Skip to main content

ရခိုင်ပြည်နယ်နေ့နှင့် ဒို့တာဝန်အရေးသုံးပါး

စွန်ရဲ

ပြည်နယ်နေ့ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ အလေးအမြတ်တန်ဖိုးထားသော နေ့တစ်နေ့ဖြစ်သည်။ မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ဖြင့် ဝင့်ကြွားဂုဏ်ယူရသော နေ့ထူးနေ့မြတ်လည်းဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်မှာ ရခိုင်ပြည်နယ်နေ့ဖြစ်ပြီး ရခိုင်ပြည်သူများအဖို့ ဂုဏ်ယူအပ်သောနေ့တစ်နေ့လည်းဖြစ်သည်။ နှစ်စဉ်ကျရောက်မြဲဖြစ်သော ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်သူတို့ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်။ ရခိုင်ပြည်နယ်နေ့ သည် ရခိုင်ပြည်သူများအဖို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ကျူးပြသသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနည်းတူ ပြည်နယ်အလံ၊ ပြည်နယ်တံဆိပ်၊ ပြည်နယ်အမျိုးသားဝတ်စုံများဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းဖော်ပြကြသည်။

တိုင်းရင်းသားအခွင့်အရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်မှ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလျှိုအလျှို ပေါ်ပေါက်လာခဲ့သည်။ အခြားတိုင်းရင်းသားများအနေဖြင့် လက်နက်စွဲကိုင်ပြီး တိုင်းရင်းသား အခွင့်အရေးရရှိရေး၊ တန်းတူညီမျှရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရခိုင်ပြည်သူများအနေဖြင့် မိမိတို့အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခြင်းများ မရှိခဲ့ပေ။ နိုင်ငံရေးလမ်းကြောင်းဖြင့်သာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း

မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အခြားဒေသများထက် နှစ်ပေါင်း ၆၀ ခန့်စောပြီး ဗြိတိသျှလက်အောက် ရောက်ခဲ့ရသော ပြည်နယ်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းတွင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်အဖြစ် ဦးဆောင်မှုပေးခဲ့သလို ရခိုင်လူငယ်ခေါင်းဆောင်များသည်လည်း မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ၊ ဖဆပလအဖွဲ့ ဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကာလများတွင် ရခိုင်လူငယ် ခေါင်းဆောင်များသည် မြန်မာတိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည်။

ဗြိတိသျှအင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သော်လည်း ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပေ။ ပြည်ထောင်စုနိုင်ငံအတွင်းမှ တိုင်းဒေသတစ်ခု အဖြစ်၊ ရခိုင်တိုင်းအဖြစ်သာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ဖဆပလအဖွဲ့ဦးဆောင်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးတောင်းဆိုသည့် အခါကာလများတွင်လည်း ရခိုင်တိုင်းရင်းသားခေါင်းဆောင်များသည် ရခိုင်တိုင်းအား ရခိုင်ပြည်နယ်အဖြစ် ထည့်သွင်းသတ်မှတ်ရန် အထူးအခွင့်အရေး တောင်းဆိုခြင်း မပြုခဲ့ပေ။ သို့ရာတွင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားခေါင်းဆောင်များသည် နိုင်ငံရေး ပါတီစုဖွဲ့ကာ ရခိုင်ပြည်နယ်ရရှိရေးကို တောင်းဆိုလာခဲ့ကြသည်။

၁၉၄၈-၁၉၆၂ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီ ခေတ်ကာလတစ်လျှောက်လုံး လွှတ်တော်မှနေ၍ ဥပဒေဘောင်အတွင်းမှ အရေးဆိုတောင်းဆိုခဲ့ကြသော်လည်း ပြည်နယ်မရရှိခဲ့။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ရခိုင်ပြည်နယ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာမှ ရခိုင်ပြည်နယ်ဟု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပထမအကြိမ် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်ကို ရခိုင်ပြည်နယ်နေ့ဟု သတ်မှတ်ခဲ့သည်။ ရခိုင်ပြည်နယ်နေ့ကိုလည်း နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်သည် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ပင် ဖြစ်သည်။

