နတ်တော်လ စာအလင်္ကာများ
မောင်လူမွှေး(မြန်မာမှု)
နတ်တော်လနှင့်ပတ်သက်၍ စာအလင်္ကာများ ဖွဲ့ဆိုရာတွင်- ပုပ္ပားနတ်တောင်လင်္ကာသည် ရှေးအကျဆုံးဖြစ်သည်။ “သိုးကလေ…” အစချီ ပုပ္ပားနတ်တောင်လင်္ကာဘွဲ့ကို အများသိရှိကြလေသည်။ ကျောင်းသင်ခန်းစာအနေဖြင့် ပါဝင်၍လည်း မြန်မာ့နယ်ပယ်၌ အသိများကြလေသည်။ ပုပ္ပားနတ်တောင်လင်္ကာဘွဲ့နောက် ပုပ္ပားမဟာဂီရိနတ်ချင်းပေါ်လာပေသည်။ အောက်ပါအတိုင်းဖြစ်သည်။
“ပုပ္ပားသည် ရွှေတောင်တည့်လေ၊ ရွှေတောင်ပတ်လုံး၊ စံကားပင်နှင့် ပန်းပင်ဖုံး၊ တောလုံးရနံ့ကြိုင်စွလေ။” “ပုပ္ပားတောင်တွင် နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမာန်မြိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွစံကား၊ တောင်ပုပ္ပား၊ စံကား ပျံ့ကြိုင်မျှ၊ ပန်းလှိုင်စွလေ။”
“မောင်တော်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။ ဗိမာန်နန်းမှာ၊ ထီးစကြာ၊ ဖြန့်ကာအုပ်မိုးကာစွလေ။” ဤစာအလင်္ကာမှာ စာဆိုသူမထင်ရှားပေ။ နောက်ပိုင်းတွင် ဝန်ကြီးပဒေသရာဇာသည် “မဟာဂီရိ၊ ခေါ်ညီဖော်ပြ၊ နှမနဲ့မောင်၊ ဘုန်းခေါင်ဒေဝါ၊ ငါနတ်လာပြီ…” အစချီသော နတ်ချင်းတစ်ပုဒ်နှင့် “ခမောက်ကယ်မှ စိန်တောင်လေ၊ ရွှေညာဖျားက၊ မြစ်နားသူမောင်၊ ဆောင်းတော်မူသည့်၊ သပြေရောင်လဲ၊ ဖွဲ့ခေါင်ရယ်ကြော့ရွှန်း....” အစ ချီသော နတ်ချင်းတစ်ပုဒ် ပေါင်းနှစ်ပုဒ်ကို ရေးဖွဲ့ခဲ့လေသည်။
မဟာဂီရိနတ်ချင်းများ
မြဝတီမင်းကြီးဦးစက “ခါးစည်းငယ်မှဝေသီလေ၊ ကြော့ရှာလွန်းသည်၊ တစ်ကျွန်းတင့်နိုး၊ ဆင်ပုဆိုးမှာ….” အစချီသော မဟာဂီရိနတ်သံကို ရေးဖွဲ့ခဲ့လေသည်။ ရေးသူအမည်မသိ ခေတ်ဟောင်းခေတ်သစ်မဟာဂီရိနတ်ချင်းများရှိသော်လည်း ထင်ရှားမှတ်တမ်းတင်သော နတ်ချင်းမှာ သုံးပုဒ်ရှိလေသည်။ ထိုမဟာဂီရိ နတ်သံနတ်ချင်းပါ ဝတ်စားဆင်ယင်မှုနှင့် အခြားအကြောင်းခြင်းရာများမှာ နတ်နာယက ဝတ်စားဆင်ယင်မှုသမိုင်းကို မှတ်သားဖွယ်ရာ ဖြစ်ပေသည်။ ယမန်နှစ်က (၅.၁၂.