မကြာမီ ပြီးစီးတော့မည့် မြို့ရှောင်လမ်းကွန်ရက်များနှင့် ဖွံ့ဖြိုးလာမည့် ဒေသစီးပွား
ဗညားဦး
လူဦးရေထူထပ်သည့် ပဲခူးမြို့ပြကို ရှောင်ရှားပြီး အရှေ့မြို့ရှောင်လမ်းနှင့် အနောက်မြို့ရှောင် လမ်းနှစ်ခုကို လမ်းကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ဖောက်လုပ်ပေး ခြင်းဖြင့် ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်တို့ အဆင်ပြေပြေ ဖြတ်သန်းသွားလာနိုင်ရေးကို ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပဲခူးမြို့တွင်းသို့ နေ့စဉ်ခန့်မှန်း ယာဉ်အစီးရေတစ်သောင်းကျော်စီးဝင်ပြီး ကုန်စည်သယ်ယူပို့ဆောင်သည့် ယာဉ်ကြီးများကြောင့်မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခြင်းကို ကျော်လွှား သွားနိုင်ရန်ဖြစ်သည်။
မြို့ရှောင်လမ်းတွေကတစ်ဆင့် သွားလာနိုင်ပြီ
“အခု ဘဏ္ဍာနှစ်ကုန်ရင် ပဲခူးမြို့ရှောင်လမ်း ကွန်ရက်က အရှေ့နဲ့အနောက် ချိတ်ဆက်မိသွားပြီး လမ်းအသုံးပြုသူတွေဟာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါပြီ။ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က မတ်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ရာခိုင်နှုန်းပြည့် ပြီးစီးဖို့ ကျန်နေတဲ့ ၂၀ ရာခိုင်နှုန်းကို မတ်လ နောက်ဆုံးထားပြီးစီးအောင် ဆောင်ရွက်ရမှာပါ။ ရာခိုင်နှုန်းပြည့် ပြီးစီးသွားတာနဲ့ခရမ်း၊ သုံးခွဘက် ကလာတဲ့ ကုန်ကားတွေ၊ သီလဝါဘက်ကလာတဲ့ ကုန်ကားတွေအနေနဲ့ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင် လမ်းကနေ ပဲခူးမြို့ထဲ ဖြတ်သွားစရာမလိုဘဲ မြို့ရှောင်လမ်းတွေ ကနေတစ်ဆင့် သွားလာနိုင်ပါပြီ” ဟု ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေး မှူး(မြို့ပြ) ဦးတိုးတိုးကပြောသည်။
ရန်ကုန်(သီလဝါ) ဆိပ်ကမ်းမှ ကုန်တင်ယာဉ် ကားကြီးများသည် ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်းမှတစ်ဆင့် အရှေ့မြို့ရှောင်လမ်းကို အသုံးပြုပြီးပဲခူးမြို့တွင်းကို ရှောင်ကွင်းကာ ရန်ကုန်- မန္တလေးလမ်းဟောင်းသို့ လွယ်ကူချောမွေ့စွာ သွားရောက်နိုင်တော့မည်ဖြစ်သည်။
“ကျွန်မတို့မြို့က ရန်ကုန်နဲ့နီးတဲ့ မြို့ပြဖြစ်တဲ့အတွက် ယာဉ်သွားလာမှုကများတယ်။ ကုန်သယ် ကုန်ချ ကားတွေလည်း မြို့ထဲက ဖြတ်သန်းသွားရတဲ့အခါ ယာဉ်ကြောလည်း ကျပ်တယ်။ ယာဉ် မတော်တဆမှုလည်းကြောက်ရတယ်။ ကားကြီးတွေ မြို့ထဲဝင်စရာမလိုဘဲ မြို့ရှောင်လမ်းကနေ မကြာခင်သွားလာနိုင်တော့မှာဆိုတော့ ကားမောင်းတဲ့ သူတွေလည်းအဆင်ပြေတယ်။ မြို့ထဲနေတဲ့ သူလည်း လမ်းသွားရတာ အဆင်ပြေတယ်။ မြို့ထဲမှာကားကြီးတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရှုပ်ယှက်ခတ်နေတာ။ အမြဲသတိထားရတယ်” ဟု ပဲခူးမြို့မှ ဒေါ်မြင့်မြင့်မော်က ပြောသည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ဒေသတွင်း လမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် AC လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက် ချောလမ်း၊ အမာခံလမ်း၊ မြေလမ်းစသည့် လမ်းအမျိုးအစားများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိပြီး အရှေ့မြို့ရှောင်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ကာ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လမ်းပိုင်းကို အပြီးဆောင်ရွက်သွားမှာဖြစ်
“အခု ဘဏ္ဍာနှစ်ကုန်ဖို့ ခြောက်လလောက် ဝန်းကျင်လိုသေးတယ်။ ဒီကာလအတွင်းမှာ ကျန်တဲ့ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိတယ်။ အနောက်မြို့ ရှောင်လမ်းနဲ့ ချိတ်ဆက်မိဖို့ ဆောင်ရွက်ဆဲ ဖြစ်နေတဲ့ အရှေ့မြို့ရှောင်လမ်းပိုင်းကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမှာကတစ်ခုပါ။ နောက်တစ်ခုကတော့ အနောက်မြို့ရှောင်လမ်းကနေ အမြန်လမ်း ပိုင်း လသာကုန်း Under Pass အထိရောက်ရှိမယ့် လမ်းပိုင်းကိုလည်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး(မြို့ပြ)က ရှင်းပြသည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့် ပဲခူးအရှေ့ မြို့ရှောင်လမ်းဆောင်ရွက်ရာတွင် သမိန်းဗရမ်း-ဆံတော်တွင်းအပိုင်း နှစ်မိုင်လေးဖာလုံ၊ ဆံတော်တွင်း - သနပ်ပင်အပိုင်း နှစ်မိုင် နှစ်ဖာလုံ၊ သနပ်ပင် - ကလိအပိုင်းခြောက်မိုင်ဟူ၍ အပိုင်း သုံးပိုင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး သမိန်းဗရမ်း - ဆံတော်တွင်းအပိုင်းနှင့် ဆံတော်တွင်း-သနပ်ပင် အပိုင်းတို့သည် ပြီးခဲ့သည့် ဘဏ္ဍာ နှစ်အတွင်း ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ကျန်နေတဲ့ သနပ်ပင် - ကလိအပိုင်းက အခု ဘဏ္ဍာနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ လမ်းလုပ်ငန်းက မိုးတွင်းဆိုရင် တည်ဆောက်ရေးအတွက် အကြိုပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါတယ်။ ပွင့်လင်းရာသီကာလ ခြောက်လလောက် အတွင်းမှာအင်နဲ့အားနဲ့ လုပ်ရပါတယ်။ အခုဘဏ္ဍာနှစ် ကျန်နေတာက ခြောက်လကာလပါ။ ဒီခြောက်လ ပွင့်လင်းရာသီ ကာလလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်ခြောက်လအတွင်း အင်တိုက်အားတိုက်လုပ်ပြီး ဘဏ္ဍာနှစ်ကုန် မတ်လအမီပြီးရမှာပါ။ ခြောက်လအတွင်းလုပ်ဖို့ ကျန်နေတဲ့ လမ်းမိုင်အနေနဲ့က နှစ်မိုင်ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး (မြို့ပြ)က ပြောသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်၌ ပဲခူးမြို့ရှောင် လမ်းလမ်းကွန်ရက်များရာနှုန်းပြည့် ပြီးစီးသွားပါက လမ်းအသုံးသူများအနေဖြင့်ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင် တော့မည် ဖြစ်သည့်အပြင် မြို့ရှောင်လမ်းနှင့် ဆက်စပ်နေသည့် ကျေးရွာခုနစ်ရွာမှပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရေးအတွက်ပါအထောက်အကူ ပြုလာတော့ မည်ဖြစ်သည်။