ရခိုင်ပြည်နယ်၏ စီးပွားရေး

ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီးနှင့် ကမန် စသည့် ရခိုင်မျိုးနွယ်စုဝင်များဖြင့် လူမျိုးကို အခြေခံဖွဲ့စည်းထားသော ပြည်နယ်ဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၁၄၂၀၀ ဒသမ ၁၁ စတုရန်းမိုင်ရှိသည်။ ခရိုင်ခုနစ်ခု၊ မြို့နယ် ၁၇ မြို့နယ်၊ မြို့ ၂၈ မြို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနေထိုင်မှု စုစုပေါင်း ၇၄ ဒသမ ၄၃ ရာခိုင်နှုန်းရှိကာ ကျေးလက်ဒေသများတွင် နေထိုင်သူမှာ ပြည်နယ်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ရေလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။

ရခိုင်မြေဟုဆိုလိုက်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသမှ တံတောင်ဆစ်ကွေးသဏ္ဌာန်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကမ်းရိုးတန်းမြေကို လှမ်းမြင်မိကြမည်။ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်တန်းကြီး၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့အကြား သဘာဝရေမြေအနေအထားနှင့် မြေဆီသြဇာ ထက်သန်ကောင်းမွန်သော နေရာဒေသတစ်ခုဖြစ်ကာ အလျားမိုင်ပေါင်း ၄၂၀ ကျော်ရှိ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့်အပြင် ကျောက်ဖြူဆိပ်ကမ်းကဲ့သို့ ပင်လယ် ရေနက်ဆိပ်ကမ်းကိုပါ ပိုင်ဆိုင်ထားသဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသော ဒေသတစ်ခုအဖြစ် ရှုမြင်သတ်မှတ်ခြင်းခံထားရသော ပြည်နယ်တစ်ခုဖြစ်သည်။

ယဉ်ကျေးမှုအရလည်း မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရခိုင်ပြည်နယ်သို့ ကြွချီရောက်ရှိ တော်မူခဲ့ပြီး မင်းနှင့်ပြည်သူတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးကာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာမြေ ဖြစ်သည်သာမက ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး လေးခေတ်ဖြင့် ထင်ရှားခဲ့ကာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ပြည့်စုံသည့် နေရာဒေသလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်ရှိပြီး ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလား ပင်လယ်အော်အကြား ကမ်းမြောင်ဒေသ၌ တည်ရှိသည်။ ရခိုင်ပြည်နယ်၏ အနောက်ဘက်တွင် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ရှိနေသည်။ သဘာဝပထဝီအနေအထားအရ ရခိုင်ကမ်းရိုးတန်း ပင်လယ်ကမ်းခြေသည် အလျားမိုင်ပေါင်း ၄၂၀ ခန့်ရှည်လျားကာ ရေချိုအရင်းအမြစ်ပေါများသည့် မြစ်ချောင်းအင်းအိုင်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ရခိုင်ပြည်နယ်၏ ရေခံမြေခံကောင်းမွန်သော သဘာဝပထဝီအနေအထားကြောင့် ဆန်ရေစပါး၊ သားငါးနှင့် အဖိုးတန်သဘာဝထွက်ကုန်များ ထွက်ရာဒေသတစ်ခုဖြစ်သည်။

ရခိုင်တို့၏ ရှည်လျားသောသမိုင်းကြောင်းနှင့်အတူ ရခိုင်ပြည်သူတို့၏ ချစ်မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသလည်းဖြစ်ခြင်းကြောင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပင်လယ်ကမ်းရိုးတန်းနှင့် ကျွန်းများကို အခြေပြုသည့် ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းစွာဆောင်ရွက်နိုင်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ယနေ့ရခိုင်ပြည်နယ်

