ရှမ်းပြည်တောင်ပိုင်း ကလောခရိုင်မှ အောင်ပန်း-ပင်မှီ-အင်းတိန်လမ်း ခရိုင်လမ်းဦးစီးမှ အဆင့်မြှင့်တင်
ရှမ်းပြည်နယ်သည် ၁၉၃၇ ခုနှစ် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီးနောက် တောင်ကြီး မြို့နယ်တွင် ဗဟိုပြု၍ တိုင်းမင်းကြီးက အုပ်ချုပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာသောအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခု၊ နေပြည်တော်ကောင်စီနယ်မြေ တစ်ခုတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၄-၂-၂၀၁၃) ရက်စွဲပါ စာအမှတ် (၁၀၀/၆-၄) (၃၂၀) ရေး ၁ ဖြင့် ရှမ်းပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
ခရိုင် ခြောက်ခရိုင်ဖြင့် ဖွဲ့စည်း
ရှမ်းပြည်နယ်(တောင်ပိုင်း)သည် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ ကလောခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင် စသည့် ခရိုင်ခြောက်ခရိုင်ဖြင့် ဖွဲ့စည်းထားပြီး ကလောခရိုင်ဆိုင်ရာ အချက် အလက်များမှာ ဧရိယာ ၁၉၅၁ ဒသမ ၁၁၂ စတုရန်း မိုင်၊ လူဦးရေ ၄၆၆၅၉၂ ဦး၊ လမ်းဦးစီးဌာနပိုင် လမ်းအရှည်စုစုပေါင်း ၃၁၇ မိုင် ၁ ဖာလုံ၊ လမ်းဦးစီးဌာနပိုင် AC လမ်းအရှည် ၄၆ မိုင် ၁ ဖာလုံ၊ လမ်းဦးစီးဌာနပိုင်ကွန်ကရစ်လမ်းအရှည် ၁၄ မိုင် ၄ ဒသမ ၅၈ ဖာလုံ၊ ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းများ သုံးလမ်း (၁ဝ၈ မိုင် ၇ ဖာလုံ)၊ ပြည်နယ်မှ စီမံခန့်ခွဲသောလမ်းများ ၁၆ လမ်း (၂၀၈ မိုင် ၂ ဖာလုံ)၊ အထင်ကရနေရာများမှာ နှီးဘုရား၊ အင်းလေးကန်၊ မြင်းမထိဂူတို့ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများပါဝင်သော အဖွဲ့သည် ၃၀-၉-၂၀၂၁ ရက်နေ့မှ ၃-၁၀-၂၀၂၁ ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်များအရ အောင်ပန်း-ပင်မှီ-အင်းတိန်လမ်း ၂၁ မိုင် ၂ ဖာလုံအနက် ၁၁ မိုင် ၅ ဖာလုံအား ကွန်ကရစ်လမ်းခင်းပြီး ကျန်ကိုးမိုင်ငါးဖာလုံအား ကွန်ကရစ်လမ်းခင်းပေးရန် လမ်းညွှန်ခဲ့သည်။
အောင်ပန်း-ပင်မှီ-အင်းတိန်လမ်းသည် ၂၁/၂ မိုင်ရှည်ပြီး ကလောမြို့နယ် အောင်ပန်းမြို့နှင့် ညောင်ရွှေမြို့နယ် အင်းတိန်ဒေသကို ဆက်သွယ်ပေးသော အနီးဆုံးလမ်းတစ်လမ်း ဖြစ်သည်။ ပြည်နယ်မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအဆင့်အတန်း သတ်မှတ်ချက်အနေဖြင့် မြို့နယ်-ကျေးရွာတို့သို့ ဆက်သွယ်ပေးသောလမ်းဖြစ်သည်။
အောင်ပန်းမြို့မှ အင်းတိန်သို့ မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင် (၉၉/၂)မှတစ်ဆင့် တောင်လေးလုံး-ရေပူ-ခေါင်တိုင် လမ်း၊ ခေါင်တိုင်-အင်းတိန်လမ်းမှသွားပါက ၄၃ မိုင်ခန့်၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း အောင်ပန်းမြို့ မိုင်တိုင် (၇၇/၄)မှတစ်ဆင့် အောင်ပန်း-ပင်မှီ-အင်းတိန်လမ်းမှသွားပါက (၂၁/၂ မိုင်) သွားရပါသဖြင့် မိုင်အားဖြင့် နှစ်မိုင်ခန့်၊ အချိန် အားဖြင့် ၄၅ မိနစ်ခန့် သက်သာပါသည်။ သဘာဝအခြေခံခရီးသွားဒေသများဖြစ်သည့် ကလောဒေသနှင့် အင်းလေးဒေသကို အနီးဆုံးဆက်သွယ်ပေးသော လမ်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ခုနစ်ရွာ၊ အိမ်ခြေ ၃ဝ၈၃ အိမ်၊ အိမ်ထောင်စု ၃၁၄၉ စုနှင့် လူဦးရေ ၁၃၆ဝ၃ ဦးအား တိုက်ရိုက်အကျိုးပြုကာ အင်းလေးဒေသအတွင်းရှိ ဒေသထွက်ကုန်စည်များ အောင်ပန်းမြို့သို့ လွယ်ကူလျင်မြန်စွာ စီးဆင်းနိုင်မည်ဖြစ်သည်။ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်သော လမ်းတစ်လမ်း ဖြစ်သည်။
ထို့ကြောင့် ကျန်ရှိနေသည့်အမာခံလမ်း ကိုးမိုင်ငါးဖာလုံအနက် တစ်မိုင်တစ်ဖာလုံအား ၂၀၂၁-၂၀၂၂ (ခြောက်လ) ဘဏ္ဍာနှစ်တွင် ၁၂ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမာခံလမ်း ရှစ်မိုင်လေးဖာလုံအနက် ခုနစ်မိုင်အား ၁၂ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တစ်မိုင် လေးဖာလုံအား ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ၂၁ မိုင် ၂ ဖာလုံအား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ရေးသားမျှဝေလိုက်ရပါသည်။ ။
ခရမ်းစိုးမြင့်