Skip to main content

လွတ်လပ်ရေးရပြီး ၇၆ နှစ် အကြာ …

ဇင်ငြိမ်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေးရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကိုမီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် (၇၆)နှစ်ကျော်ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူးခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့် ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးဆိုတာ

လွတ်လပ်ရေးဆိုတာ အခြားနိုင်ငံ၏ အုပ်ချုပ်မှုမှလွတ်မြောက်ခြင်းလို့ အင်္ဂလိပ်အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ မြန်မာအဘိဓာန်မှာတော့ တိုင်းတစ်ပါး၏ အုပ်စိုးခြင်းမှ လွတ်လပ်မှုလို့ဆိုပါတယ်။ ဒီဖွင့်ဆိုချက်တွေကတော့ လွတ်လပ်ရေးဆိုတဲ့ စကားရပ်ကို တိုက်ရိုက်ဖွင့်ဆိုထား တဲ့ အဓိပ္ပာယ်တွေပဲ ဖြစ်ပါတယ်။ တိုင်းတစ်ပါးရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်တာနဲ့ လွတ်လပ်ရေးရပြီလို့ဆိုနိုင်ပေမယ့် အဲဒီလွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေးရဲ့အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုးတွေရှိမှသာ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့လူမျိုးဖြစ်ဖို့ ကြိုးစားရာမှာလည်း ရည်ရွယ်ချက်ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့လူမျိုးဖြစ်မှ အခြားနိုင်ငံနဲ့တန်းတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး တိုးတက်အောင် ကြိုးစားကြဖို့သာဖြစ်ပါ တယ်။

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းမှာ လွတ်လပ်ရေးရယူတဲ့ရည်ရွယ်ချက်တွေ ပါပါတယ်။ “တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးကိုတည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်” လို့ ဖော်ပြထားပါတယ်။ လွတ်လပ်ရေးရဲ့ အနှစ် သာရတွေမှာဆိုရင်လည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေပါပါတယ်။ လွတ်လပ်ရေးရပြီးလို့ ၇၆ နှစ်အကြာမှာ လွတ်လပ်ရေးရယူခဲ့တဲ့ ရည်ရွယ်ချက် ဘယ်လောက်ပြည့်စုံပြီလဲ၊ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို နိုင်ငံသားအပေါင်း ဘယ်လောက်ခံစားနေရပြီလဲ ဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်ကြည့်ရင်တွေ့ရမှာ ဖြစ်ပါတယ်။

၇၆ နှစ်ကြာသည့်တိုင်

အထက်မှာဆိုခဲ့သလို လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေးကြီးကို ရခဲ့ပေမယ့်နိုင်ငံကတော့ ပဋိပက္ခတွေ၊ သွေးကွဲမှုတွေ၊ အာဃာတတွေနဲ့ သံသရာလည် နေဆဲဖြစ်ပါတယ်။ လွတ်လပ်ရေးရဲ့ အဓိက ရည်ရွယ်ချက်ရောက်ဖို့ ကြိုးစားရဦးမှာပါ။ တိုင်းရင်းသားအချင်းချင်းအကြား သံသယတွေ၊ မယုံကြည်မှုတွေကြောင့် စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ ခက်ခဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းစည်းလုံးဖို့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကြိုးပမ်းလာခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ဝိဝါဒကွဲပြားမှုတွေကြားမှာ နစ်မြုပ်နေပါတယ်။

