မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းကို ဝိမုတ္တိအမြင်ဖြင့် လေ့လာခြင်း
မောင်စိန်ဝင်း (ညောင်ခါးရှည်)
ဝိမုတ္တိဟူသည်မှာ လွတ်မြောက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ သံသရာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲခြင်းမှလွတ်မြောက်ခြင်း၊ လောဘ၊ ဒေါသ၊ မောဟတို့မှ လွတ်မြောက်ခြင်း စသည်ဖြင့် အမျိုးမျိုးဖွင့်ဆိုနိုင်ပါသည်။ မသိမှုအဝိဇ္ဇာကို အခြေခံ၍ အသိအမြင်လွဲမှားခြင်း၊ အနှောင်အဖွဲ့ကြောင့် ဘက်လိုက်ခြင်း၊ မိမိ၏ထင်မြင်ယူဆချက်ဖြင့် လိုရာဆွဲရေးသားခြင်းများသည် အမှန်တရားနှင့် ကင်းကွာသွားနိုင်ပါသည်။ ထိုသို့သော မှားယွင်းမှုများကို ရှောင်ရှားလျက် အမှန်ကိုအမှန်အတိုင်း ရှုမြင်ခြင်းကို ဝိမုတ္တိအမြင်ဟု ဆိုရပါလျှင် စာရေးသူ၏ဆောင်းပါးသည် ထိုအမြင်အပေါ်အခြေခံလျက် ရေးသားခြင်းဖြစ်ပါသည်။
စက်မှုဝန်ကြီးဌာနဟူသည်မှာ ဝန်ကြီးဌာနငါးခုဖြစ်သည့် သတ္တုတွင်းဝန်ကြီးဌာန (၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနကို ခွဲထုတ်ဖွဲ့စည်းရာမှ သတ္တုတွင်းဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာနများဖြစ်လာပြီး စက်မှုလက်မှုဝန်ကြီးဌာနသည် ထိုအချိန်မှစ၍ အခြားဌာနများနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်းမရှိဘဲ သီးခြားရပ်တည်လာနိုင်ခြင်း)၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၂၇ ရက်တွင် အိမ်တွင်းစက်မှုလက်မှုကော်ပိုရေးရှင်းအား လွှဲပြောင်းဖွဲ့စည်းခြင်း)၊ စွမ်းအင်ဝန်ကြီးဌာန (၁၉၈၅ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လွှဲပြောင်း၍ ဝန်ကြီးဌာနအသစ်အနေဖြင့် ဖွဲ့စည်းခြင်း)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ဗဟိုသုတေသနလုပ်ငန်းအဖွဲ့အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရာမှ ၁၉၉၆ ခုနှစ်တွင် နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများထည့်သွင်း၍ ဝန်ကြီးဌာနအသစ်အနေဖြင့် ဖွဲ့စည်းခြင်း)၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန (၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၁၂)အရ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ပယ်ဖျက်၍ လုပ်ငန်းစီမံကိန်းများ အမှတ်(၂) စက်မှုဝန်ကြီးဌာနသို့ သွတ်သွင်းဖွဲ့စည်းခဲ့ခြင်း) စသည်ဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၏ မှီခိုပေါင်းစည်းရာ မိခင်ဝန်ကြီးဌာနကြီးသဖွယ်ဖြစ်ခြင်းတို့ကြောင့် စက်မှုသမိုင်းကို ဖော်ပြရာတွင် ပြီးပြည့်စုံရန် မလွယ်ကူပါကြောင်း စကားဦးသန်းချင်ပါသည်။
ကိုလိုနီခေတ် စက်မှုလက်မှုအခြေအနေ
ကိုလိုနီနယ်ချဲ့ခြင်း၏ သဘောတရားမှာ ကိုလိုနီနယ်များမှ ကုန်ကြမ်းများကို ဈေးပေါပေါနှင့်ရယူပြီး စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ချောအဖြစ် ထုတ်လုပ်ကာ ထိုနိုင်ငံများသို့ တင်ပို့လျက် အမြတ်များများဖြင့် ရောင်းချနိုင်ရေးဖြစ်ပါသည်။ ထို့ကြောင့် ကိုလိုနီနိုင်ငံများတွင် စက်ရုံ၊ အလုပ်ရုံများကို ၎င်းတို့အကျိုးအတွက် အနည်းငယ်သာထူထောင်ပေးပြီး စီးပွားရေးလုပ်ငန်းအများစုကို နယ်ချဲ့ကုမ္ပဏီများကသာ လွှမ်းမိုးနေရာယူခဲ့ပါသည်။
