Skip to main content

အဆိပ်သင့်ကမ္ဘာမြေကို သစ်တောများဖြင့် ကယ်တင်ပါ

“ ဥတုရာသီ၊ တောကိုမှီ၏ ” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏ ”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက် လျက်ရှိပုံကို ဖော်ပြနေပါသည်။ မှန်ပါသည်။ သစ်ပင်သစ်တောများသည် ကျွန်တော်တို့ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်း အမြစ်များသာလျှင် ဖြစ်ပေသည်။

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ နိုင်ငံတိုင်း လိုလိုတွင် မြစ်ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများဖြတ်ခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း အစရှိသည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများကို နှစ်စဉ် ကြုံတွေ့နေကြရသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိက တရားခံမှာ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ပင် ဖြစ်သည်။ သစ်ပင်သစ်တောများ ရှိခြင်းက မြေ၊ ရေ၊ လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ ရာသီဥတုကို သဟဇာတ ဖြစ်စေသည်။ ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ ခိုလှုံရာ အဆောက်အဦအဖြစ်သော်လည်းကောင်း၊ ဆေးဝါး၊ အသုံးအဆောင် ပရိဘောဂအဖြစ်သော် လည်းကောင်း၊ ထင်း ၊ မီးသွေး ၊ လောင်စာ အဖြစ်သော်လည်းကောင်း စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။

သစ်တစ်ပင်ဆုံးရှုံးသွားသည့်နေရာတွင် သစ်ဆယ်ပင် အစားထိုးစိုက်ပျိုးကြရမည်

သစ်ပင် သစ်တောများမှာ အချိန်တိုအတွင်း ကြီးထွားဖြစ်တည်လာသည်မဟုတ်။ လူသားတို့၏ စောင့်ရှောက်မှုဖြင့်ဖြစ်စေ၊ သဘာဝ၏ ဖေးမကူညီမှု ဖြင့်ဖြစ်စေ နှစ်ပရိစ္ဆေဒကြာအောင် စောင့်ဆိုင်းကြရ သည်။ ထို့ကြောင့် အလွယ်တကူ ခုတ်လှဲမပစ်သင့်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလိုအားနည်းကာ လေထုညစ်ညမ်းမှု အန္တရာယ်ကို လျော့ပါးသက်သာ စေနိုင်မည်။ ကျွန်တော်တို့ လူသားများ နေ့စဉ် ရှူသွင်း နေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ် ထုတ်လွှတ်ကာ အိုဇုန်းလွှာ ယိုယွင်းပျက်စီးမှု အန္တရာယ်ကိုလည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်မည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီး သာယာလှ စေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ ထိန်းသိမ်းကြရပေမည်။ သစ်ပင်တစ်ပင် ဆုံးရှုံးသွား သည့်နေရာတွင် သစ်ပင်ဆယ်ပင် အစားထိုးစိုက်ပျိုး ကြရပေမည်။

နောက်ဆုံးပျောက်ကွယ်ခဲ့ရသည့် တိရစ္ဆာန်မှာ အနောက်အာဖရိကကြံ့နက်

သစ်တောများသည် ကမ္ဘာမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ဖုံးအုပ်ထားလျက်ရှိပြီး ၁၉၉ဝ ပြည့်နှစ် မှ ၂၀၁၆ ခုနှစ်အတွင်း သစ်တောဧရိယာ ပေါင်း ၅၀၂၀ဝ စတုရန်းမိုင် (၁ ဒသမ ၃ သန်း စတုရန်းကီလိုမီတာ)ခန့် ဆုံးရှုံးခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါသည်။ ကျွန်တော်တို့ လူသားများ၏ ဝိသမလောဘကြောင့် နှစ်စဉ် သစ်တော ဧကပေါင်း ၁၈ ဒသမ ၇ သန်းခန့် ဆုံးရှုံး နေကြရသည်။ တစ်မိနစ်လျှင် ဘောလုံးကွင်း ၂၇ ကွင်းပမာဏ ဆုံးရှုံးနေရသည်နှင့် တူပါသည်။ “ သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရ သည်”ဟု ဆိုရိုးစကား ရှိပါသည်။ ကမ္ဘာပေါ်တွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း နှစ်သန်းခန့်ရှိရာ သစ်တော များပြုန်းတီးလာမှုကြောင့် နှစ်စဉ်မျိုးစိတ်ပေါင်း ၂၀ဝ မှ ၂၀၀ဝ ခန့် ပျောက်ကွယ်နေကြရပါသည်။ နောက်ဆုံးပျောက်ကွယ်ခဲ့ရသည်မှာ အနောက် အာဖရိကကြံ့နက် (West African Black Rhino) ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဟု တရားဝင်ကြေညာခြင်းခံခဲ့ရပေသည်။

ကျွန်တော်တို့လူသားများ နေ့စဉ်လည်ပတ် မောင်းနှင်နေကြသော စက်တပ်ယာဉ်များနှင့် စက်ရုံ၊ အလုပ်ရုံများမှလည်းကောင်း၊ အင်အားကြီးနိုင်ငံများ၏ နျူကလီးယားလက်နက်များ အပြိုင်စမ်းသပ် ရာမှလည်းကောင်း ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ယူရေနီယံအစရှိသည့် အဆိပ်ငွေ့များကို လေထုထဲ သို့ အချိန်တိုင်းနီးပါး ထုတ်လွှတ်နေကြသည်။ ယင်းဓာတ်ငွေ့များ အလွန်အမင်း စုဝေးလာမှုကြောင့် အချို့နေရာဒေသများတွင် အက်စစ်မိုးများ ရွာသွန်းကာ လူနှင့်တိရစ္ဆာန် အမြောက်အမြား သေကျေပျက်စီးကြရသည်။