တည်ရှိနေဆဲ ပဋိပက္ခတွေကို ချဉ်းကပ်ဖြေရှင်းရာမှာလည်း ကမ္ဘာမှာ ခေတ်တွေ၊ စနစ်တွေ၊ အယူအဆတွေ ပြောင်းလဲနေပေမယ့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကတော့ မပြောင်းလဲသေးပါ ဘူး။ ဖြူရင်ဖြူ၊ မဖြူရင်မည်းရမယ်ဆိုတဲ့ သဘောထားတွေနဲ့ အယူအဆတွေကို စွဲကိုင်ထားကြဆဲပါ။ ဒါကြောင့်လည်း ပဋိပက္ခဖြေရှင်းမှုဟာနှစ်တွေသာ ကြာနေပေမယ့် နိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ အဖြေရောက်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။ နိုင်ငံနဲ့ ပြည်သူအတွက် အဖြေမထွက်ပေမယ့် ဒီအပေါ်မှာ အသုံးချ၊ အမြတ်ထုတ်နေသူတွေရှိနေခြင်းဟာလည်း ပြဿနာတွေဖြေရှင်းရာမှာ ပိုပြီးခက်ခဲစေလျက်ရှိတာကို တွေ့ရပါတယ်။

၇၆ နှစ်အတွင်းမှာ နိုင်ငံရေးပြဿနာတွေပြေလည်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံရေးမပြေလည်တာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အခွင့်အလမ်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့တစ်ဖက်သတ်ဆန်တဲ့ သဘောထား၊ အယူအဆနဲ့ လိုလားချက်တွေကြောင့် ထိရောက်တဲ့ရလဒ်ဖြစ်ဖို့နဲ့ ရေရှည်ခိုင်မြဲဖို့အတွက် အခက်အခဲတွေ ဖြစ်စေတာ တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိပစ္စက္ခအခြေအနေတွေဟာ တကယ်သွားမယ့် ရည်မှန်းချက်နဲ့နှိုင်းစာရင် ရုန်းကန်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်လျှင်

အခုဆို မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၆ နှစ် ရှိပါပြီ။ နှစ်တွေ မနည်းတော့ပါဘူး။ ၇၆ နှစ်ဆိုတာ နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ လုံလောက်တဲ့အချိန်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အချိန်သိပ်မကွာဘဲ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေ၊ မြန်မာနိုင်ငံနောက်မှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေ၊ ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံဘဝရောက်ခဲ့တဲ့နိုင်ငံတွေဟာ အခုဆို မြန်မာနိုင်ငံရဲ့ရှေ့ကို ရောက်နေကြပါပြီ။ ကမ္ဘာ့နိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်ပြီး တိုးတက်နေကြပါပြီ။ (၂၁) ရာစုမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတောင်မြန်မာနိုင်ငံနဲ့ တန်းတူဖြစ်နေပါတယ်။ ယခင်ကမြန်မာနိုင်ငံကို အတုယူခဲ့ကြတဲ့ နိုင်ငံတွေက အခုဆို မြန်မာနိုင်ငံထက် အဆပေါင်းများစွာ တိုးတက်နေကြပါတယ်။

မြန်မာနိုင်ငံလိုပဲ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်း ၃၀၀ ကျော် နယ်ချဲ့တွေရဲ့ သိမ်းပိုက်အုပ်ချုပ်တာကို ခံခဲ့ရတဲ့နိုင်ငံပါ။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ အင်္ဂလိပ်တို့ဆီကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ နယ်ချဲ့တွေရဲ့အုပ်ချုပ်မှုအောက်မှာ အိန္ဒိယပြည်သူအားလုံး ဒုက္ခမျိုးစုံကိုခါးစည်းခံခဲ့ရပါတယ်။ နယ်ချဲ့တွေသွေးခွဲအုပ်ချုပ်ခဲ့လို့ လွတ်လပ်ရေး ရပြန်တော့လည်း အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ ကွဲခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မတူကွဲပြားမှုတွေက မြန်မာနိုင်ငံထက် ပိုများပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီး ယနေ့အချိန်မှာတော့ ကမ္ဘာမှာနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားကြီးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီ။

