တို့ဘိုးဘွားများရဲ့အမွေ အဖိုးတန်မြေ
ခင်သန်းမြင့်
ယခုရက်ပိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ဝယ်ချင်စရာတွေချည်းပဲ။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ သခွား၊ မုန်လာ၊ ဘူး၊ ဖရုံ၊ ဘူးညွန့်၊ ဖရုံညွန့်၊ ပဲညွန့်၊ ကန်စွန်း၊ နံနံ၊ ပူဒီနာတွေ၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဖရဲ၊ ထောပတ်၊ လိမ္မော်၊ ပန်းသီး စတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေက မျိုးစုံအောင်ပါပဲ။
ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူးလတွေက မြန်မာပြည်ရဲ့ ကောက်ပဲသီးနှံတွေပေါ်ချိန်၊ မြေပေါ်သီးနှံ၊ မြေအောက်သစ်ဥသစ်ဖုတွေ အလျှံပယ်ထွက်တဲ့ ရာသီချိန်မဟုတ်လား။ ဒါ့အပြင် လူတွေစိုက်ပျိုး ပြုပြင်စရာမလိုတဲ့ တမာ၊ ခံတက်၊ ရင်းတိုက်၊ လဲလူ၊ မန်ကျည်းစတဲ့ သက်ကြီးပင်တွေဆိုလည်း ရွက်ဟောင်းကြွေညောင်း၊ ရွက်နုပြောင်းပြီဆိုရင်ဖြင့် စားလို့မကုန်၊ ခူးလို့မကုန်အောင်ပါ။ နှစ်စဉ်မှန်မှန် အဆင်သင့်ဆွတ်ခူးစားသုံးရုံပဲ။ တောနယ်တွေမှာဆိုရင် ရောင်းဝယ်ဖို့နေနေသာသာ ဘယ်သူ့အပင်၊ ဘယ်သူ့ခြံကလို့တောင် မခွဲခြားဘူး။ တတ်နိုင်သူခူးသွားပေရော့ပဲ။ တစ်နပ်စာပိုခူးခဲ့ဖို့တောင် လမ်းကြုံမှာလို့ ရပါသေးတယ်။
မြန်မာနိုင်ငံဆိုတာကလည်း အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံ၊ မြေဆီဩဇာကလည်း စိုက်လို့ပျိုးလို့ အင်မတန်ကောင်းတဲ့ မြေဆိုတော့ နိုင်ငံတစ်ဝန်းလုံး သူ့ဒေသနဲ့သူ၊ သူ့ရာသီနဲ့သူ စိုက်လို့ပျိုးလို့ မဖြစ်ထွန်းတဲ့ သီးနှံရယ်လို့ မရှိပါဘူး။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဆန်စပါးနဲ့အထက် အညာဒေသက ပဲမျိုးစုံသီးနှံတွေဆိုရင် ပြည်တွင်းစားသုံးမှုသာမက နိုင်ငံ့အတွက် ပြည်ပဝင်ငွေရှာပေးနိုင်တဲ့အထိပါပဲ။ တနင်္သာရီမှာဆို ဆီအုန်း၊ ကရင်နဲ့ မွန်ပြည်နယ်မှာ ရော်ဘာနဲ့ ဒူးရင်း၊ မင်းကွတ်စတဲ့ ဥယျာဉ်ခြံထွက်သီးနှံတွေ၊ ပြင်ဦးလွင်၊ ရွာငံ စတဲ့ဒေသတွေမှာ ကော်ဖီ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ထွက် လက်ဖက်၊ လိမ္မော်၊ ထောပတ်၊ ပန်းသီး၊ ရခိုင်ပြည်နယ်မှာ ငရုတ်ကောင်း စသဖြင့်ရေတွက်လို့ မကုန်နိုင်အောင်ပါ။ ဆန်စပါးဆိုရင် မြန်မာမျိုးရင်းပေါ်ဆန်းမွှေးက ကမ္ဘာကျော်သလို အခုနောက်ပိုင်း ရွှေဘိုပေါ်ဆန်းဆိုလည်း ရန်ကုန်အပါအဝင် မြို့ကြီးပြကြီးတွေမှာ ရောင်းတန်းဝင်ဈေးအမြင့်ဆုံးပါ။
စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ
စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံပီပီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ကျွန်မတို့အားလုံး ဖိဖိစီးစီးအာရုံစိုက်ပြီး ကြိုးပမ်းလုပ်ဆောင်ကြမယ်ဆိုရင် နိုင်ငံတော်အတွက်လည်း စားရေရိက္ခာဖူလုံရုံမက နိုင်ငံ့ဝင်ငွေလည်း ယခုထက် ပိုမိုတိုးတက်လာမှာ အမှန်ပါပဲ။