၂၀၂၂) ပုဂံဒေသ ယွန်းပညာကောလိပ်၌ စာရေးသူ တက်ရောက်ဖတ်ကြားခဲ့သော “အပျိုတော်နတ်ချင်းနှင့် သဘင့်အစဉ်…” စာတမ်းဖတ်ပွဲ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပွဲအခမ်းအနားစီစဉ်ရာ၌ မြဝတီမင်းကြီးဦးစ၏ မဟာဂီရိနတ်သံပါ အကြောင်းအရာ အချက်အလက်ပါအတိုင်း သရုပ်ပြဝတ်စား ဆင်ယင်ထားရှိမှုများသည် ကိုက်ညီသည်ကို တွေ့ရသည်။
စာရေးဆရာ (စာပေပညာရှင်) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့အောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သဘင်ပညာဌာန ပါမောက္ခ ဦးခိုင်ထွန်းတို့၏စီစဉ်မှုသည် သမိုင်းစာပေအထောက်အထားများနှင့် ညီညွတ်လှပေသည်ဟု ဂုဏ်ပြုရပါသည်။ နောင်ဤကဲ့သို့ မြန်မာမှုဆိုင်ရာစာတမ်းဖတ်ပွဲများကို အခါအားလျော်စွာ ဖြစ်စေချင်ပါသည်။
အလွန်ရသမြောက်သော နတ်ချင်း
နတ်သံဟောင်းတစ်ပုဒ်တွင် “စကားပင်ကို နုတ်ငင်ပစ်၍….၊ မြစ်လယ်ကြောကို မျှောသောအခါလည်း၊ ဟင်္သာသောင်တင်း၊ ပိန်ညင်း စင်ရော်၊ အတောင်ခင်းသို့၊ လှေချင်းပီအောင်၊ ညီညီငယ်လှော်သည်၊ ပျော်ပျော်ရေကြောင်း စုန်ခဲ့တယ်၊ ရိမဒ်သာစည်၊ ထီးကြငှန်းနှင့်၊ မြို့နန်းတည်မည့်၊ ရွှေပြည်ပုဂံ၊ မင်းငါးကျိပ်ငါး၊ ကနက်ထူ၍၊ ရိပ်ဖြူလွှားသို့၊ ပျော်ပါးစံမည့်၊ နိုင်ငံနဖူး၊ ဆိပ်ကမ်းသာသည့်၊ ရွာညောင်ဦးမှာ၊ စူးစူးဝင်လို့တို့ဆိုက်တယ်….” စသဖြင့် ရေးဖွဲ့ထားရာ ဖတ်ကြည့်ပါက ပန်းပဲမောင်တင့်တယ်၊ သုံးပန်လှမင်းသမီး မောင်နှမတို့၏ ချစ်ခြင်းမေတ္တာ၊ ဘုရင်၏အတ္တမာနစသည့် ရာဇဝင်ဖြစ်ရပ်များကို ဖတ်ရှုခံစားရပါသည်။ ထိုနတ်ချင်း၊ နတ်သံကို စိတ်အာရုံတွင် ဂီတသံစဉ်သွင်း၍ ခံစားကြည့်ပါက အလွန်ရသမြောက်သော နတ်ချင်းဖြစ်ပေသည်။
ဂန္ထဝင်တေးရေးဆရာကြီး နန်းတော်ရှေ့ဆရာတင်က တောင်တော်သခင်မတေးကို ရေးစပ်ခဲ့သည်။ မရွှေဥ၏ဇာတ်လမ်းဖြစ်သည်။ ထိုကို အသံပါရမီရှင် ဒေါ်ခင်ခင်ညွန့်က ဆိုထားသည်။ ထိုသီချင်းထဲတွင် နန်းတော်ရှေ့ဆရာတင်က ပတ်ဝန်းကျင်ရေမြေအရ ဒီနေရာ ဒီဒေသကို ရောက်သွားသောအခါ လွမ်းသလို ဆွေးသလိုခံစားရကြောင်း ရေးစပ်ထားသည်။ အဆိုတော်ကြီး ဒေါ်ခင်ခင်ညွန့်၏ အသံ၊ အဆွဲ၊ အငင်နှင့် အဆိုကြောင့် ရသမြောက်စွာ ခံစားရသည်။ နောင်တွင် အကယ်ဒမီ ဦးဝင်းဦးက ပြန်ဆိုသည်။
