည်။ မြတ်စွာဘုရားရှင် ဥဒေါင်းမင်းဘဝဖြစ်စဉ်က စံခဲ့ဖူးသဖြင့် ဥဒေါင်းတောင်ဟုခေါ်ကြောင်း ပြောစမှတ်ရှိကြသည်။ မြစ်ကမ်းတစ်လျှောက် စိမ်းနက်နက် မြမှောင်မှောင် ကိုင်းတောများက လေယူရာယိမ်းနွဲ့ ယိမ်းအက ကနေသလိုပင်။ ဝဲ/ယာ ရှုခင်းများကလည်း လှပလွန်းလေစွ။
အတိတ်ကာလမြင်ကွင်းများကို ပြန်လည်ခံစားရင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗန်းမော်ဒေသ၏ ရင်ခွင်သို့ ပြန်သွားချင်ပါသေးတော့သည်။
၃၁ နှစ်တာ ဖွံ့ဖြိုးရေးခရီး
လွန်ခဲ့သော ၃၁ နှစ်က နယ်စပ်ရေးရာဝန်ကြီးဌာန အဖြစ်သို့ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ၂၄-၉-၁၉၉၂ ခုနှစ် တွင် စတင်သန္ဓေတည် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားဝန်ထမ်းများသာမက အမျိုးသမီးဝန်ထမ်းများသည် လည်း နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးတာဝန်များ သွားရောက်ထမ်းဆောင်ခဲ့ရသည်။ သူတို့ စတင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကြုံတွေ့ရသည့်အဖြစ်အပျက်၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့မှု ဖြစ်စဉ်များကား စာရေးသူတို့အတွက် “ဖွံ့ဖြိုးရေး ဒိုင်ယာရီ” များပင်ဖြစ်သည်။
Senior များထံမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းများ၊ ငြိမ်းချမ်းမှုအထောက်အကူပြု လုပ် ငန်းများအကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတစ်ခုနှင့်တစ်ခုကွဲပြားမှု၊ မတူညီမှုအကြောင်းများ၊ ထိုဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်ဆက်စပ်နေသည့် လုပ်ငန်းများအကြောင်း၊ နယ်စပ်ဒေသများတွင် သွားရောက်အကောင်အထည် ဖော်ခဲ့ကြသည့် ဝန်ထမ်းများနှင့် သူတို့ထိစပ် ဆက်သွယ်နှီးနွှယ်ခဲ့ကြသည့် ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများအကြောင်း၊ ဒေသခံတို့၏ ဗီဇ၊ နိုင်ငံတော်အပေါ်ထားရှိသည့် စိတ်သဘောထားများ၊ ဓလေ့ထုံးတမ်းများ၊ ရှင်သန်ခြင်းအတွက် ပေးဆပ်မှုများ၊ သူတို့နှင့် စာရေးသူတို့အကြား ကွာဟချက်များ၊ မတူညီမှုများကို အများကြီး နားလည်းသိရှိခဲ့ရသည်။
ဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အကောင်း-အဆိုး၊ အကျိုး-အပြစ်တို့ကို ကွဲကွဲပြားပြား သိမြင်ခွင့်ရခဲ့ပါသည်။
ပန်းများအမြဲပွင့်ပါစေ
လက်ရှိကာလတွင် ဗန်းမော်ဒေသများ၌ တည်ငြိမ်မှု၊ အေးချမ်းမှု လျော့ပါးနေကြောင်း သတင်းများ ကြားသိရပါသည်။ ဒေသတည်ငြိမ်မှု မရှိလျှင်တော့ ငြိမ်းချမ်းမှုမရှိနိုင်၊ မငြိမ်းချမ်းမှ ငြိမ်းချမ်းခြင်း၏ အရသာကို ပိုသိနိုင်ပါလိမ့်မည်။
ဒေသတစ်ခု ငြိမ်းချမ်းသာယာသည်၊ ဒေသတွင်း လူနေမှုအဆင့်အတန်း မြင့်မားသည်၊ ဒေသရှိ လူ့အဖွဲ့အစည်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်သည်ဆိုရာတွင် ထိုဒေသရှိဒေသခံများနှင့် အဖွဲ့အစည်း များက ပို၍အဓိကကျပေလိမ့်မည်။ လမ်းကောင်း၊ လမ်းမှန်ကို ရွေးချယ်နိုင်ရန်လိုပေလိမ့်မည်။ နိဒါန်း ကို ပြန်ပြင်၍မရတော့သော်လည်း နိဂုံးကိုပြင်ဆင် ရန် အချိန်များစွာ၊ အခွင့်အရေးများစွာ ရှိနေပါ သည်။ မုန်တိုင်းထန်သော အချိန်များရှိသလို ပန်းများပွင့်သောကာလများလည်း များစွာရှိပါလိမ့်သည်။
စာရေးသူ ကြိုက်နှစ်သက်သည့် ကဗျာတစ်ပုဒ် ရှိပါသည်။ ကဗျာဆရာ “မြင့်ဦးဦးမြင့်” ဖြစ်၏။
မုန်တိုင်းကြမ်း၍
ပန်းများကြွေလွင့်သွားသော်လည်း
မုန်တိုင်းငြိမ်သက်၊ နောက်မနက်တွင်
ပေါင်းပင်မြက်ကြား၊ ရှင်သန်ထွားလျက်
ပန်းများပွင့်နေပြန်လေ၏။
စစ်ပွဲများဆိုသည်ကား ရှိနေပါလိမ့်မည်။ ထို့အတူ ငြိမ်းချမ်းရေးဆိုသည်လည်း ရှိနေပါဦးမည်။ ငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း များစွာဆက်လက်ဆောင်ရွက်ပေးနေရပါဦး မည်။ နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပါလိမ့်မည်။ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများလည်း တိုးတက်လာပေလိမ့်မည်။
တစ်ချိန်ချိန်တွင် အစိမ်းရောင်လွင်ပြင် ဗန်းမော်ဒေသသည် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်စည်ပင် သာယာလှပလာပေဦးမည်ဟု ယုံကြည်မိပါတော့သည်။ ။
ဝထကလသ(နတလ)