ဒါ့အပြင် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့ စင်ကာပူနိုင်ငံဆိုရင် ကမ္ဘာ့ထိပ်တန်းတိုးတက်တဲ့နိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ နိုင်ငံအရွယ်အစားက သေးပါတယ်။ နိုင်ငံနဲ့ မြို့တော်တစ်ခုတည်းပါ။ နိုင်ငံရဲ့စီးပွားရေးအလွန် ဖွံ့ဖြိုးတိုးတက်ပါတယ်။ ကမ္ဘာပေါ်မှာပွင့်လင်းမြင်သာမှုအရှိဆုံး၊ အဂတိလိုက်စားမှုအနည်းဆုံးနဲ့ စီးပွားရေးလုပ်ကိုင်လို့ အကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံထက် လွတ်လပ်ရေးရတာ နောက်ကျတယ်၊ နိုင်ငံသေးငယ်တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၈ နှစ်အကြာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ နိုင်ငံအရွယ်အစား၊ လူဦးရေ၊ လူမျိုးကွဲပြား၊ နိုင်ငံရဲ့အခြေအနေစတာတွေ မတူညီကြပါဘူး။ ဒါပေမဲ့သူတို့ဟာ ကိုယ့်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေစွာ နိုင်ငံကို ကမ္ဘာ့အဆင့်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံရဲ့ ဦးတည်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့ကြပါတယ်။ နိုင်ငံအတွင်းဖြစ်နေတဲ့ ပြဿနာတွေကို အပြုသဘောနဲ့ဝိုင်းဝန်းဖြေရှင်းခဲ့ကြပါတယ်။ အခုလိုအခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖော်ပြရတာ အခြားသူတွေကို အထင်ကြီးလို့၊ ကိုယ့်နိုင်ငံကို အထင်သေး လို့ မဟုတ်ပါဘူး။ သူတို့တောင် ဒီလောက်တိုးတက်အောင်လုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက ဘာကြောင့် နောက်ကျကျန်ခဲ့ရတာလဲဆိုတဲ့ သင်ခန်းစာယူ အဖြေထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

အရှိအတိုင်းသုံးသပ်ဖို့လို

သူများနိုင်ငံတွေနဲ့ နှိုင်းယှဉ်သုံးသပ် လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပြည်တွင်းက အခြေအနေတွေကို သုံးသပ်လို့ပဲဖြစ်ဖြစ် ရှုမြင်သုံးသပ်ရာမှာ ပကတိအရှိတရားကို သိမြင်နိုင်ဖို့နဲ့ နားလည်လက်ခံဖို့ အရေးကြီးပါတယ်။ အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်း၊ အဆိုးမြင်၊ အကောင်းမြင်၊ ဘက်လိုက်တဲ့အစွဲ၊ အာဃာတ၊ အတ္တစတဲ့အဇ္ဈတ္တသန္တာန်တွေ မူမှန်ဖို့လိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ပဋိပက္ခဇာစ်မြစ်တွေ၊ နိုင်ငံရဲ့ပကတိပစ္စက္ခအခြေအနေ၊ နိုင်ငံရေးယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အကျိုးစီးပွား၊ ပါဝင်ပတ်သက်သူတွေ အားလုံးရဲ့အကျိုး စီးပွားတွေကို အစွဲကင်းကင်း စိတ်ရင်း မှန်မှန်ကန်ကန်နဲ့ ထည့်သွင်းသုံးသပ်ကြရမှာပါ။ ဒါမှသာသုံးသပ်ချက်မှန်ပြီး ဆုံးဖြတ်ချက်မှန်မှာပါ။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ လွတ်တော့လွတ်လပ်ပါရဲ့၊ မစည်းလုံးဘူး၊ မငြိမ်းချမ်းဘူး၊ မတိုးတက်ဘူး။

လွတ်လပ်ရေးကို ရခဲ့တာကြာပြီဖြစ်ပေမယ့် လွတ်လပ်ရေးရဲ့အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုးနဲ့ ရည်ရွယ်ချက်ဆိုတာကို အခုအချိန်အထိ အဖြေရှာနေရဆဲပါပဲ။