မြန်မာနိုင်ငံကို ကျွန်ပြုသိမ်းပိုက်ပြီးချိန်တွင် စီးပွားရေးလုပ်ငန်းအများစုဖြစ်သည့် ဆန်စပါးလုပ်ငန်း၊ ကျောက်မျက်၊ ရေနံနှင့်ကျွန်းသစ်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအများစုကို နယ်ချဲ့ကုမ္ပဏီများဖြစ်သည့် စတီးဘရားသား၊ ဘီအိုစီ၊ ဘူလင်ဂျာပူးလ် စသည့်အရင်းရှင်ကုမ္ပဏီများက ချုပ်ကိုင်လွှမ်းမိုးခဲ့ပါသည်။ ကိုလိုနီခေတ် အစပိုင်းကာလများတွင် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်အားခဈေးသက်သာသည့် အိန္ဒိယတိုင်းရင်းသားများကို ခေါ်ယူ၍ စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်ခဲ့သည်။ ထွက်ရှိလာသည့် စပါးများကို အင်္ဂလန်အထိ တင်ပို့ကြိတ်ခွဲပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် အမေရိကန်နိုင်ငံအထိ တင်ပို့ရောင်းချခဲ့ပါသည်။
ဆူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ဆန်စပါးတင်ပို့မှု မြင့်တက်လာမှုကြောင့် မြန်မာသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံဖြစ်လာသည်။ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ဆန်စက်များကို ပြည်တွင်း၌ တည်ဆောက်၍ ကြိတ်ခွဲလာနိုင်ကြောင်း တွေ့ရပါသည်။ ဆန်စက်များအပြင် ၁၈၈၅ မတိုင်မီ တည်ဆောက်ခဲ့သည့် ကျိုက္ခမီသကြားစက်၊ ၁၉၂၅-၁၉၂၆ ခုနှစ်တွင် ဆားမှော်သကြားစက်၊ ၁၉၃၄ ခုနှစ်တွင် နှင်းပုလဲသကြားစက်နှင့် ဇေယျဝတီသကြားစက်များကို တည်ဆောက်ခဲ့ကြောင်း တွေ့ရပါသည်။
ထို့အပြင် ရေနံချောင်း ရေနံမြေ(၁၈၈၇)၊ ချောက်-လမ်းရွာ ရေနံမြေ (၁၉၀၁)၊ ထန်းကိုင်း ရေနံမြေ(၁၉၀၉)၊ ဒဟတ်ပင်ရေနံမြေ(၁၉၁၀)၊ ရေနံမ ရေနံမြေ(၁၉၂၂)တို့မှ ထွက်ရှိလာသည့် ရေနံစိမ်းကို ပထမပိုင်းတွင် အိန္ဒိယအထိ တင်ပို့ချက်လုပ်ရာမှ နောက်ပိုင်းတွင် သန်လျင်ရေနံချက်စက်ရုံ တည်ဆောက်၍ ပိုက်လိုင်းများ သွယ်တန်းလျက် ချက်လုပ်လာနိုင်ကြောင်း တွေ့ရပါသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျွန်းသစ်ကို ပြည်တွင်း၌ သစ်စက်များ တည်ထောင်လျက် ခွဲသားများပြုလုပ်၍ ခရီးသည်နှင့် ကုန်သင်္ဘောများ တည်ဆောက်ခဲ့ရာ ဒလသင်္ဘောကျင်း (၁၈၅၂) ၊ ရတနာပုံသင်္ဘောကျင်း(၁၈၆၄)၊ စစ်တွေသင်္ဘော ကျင်း(၁၉၀၈)၊ မော်လမြိုင် သင်္ဘောကျင်း(၁၉၁၄)တို့အနက် မော်လမြိုင်သင်္ဘောကျင်းမှာ တစ်ချိန်က နာမည်ကြီးခဲ့သည်။ ထို့အပြင် နယ်ချဲ့အစိုးရသည် ပြည်တွင်းမှထွက်ရှိသည့် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မန္တလေး-လားရှိုး မီးရထားလမ်းကို ၁၉၀၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ စက်ရုံ၊ အလုပ်ရုံများ ပြည်တွင်း၌ တည်ဆောက်မှုများရှိသော်လည်း ထူးခြားချက်တစ်ရပ်အနေဖြင့် လွတ်လပ်ရေးမရမီ ကာလအထိ ချည်ထည်စက်ရုံများ ပြည်တွင်း၌ တည်ဆောက်ခဲ့သည်ကို မတွေ့ရခြင်းဖြစ်ပါသည်။ အုပ်ချုပ်သူလူတန်းစားနှင့် အထက်တန်းလွှာများအတွက် ပြည်ပမှ တင်သွင်းသည့် အဝတ်အထည်များက နေရာယူခဲ့ကြပြီး မြန်မာတိုင်းရင်းသားအများစုမှာ ပြည်တွင်း ရိုးရာရက်ကန်းလုပ်ငန်းများမှ ထွက်ရှိလာသည့် အဝတ်အထည်များကိုသာ အားထား၍ သုံးစွဲဝတ်ဆင်ကြပါသည်။ အမရပူရရှိ ရက်ကန်းလုပ်ငန်းများတွင် မစ္စတာဆောင်းဒါးက လွန်းပျံလက်ခတ်ကို အင်္ဂလန်မှ ရယူအသုံးပြုလာနိုင်သဖြင့် ရက်ကန်းလုပ်ငန်းများ တိုးတက်လာပြီး အခြားရက်ကန်းလုပ်ငန်းများသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့သဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့သည်။
ဒိုင်အာခီအုပ်ချုပ်ရေးခေတ်တွင် မြန်မာတို့အနေဖြင့် ဘုရင်ခံအုပ်ချုပ်ရေးကောင်စီ၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ပါဝင်ခွင့်မရခဲ့သော်လည်း (၉၁) ဌာန အုပ်ချုပ်ရေးခေတ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်များ ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးတွင် နေရာရယူလာနိုင်ခဲ့ကြောင်း တွေ့ရပါသည်။ ဒေါက်တာဘမော် အစိုးရ(၁၉၃၇-၁၉၃၉)၊ ဦးပုအစိုးရ(၁၉၃၇-၁၉၄၁)၊ ဦးစောခေါင်းဆောင် သည့် ညွန့်ပေါင်းအစိုးရ (၁၉၄၁-၁၉၄၃)တို့ လက်ထက်တွင် အခွန်တော်ဌာန၊ ပြည်ထဲရေးဌာနနှင့် ပညာရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ သစ်တော စသည့်ဌာနများသည် ဝန်ကြီးဌာနများအနေဖြင့် ပေါ်ပေါက်လာပြီ ဖြစ်သော်လည်း စက်မှုလက်မှုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းမှုကို မတွေ့ရှိရဘဲ ဂျပန်ခေတ် ဒေါက်တာဘမော်အစိုးရ(၁၉၄၃-၁၉၄၅)ကာလ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖက်ဆစ်ဂျပန်က မြန်မာပြည်ကို အတုအယောင်လွတ်လပ်ရေးပေးစဉ် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးရာ၌ ဝန်ကြီးဌာန ၁၄ ခုတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာနဟူ၍ စတင်တွေ့ရှိရပြီး ဟင်္သာတဦးမြ (၁-၈-၁၉၄၃ - ၂၇-၉- ၁၉၄၆) မှာ ဝန်ကြီးဖြစ်လာပါသည်။
ဘွိုင်လာ၊ လျှပ်စစ်ဌာန၊ အိမ်တွင်းစက်မှုလက်မှုဌာနများမှ စက်မှုဝန်ကြီးဌာနဖြစ်ပေါ်လာပုံ စက်မှုဝန်ကြီးဌာနဖြစ်ပေါ်လာရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဘွိုင်လာနှင့် လျှပ်စစ်ဌာနများသည် ကိုလိုနီခေတ်ဦးတွင် သန္ဓေတည်ခဲ့ပါသည်။ ရတနာပုံခေတ်တွင် စက်ရုံ၊ အလုပ်ရုံများ၌ ရေနွေးငွေ့ဘွိုင်လာနှင့် လျှပ်စစ်ကို အသုံးပြုမှုများရှိခဲ့ပြီး ကိုလိုနီခေတ်တွင်လည်း ဆန်စက်၊ သစ်စက်၊ သကြားစက်၊ ရေနံချက်စက်ရုံများတွင် ဘွိုင်လာနှင့်လျှပ်စစ်ကို အသုံးပြုမှုများ ရှိခဲ့ပါသည်။
ကိုလိုနီဘဝကျရောက်ချိန်တွင် မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည့် အားလျော်စွာ အိန္ဒိယနိုင်ငံ၏ ဥပဒေများအတိုင်း လိုက်နာကျင့်သုံးခဲ့ရပြီး ၁၈၈၁ ခုနှစ် စက်မှုလုပ်ငန်းဥပဒေတွင် အလုပ်သမား ၅၀ ဦးထက်မနည်း ပါဝင်လုပ်ကိုင်၍ စာမျက်နှာ ၁၆ မှ စက်အသုံးပြုရသောလုပ်ငန်းများကို စက်ရုံဟုသတ်မှတ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ဗြိတိသျှ မြန်မာပြည်တွင် ၁၈၈၁ ခုနှစ် စက်ရုံများ ဥပဒေအရ ဆန်စက် ၄၉ လုံး၊ သစ်စက် ၁၉ လုံး ရှိခဲ့ပါသည်။ စက်မှုလုပ်ငန်းများ၌ လျှပ်စစ်နှင့်ဘွိုင်လာ အသုံးပြုမှုများအရ ၁၉၃၇- ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘွိုင်လာအလုံးပေါင်း ၂၅၀၀ ရှိခဲ့ပြီး ဘွိုင်လာစစ်ဆေးရေးမှူးများသည် နိုင်ငံခြားသားများပင် ဖြစ်ကြပါသည်။