ယခုနှစ်သစ်ကူးကာလအတွင်းမှာပဲ မြန်မာ့ လယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားမြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီ စတဲ့ လယ်ယာထွက်ကုန်တွေ ပြည်ပနိုင်ငံတွေကို ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုတယ်။
ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ပြီး ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံတွေကို အရင်ရက်သတ္တပတ်ထက် ပင်လယ်ရေကြောင်းကတင်ပို့မှုတွေ ပိုမိုတိုးတက်လာတယ်လို့ သိရတယ်။ နှမ်းမျိုးစုံဆိုလည်း နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားတွေမြင့်တက်နေပြီး တရုတ်နိုင်ငံကို အရင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့တဲ့အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)တို့ကလည်း ဝယ်လိုအားများပြားလာတယ်လို့ ဆိုတယ်။ နှမ်းနက်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၈၀ မှ ၁၈၁၅ အထိ ဈေးရရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံက ပြည်ပဝယ်လက်နိုင်ငံများကို ပို့ကုန်အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော် တင်ပို့နိုင်ခဲ့ရာ မှာ လယ်ယာထွက်ကုန်ပစ္စည်းက ဒေါ်လာ ၇၂ သန်း ကျော်၊ ရေထွက်ပစ္စည်းက ဒေါ်လာ ၁၆ သန်းကျော်နဲ့ စက်မှုကုန်ချောက ဒေါ်လာ ၁၆၆ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ရက်သတ္တပတ်အတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်အနက် လယ်ယာထွက်ပစ္စည်း တင်ပို့မှုတစ်ခုတည်းက ဒေါ်လာ ၆၆ သန်းကျော် ရရှိခဲ့တယ်လို့ သိရတယ်။
လယ်ယာကဏ္ဍက ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆန်၊ နှမ်း၊ ကြက်သွန်နီ၊ ချင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ၊ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူးငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး)တို့ကို ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့လည်း ဆိုတယ်။
ဒါပေမယ့် ဆင်ဟွာသတင်းဌာနရဲ့ထုတ်ပြန်ချက် အရဆိုရင်တော့ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ (သန်းပေါင်း လေးထောင်ကျော်) ရရှိခဲ့ပြီး တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့ခဲ့ရာမှာ တရုတ်နိုင်ငံက အဓိကဝယ်ယူခဲ့တယ်လို့ သိရတယ်။
မသိသူကျော်သွား၊ သိသူဖော်စား
မသိသူကျော်သွား၊ သိသူဖော်စားဆိုတဲ့စကားက မြန်မာနိုင်ငံအတွက်ပဲ ရည်ညွှန်းလေရော့သလားလို့ ကျွန်မဖြင့်ဖတ်ရင်းစဉ်းစားမိတယ်။ မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ ကြားမှာတည်ရှိတဲ့အပြင် ရာသီဥတုမျှတပြီး စိုက်လို့ပျိုးလို့၊ မွေးလို့အင်မတန်ကောင်းတဲ့ နိုင်ငံဖြစ်လျက်သားနဲ့ အခွင့်ကောင်းတွေကို အရမယူနိုင်ဘဲ အကြိမ်ကြိမ်လွဲချော်ခဲ့တယ်။ လွဲချော်တယ်ဆိုတာထက် ပုတ်ချခဲ့တယ်လို့ပြောရင် ပိုမှန်မယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တစ်ခုတည်း ဖြစ်ထွန်းတာမဟုတ်ပါဘူး။ မြေပေါ် မြေအောက်သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတယ်။ ရှည်လျားတဲ့ကမ်းရိုးတန်းတွေ၊ သာယာလှပတဲ့ သဘာဝရှုမျှော်ခင်းတွေနဲ့ ဘုရား၊ ပုထိုး၊ စေတီ စတဲ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကြောင့် ကမ္ဘာက The Golden Land of Myanmar (ရွှေနိုင်ငံ)ရယ်လို့ တင်စားခဲ့ကြတဲ့နိုင်ငံ ဖြစ်ပါတယ်။