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထဝီမြေပြင် အနေအထားကို ကြည့်ပါက တိုင်းရင်းသား လူမျိုးစု များနေထိုင်ရာ ပြည်နယ်များသည် မြန်မာနိုင်ငံ၏ အစွန်အဖျားတွင် ရှိနေသည်။ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မွန်ပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့်ထိစပ်နေသော ကရင်ပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသော ရှမ်းပြည်နယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ နှင့်ထိစပ်နေသော ကချင်ပြည်နယ်၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသော ချင်းပြည်နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင်ပြည်နယ်တို့ဖြင့် မြန်မာနိုင်ငံကို ဝန်းရံဖွဲ့စည်းထားသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ နယ်စပ်ဒေသနေ တိုင်းရင်းသားလူမျိုးအချို့ဆိုလျှင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သွားလာလျက်ရှိသလို တစ်ဖက်နိုင်ငံရှိ မျိုးနွယ်တူများနှင့် ကူးလူးဆက်ဆံမှုများ ရှိနေတတ်ကြသည်။ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်များ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးသည်လည်းအရေးပါလျက်ရှိနေပေသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော AA နှင့် တပ်မတော်တို့အကြား နှစ်ဖက်တိုက်ပွဲများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ယာယီရပ်စဲခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မတည်ငြိမ်မှုကိုအကြောင်းပြု၍ တားမြစ်ပိတ်ပင်ထားသော မဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်စေရန် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က NLD အစိုးရသည် လိုက်လျောခြင်းမပြုခဲ့။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနိုင်ပြီး ပြည်နယ်အစိုးရဖွဲ့စည်းရာတွင်လည်း ရခိုင်ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုခဲ့ရာ ရခိုင်တိုင်းရင်းသားပြည်သူများ၏ ခံစားချက်ကို နားလည်ပေးနိုင်ကြ ပေလိမ့်မည်။

၂၀၂၀ ပြည့်နှစ် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် စာချုပ်စာတမ်းမရှိဘဲ အလွတ်သဘော ညှိနှိုင်းသဘောတူညီချက် (Gentleman Agreement) သာ ဖြစ်ခဲ့ရာ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်ပင် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ စတင်ခဲ့သည့် စစ်ရေးပဋိပက္ခတွင် AA ပါဝင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ တစ်ကျော့ ပြန်ဖြစ်ပွားခဲ့ရပြန်သည်။