ဒီဟာတွေကို လက်မခံချင်ပေမယ့် တကယ့်အရှိတရားဖြစ်လို့ လက်ခံကြရ မှာပါ။ အဲဒီလိုဖြစ်နေတာ ၇၆ နှစ်ကြာခဲ့ ပါပြီ။ ၇၆ နှစ်အတွင်းမှာ ကောင်းလိုက်၊ မကောင်းလိုက်နဲ့ သံသရာလည်နေပါတယ်။ အားလုံးကို မကောင်းဘူးလို့မဆိုလိုပါဘူး။ ကောင်းခဲ့တာတွေက ဘယ်ဟာတွေလဲ၊ မကောင်းခဲ့တာတွေက ဘယ်ဟာတွေလဲ ပိုင်းခြားသုံးသပ်ကြရမှာပါ။ ဒါပေမယ့်လည်း ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားသုံးသပ်ဖြေရှင်းဖို့ထက် ကိုယ်ဖြစ် ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေကိုပဲ အစွဲကြီးကြီးနဲ့ တစ်ဖက်သတ်စွဲကိုင်ထားကြတဲ့အတွက် ပဋိပက္ခနဲ့ အဖြေဟာ နီးလျက်နဲ့ဝေးနေပါတယ်။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေ တဲ့အခြေအနေတွေဟာ လွတ်လပ်ရေးယူ ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ကွဲလွဲနေတုန်းပဲလို့ဆိုရင် လွန်မယ်မထင်ပါဘူး။ မြန်မာနိုင်ငံကို သူတစ်ပါး လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တာဟာအချင်းချင်း လွတ်လွတ်လပ်လပ် တိုက်ခိုက်ကြဖို့၊ ရန်ငြိုးထားဖို့၊ သွေးကွဲကြဖို့နဲ့ သူများနဲ့ယှဉ်ရင် နောက်ဆုံးရောက်နေဖို့ မဟုတ်ပါဘူး။ ယခင်ကနယ်ချဲ့တွေ သွေးခွဲအုပ်ချုပ်ခဲ့လို့ သွေးကွဲခဲ့ကြတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးလို့ နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲလို့ ကောင်းနေတုန်းပါပဲ။ သင်ခန်းစာမယူနိုင်သေးပါဘူး။ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့တာကို မကောင်းမှန်း၊ မဖြစ်သင့်မှန်းသိကြပါတယ်။ မကောင်းမှန်း၊ မဖြစ်သင့်မှန်းသိပေမယ့် အဲဒီအမှားတွေကို ပြင်ဖို့ထက်ကိုယ်တိုင်က အတိတ်ကို ယိုးမယ်ဖွဲ့၊ အချင်းချင်းလက်ညှိုးထိုးပြီး ယခင်အမှားတွေအတိုင်းပဲ ဆက်မှားနေ ကြပါတယ်။ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ နိုင်ငံအတွက် လိုအပ်နေတဲ့အဖြေနဲ့ ဝေးလာပြီး ဒုက္ခတွေ၊ သောကတွေ အတောမသတ်နိုင်ခြင်းနဲ့ သူများတွေထက် အစစအရာရာ နောက်ကျလာခြင်းပါပဲ။

အယူအဆဟောင်းများ

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး တစ်ရာကျော်နဲ့ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ တိုင်းရင်းသားတွေများတဲ့အတွက် မတူညီ ကွဲပြားတာတွေ အများကြီးပါ။ အဲဒီလို မတူကွဲပြားတာတွေက ဒီကနေ့ဖြစ်နေတဲ့ ပြဿနာရဲ့ ဇာစ်မြစ်မဟုတ်ပါဘူး။ ပြဿနာရဲ့ ဇာစ်မြစ်က မတူကွဲပြားတာကို လက်မခံခြင်းနဲ့ ငါကိုဗဟိုပြုထားခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက်မှာ ကျင့်သုံးလာခဲ့တဲ့ ငါနဲ့မတူငါ့ရန်သူ၊ ငါနဲ့မတူသူကို အမြစ်ပြတ်ဖယ်ရှားရမယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု အယူအဆဟောင်းဟာ မြန်မာနိုင်ငံမှာ အမွေဆိုး တစ်ခုလို ခိုင်ခိုင်မာမာ အမြစ်စွဲနေပါတယ်။ မစွန့်လွှတ်နိုင်ကြသေးပါဘူး။ အဲဒီအစွန်းရောက် သဘောထားကြောင့် နိုင်ငံရဲ့ရှိပြီးသား ပဋိပက္ခတွေကို ပိုပြီးကျယ်ပြန့်လာစေတဲ့အပြင် ပဋိပက္ခအသစ်တွေကို ဖန်တီးပေးနေပါတယ်။