စက်မှုလုပ်ငန်းဥပဒေအရ စက်မှုလုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်း၍ ကြီးကြပ်ကွပ်ကဲခဲ့ပြီး ခေတ်ကာလနှင့်အညီ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းများကိုလည်းဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။ စက်မှုဝန်ကြီးဌာနအဖြစ် သန္ဓေတည်လာမည့် ဘွိုင်လာစစ်ဆေးရေးဌာနနှင့် လျှပ်စစ်စစ်ဆေးရေး ဌာနများအနေဖြင့် ဘွိုင်လာစစ်ဆေးရေးဌာနသည် ၁၉၃၇ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာနအောက်တွင် ဌာနခွဲကြီး တစ်ခုအနေဖြင့်ရှိခဲ့ပြီး လွတ်လပ်ရေးရရှိချိန် ၁၉၄၈ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ စက်မှုလက်မှုနှင့် သတ္တုတွင်း ဝန်ကြီးဌာနအောက်သို့ ရောက်ရှိကာ သီးခြားဌာနတစ်ခု ဖြစ်လာပါသည်။
မြန်မာနိုင်ငံ၌ ၁၈၇၀ ပြည့်ကျော်ကာလကပင် ရန်ကုန်မြို့ရှိ ဥရောပသားပိုင် ဆန်စက်ကြီး အချို့တွင် မီးထွန်းရန် လျှပ်စစ်ဓာတ်အားကို အသုံးပြုနေပြီ ဖြစ်ပါသည်။ ၁၉၀၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကို အိမ်သုံးအနေဖြင့်လည်းကောင်း၊ ဓာတ်ရထားများ သွားလာရေးအတွက်လည်းကောင်း အသုံးပြုလာကြောင်း တွေ့ရပါသည်။ ၁၉၁၀ ပြည့်နှစ်တွင် အိန္ဒိယလျှပ်စစ်ဥပဒေနှင့် ၁၉၁၁ ခုနှစ်တွင် ဓာတ်ရထားအက်ဥပဒေတို့ကိုပြဋ္ဌာန်း၍ ၁၉၂၂ ခုနှစ်တွင် လျှပ်စစ်နည်းဥပဒေကို ထုတ်ပြန်ပြီး လျှပ်စစ်နည်းဥပဒေများ (၁၉၃၇) ကို ပြဋ္ဌာန်းခဲ့ပါသည်။
လျှပ်စစ်စစ်ဆေးရေးဌာနသည် ဥပဒေအရ ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်သည့် အားလျော်စွာ အစောပိုင်းကာလတွင် ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင်လည်းကောင်း၊ ဒိုင်အာခီအုပ်ချုပ်ရေးကာလတွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန အောက်သို့လည်းကောင်း၊ (၉၁)ဌာန အုပ်ချုပ်ရေးကာလ မြန်မာပြည်အစိုးရဖြစ်လာချိန်တွင် စက်မှုလုပ်ငန်းနှင့် ပတ်သက်သဖြင့် ပြည်သူ့လမ်းပန်းနှင့် အဆောက်အအုံဝန်ကြီးဌာနအောက်တွင်လည်းကောင်း၊ ၁၉၃၇ ခုနှစ်မှ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်အထိ ထားရှိခဲ့ပါသည်။ ၁၉၄၁ ခုနှစ်တွင် ကျန်းမာရေးနှင့် ပြည်သူ့လုပ်ငန်းဌာန၊ ၁၉၄၈ ခုနှစ်တွင် စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာန၊ ၁၉၅၃ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနအောက်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။
အဆိုပါ ဌာန/လုပ်ငန်းများသည် ကနဦးကာလတွင် စက်မှုကဏ္ဍကို ဦးစားပေးဖွဲ့စည်းသည့် ဝန်ကြီးဌာနတစ်ခုအနေဖြင့် မဖွဲ့စည်းသေးမီကာလအတွင်း အခြားဝန်ကြီးဌာနတစ်ခုခုနှင့်ပူးတွဲ၍ ဖွဲ့စည်းခဲ့ရသော အခြေအနေမျိုးသာ ရှိခဲ့ပါသည်။