ဤအခြေအနေကြောင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းနှင့်အတူ ကုန်စည်စီးဆင်းမှုလည်း ပျက်စီးသွားခဲ့သည်။ စားသောက်ကုန်၊ ဆေးဝါး စသည်များ စျေးကြီး သွားခဲ့သည်။ လက်လုပ်လက်စား လူအများတို့အတွက် စားဝတ်နေရေးအခက်အခဲတွေ ဖြစ်ပေါ် ခဲ့ကြရသည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဆိုသည့် စီးပွားရေးသမားများကလည်း ခေတ်ပျက် သူဌေးအဖြစ် ဆန်အပါအဝင် စားသောက်ကုန်များကို စျေးမြှင့်တင်ရောင်းချခြင်းဖြင့် ပြည်သူတို့၏ အခက်အခဲကို ပိုဆိုးစေခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ယခု ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၇/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ရခိုင်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အခက်အခဲများ ကြုံတွေ့ခဲ့ကြရပြီး လမ်းပန်းဆက်သွယ်ရေးသည် လည်းခက်ခဲကြောင်း၊ တပ်မတော်အစိုးရလက်ထက်မှ ယခုတိုင်အောင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကြောင့် ယခုအချိန်တွင် ရခိုင်ပြည်နယ်သည် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော တိုးတက်နေသည့်အခြေအနေကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ဒေသတွင်း၌ ရှိသည့် AA လက်နက်ကိုင်အဖွဲ့အစည်းသာလျှင်ဖြစ်ကြောင်း၊ ရခိုင်ဒေသသည် သဘာဝဘေး အန္တရာယ်ကိုလည်း မကြာခဏ ခံစားရလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မကြာခဏ ဆောင်ရွက်ပေးနေရကြောင်း၊ ထို့ပြင် ဘင်္ဂါလီအရေး အခင်းကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ယခုထပ်မံ၍ AA လက်နက်ကိုင်အဖွဲ့အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက် ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ဒေသတွင်း၌ ပဋိပက္ခများဖြစ်ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများသာ ခံစားရမည်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အအုံများ၊ ရှေးဟောင်း အမွေအနှစ်များသည် အဖျက်အမှောင့်လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် များစွာ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် အချိန်တွင်လည်း ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့် နိုင်ငံတော်မှ ပြင်းပြင်းထန်ထန် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး ယခုပွင့်လင်းရာသီတွင် ဒေသခံများ ပြန်လည်အလုပ်လုပ်နိုင်ရန် မိုးတွင်းကာလအတွင်း၌ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အရာရှိကြီးများကို မြို့နယ်တစ်ခုချင်းစီအလိုက် တာဝန်ပေး၍ ခြောက်လခန့်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ယခုပွင့်လင်းရာသီတွင် အလုပ်လုပ်နိုင်မှသာလျှင် ၎င်းနယ်မြေများသည် ပြန်လည် နာလန်ထူလာနိုင်မည် ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင် အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဒေသခံများအနေဖြင့် ထပ်မံခံစားတွေ့ကြုံနေရကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်အချိန်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများစွာသုံးစွဲနေရကြောင်း” ပြောကြားသွားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မှန်ပါ၏။ ရခိုင်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ရသည်။ စက်ရုံအလုပ်ရုံများ မရှိမှုကြောင့် အလုပ် အကိုင်အခွင့်အလမ်းတွေ ရှားပါးခဲ့ရသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အဆက်ဆက်က ဦးစားပေးလုပ်ကိုင်ခဲ့သည်များ ရှိသော်လည်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ထင်တိုင်းမပေါက်ခဲ့။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ခရိုင်ခုနစ်ခုရှိ မြို့ကြီးများအားလုံး (မာန်အောင်မြို့နယ်မှအပ) သို့ ကုန်းလမ်းကြောင်းဖြင့် သွားလာဆက်သွယ်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်လည်း ကျောက်ဖြူစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်သာမက အိန္ဒိယနိုင်ငံအပါအဝင် အရှေ့အာရှနိုင်ငံများနှင့် ရေကြောင်းကုန်သွယ်မှု ပြုလုပ်နိုင်ရန် စစ်တွေမြို့တွင် ကုလားတန် ဘက်စုံသုံးစီမံကိန်းနှင့် ပင်လယ်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကျေးလက်လူဦးရေမှာ ၈၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် လူမှုစီးပွားဘဝ မြှင့်တင်ရာတွင် ကျေးလက်နှင့်မြို့ပြ ကွာခြားချက်ကို အနည်းဆုံးဖြစ်လာစေရန်လည်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိနေသည်။ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ် လုပ်ငန်းနှင့် ရေလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထောက်ပံ့ ငွေကျပ် ၁၀ ဘီလီယံကို လုပ်ငန်းရှင်များထံသို့ ထုတ်ချေးပေးပြီး လုပ်ငန်းများ လုပ်ဆောင်နေပြီ လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ် ခဲ့ရသော နိုင်ငံရေးအကျပ်အတည်းများကြောင့်လည်းကောင်း စီးပွားရေးလုပ်ငန်းများတွင် အထိုက်အလျောက် ထိခိုက်မှုများရှိခဲ့သည်။ ထိုအထဲ နူရာ ဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသလို ယခုနှစ် မေ ၁၄ ရက်တွင် ဖျက်အားပြင်း မိုခါမုန်တိုင်းကြီးတိုက်ခတ်ခြင်းကို ခံလိုက်ရရာ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့ရသေးသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် ၅၂၂ ဘီလီယံအထိရှိခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း နိုင်ငံတော်အစိုးရက ခွန်အားစိုက်ထုတ် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိုခါမုန်တိုင်းတိုက်ခတ်အပြီး နောက်တစ်နေ့ မေ ၁၅ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး အပျက်အစီးများကို လိုက်လံကြည့်ရှုကာ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းမတိုင်မီထက် ပို၍တိုးတက်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ၏ဆန္ဒ