သူ့အလှနဲ့သူ
ကချင်ပြည်နယ်က ရေခဲတောင်တွေဟာ အရှေ့တောင်အာရှမှာ မြန်မာတစ်နိုင်ငံတည်းမှာသာ တည်ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုက ပင်လယ်ကမ်းခြေတွေဟာ ယခုတိုင် သဘာဝအတိုင်းမပျက်မယွင်းရှိနေဆဲပါ။ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေလီမြစ်တို့ဟာ သူ့အလှနဲ့သူ ဧရာဝတီထဲကို ပေါင်းဆုံစီးဆင်းသလို ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကလည်း သူ့အလှနဲ့သူ၊ သူ့အားသာချက်နဲ့သူ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ စုစည်းတည်ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတစ်ခုတည်းနဲ့တင် ဒေသတွင်းနိုင်ငံတွေကြားမှာ အေးအေးဆေးဆေး ယပ်ခတ်ပြီး စီးပွားရှာစားလို့ရပါတယ်။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ ဒီအခွင့်အလမ်းတွေကို အထက်ကပြောခဲ့သလိုပဲ ကျွန်မတို့ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ အချင်းချင်းတိုက်လို့ခိုက်လို့မပြီးနိုင်ကြတော့ဘူး။ အင်အားကြီးနှစ်နိုင်ငံကြားက ပထဝီနိုင်ငံရေးအားသာချက်ဟာ ပြည်တွင်းပြည်ပ ပယောဂမျိုးစုံကြောင့် ယခုတိုင် အချင်းချင်းစိတ်ဝမ်းကွဲပြီး ပထဝီနိုင်ငံရေးကျိန်စာ သင့်သလို ဖြစ်ခဲ့ရတယ်။
လက်ရှိကာလမှာဆိုရင် ပြည်ပနိုင်ငံကြီးအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုများနဲ့အတူ ဒေသစွဲ၊ လူမျိုးစွဲ အစွန်းရောက်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူများဟာ ပြည်ထောင်စုကြီးပြိုကွဲအောင် လုပ်ဆောင်လာကြတယ်။ ပါဝါလေဟာနယ်ဖြစ်သွားတဲ့ဒေသအချို့မှာဆိုရင် အကြမ်းဖက်သောင်းကျန်းသူများဟာ လက်နက်အားကိုးနဲ့ ဒေသခံတိုင်းရင်းသားများအပေါ် အမိန့်အမျိုးမျိုးထုတ်ပြန်ပြီး အတင်းအဓမ္မလူသစ်စုဆောင်းနေကြတဲ့အပြင် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များကိုပါ ဖျက်ဆီးစော်ကားလာခဲ့ကြပါတယ်။
ကန့်ကွက်ရှုတ်ချ
အကြမ်းဖက်သောင်းကျန်းသူများက အခုလို ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးစော်ကားလာမှုအပေါ် မခံမရပ်နိုင်တဲ့ ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ၊ ရဟန်းရှင်လူပြည်သူများက “ဗုဒ္ဓဘာသာဝင်များကိုးကွယ် အထွတ်အမြတ်ထားရာ ဘုရားစေတီပုထိုး၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား (ဆန့်ကျင်ကြ)”၊ “အမျိုးဘာသာသာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များ(အလိုမရှိ)”၊ “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ(ကျရှုံးပါစေ)”၊ “ဘုရားစေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများ (ကျရှုံး ပါစေ)”စသဖြင့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ကန့်ကွက်ရှုတ်ချလျက်ရှိပါတယ်။ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များကလည်း ကန့်ကွက်ရှုတ်ချတဲ့ သဘောထားကြေညာချက်တွေကို ဆက်တိုက်ထုတ်ပြန်လျက်ရှိပါတယ်။