“ဒီတိုင်းဒေသကြီးအတွက် ပဲခူးမြို့ရှောင်လမ်း ပိုင်းတွေကအရေးပါတဲ့ လမ်းပိုင်းတွေလို့ ပြောလို့ရပါတယ်။ ပဲခူးတိုင်းဒေသကြီးက စိုက်ပျိုးရေးဆိုရင် စပါးကစပြီး ငရုတ်၊ ကြက်သွန်အထိ အကုန်ထွက်တယ်။ စက်မှုလုပ်ငန်းလည်း ထွန်းကားတယ်။ ရေထွက်ကုန်လည်း ထွက်ရှိတယ်။ အခုလို မြို့ရှောင်လမ်းကို ဆောင်ရွက်လိုက်တဲ့အတွက် ဒီလမ်းနဲ့ဆက်စပ်ပြီး ကျွန်တော်တို့ရွာတွေ အဆင်ပြေလာတယ်။ သီးနှံရောင်းချင်တာဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေးပဲဖြစ်ဖြစ် အားလုံးပိုကောင်းတာပေါ့” ဟု ကမာနတ် ကျေးရွာမှ ဦးမြင့်စိုးက ပြောသည်။
လမ်းဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် လမ်းပိုင်းကို အကောင်အထည်ဖော်လျက်ရှိ
တည်ရှိပြီးဖြစ်သည့် ပဲခူးအနောက် မြို့ရှောင်လမ်းမိုင်တိုင်အမှတ် ငါးမိုင်ခုနစ်ဖာလုံမှ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂ မိုင် ၆ ဖာလုံအနီး လသာကုန်း Under Pass မှတစ်ဆင့် ချိတ်ဆက်သွားမည့်လမ်းပိုင်းကို တိုင်းဒေသကြီးလမ်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိသည်။
“အဓိကတော့ ပဲခူးကနေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ လမ်းမရှိသေးဘူး။ အမြန်လမ်းကနေ ဘုရားကြီးလမ်းဆုံ၊ ရန်ကုန် - မန္တလေးလမ်းဟောင်းကနေမှ ပဲခူးမြို့ကိုလာရတာဖြစ်တယ်။ ဒါကြောင့်မို့ ပဲခူးမြို့တွင်းကနေ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ပြည်သူတွေ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်စေဖို့လည်း ရည်ရွယ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး(မြို့ပြ)က ပြောကြားသည်။
အပိုင်းနှစ်ပိုင်းပါဝင်
တိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့် ပဲခူးမြို့တွင်းမှ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သောလမ်းကို အကောင် အထည်ဖော်ရာတွင် ပဲခူးမြစ်ကူးတံတား တစ်စင်းနှင့် မီးရထားခုံးကျော်တံတားတစ်စင်း ထည့်သွင်းတည်ဆောက်မည့် မြို့တွင်းကျောက်တွင်းကုန်း လမ်းဆုံမှ ပဲခူးအနောက်မြို့ရှောင်လမ်း နှစ်မိုင် ခုနစ်ဖာလုံအပိုင်းနှင့် အနောက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်သို့ ချိတ်ဆက်မည့် လမ်းပိုင်း ဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်သည်။
“ဒီဘဏ္ဍာနှစ်မှာ အနောက်မြို့ရှောင်လမ်းနဲ့ အမြန်လမ်းနဲ့ ချိတ်တဲ့အပိုင်းကလည်း ရာခိုင်နှုန်း ပြည့် ပြီးစီးရမှာပါ။ အနောက်မြို့ရှောင်လမ်းကနေ သွားရင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃၂/၆-၇) လသာကုန်း Under Pass ကို ရောက်ရှိသွားမှာပါ။ ဒီလမ်းပိုင်းက ရှစ်မိုင် တစ်ဖာလုံ အရှည်ရှိပါတယ်။ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရှစ်မိုင်တစ်ဖာလုံကို ၂၄ ပေအကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုအပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပဲခူးမြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။
လုပ်ငန်းများစတင် အကောင်အထည်ဖော်
