မသန်သော်လည်း စွမ်းပါသည်
နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့(International Day of Persons with Disabilities) အဖြစ် ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်မှစ၍ သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထားဂရုပြုတတ်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး အစဉ်အလာမပျက်ကျင်းပခဲ့သည်မှာ ၂၀၂၂ ခုနှစ်တွင် (၂၉) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်သည်။
မသန်စွမ်းသူများအခြေအနေ
ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တစ်ဘီလီယံကျော် သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှုတစ်မျိုးမျိုးကို တွေ့ကြုံခံစားနေကြရသည်။ ယင်းမသန်စွမ်းသူများ၏ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါသည်။ ကမ္ဘာတစ်ဝန်း မသန်စွမ်းသူအရေအတွက် သိသိသာသာမြင့်တက်လျက်ရှိပြီး ယင်းသည် လူဦးရေပျံ့နှံ့မှုပုံစံများနှင့် အကြောင်းအမျိုးမျိုးဖြင့် နာတာရှည်ကျန်းမာရေး မကောင်းမှုများ မြင့်တက်လာခြင်းတို့ ကြောင့်ဖြစ်ပါသည်။
လတ်တလောတွင် မသန်စွမ်းသူများသည် ပညာရေးအားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဆင်းရဲမွဲတေမှုနှုန်းမြင့်မားခြင်း စသည့်ဆိုးရွားသော လူမှုစီးပွား ဘဝအခြေအနေများကို ကြုံတွေ့ရနိုင်ခြေ ပို၍များပြားနေကြောင်း ကုလသမဂ္ဂက ဆိုပါသည်။ ဆင်းရဲမွဲတေမှုကြောင့် အာဟာရချို့တဲ့မှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်ရန် အနေအထားမပြည့်စုံမှု၊ ဘေးကင်းသောလုပ်ငန်းခွင်အခြေအနေ၊ ညစ်ညမ်းသောပတ်ဝန်းကျင်၊ လုံခြုံသောရေနှင့် မိလ္လာစနစ်အသုံးပြုနိုင်သည့် အခြေအနေ မရှိမှုတို့သည် မသန်စွမ်းဖြစ်နိုင်ခြေများ တိုးလာစေလျက်ရှိပါသည်။ မသန်စွမ်းမှုဖြစ်လာစေ နိုင်သည့်အခြားအချက်များတွင် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းနှင့် မသန်စွမ်းနေထိုင်မှု စရိတ်စကများ မြင့်တက်လာခြင်းတို့လည်း ပါဝင်ပါ သည်။
မသန်စွမ်းသူများအနေဖြင့် လူမှုရေးနှင့် စီးပွားရေးတွင် အပြည့်အဝ ပါဝင်နိုင်ရေးအတွက် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း တွေ့နေရပါသည်။ ယင်းအခက်အခဲများတွင် လက်လှမ်းမမီ နိုင်သော ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထောက်အကူပစ္စည်းများနှင့် နည်းပညာများ မရရှိနိုင်မှု၊ လိုက်လျောညီထွေမဖြစ်သည့် ဆက်သွယ်မှုနည်းလမ်းများ၊ ဝန်ဆောင်မှုဆိုင်ရာ မညီမျှမှုများနှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခံရသော မလိုမုန်းထားမှုနှင့် အရှက်ရစေမှုများကို တွေ့ရသည်။
မသန်စွမ်းသူများ၏ အခြေခံ အကြောင်းရင်းများတွင် အလုပ်လုပ်ရန် ဆန္ဒရှိသည့် စွမ်းဆောင်ရည်များ ရှိသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်သဖြင့် အလုပ်လုပ်ရန် အလွန်ခက်ခဲသူများအဖြစ် လေ့လာသိရှိရသည်။ မသန်စွမ်းကလေးသူငယ်များ၏ အခြေအနေမှာလည်း သုံးဦးလျှင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ကြဘဲ ၃၆ ရာခိုင်နှုန်းသာ စာရေးစာဖတ်တတ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ၂ ဒသမ ၃ သန်းသော မသန်စွမ်းသူများနှင့် မိသားစုဝင်များသည် ဆင်းရဲမှုသံသရာမှ ရုန်းထွက်နိုင်ရေး အတွက် ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ရပ် (၂၀၁၆-၂၀၃၀) အောင်မြင်ရေးသည် အရေးကြီးသကဲ့သို့ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် မသန်စွမ်းမှုတို့မှာ ဟန်ချက်ညီဖြေရှင်းကြရမည့် စိန်ခေါ်မှု တစ်ခုဖြစ်သည်။
မသန်စွမ်းသူများအတွက် အခွင့်အရေး
မသန်စွမ်းသူများသည် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေးကြီးပါသည်။ နိုင်ငံတော်အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ ကြိုးစားမှုစွမ်းအားများကြောင့် မသန်စွမ်းသူများ၏ လှုပ်ရှားမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုများရှိလာခဲ့ပြီးဖြစ်သည်။ မသန်စွမ်းသူများ၏ အနုပညာတစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်ခွင့်ရရှိသော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အတီးပြိုင်ပွဲများ၌ ပံ့ပိုးကူညီ တီးခတ်ခြင်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ပန်းချီ၊ ဓာတ်ပုံပြပွဲပြိုင်ပွဲများ၊ ပိုးဇာပုံနှိပ်၊ ကြိမ်ထိုး၊ ဆံသ၊ ကွန်ပျူတာ၊ အနှိပ်ပညာ စသည်ဖြင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။
