မသန်စွမ်းသူများ အစွမ်းပြနိုင်ရေး ဝိုင်းဝန်းကူညီပေး
လူ၏ ခန္ဓာကိုယ်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများအပေါ် တည်မှီ၍ လှုပ်ရှားရပေသည်။ လူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ချို့ယွင်းပါက ခန္ဓာကိုယ်တွင် စွမ်းအားလျော့သွားတတ်သည်။ ဤသို့ အမြင်၊ အကြား၊ အပြောအဆို၊ အသွားအလာ လှုပ်ရှားမှုတစ်ခုခု အားနည်းသွားလျှင် ရုပ်ပိုင်းထိခိုက်မှုမှသည် စိတ်ပိုင်းစိုးရိမ်စိတ်နှင့်အတူ မိမိကိုယ်ကို လူစဉ်မမီတော့ဟု အတွေးများစွာ စိတ်ဓာတ်ကျဆင်းလာတတ်သည်။ ထိုအချိန်တွင် မိသားစုနှင့် လူ့အသိုင်းအဝိုင်း၏ အားပေးကူညီမှုသည် မသန်သူများ အစွမ်းထက်လာစေနိုင်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (ယူအင်န် ဒီပီ) သည် မသန်စွမ်းသူများကို ကူညီစောင့်ရှောက် ပေးနိုင်ရန် ၁၉၈၁ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ကမ္ဘာပေါ်ရှိလူသားများအနက် မသန်စွမ်းသူများကို စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ရေး၊ ဂုဏ်သိက္ခာမြှင့်တင်ပေးရေးဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ် (၄၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချမှတ်ကာ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဟု အထိမ်းအမှတ်ပြုခဲ့သည်။ ကုလသမဂ္ဂကဦးဆောင်ကာ မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းတူညီမျှရေးတို့ကို မြှင့်တင်ပေးခဲ့သည်။
တတ်အားသမျှ ကူညီဖေးမစောင့်ရှောက်
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစ၍ အစဉ်အလာမပျက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားကို (၂၉) ကြိမ် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါသည်။ မသန်စွမ်းသူများအတွက် ကမ္ဘာ့အဖွဲ့အစည်းများက အရေးထားဆောင်ရွက်သကဲ့သို့ မြန်မာ့လူမှုအဖွဲ့အစည်းတွင်လည်း ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ လှိုက်လှိုက်လှဲလှဲ ဖေးမကူညီဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ၍ သစ္စာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာဟူသော ဗြဟ္မာစိုရ် တရားလေးပါး ထွန်းကား သည့် နိုင်ငံဖြစ်သည်။ မြန်မာဓလေ့ထုံးတမ်းအရပင် မသန်စွမ်းသူများကို ဝိုင်းဝန်းစောင့်ရှောက်၊ ကြင်နာ၊ အရေးပေးလေ့ရှိကြသည်။ မိဘ၊ ဆွေမျိုး၊ ရပ်ရွာ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ခိုကိုးရာရိပ်သာစခန်းများတွင် တတ်အားသမျှ ကူညီဖေးမ စောင့်ရှောက်တတ်ကြသည်။
မြန်မာနိုင်ငံသည် မည်သည့်အဖွဲ့အစည်း၏ နှိုးဆော်တိုက်တွန်းမှု မရှိမီကတည်းက မသန်စွမ်း သူများကို စောင့်ရှောက်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ကြည့်မြင်တိုင် မျက်မမြင် ကျောင်း၊ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ဆွံ့အနားမကြားကျောင်း၊ ၁၉၃၉ ခုနှစ်တွင် ပခုက္ကူမျက်မမြင်ကျောင်း၊ ၁၉၆၂ ခုနှစ်တွင် မန္တလေးဆွံ့အနားမကြားကျောင်းတို့ကို တည်ထောင်၍ မသန်စွမ်းသူ စောင့်ရှောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ပညာရပ်မျိုးစုံကို သင်ကြား