ဒီကနေ့ဖြစ်နေတဲ့ ဝိဝါဒကွဲပြားတာကို တစ်ဖက်နဲ့တစ်ဖက် အပြုသဘော မမြင်နိုင်ဘဲ အစွန်းရောက်အမြင်နဲ့ကြည့်နေ၊ သဘောထားနေသမျှ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းခြင်းဆိုတဲ့ နည်းလမ်းဆီ မရောက်နိုင်ပါဘူး။ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တိုက်ခိုက်တာတွေပဲ ဖြစ်ပြီးရင်းဖြစ်နေ မှာပါ။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားကြတဲ့အတွက် စည်းလုံးမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာလည်း ရေရှည်တည်ဆောက်ဖို့ ခက်ခဲပါတယ်။ “ငါ” ကို မဏ္ဍိုင်ပြုတဲ့ အယူအဆဟာ မတူကွဲပြားမှုတွေနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရာမှာ အထောက်အကူမပြုပါဘူး။ မတူကွဲပြားမှုတွေနဲ့ ငြိမ်းချမ်းစွာ ရေရှည်ယှဉ်တွဲ နေထိုင်ဖို့အတွက်သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒ ညှိနှိုင်းပေါင်းစပ်နေကြရပါတယ်။ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အယူအဆဟောင်း ကတော့ ရှိရင်းစွဲပဋိပက္ခနဲ့ သဘောထားမတိုက်ဆိုင်တာတွေကို ညှိနှိုင်းအဖြေရှာဖို့ ထက် ကိုယ့်ရဲ့ဆန္ဒနဲ့ အတ္တတွေအတွက် ထိပ်တိုက်ရင်ဆိုင်ကြပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီး ၇၆ နှစ်ကြာ တဲ့အထိ အတ္တယှဉ်ပြိုင်မှုတွေကြားထဲမှာ လွတ်လပ်ရေးရဲ့ အနှစ်သာရနဲ့နိုင်ငံရဲ့ ရည်ရွယ်ချက်ပျောက်ဆုံးနေပါတယ်။

အမှားအမှန် အဖြေရှာနေခြင်းမဟုတ်

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်လို့တိုင်းရင်းသား ညီအစ်ကိုတွေအကြား မတူညီတဲ့အမြင်၊ သဘောထား၊ အယူအဆအမျိုးမျိုးကို ကိုင်စွဲပြောနေ ကြတာတွေရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ဖြစ်လေ့ရှိ တတ်တဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အမြင်သဘောထားတွေ ကွဲပြားကြတဲ့အခါ သူနိုင်ကိုယ်နိုင် အကောင်းဆုံးအဖြေရဖို့ မတူကွဲပြားမှုတွေကို အကောင်းဆုံး စီမံခန့်ခွဲကြရပါတယ်။

လူတိုင်းကတော့ ကိုယ့်အယူအဆသာ အမှန်ဆုံးလို့ ထင်ကြမှာပါပဲ။ သူ့ရဲ့အယူအဆ၊ သဘောထားဟာ သူ့တစ်ကိုယ်စာအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ဖက်ဒရယ်စနစ်လို မတူကွဲပြားမှုတွေ စုစည်းဖို့ဆိုရင် ကိုယ့် တစ်ကိုယ်စာ မှန်ကန်နေရုံနဲ့မရပါဘူး။ အခြားသူတွေနဲ့ ပေါင်းစပ်နိုင်ဖို့ လိုပါတယ်။ အားလုံးလက်ခံနိုင်တဲ့အဖြေ ထုတ်ကြဖို့လိုပါတယ်။ ဒါပေမဲ့ကိုယ့်အယူအဆသာ အမှန်ဆုံးလို့ထင်မြင်လာတဲ့အခါ အခြားသူတွေရဲ့ အမြင်သဘောထား၊ ခံယူချက်၊ ခံစားချက်တွေအပေါ် အလေးမထားကြတော့ပါဘူး။ အဲဒီလိုအလေးမထားခြင်းဟာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်ပါတယ်။

