Skip to main content

Green City ၏ ဘေးအန္တရာယ်ကင်းရှင်းရေး ဖိုရမ် (အပိုင်း-၁)

မိုး(အလရ)

အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ပိုမိုဘေးကင်းသည့် လူမှုဘဝများ ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခန်းကဏ္ဍတွင် အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်နှင့် အသိအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်မည့် လမ်းကြောင်းတစ်ရပ်ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့ကြသည်။

ထိုဖိုရမ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နန်နင်းမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တောင်ပိုင်းတွင် ရှိပြီး ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်လည်းဖြစ်သည်။ စိမ်းလန်းစိုပြည်သော အပူပိုင်းဒေသ သစ်ပင်များ ပေါများသည့်အတွက် နန်နင်းမြို့ကို အစိမ်းရောင်မြို့တော် (Green City) ဟုလည်း ခေါ်ဆိုကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသည့်အတွက် တွေ့ကြုံ ရမည့်အရာများ၊ လေ့လာခွင့်ရရှိမည့် နည်းပညာများနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေမိသည်။

ကျွန်တော်တို့၏ ခရီးစဉ်က ဒီဇင်ဘာ ၄ ရက်တွင် ဖိုရမ်နှင့် ပြပွဲသို့ တက်ရောက်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေသည့် နေရာများသို့ သွားရောက်လေ့လာရမည် ဖြစ်သည်။ ခရီးသွားလာခြင်းအပါအဝင် သုံးညအိပ်လေးရက် သွားရောက်ခဲ့ရ သည့် ခရီးစဉ်ဖြစ်ပေသည်။

ခရီးအစ

ကျွန်တော်တို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက် မြန်မာစံတော်ချိန် ၀၇:၂၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ လေယာဉ်မောင်းချိန် တစ်နာရီခန့်သာ ကြာမြင့်ပြီး ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၀၉:၁၅ နာရီတွင် ရောက်ရှိ ခဲ့ကြသည်။ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ဒေသစံတော်ချိန် ၁၃:၀၀ နာရီတွင် China Southern Airline ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ လေယာဉ်မောင်းချိန် နှစ်နာရီခွဲခန့် ကြာမြင့်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၆:၃၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။

ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့သည်လည်း ကျွန်တော်တို့အဖွဲ့နှင့် လေယာဉ်တူသည့်အတွက် အတူတကွရောက်ရှိကြသည်။ လေဆိပ်ပြင်ပသို့ ထွက်ချိန်တွင် ဆောင်းရာသီ ဖြစ်သည်နှင့်အညီ အေးမြလျက်ရှိပြီး လွန်ခဲ့သည့်ရက်မှစ၍ မိုးရွာသည့်အတွက် ညပိုင်းတွင် အပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး အအေးဓာတ် ပိုလာကြောင်း စကားပြန်ဝန်ထမ်းက ရှင်းပြ၍ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ မြန်မာဘာသာပြန် Ms. Fan Bohong တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအတွက် ကားတစ်စီးစီ စီစဉ်ထားသည်ကို တွေ့ရှိ ရသည်။ စေတနာ့ဝန်ထမ်းများက ခရီးဆောင်အိတ်များကို ကားပေါ်သို့ ကူညီသယ်ပို့ပေးကြသည်။ ထိုဘာသာပြန်သူနှင့် စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ရန် တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းသူများ အား လုပ်အားပေးခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျွန်တော်တို့အဖွဲ့သည် လေဆိပ်မှတည်းခိုမည့် Liyoun Resort သို့ ကားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ၁၇:၃၀ နာရီခန့်တွင် ရောက်ရှိခဲ့ကြ သည်။ တည်းခိုရမည့် Liyoun Resort သည် လုံးချင်းတိုက်များဖြင့်ဖြစ်ပြီး သစ်ပင်များ၊ ရေကန်များဖြင့် စိမ်းလန်း သာယာလွန်းလှပေသည်။ ရေကန်များ တွင် ဒေါင်းများ၊ ကျေးငှက်များကိုလည်း တွေ့ရလေသည်။

ကျွန်တော်တို့အဖွဲ့သည် ညစာစားပွဲအခမ်းအနား တက်ရောက်ရန်ရှိသည့်အတွက် အဝတ်အစားလဲ၍ ပြင်ဆင်ပြီး Liyoun Resort ၏ ဧည့်ခန်းမသို့ သွားကြ သည်။ ၁၈:၀၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသအာဏာပိုင်အစိုးရ ဒုတိယဥက္ကဋ္ဌ Mr. XU Yongke တို့က ဖိုရမ်တက်ရောက်ရန်လာကြသည့် အာဆီယံ ၁၀ နိုင်ငံတို့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဖိုရမ်တက်ရောက်ခြင်း

နောက်တစ်ရက် နံနက် ၈ နာရီတွင် ကျွန်တော်တို့အဖွဲ့သည် ဖိုရမ်ကျင်းပ ပြုလုပ်မည့် Nanning International Convention Exhibition Center သို့ သွားရောက်ခဲ့ကြပါသည်။ အာဆီယံ−တရုတ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ၀၉:၀၀ နာရီတွင် စတင်ကျင်းပခဲ့သည်။

ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသ အာဏာပိုင်အစိုးရ ဒုတိယ ဥက္ကဋ္ဌ Mr. XU Yongke၊ ဖိလစ်ပိုင်နိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီး ဌာနမှ Undersecretary Mr. Atty. Benjo Santos M. Benavidez၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် အဖွဲ့ဝင်နိုင်ငံ မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ တရုတ် နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့မှ ကိုယ်စားလှယ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လုပ်ငန်းရှင်များ စုစုပေါင်း တက်ရောက်သူ ၃၀၀ ခန့်ရှိသည်။ ခန်းမ အတွင်း အာဆီယံနိုင်ငံများ၏ အထင် ကရနေရာများကို ချိတ်ဆွဲထားပြီး ခမ်းနားစွာပြင်ဆင်ထားသည်ကို တွေ့ရသည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ ပြခန်းများလေ့လာကြည့်ရှုခြင်းနှင့် ဆွေးနွေးပွဲများဟူ၍ အပိုင်းသုံးပိုင်းခွဲ၍ စီစဉ်ဆောင်ရွက်ထားသည်ကို တွေ့ရသည်။

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားအစတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအရေးပေါ်စီမံ ခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming၊ ကွမ်ရှီးဒေသ အာဏာပိုင်အစိုးရဒုတိယဥက္ကဋ္ဌ Mr. XU Yongke၊ ASEAN-OSHNET ညှိနှိုင်းရေး အဖွဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ဖိလစ်ပိုင်နိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီးဌာနမှ Undersecretary Mr. Atty. Benjo Santos M. Benavidez၊ အာဆီယံလူမှု− ယဉ်ကျေးမှုအသိုက်အဝန်းမှ ဒုတိယ အထွေထွေအတွင်းရေးမှူး Mr. Ekkaphab Phanthavong တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

တာဝန်ရှိသူများ၏ အမှာစကားများတွင် သတင်းအချက်အလက်များစွာ ပါဝင်ပြီး ကျွန်တော့်အနေဖြင့် လေ့လာသိရှိ ရမှုများကိုအနည်းငယ် မျှဝေပေးလိုပါ သည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားတွင် လွန်ခဲ့သည့် ၁၀ စုနှစ်မှစ၍ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များအကြား ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ကောင်းမွန်ပြီးရေရှည်တည်တံ့သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေလိုသည့် အတွက် ယခုကဲ့သို့ ဖိုရမ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အပါအဝင် အရေးပေါ်အခြေအနေများကို ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကိုဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။ ထိုသို့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ရာတွင် လူထုဗဟိုပြုစနစ်ဖြင့် ကြိုတင်ကာကွယ်ရေး ဦးစားပေးနည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရပေသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို အစပြုခဲ့သည့်မှာ ၁၀ နှစ်မြောက် နှစ်ပတ်လည်ရှိပြီဖြစ်ပြီးရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများလျှော့ချရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး နယ်ပယ်သုံးခုအတွက် ပူးပေါင်းဆောင်ရွက်မည့် လမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်ထားပြီးဖြစ်သည်။ ထိုလမ်းကြောင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိသည်ကို တွေ့ရှိရပေသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါ နိုင်ငံများ၏ ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ကျန်းမာရေးနှင့် သဘာဝဘေး အန္တရာယ်များအပေါ် စီမံခန့်ခွဲနေမှုစနစ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ များစွာရရှိခဲ့ပေသည်။

ပြခန်းများ လှည့်လည်ကြည့်ရှုခြင်း

ဖွင့်ပွဲအခမ်းအနားပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. SONG Yuanming နှင့် တက်ရောက်လာသူများသည် ဖိုရမ်နှင့်အတူ ပူးတွဲ ကျင်းပသည့် China-ASEAN Emer-gency Equipment and Technology Exhibition တွင် ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

ကျွန်တော်တို့ အဖွဲ့သည်လည်းပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် အရေးပေါ်အခြေအနေများတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၊ နည်းပညာအသုံးပြု ကိရိယာများ၊ ကာကွယ်ရေးဝတ်စုံများ၊ တည်ဆောက်ရေးလုပ်ငန်းခွင်များတွင်အသုံးပြုသည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှု၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။ နည်းပညာတိုးတက်နေမှုသည် အလွန်အဆင့်မြင့်၍ စက်ကိရိယာများ၏ လုပ်နိုင်စွမ်းအားသည် အံ့မခန်း ဖွယ်ဖြစ်သည်ကိုတွေ့ရှိရပေသည်။

အကြီးစား စက်ယန္တရားကြီးများကိုခန်းမပြင်ပတွင် ပြသထားသည်။ ပြခန်း အတွင်းပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းခွင်များ ကို စစ်ဆေး၍ မှတ်တမ်းတင်ရာတွင် အသုံးပြုသည့် ဒရုန်းအမျိုးမျိုး၊ ရွေ့လျားစက်ရုပ်များ (Robots)၊ ဂြိုဟ်တုစနစ် အသုံးပြုသည့် စကားပြောစက်အမျိုးမျိုး၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် ဒရုန်းများ၊ ကာကွယ်ရေးဝတ်စုံအမျိုးမျိုးတို့ကို လေ့လာတွေ့ရှိရသည်။ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးရေးလုပ်ငန်းများနှင့် အန္တရာယ်ကျရောက်ပါက ကယ်ဆယ်ရေးလုပ်ငန်းများတွင် နည်းပညာအသုံးပြုသည့် ပစ္စည်းကိရိယာများ အသုံးပြုဆောင်ရွက် နိုင်သည့်အတွက် လုပ်ငန်းများထိ ရောက်မြန်ဆန်ပြီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်နိုင်မည်ဟု မျှော်လင့်မိပေသည်။

 (ဆက်လက်ဖော်ပြပါမည်)