ပဲခူးအနောက်မြို့ရှောင်လမ်းမှတစ်ဆင့် ရန်ကုန်- မန္တလေး အမြန်လမ်း ၃၂ မိုင် ၆ ဖာလုံနှင့် ၃၂ မိုင် ၇ ဖာလုံအကြားသို့ ဆက်သွယ်သည့် လမ်းပိုင်းအရှည် ရှစ်မိုင် တစ်ဖာလုံကို ၂၀၂၀-၂၀၂၁ ခုနှစ် (ခြောက်လ ဘဏ္ဍာနှစ်)တွင် မြေယာလျော်ကြေးငွေများပေး၍ လုပ်ငန်းများ စတင်အကောင် အထည်ဖော်ခဲ့သည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်၌ လမ်းပိုင်းအရှည် ရှစ်မိုင်တစ်ဖာလုံကို မြေသားတာပေါင် တည်ဆောက်ခြင်း၊ ကျောက်ဖြင့် ထု-အခြေခံလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပဲခူးအနောက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေး အမြန်ပေါ်သို့ တိုက်ရိုက်ဆက်သွယ်သွားလာနိုင် သည့် လမ်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် လမ်းပိုင်းပေါ်ရှိ မရမ်းကြောကျေးရွာ၊ ကသဲအင်းကျေးရွာ၊ စစ်ပင်ထိပ်ကျေးရွာ၊ လေးအိမ်စု ကျေးရွာ၊ မဲစုန်ကျေးရွာနှင့် လသာကုန်းကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူ ပြုမည် ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။
လမ်းကွန်ရက်ဆုံချက်သည် ဘုရားကြီး လမ်းဆုံတွင်တည်ရှိ
ထိုသို့ ထိစပ်နေသည့် တိုင်းဒေသကြီး၊ ပြည်နယ် များသို့ ချိတ်ဆက်သွားလာနိုင်သည့် ပဲခူးတိုင်း ဒေသကြီး၏ လမ်းကွန်ရက်ဆုံချက်သည် ဘုရားကြီးလမ်းဆုံတွင်တည်ရှိသည်။ ဘုရားကြီး လမ်းဆုံအရှေ့ဘက် ရန်ကုန်-မော်လမြိုင်-မြိတ်လမ်းမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး သို့လည်းကောင်း၊ ဘုရားကြီးလမ်းဆုံ အနောက်ဘက်မှ ရန်ကုန် - မန္တလေး (အမြန်လမ်း) သို့လည်းကောင်း၊ မြောက်ဘက်မှ နေပြည်တော်နှင့်မန္တလေးတိုင်း ဒေသကြီးသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။
“ဒီဘုရားကြီးလမ်းဆုံကနေ ကလိလမ်းဆုံ ရောက်တဲ့အခါ အရှေ့မြို့ရှောင်လမ်းမှတစ်ဆင့် ပဲခူးမြို့ထဲကို မဝင်ဘဲ သနပ်ပင်လမ်းပေါ်ကနေ သီလဝါဆိပ်ကမ်းအထိ သွားနိုင်အောင်ပါ။ ဒီလိုပဲ သီလဝါဆိပ်ကမ်းကနေလာတဲ့ ကားတွေဟာလည်း ပဲခူးမြို့တွင်းကို မဝင်ဘဲ အရှေ့မြို့ရှောင်လမ်းကို ပတ်ပြီးတော့ ဘုရားကြီးလမ်းဆုံကနေ သွားနိုင်အောင်ပါ။ နောက်တစ်ခုက သနပ်ပင်လမ်းကနေ အနောက်မြို့ရှောင်လမ်းနဲ့ ချိတ်ဆက်ပြီးအမြန်လမ်း လည်း သုံးနိုင်အောင်ပါ” ဟု ညွှန်ကြားရေးမှူး (မြို့ပြ)က ရှင်းပြသည်။
အချုပ်အားဖြင့် ဆိုရလျှင် လူဦးရေ ၄ ဒသမ ၈ သန်းကျော် မှီတင်းနေထိုင်သော လူဦးရေထူထပ် သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးမှုအတွက် လမ်းကွန်ရက်များ အဆင်ပြေချောမွေ့ခြင်းသည် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ သို့အတွက် ဒေသတွင်းလမ်း ကွန်ရက်များ အဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်း လုပ်ငန်းများကိုလမ်းဦးစီးဌာနအနေဖြင့် အကောင် အထည်ဖော်လျက်ရှိသည်။ မကြာမီကာလအတွင်း ပြီးစီးတော့မည့် ပဲခူးမြို့ရှောင်လမ်းများ သည်လည်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေး ကို အထောက်အကူပြုနိုင်မည့် လမ်းကွန်ရက်များ ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။