မြန်မာတို့သည် မိမိတို့မိသားစု၌ မသန်စွမ်းသူတစ်ဦးပါလာပါက မိဘဆွေမျိုးတို့က သန်စွမ်းသူများထက် အလေးထားဂရုစိုက်ကြင်နာတတ်ကြရာ မိသားစုရင်ခွင်၌ပင် မတောင့်မတ နေနိုင်ခဲ့ကြသည်။ ထို့ကြောင့် ကျောင်းနေဦးရေမှာ ရှိရင်းဦးရေထက် များစွာလျော့နည်းခဲ့သည်။ ယခုအခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ဦးဆောင်မှုကြောင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပို့ဆောင်ပညာယူစေကြပြီဖြစ်သည်။ ဆေးဝါးကုသမှု၊ စာပေပညာ၊ အသက်မွေးဝမ်းကျောင်း ပညာ၊ အနုပညာစသော ပညာရပ်မျိုးစုံကို သင်ကြားနေကြပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ ကုသိုလ်ဖြစ်အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော နိုင်ငံတကာ ပြန်လည်ပြုစုပျိုးထောင်ရေးအသင်း (RI) က ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းသူပေါင်း သန်းပေါင်း ၆၀၀ ကျော်ရှိနေကြောင်း ထုတ်ပြန်ဖော်ပြထားသည်။ သို့ဖြစ်ရာ မျက်မှောက်ကမ္ဘာတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ၊ ရှောင်တခင် မတော်တဆမှုကြောင့် မသန်စွမ်းသူများ၊ စစ်မြေပြင်မှဒဏ်ရာရ၍ မသန်စွမ်းသူများစသဖြင့်အရေအတွက် တိုးပွားလာရာ ထိုအရေအတွက်ကို တားဆီးနိုင်ရေးအတွက် အလျင်အမြန် ဆောင်ရွက်ကြရန် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများသို့ အာရ်အိုင်က တိုက်တွန်းနှိုးဆော်ထားပါသည်။ ကမ္ဘာတွင် နည်းပညာမဖွံ့ဖြိုးစဉ်က မသန်စွမ်းသူများသည် ချို့ယွင်းသော ခန္ဓာကိုယ်အစားကောင်းသော ကိုယ်အင်္ဂါကိုအစားထိုး၍ လောကကိုရင်ဆိုင်ကြရသည်။ တဖြည်းဖြည်း နည်းပညာများ တိုးတက်လာသောအခါ ခေတ်မီနည်းများဖြင့် မသန်သူများစွမ်းလာစေရန် အခွင့်အလမ်းများ ပေါ်ထွန်းလာပါသည်။
မြန်မာနိုင်ငံတွင် မျက်မမြင်မသန်စွမ်းသူများအား လက်စမ်းစာ၊ နားမကြားမသန်စွမ်းသူများအား သင်္ကေတစကားစသည်တို့ကို အခြေခံပညာနှင့် အဆင့်မြင့်ပညာအထိ သင်ကြားပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင် မိတ်သဟာရအသင်းတို့ပူးပေါင်း၍ ရန်ကုန်မျက်မမြင်ကျောင်းတွင် ရောယှက်ပညာရေး အစီအစဉ်ကို ၁၉၉၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ မျက်မမြင် နားမကြားသူများအတွက် ပညာသင်ကြားမှု အထောက်အကူပြုစနစ်များ ဆောင်ရွက်လျက်ရှိသည်။ မျက်မမြင်ကျောင်းများ တွင် နိုင်ငံတကာအဆင့်မီ ကွန်ပျူတာပညာ သင်ကြားပေးနိုင်သည်အထိ တိုးတက်အောင်မြင် လျက်ရှိသည်။ သို့ဖြစ်ရာ မျက်စိမှာအဆုံး၊ နားမှာ အရှုံးဟူသော ဆိုစကားကို တိုက်ထုတ်ပစ်လိုက် နိုင်ပြီဖြစ်သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုဆုံးရှုံးသော်လည်း စွမ်းအင်မဆုံးရှုံးဟု လက်တွေ့ ပြနိုင်ကြပြီဖြစ်သည်။
အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုဆောင်ခဲ့ကြ
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ကို ဖွဲ့စည်းထားရှိပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သောအားကစားသမားများကို မွေးထုတ်ပေးလျက်ရှိသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ကျင်းပသောပထမအကြိမ် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှစ၍ နှစ်စဉ်အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားအဖွဲ့ကိုစေလွှတ်ပေးခဲ့သည်။ မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များစွာဆွတ်ခူး၍ အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ဂုဏ်ကို ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အမျိုးသားကျန်းမာရေးကော်မတီကဦးဆောင်၍ အာဟာရချို့တဲ့မှုကြောင့် လူစဉ်မမီမသန်စွမ်းကလေးငယ်များ မပေါ်ပေါက်ရေး၊ ပိုလီယိုရောဂါကြောင့် မသန်စွမ်းသူများ မပေါ်ပေါက်ရေးနှင့် အိုင်အိုဒင်းဓာတ်ချို့တဲ့သော မိခင်မှမွေးဖွားသဖြင့် ဉာဏ်ရည်နိမ့်ကျသော ကလေးငယ်များမပေါ်ပေါက်ရေးအတွက် အမျိုးသားကျန်းမာရေး စီမံကိန်းများ ချမှတ်ဆောင်ရွက် လျက်ရှိပေသည်။