စက်မှုဝန်ကြီးဌာနပေါ်ပေါက်လာခြင်း
၁၉၄၈ ခုနှစ်အထိ စက်မှုလက်မှုဝန်ကြီးဌာနသည် သီးသန့်ရပ်တည်နိုင်သည့် ဝန်ကြီးဌာနတစ်ခုအနေဖြင့် မပေါ်ပေါက်သေးဘဲ အခြားဝန်ကြီးဌာနများနှင့် ပူးတွဲကာ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာန အစရှိသဖြင့် တွေ့ရှိရပြီး ဝန်ကြီးတစ်ဦးတည်းက ပူးတွဲကိုင်တွယ်ရသည့် သဘောဖြစ်ပါသည်။
နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံးဖြစ်သည့် အိမ်တွင်းစက်မှုလုပ်ငန်းများသည် အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းများအနေဖြင့် သီးခြားအဓိပ္ပာယ်ဖွင့်ဆိုမှု မရှိသေးဘဲ အိမ်တွင်းစက်မှုလက်မှုဌာနအနေဖြင့် ရှိနေခဲ့ပါသည်။ ၁၉၃၉ ခုနှစ်တွင် ပြဋ္ဌာန်းပြီး ၁၉၄၀ ပြည့်နှစ်တွင် အသက်ဝင်လာသည့် The State Aid to industries Act( Burma Act xx 111 1939)အရ အိမ်တွင်းစက်မှုလက်မှုဌာန (Collage industries Department)ကို အိမ်တွင်းစက်မှုလက်မှု ကြီးကြပ်ရေးဝန်က ဌာနအကြီးအကဲအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်၌ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများသာမက ကျယ်ပြန့်သော စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာစေရန် ရည်သန်၍ စက်မှုလက်မှုဌာနကို ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိမ်တွင်းစက်မှုလက်မှုဌာနနှင့် စက်မှုလက်မှုဌာနခွဲဟူ၍ ဌာနခွဲနှစ်ခုဖွဲ့စည်းထားရှိပါသည်။
အိမ်တွင်းစက်မှုလက်မှုဌာနခွဲသည် မူလအတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်ခဲ့ပြီး စက်မှုလက်မှုဌာနခွဲသည် အလတ်စား၊ အကြီးစားစက်မှုလက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သောကိစ္စရပ်များကို ကိုင်တွယ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၅ခုနှစ်တွင် အိန္ဒိယနိုင်ငံဆင်းမလားမြို့၌ စက္ကူဖြူစီမံကိန်း ရေးဆွဲခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပါသည်။
၁၇-၅-၁၉၄၇ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အုပ်ချုပ်ရေးမူဝါဒကို ဗြိတိသျှအစိုးရက ထုတ်ပြန်ကြေညာ၍ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် စီးပွားရေးမူဝါဒအတွက် ဆိုရန်တိုဗီလာ ညီလာခံကျင်းပလျက် မြန်မာ့စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် တိုးတက်ရေးစီမံကိန်းများကို ရေးဆွဲခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီအစိုးရ ကာလ ၁၉၄၈ - ၁၉၅၀ အတွင်း ၁၉၄၈ ခုနှစ် မေလတွင် အမျိုးသားစီမံကိန်းဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း၊ ၁၉၄၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် စက်မှု လုပ်ငန်းမူဝါဒ တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါသည်။