ဒါကြောင့် မတူညီတာတွေကို ပူးပေါင်းနိုင်ဖို့အတွက် အပြန်အလှန် အပေးအယူ ညှိနှိုင်းကြရပါတယ်။ ဒါမှဘုံရည်မှန်းချက်အတွက် သဘောတူညီမှု တွေရှာဖွေနိုင်မှာပါ။ မြန်မာ့နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ဖြေရှင်းရာမှာလည်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟာ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆို တဲ့အဖြေကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ အမှား၊ အမှန်ဆိုတာထက် နိုင်ငံရဲ့ဦးတည်ချက်အတွက် ညှိနှိုင်းအဖြေရှာကြဖို့ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက်ရဖို့ထက် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ အဖြေရဖို့ အပြိုင်ကြိုးစားနေကြရင် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေက ကြာရှည်နေပါလိမ့်ဦးမယ်။

လွတ်လပ်ရေးကို ထိပါးနေ

မြန်မာ့နိုင်ငံရေးဝိဝါဒတွေ ဖြေရှင်းဖို့နဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ဖို့ ပြောခဲ့ကြတာ လွတ်လပ်ရေးရတဲ့ အချိန်ကတည်းကပါ။ ပြောသာပြောနေကြပေမယ့် နိုင်ငံအရွေ့ကတော့ ခရီးမပေါက်သေးပါဘူး။ အခုလို ဆိုရတာက အပျက်မြင်တဲ့သဘော မဟုတ်ပါဘူး။ နိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာခြင်းနဲ့အခြား နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နောက်ကျကျန်ခဲ့တာတွေက မျက်မြင်ပဲဖြစ်ပါတယ်။ ဒီဟာတွေအတွက် ဝိုင်းဝန်းအဖြေရှာဖို့ လိုနေပါတယ်။ အစဉ်အဆက် စွဲကိုင်လာခဲ့တဲ့ လက်ညှိုးထိုးနိုင်ငံရေး၊ အာဃာတ နိုင်ငံရေးတွေနဲ့အဖြေမရခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့နိုင်ငံကို ဒုက္ခတွင်းထဲ နက်သထက်နက်စေခဲ့ပါတယ်။ ပိုပြီးနက်ရှိုင်းလာတဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေဟာ အခုဆို ဝင်ရောက်အမြတ်ထုတ်လိုတဲ့ အခြားနိုင်ငံတွေအတွက် အခွင့်ကောင်းဖြစ်နေပါတယ်။ ဒီအခွင့်ကောင်းတွေကို အသုံးချနေကြတဲ့အတွက် နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာနေပါပြီ။

ဒါဟာ လွတ်လပ်ရေးရယူခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ လွတ်လပ်ရေး ဆိုတာ သူတစ်ပါးလက်အောက်က လွတ်မြောက်ရုံနဲ့ အဓိပ္ပာယ်မပြည့်စုံပါဘူး။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေရဖို့ ကြိုးစားကြရဦးမှာပါ။ ဒီလိုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယိုးမယ်ဖွဲ့အပြစ်တင်နေရုံနဲ့ ပဋိပက္ခတွေမပြေလည်နိုင်ပါဘူး။ နိုင်ငံကိုမတည် ဆောက်နိုင်ပါဘူး။ ဖြစ်နေတဲ့ သဘောထားကွဲပြားတာတွေကို အချင်းချင်းထိပ်တိုက်ရင်ဆိုင်မယ့်အစား ညှိနှိုင်းဖြေရှင်းမှသာ နိုင်ငံအတွက် လိုအပ်နေတဲ့ အဖြေကိုရမှာပါ။ ။