မြန်မာပြည်သူတွေဟာ အမျိုးဘာသာသာသနာ နဲ့ပတ်သက်လာရင် အခုမှမဟုတ်ပါဘူး။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်အောက်မှာတောင် အင်္ဂလိပ်လူမျိုးအပါအဝင် အနောက်ဥရောပသားများက ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီပုထိုးများအပေါ် ဖိနပ်စီးတက်ကြလို့ ဗုဒ္ဓဘာသာကလျာဏ ယုဝ(YMBA) အသင်းကြီးက ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အတွက် အဲဒီနောက်ပိုင်းမှာ ဘုရားပုထိုးစေတီတွေပေါ်ကို နယ်ချဲ့အင်္ဂလိပ်တွေ ဖိနပ်စီးပြီး မတက်ရဲကြတော့ပါဘူး။
ဒီလိုပြောလို့ ကျွန်မကိုဖြင့် ဘာသာရေးအစွန်း ရောက်နေသူ တစ်ဦးလို့လည်းမထင်ပါနဲ့။ ကျွန်မတို့ ကိုးကွယ်ယုံကြည်တဲ့ဗုဒ္ဓဘာသာဟာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါ။ ကာမဂုဏ်တို့၌ အဖန်တလဲလဲ မှီဝဲသုံးဆောင်ခြင်း၊ ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင်ကျင့်ခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုဖယ်ခွာပြီး မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကိုကျင့်ကြံပွားများ အားထုတ်ရတဲ့ ဘာသာဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းအရလည်း လွတ်လပ်စွာကိုးကွယ်ခွင့်အပေါ် ကျွန်မတို့ လေးစားအလေးထားပါတယ်။
သို့ပေမယ့် ပြည်ထောင်စုကိုဖြိုခွဲမယ့် အကြံအစည်၊ လုပ်ရပ်တွေ၊ ဘာသာသာသနာအပေါ် ဖျက်ဆီးစော်ကားတဲ့ အပြုအမူလုပ်ရပ်တွေကိုတော့ ပြည်ထောင်စုကို ချစ်တဲ့သူတိုင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကိုလိုလားတဲ့ ပြည်ထောင်စုသားတိုင်းက ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ ဆန့်ကျင်ကန့်ကွက်၊ ရှုတ်ချကြရမှာပါပဲ။ တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်မြင်သံကြားမှာ အမြဲလွှင့်ထုတ်နေကျ ရတနာမြေအား လေးစားဆိုတဲ့ စာသားပါသီချင်းလိုပဲ “ဒီမြေပေါ်မှာ နေထိုင်ခဲ့တဲ့ ကျေးဇူးတရားကိုနားလည်ရင်း ရတနာ မြေအားလေးစား”ဆိုတဲ့အတိုင်း ကျွန်မတို့ ဘိုးဘွားတွေရဲ့အမွေအဖိုးတန်မြေကို ကျွန်မတို့မှ တန်ဖိုးထား မလေးစားရင် ဘယ်သူကတန်ဖိုးထား လေးစားကြမှာလဲ။
နိုင်ငံတော်သီချင်းထဲက “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ အဖိုးတန်မြေ”ဆိုတဲ့ စာသားက မျိုးဆက်တွေအတွက် အလကားရေးစပ်ထားခဲ့တာ မှမဟုတ်တာ။ တို့ဘိုးဘွားအမွေအနှစ်မို့ ပြည်ထောင်စုသားတိုင်း ချစ်မြတ်နိုးကြဖို့၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်တာပေါ့။ ။