လွတ်လပ်ရေးရပြီးနောက် စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရေးကိစ္စရပ်များကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ၁၉၄၉ ခုနှစ်တွင် စက်မှုလက်မှုဌာနမှ စက်မှုလက်မှုညွှန်ကြားရေးဌာန (Directorate of industries)သို့ အဆင့်မြှင့်တင်ပြောင်းလဲဖွဲ့စည်းခဲ့ရာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာနသည် စက်မှုလက်မှုညွှန်ကြားရေးဌာနတွင် ဌာနခွဲတစ်ခုအနေဖြင့် ရပ်တည်ခဲ့ပါသည်။
၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုလုပ်ငန်းများကို အလေးပေးတိုးချဲ့လုပ်ကိုင်ရန် စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနကို စက်မှုလက်မှုဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းရာမှ စက်မှုလက်မှုဝန်ကြီးဌာနသည် သီးခြားဝန်ကြီးဌာနတစ်ခုအနေဖြင့် ရပ်တည်လာနိုင်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းတာဝန်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အဆိုပါဌာနကို ပြန်လည်ဖွဲ့စည်းသည့်အခါ အိမ်တွင်းစက်မှုလက်မှုဌာနခွဲကို ဖျက်သိမ်းပြီး ဝန်ထမ်းများအား စက်မှုလက်မှုဌာနအနေဖြင့် သွတ်သွင်းဖွဲ့စည်းခဲ့ပါသည်။
၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်အရ ဗျူရိုကရေစီယန္တရားဖျက်သိမ်းပြီး ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းရာ စက်မှုလက်မှုဝန်ကြီးဌာနသည် ၁၅-၃-၁၉၇၂ မှစ၍ စက်မှုဝန်ကြီးဌာနဟုအမည်ပြောင်းလဲ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ စက်မှုလက်မှု ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန၊ လုပ်ငန်းအဖွဲ့နှင့် ကော်ပိုရေးရှင်းရှစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းရှိ အိမ်တွင်းစက်မှုလက်မှုဌာနသည် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းကော်ပိုရေးရှင်း အမည်သစ်ဖြင့် သီးခြားဌာနတစ်ခုဖြစ်လာပြီး ၂၁-၂-၁၉၇၄ ရက်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်းကို သမဝါယမဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။
၁၉၇၅ ခုနှစ်မှစ၍ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခု ဖြစ်လာပါသည်။ အမှတ်(၁)စက်မှုဝန်ကြီးဌာနကို ဘုတ်ကော်ပိုရေးရှင်း ၁၄ ခုဖြင့် ဖွဲ့စည်းပြီး ဒေသန္တရစက်မှုလက်မှုကြီးကြပ်ရေးနှင့်လုပ်ငန်း စစ်ဆေးရေးဦးစီးဌာန၊ စက်မှုစီမံကိန်းဦးစီးဌာနတို့သာ ကျန်ခဲ့ပြီး အမှတ်(၂)စက်မှုဝန်ကြီးဌာနတွင် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၊ အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းတို့ ပါဝင်ပါသည်။
မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကော်ပိုရေးရှင်း၊ ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းတို့ ပါဝင်ပါသည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာဖရစ်ဝါနာစက်မှုလုပ်ငန်းလီမီတက်ဖွဲ့စည်းခဲ့ပြီး ၎င်းနှစ်တွင်ပင် အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းရာ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း၊ ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းတို့မှာ စွမ်းအင်ဝန်ကြီးဌာနသို့ ရောက်ရှိသွားပါသည်။
(ဆက်လက်ဖော်ပြပါမည်)