အိုဇုန်းလွှာပျက်စီးလာမှုကြောင့် ခရမ်းလွန် ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ ကျရောက်လာ

ထို့အပြင် အမှိုက်သရိုက်များနှင့် စက်ရုံထွက် အညစ်အကြေးများကို မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များထဲသို့ အလွယ်တကူ စွန့်ပစ်နေကြခြင်း ကြောင့်လည်း လေထုညစ်ညမ်းမှုအန္တရာယ် သာမက ရေထုညစ်ညမ်းမှုအန္တရာယ်ပါ တစ်စတစ်စ ပိုမို ဆိုးရွားလာသည်။ ရေခဲသေတ္တာများ၊ လေအေး ပေးစက်များမှ ထွက်လာသော CFCs ခေါ် ကလိုရို ဖလူရိုကာဗွန်ဓာတ်ငွေ့မှာ အိုဇုန်းလွှာကို အများဆုံး ထိခိုက်ပျက်စီးစေနိုင်သည်။ တိတိကျကျဆိုရလျှင် ကလိုရိုဖလူရိုကာဗွန် တစ်လုံးသည် အိုဇုန်းမော်လီ ကျူးပေါင်း တစ်သိန်းလောက်နီးပါးကိုပင် အသာ လေးဖျက်ဆီး ပစ်နိုင်သည်ဟု သိရသည်။ အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာမှုကြောင့် စစ်ထုတ်မထားသော ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ ပိုမိုကျရောက်လာကာ လူသားတို့၏ ကျန်းမာရေးသည် လည်း ထိတ်လန့်စရာ အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရတော့သည်။

ဝင်ရိုးစွန်းဒေသရှိ ရေခဲတောင်များ တဖြည်းဖြည်း အရည်ပျော်ကျလာ

လူနေမှုစနစ် ထူထပ်သိပ်သည်းလာသည်နှင့် အမျှ လူသားတို့နေထိုင်ရန် မြေလွတ်မြေရိုင်းများမှာ အလွန်အမင်း လိုအပ်လာလေသည်။ ထို့အတွက် သစ်ပင်သစ်တောများလည်း အဆမတန်ခုတ် လှဲကြရသဖြင့် တစ်နှစ်ထက်တစ်နှစ် တောပြုန်း၊ တောင်ပြုန်းကာ ကမ္ဘာကြီးပူနွေးလာခဲ့ခြင်းပင်။ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် တောမီးလောင်ခြင်းအန္တရာယ်ကို နှစ်စဉ်ရင်ဆိုင်လာရသည်။ ဝင်ရိုးစွန်းဒေသရှိ ရေခဲတောင်များလည်း တဖြည်းဖြည်း အရည်ပျော်ကျလာရသည်။ မိုးကြိုးအန္တရာယ်၊ မုန်တိုင်း အန္တရာယ်နှင့် မြစ်ရေလွှမ်းမိုးမှုအန္တရာယ်မှာမူ ကမ္ဘာ့ နိုင်ငံတိုင်း လိုလိုတွင် ကြုံတွေ့နေကြရသည်။

ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးသည် ကျွန်တော်တို့လူသားများ၏ အတောမသတ် နိုင်သည့် လိုအင်ဆန္ဒများကြောင့် တစ်နေ့တခြား အဆိပ်သင့် ပျက်စီးနေရပါသည်။ “ကျွန်တော်တို့ဟာ ဒီကမ္ဘာမြေကြီးကို ဘိုးဘွားတွေဆီက အမွေရထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နောင်လာ နောက်သားတွေဆီက ခဏချေးယူထားတာပါ ”လို့ ဒေးဗစ်ဘရောင် ဝါဆိုသူက ပြောခဲ့ဖူးသည်။ သည့်အတွက် ကျွန်တော်တို့ကမ္ဘာမြေ ပြန်လည်စိမ်းလန်း လာစေရန် ကျွန်တော်တို့ကိုယ်တိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ကြရပေမည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရအဖွဲ့အစည်းများသည်လည်း သစ်တောကြိုးဝိုင်းများကို စနစ်တကျ သတ်မှတ်ကာ သစ်တောများ မပြုန်းတီးအောင် အထူးအလေးထား ဆောင်ရွက်နေကြသည်။ သစ်ပင် ပျိုးပင်များကို နှစ်စဉ်သောင်းနှင့်ချီကာ အထူးတလည် စိုက်ပျိုးနေကြသည်။ ထို့ကြောင့် “အနာသိက ဆေးရှိစွ” ဟု ဆိုရိုးရှိသည့်အတိုင်း အဆိပ်သင့်နေသော ကျွန်တော်တို့ ကမ္ဘာမြေကို ပြန်လည်ကယ်တင်ရန် အကောင်းဆုံး ဆေး တစ်လက်မှာ သစ်ပင်သစ်တောများသာ ဖြစ်သည်ဟု ရဲရဲကြီး ဆိုလိုက်ချင်ပါတော့သည်။ ။