လွတ်လပ်ရေးရပြီးသည်မှ ရခိုင်ပြည်နယ် ရရှိရေးအတွက် တစိုက်မတ်မတ်လှုပ်ရှား၊ အရေးဆို တောင်းဆိုခဲ့သော ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ၏ စိတ်ဆန္ဒတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲမည့်အရေးကို မလိုလားခဲ့ကြ။ ၁၉၅၀-၅၅၊ ၁၉၆၀ ပြည့်နှစ်များက ရခိုင်တိုင်းရှိ နိုင်ငံရေးပါတီများတွင် ဖဆပလပြီးလျှင် အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီမှာ ရခိုင်တိုင်းရင်း သားညီညွတ်ရေးပါတီ (ရ-တ-ည) ဖြစ်သည်။ ထိုစဉ်က ရ-တ-ည ပါတီ၏ ရခိုင်ပြည်နယ်ရရှိရေးတောင်းဆိုချက် သဘောထားမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းပေးထားသည့်အတိုင်း ကိုယ်ပိုင်လွတ်လပ်မှုနှင့် ညီတူညီမျှအခွင့်အရေးရထိုက်ကြောင်း ယုံကြည်သဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ထိုစဉ်က ရ-တ-ည ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ရက္ကန်းဦးလှထွန်းဖြူ (နောင်-မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် နိုင်ငံတော်ကောင်စီဝင်) က ရခိုင်လူမျိုးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်စာတမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဦးလှထွန်းဖြူက မြန်မာနိုင်ငံတော်ကြီးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် အခိုင်အခံ့ အညီအညွတ် တည်ထောင်ဖွဲ့စည်းရာတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ကယား၊ ချင်း၊ ပအို့ စသည့် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသား လူမျိုးအားလုံးနှင့်တကွ လူမျိုးစုအားလုံးတို့ အခွင့်အရေး တန်းတူညီမျှခံစားနိုင်ခွင့်ရှိသည်ဟုလည်း ဖော်ပြခဲ့သည်။ ၎င်းက ဆက်လက်၍ ရခိုင် ပြည်နယ်တောင်းဆိုခြင်းမှာ အကြောင်းမဲ့သက်သက် တရားမဝင်တောင်းဆိုခြင်းမဟုတ်ဘဲ လူမျိုးတစ်မျိုးအနေဖြင့် ရထိုက်သောအခွင့်အရေး ရှိနေသည့်အပြင် မြန်မာနိုင်ငံတော်၏ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေစနစ် (၁၉၄၇ ဖွဲ့စည်းပုံဥပဒေ) အရ ပြည်နယ်များအားလုံး သို့မဟုတ် လူမျိုးစုအားလုံး တစ်ဦးနှင့်တစ်ဦး ပေါင်းဖက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ ပေါင်းဖက်ရာတွင်လည်း မိမိတို့တိုင်းရင်းသားလူမျိုးများ၏ မူလအခြေအနေ ပျက်ပြားသွားအောင် တစ်နိုင်ငံတည်းအဖြစ် ပူးပေါင်းခြင်းကိုမူ မလိုလားကြောင်း၊ ပြည်နယ်များရှိ လူမျိုးများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို မထိခိုက်၊ မပျက်စီးစေသော စည်းလုံးညီညွတ်ရေးနှင့် လုံခြုံရေးအတွက် ဦးတည်ပြီး ပြည်ထောင်ဆိုသောအမည်နှင့် ဗမာ၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင်၊ မွန်၊ ချင်း၊ ကယား၊ ပအို့ စသည့် တိုင်းရင်းသားလူမျိုးများအားလုံး စုစည်းထားခြင်းပင်ဖြစ်ကြောင်း၊ ယခု(၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံ) ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်မှာ လူမျိုးအချင်းချင်းညီညွတ်ရေးနှင့် လူမျိုးအချင်းချင်းတို့၏ အခွင့်အရေးများ တန်းတူညီမျှရေး ခိုင်မြဲစေရန် စီမံသည့် စနစ်ပင်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ၏ စိတ်ဆန္ဒတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲမည့်အရေးကို မလိုလားကြောင်း အထက်ပါ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးလှထွန်းဖြူ၏ တင်ပြချက်က ထင်ရှားနေပေသည်။ ရခိုင်နိုင်ငံရေး ပါတီများ၏ တစိုက်မတ်မတ် တောင်းဆိုခဲ့မှုကြောင့် ရခိုင်ပြည်သူတို့ လိုလားခဲ့ကြသော ရခိုင်ပြည်နယ်သည် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ရခိုင်ပြည်သူတို့ ဂုဏ်ယူရသော ရခိုင်ပြည်နယ်အဖြစ် ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်း ၅၀ ရှိခဲ့ပြီဖြစ်သလို ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်မှာ ၄၉ နှစ်သို့တိုင် ရောက်လာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံသားများ၏ အမျိုးသားစိတ်ဓာတ်ကို အခြေခံသော မျိုးချစ် စိတ်ဓာတ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူမျိုးတို့တည်တံ့ရန်၊ တိုးတက်ဖွံ့ဖြိုးရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေဖို့ လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်သည် စည်းလုံးညီညွတ်မှုကို ဖြစ်စေသည်။ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု၊ တည်တံ့ခိုင်မြဲမှုကို ဖြစ်ထွန်းစေသည်။ ရခိုင်ပြည်သူများအပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများအားလုံးတို့သည် စစ်မှန်သော အမျိုးသားရေး အမြင်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ ရှိနေဖို့လိုအပ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်နေခဲ့ရချိန်အခါက နယ်ချဲ့သမားများက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ စိတ်ဓာတ်နှင့် အားမာန်ကို ချိုးနှိမ်ထားခြင်းခံခဲ့ရသည်။ အမျိုး၊ ဘာသာ၊ သာသနာ မှေးမှိန်အောင် အမျိုးသားရေး စိတ်ဓာတ်ကို ဖျက်ဆီးခဲ့ကြသည်။ သွေးခွဲအုပ်ချုပ် သည့်စနစ်ဖြင့် တောင်တန်းနှင့်ပြည်မ ဟူ၍ ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည်။ သို့ရာတွင် ပြည်သူတို့၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်။

ရခိုင်ပြည်သူတို့သည် မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများနှင့်အတူ ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်မှ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြသည်။ သို့ရာတွင် နယ်ချဲ့သမားများ ၏အန္တရာယ်ကား ချုပ်ငြိမ်းမသွား။ တိုင်းရင်းသား ပြည်သူများအကြား သပ်လျှိုသွေးခွဲမှုများဖြင့် မြန်မာနိုင်ငံအား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေရန် လုပ်ဆောင်နေကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများလိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းရေးကို သဘောတူလက်ခံထားပြီးဖြစ်သည်ကို တွေ့ရသည်။ အချို့ကိစ္စရပ်များမှာ လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း နားလည်သဘောပေါက်ရပေမည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားများ တောင်းဆိုနေသည့်အချက်များအားလုံး ပါဝင်နေပြီးဖြစ်ရာ ပြည်ထောင်စုကြီး လုံးဝမပြိုကွဲရေးအတွက် ဒို့တာဝန်အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။