ဤ၌ ဆိုလိုခြင်းမှာ စာအလင်္ကာတို့၏ ဂုဏ်ရသတို့သည် စိတ်ကို ပြောင်းလဲစေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသို့ပင် မဟာဂီရိနတ်ချင်းသည်လည်း ယုံကြည်ကိုးကွယ်မှုမရှိသည့်တိုင် စိတ်ကိုသိမ်းကျုံးသည့် ခံစားမှုကို ဖြစ်ပေါ်စေလေသည်။ ဤသည်မှာ နတ်တော်လ မင်းမဟာဂီရိပူဇော်ပွဲမှ ဖြစ်ပေါ်လာရသော စာအလင်္ကာရသသဘောကို ဆိုလိုခြင်းဖြစ်ပေသည်။
ရာသီဘွဲ့များဖွဲ့ဆိုရာ၌ ပန်းအမျိုးအစားသည်လည်းပါဝင်
ရာသီဘွဲ့များဖွဲ့ဆိုရာ၌ ထိုလရာသီပွင့်သီကြသည့် ပန်းအမျိုးအစားသည်လည်း အချက်အလက်အနေဖြင့် ပါဝင်လေပေသည်။ နတ်တော်လ၏ရာသီပန်းမှာ သဇင်ပန်းဖြစ်ပေသည်။ “သည်ဆောင်းဟေမန်၊ မြောက်ယံလေညင်း…” အစချီတေးဘွဲ့သီချင်း (သီချင်းကြီး) မှာ သဇင်ပန်းဖွဲ့ဖြစ်လေသည်။
အင်းဝမြို့ကို စိုးစံတော်မူသော တနင်္ဂနွေမင်း (ခေါ်) မှန်နန်းရှင် မင်းတရားကြီးလက်ထက်တော်တွင် ပန်းတော်ဝင်သဇင်ပန်းဆက်သကြရသည်ကို စာဆိုဇေယျပတိ (မြဝတီမင်းကြီးဦးစ) ရေးဖွဲ့သော သဇင်ပန်းတော်တေးဖွဲ့ ဖြစ်ပေသည်။
“သည်ဆောင်းဟေမန်၊ မြောက်လေညင်းဆော်တယ်ကို၊ နတ်တော်ပြာသို၊ ခွာညိုတည့် နှင်းဖုံဖုံ၊ ရိုးတံဆင့်ဖူးငုံ၊ (ဝတ်မှုန်)၃ တင့်ဆုံး၊ သဇင်ပန်း မြဂမုန်းငယ်နှင့်လေး၊ ရွှေနန်းတော်လုံး၊ မင်းသုံး ငယ်စိုးယူ၊ သွယ်သွယ်ညွတ်ကိုင်း၊ ရွှေသိုင်းညွန့်တလူလူ၊ ရှမ်းပြည်တောင်ငူ၊ ကြည်ဖြူဆက်မြဲမှန်လှလေ၊ ဂမုန်းအင်သဇင်ရွှေပန်းလှိုင်လှလေး၊ သိင်္ဂီလျှံလန်း၊ စိန်စီမှန်နန်းပေါ်ငယ်မှာ၊ ပန်ဆင်ရာ၊ ရွှေကေသာ မြန်းပါလို့ သည်ပန်းမှ မြတ်ပန်တော်။”