ပိုလီယိုရောဂါကြောင့် မသန်စွမ်းကလေးငယ်များ မပေါ်ပေါက်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် အမျိုးသားကာကွယ်ရေး ဆေးတိုက်နေ့များသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ မကြာမီ မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါနှင့် ထိုရောဂါကြောင့် မသန်စွမ်းသော ကလေးငယ်များ ပပျောက်တော့မည်ဖြစ်သည်။
ရှေးအခါက ကလေးများ အိမ်မွေးကြက်ငယ်များကိုကိုင်လျှင် ကြက်မျက်သင့်သည်ဟု ယူဆကြသည်။ ယင်းမှာကျန်းမာရေးအမြင် နိမ့်ကျမှုဖြစ်သည်။ အဓိကမှာ ရင်သွေးငယ်များကို ငယ်စဉ်ကပင် ဗီတာမင်အေဓာတ် မချို့တဲ့စေရန် ဗီတာမင်အေပါဝင်သော အစားအစာများ ကျွေးမွေးခြင်းဖြင့် ကြက်မျက်သင့်ရောဂါကို ကာကွယ်နိုင်သည်။ ယနေ့ ထိုရောဂါ လုံးဝပပျောက်သွားခြင်းမှာ ရင်သွေးငယ်များ အာဟာရချို့တဲ့မှုမရှိစေရေး ပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများတွင် အာဟာရဒါနပေးလှူခြင်းတို့သည်လည်း အကြောင်းတစ်ခုအဖြစ် ပါဝင်ပါသည်။ ထိုသို့မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသည် လိုအပ်သောတာဝန်တစ်ရပ်ဖြစ်သကဲ့သို့ ဘဝကံအကြောင်းမလှ၍ မသန်စွမ်းဖြစ်ကြရသူများ ကိုလည်း အားပေးဖေးမ စောင့်ရှောက်ရန်မှာ လိုအပ်သောတာဝန်တစ်ရပ်ဖြစ်ပါသည်။
စွမ်းရည်ပြိုင်ပွဲများ ခမ်းနားစွာ ကျင်းပပေး
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ နှစ်စဉ်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။ မျက်မမြင်သူများ ကြိမ်ထိုးပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ၊ နားမကြားသူများ စက်ချုပ်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ သက်ကြီးမသန်စွမ်းသူများ ဓာတ်ပုံပြိုင်ပွဲ၊ ပိုးဇာပုံနှိပ်ပြိုင်ပွဲ၊ စက်ချုပ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲစသည်တို့ကို ကျင်းပပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ကိုရောက်တိုင်း မသန်စွမ်းသူများ စိတ်ဓာတ် မြင့်မားရေးကို ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို ခမ်းနားစွာကျင်းပပေးခြင်းဖြစ်သည်။
မသန်စွမ်းသူများသည်လည်း နိုင်ငံသူနိုင်ငံသားများသာဖြစ်သည်။ နိုင်ငံတော်တည်ဆောက် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်ကြရမည့် တာဝန်သည် နိုင်ငံသားတိုင်း၌ ရှိပါသည်။ သို့ဖြစ်ရာ မသန်စွမ်းဟုညှိုးနွမ်းမနေဘဲ တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာချီတက်ရာတွင် မိမိတို့၏စွမ်းအားများကို ပူးပေါင်းကြရမည်ဖြစ်သည်။ ထိုသို့ ပူးပေါင်းပါဝင်လာနိုင်စေရန်လည်း နိုင်ငံတော်နှင့် ပြည်သူအများက လက်တွဲခေါ်ယူဖေးမကူအားပေး ကြရမည်ဖြစ်သည်။ မသန်စွမ်း၊ အံ့မခန်း၊ လူ့စွမ်းပြရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများအားလုံး လူ့စွမ်းပြကြပါ။ မသန်စွမ်းသူများ အစွမ်းပြနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးကြပါဟု တိုက်တွန်းလိုက်ရပါသည်။
နန်းရွှေကြည်