နိုင်ငံတော်ကလည်း မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ထားပါသည်။ အမျိုးသားကော်မတီ၏လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်းများ၊ မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ငွေကျပ် သုံးဘီလီယံကို တိုးပွားအောင်ဆောင်ရွက်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းမှုအဆင့်အလိုက် သတ်မှတ်၍ လိုအပ်သည့်ပံ့ပိုးမှုများ သိရှိပံ့ပိုးနိုင် အောင် လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန် စီမံကိန်းရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ (ရန်ကုန်)၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်၊ မန္တလေး)၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း (ရန်ကုန်)၊ စစ်ကိုင်းမျက်မမြင်ကျောင်း (စစ်ကိုင်း)၊ နားမကြားကလေးများကျောင်း(ရန်ကုန်၊ မန္တလေး)၊ မသန်စွမ်းသက်ကြီးသင်တန်း ကျောင်း(ရန်ကုန်) ဟူ၍ သင်တန်း ကျောင်း ရှစ်ကျောင်းကို ဖွင့်လှစ်ပေး ထားပြီးဖြစ်ပါသည်။ မသန်စွမ်းကလေး သူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ မသန်စွမ်းမှုအမျိုးမျိုးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ တိုင်းတာစစ်ဆေးပံ့ပိုးခြင်းဝန်ဆောင်မှု (Early Childhood Intervention Services- ECI)ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ဆန်းသစ်သောဖြေရှင်းမှုများ
မသန်စွမ်းသူများပါဝင်မှုသည် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ မည်သူမျှ နောက်ကျမကျန်စေရဆိုသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ၂၀၃၀ ကတိကဝတ် အတွက်လည်း အဓိကကျပါသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ရေး ကတိကဝတ်သည် တရားမျှတမှုအတွက်သာမက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂကဆိုပါသည်။ လက်ရှိအချိန်သည် ကမ္ဘာအနှံ့အပြား၌ နိုင်ငံရေး၊ စီးပွားရေးအကျပ် အတည်းများ၊ ပဋိပက္ခများ၊ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှု စသည့်အပြန်အလှန် ဆက်နွှယ်နေသည့် အကျပ်အတည်းများသည် လူသားတို့အတွက် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျက် ရှိပါသည်။
ယင်းသို့သော အခြေအနေတွင် မသန်စွမ်းသူများကဲ့သို့ ထိခိုက်လွယ်သော အခြေအနေရှိသည့်သူများသည် အခြားသူများထက်စာပါက နောက်ကျကျန်ရစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ယင်းအခြေအနေတွင် အစိုးရ၊ လူထုနှင့် ပုဂ္ဂလိကကဏ္ဍများပူးပေါင်း၍ မသန်စွမ်းသူများအတွက် ဆန်းသစ်သောအဖြေရှာဖွေရန် အရေးကြီးလှပါသည်။ သို့မှသာ မသန်စွမ်းသူများအတွက် လက်လှမ်းမီပြီး တန်းတူညီမျှမှုရှိသော ဝန်းကျင်များကို ဖန်တီးနိုင်မည်ဖြစ်သည်။
မသန်သော်လည်း စွမ်းပါသည်
မသန်စွမ်းသူများအား မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ်အသီးသီးမှ လူမှုအဖွဲ့ အစည်းများတွင် ဘေးဖယ်ချန်လှပ်ထားခြင်းမျိုးမပြုဘဲ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်စေရေး အားလုံးကြိုးစားဆောင်ရွက် သွားကြမည်ဖြစ်သည်။ မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများမဖြစ်ကြဘဲ ဘဝကိုကြံကြံခံရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် လေ့ကျင့်နေထိုင်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်သည်။
မသန်စွမ်းသူများသည် မျက်စိမမြင်၊ နားမကြားသော်လည်း မိမိတို့စွမ်းရည်ကို ပြသနိုင်သူများ ဖြစ်သည်။ ကိုယ်လက်အင်္ဂါ ချို့တဲ့သော်လည်း သာမန်လူများကဲ့သို့ စွမ်းဆောင်နိုင်သူများဖြစ်သည်။ ဥပမာဆိုရလျှင် မသန်စွမ်းတစ်ဦးဖြစ်သော Stephen William Hawking သည် Cambridge တက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိထားသော ကမ္ဘာကျော် ရူပဗေဒပညာရှင်တစ်ဦး ဖြစ်သည်။
ပါရှားနိုင်ငံမှ မသန်စွမ်းမိန်းမငယ် လေးတစ်ဦးဖြစ်သော Fatemeh Hamami Nasrabadi သည် ပန်းချီကားများကို ခြေထောက်ဖြင့် ရေးဆွဲပြီး ကမ္ဘာပေါ်ရှိ ခြေထောက်ဖြင့် ဆွဲထားကြသည့် ပန်းချီများအနက် လူသိများသော နာမည်ကြီး ပန်းချီဆရာမတစ်ဦးဖြစ်သည်။ မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင်လည်း ထိပ်တန်းစာဆိုကြီးစလေဦးပုညသည် လက်တစ်ဖက် မသန်စွမ်းသူဖြစ်ကြောင်း သိရသည်။
မသန်စွမ်းများကို လူအများက လျစ်လျူရှု၍မနေသင့်ဘဲ မိမိတို့စွမ်းသမျှ ကူညီရမည်ဖြစ်သည်။ လက်တွဲခေါ်ယူ ဖေးမကြရမည်ဖြစ်သည်။ နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်လာနိုင်စေမည့် နည်းလမ်းများကို ရှာဖွေကြံဆပေးကြရမည် ဖြစ်သည်။ သို့မှသာ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် တိုင်းပြည်အတွက် အကျိုးရှိသောအခန်းကဏ္ဍမှ ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) ကို ဂုဏ်ပြုလိုက်ရပါသည်။ ။
ဆုလတ်မေ