ဤသီချင်းတွင် ပါဝင်သောပန်း “ဂမုန်းအင်” အကြောင်းကို မှော်ဘီဆရာသိန်းကြီးက ပန်းတစ်မျိုးဟု ဖော်ပြထားသည်။ “ဂမုန်းအင်”နှင့်ပတ်သက်၍ မြန်မာစာပေပညာရှင်များ၊ သုတေသီများက ဖွင့်ဆိုမှုအသီးသီးရှိကြသည်။ ဆရာကြီးဒဂုန်နတ်ရှင်၊ ဆရာကြီးဒဂုန် ဦးစန်းငွေ၊ ဆရာကြီးမာဃတို့၏ ဖွင့်ဆိုယူဆချက်များကို တွေ့ဖူးသည်။ “ဂမုန်းအင်နှင့် သဇင်ပွင့်ပေါ်လနတ်တော်”ဟု ဆိုရိုးရှိပေသည်။ ဤ “ဂမုန်းအင်”ဝေါဟာရကို ဦးတိုး၏ ရာမရကန်တွင်လည်း “စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး၊ နွေလသံပေါက်၊ ရင့်ချိန်ရောက်သောခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေ ဆင်ကြသည်၊ ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့်အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်၊…” တွင်လည်း “ဂမုန်းအင်” ဝေါဟာရကိုသုံးထားပေသည်။
မဟာအတုလမင်းကြီး၏ နတ်တော်လဘွဲ့ လွမ်းချင်းတွင် လည်း “ရှုလေတိုင်းကိုတည့်(တဲ့)၊ ဝေမှိုင်းငယ်ဖြာဖြာ၊ လေညင်းငယ်လာသည်၊ ဖော်မပါတူမစုံလို့၊ လွှာခြုံအေးပြန်တော့တယ်လေး…၊ ဆယ့်နှစ်ဖြာငယ်၊ ရာသီဓနု၊ ရွှေဟင်္သာလည်း၊ တာရာပြုလို့၊ ဇေယုဗြဟ္မာ၊ ဟေမန္တာမို့၊ မဟာပိန္နဲ၊ နတ်မင်းပွဲမှာ၊ ကျွေးမြဲပူဇော်၊ လနတ်တော်ကို၊ ရှုမျှော်တိမ်ဆီ၊ မိဂသီလည်း၊ ခါညီမွန်းလယ်၊ ထွန်းရောင်ခြည် ခြယ်သောခါ၊ နယ်ရွှေဝဥကင်မှာ၊” ဂမုန်းအင် “သဇင်မင်းက၊ သင်းလှတယ်လေး…။ ။”ဟု နတ်တော်လဘွဲ့ကို ရေးဖွဲ့ထားလေသည်။ အထက်ဖော်ပြပါ ဆရာကြီးဒဂုန်နတ်ရှင်၊ ဆရာကြီးဒဂုန်ဦးစန်းငွေနှင့် ဆရာကြီးမာဃ (ဦးသာတင်)တို့၏ အဆိုကို မဖော်ပြသာပေ။ မှော်ဘီဆရာသိန်းကြီး၏ ရေးသားချက်ကို အောက်ပါအတိုင်း တွေ့ရပါသည်။
သဇင်ပန်းကိုပင် အချို့ဆရာတို့က ဂမုန်းအင်ပန်းဟု ပြောဆိုသည်ကိုကြားရသည်၊ (ရှင်းလင်းရန်ကား၊) သဇင်ပန်းကတခြား၊ ဂမုန်းအင်ပန်းကတခြား ဖြစ်ချေသည်၊ ဂမုန်းအင်ပန်းနှင့် သဇင်ပန်းသည် တစ်ရာသီတည်း ဖူးကြ-ငုံကြ-ပွင့်ကြသည်။ နတ်ပန်းဟူ၍ လည်းအခေါ်များကြသည်။ ဂမုန်းအင်ပန်းအရွက်မှာ သဇင်ပန်းအရွက်နှင့်တူသည်။ ရွက်တံတို့သည် ပွင့်တံမှာ လက်ညှိုး-လက်မလောက်ကြီးသည်။ နှစ်လက်မ၊ သုံးလက်မခန့် ပွင့်တံရှိသည်။ အဆစ်မှာ နှစ်ဆစ်၊ သုံးဆစ်ရှိသည်။ ပွင့်တံထိပ်က-စု၍ အငုံ-အဖူး-အပွင့်-ထွက်၍ ပွင့်သည်။ ဇွန်ပန်းသဏ္ဌာန် ဖြူသောအဆင်းရှိသည်။ သဇင်ကြက်ချေးခေါ်သော ပန်းပွင့်ကဲ့သို့ ပွင့်သည်။ အနံ့သင်းသင်းရှိသည်။ ၎င်းဂမုန်း အင်ပန်းမျိုးသည် ပဲခူးမြို့နှင့် တောင်ငူမြို့အကြား တောများ၌ ရှိတတ်သည်။ ယင်းသည့် ဂမုန်းအင်ပန်းသည် သထုံနယ်မှာရှိကြောင်း သိရသောကြောင့် မိတ်ဆွေတစ်ဦးထံ မှာလိုက်ရာလာရောက်ပို့၍ တွေ့မြင်ရသည့်အတိုင်း ဖော်ပြလိုက် ပါသည်။
(ဂီတာလင်္ကာရဒီပနီကျမ်း စာ-၁၀၃)
စသဖြင့် ဂမုန်းအင်အဆိုကို အကျယ်တဝင့် ရှင်းလင်းပြထားသည်ကို တွေ့ရပါသည်။
ထိုဂမုန်းအင်သည် နတ်တော်လရာသီ သဇင်ပန်းနှင့်တွဲ၍ ခေတ်အဆက်ဆက်လာခဲ့ရာ ဇာတ်သဘင်များခေတ်ရောက်သည်အထိ သုံးစွဲနေမြဲဖြစ်သည်။
တစ်ကိုယ်တည်းနေသူအဖို့ လွမ်းမောတမ်းတရပုံကို ရေးဖွဲ့ထား
ဇာတ်သဘင်တွင် အခန်းဆက် အခန်းပြောင်း၌ ဇာတ်လမ်းအရ ခွန်းတောက်ဆိုရသည့် ကဏ္ဍရှိလေသည်။ အောက်ပါ နတ်တော်လဘွဲ့ ခွန်းတောက်မှ နတ်တော်လေးကိုင်စွဲသည့် ဓနုရာသီ၊ ဟင်္သာတာရာ မိဂသီနက္ခတ်နှင့် စန်းယှဉ်ခြင်း ရာသီသဇင်ပန်းနှင့် ဂမုန်းအင်တို့ ပွင့်ဝေသည့် ချမ်းအေးသောကာလ တစ်ကိုယ်တည်းနေသူအဖို့ လွမ်းမောတမ်းတရပုံကို ရေးဖွဲ့ထားလေသည်။ ခက်ခဲသော ဝေါဟာရပဟေဠိအသိရခက်သော အနက်အဓိပ္ပာယ်များမပါရှိဘဲ သာမန်သိနိုင်သော နတ်တော်လဘွဲ့ကို စာဆိုက ရေးဖွဲ့ထားလေသည်။ စာရှုသူများ နတ်တော်လ စာပေအလင်္ကာရသများကို ခံစားနိုင်ကြပါစေသတည်း။
“ဓနုခွင် နတ်တော်ဆန်းတော့ကို ဂမုန်းအင် သဇင်ပန်းငယ်နှင့် ရွှေနန်းမလှကြေးမုံ။ နတ်ရုပ်မှာ လေးကိုင်စွဲပါလို့ ပိန္နဲငယ်မဟာပွဲသာပပျော်မြဲမင်္ဂလာမို့ တာရာမှာ ဟင်္သာထွန်းလွမ်းဘွဲ့အစုံ။ မိဂသီရောင်စုံ တင့်တော့ညောင်ဘုံမြင့် ရွှေရိပ်လှုံမှာ အို-ကြုံ ပြန်ရလေနဲ။ (ဝ, ပြော ငယ်စည်…) ၂ မြ, ကောဋုံ စိန်ရထည်နှင့် ရွှေပြည်နှစ်ကို လွမ်းပါကလ ခုများမှာ တကိုယ်တန်းပါမို့ ညောင်သင်မှာ မောင်ခင်ချမ်းရှာလိမ့်မယ် နွမ်းဘို့သည် သဲတဲ့မှ အိုကွယ် ... လွမ်းလို့ကြည်ကွဲ…”။ ။