မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်တတ်မှုအနုပညာ
မောင်မောင်လင်း
နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခက်ခဲခဲ့ရတဲ့ အခြေအနေမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရဖူးမှာပါ။ အဲဒီအထဲမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်တဲ့ မိမိရဲ့ဘဝ အပြောင်းအလဲဖြစ်သွားဖို့ အချိုးအကွေ့ဖြစ်စေနိုင်တဲ့ အရေးကိစ္စမျိုးတွေအတွက်သာမက သာမန်အကြောင်းအရာလေးတွေလို့တောင် ပြောလို့ရတဲ့ ကုန်ပစ္စည်းနှစ်မျိုးထဲက ဘာကိုရွေးချယ်ဝယ်ယူရင် ကောင်းမလဲဆိုတာမျိုး၊ ဒီပွဲမှာ ဘာလေးဝတ်သွားရင် ကောင်းမလဲဆိုတာမျိုး၊ နောက်ဆုံး စားသောက်ဆိုင်မှာ စားပွဲထိုးက ဝန်ဆောင်မှုပေးနေချိန် ဘယ်စားစရာ Menu ကို မှာရမလဲဆိုတဲ့အပေါ် ဝေခွဲရခက်နေတာမျိုး စတာတွေကို ပြန်ပြီးသတိမူမိမယ်လို့ ထင်ပါတယ်။
ဒီလိုဆိုရင် လူအများနဲ့ နေ့စဉ်ထိတွေ့လုပ်ဆောင်နေရတဲ့ လုပ်ငန်းခွင်မှာဆိုရင်တော့ ဆုံးဖြတ်လုပ်ကိုင်ဖို့ အရေးကိစ္စတွေကများမှများ၊ တောင်လိုပုံဆိုသလိုမျိုးဖြစ်နေမှာ ဧကန်မလွဲပါ။ မိမိတာဝန်ယူ၊ တာဝန်ခံနေရတဲ့ ရာထူးနေရာ အဆင့်မြင့်မားမှုနဲ့ လုပ်ငန်းကဏ္ဍအပေါ်လိုက်ပြီး လုပ်ငန်းခွင်မှာ ဘယ် Case ကို အရင်ဦးစားပေးရမလဲ၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတနဲ့ စစ်ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ အကြံပြုပေးထားတာကို မျှဝေပေး လိုပါတယ်။
Eisenhower Matrix ဆိုရာဝယ်
Eisenhower Matrix ဆိုတာ မိမိလုပ်ဆောင် ဖွယ်ရာတွေကို အရေးတကြီးနဲ့ အရေးပါမှုအပေါ် အခြေခံပြီး အဆင့်သတ်မှတ်နိုင်ဖို့ အကူအညီပေးတဲ့ Matrix တစ်ခုဖြစ်ပြီး မိမိရဲ့လုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း Dwight D. Eisenhower က တီထွင်ခဲ့တာဖြစ်လို့ အဲဒီအမည်ပေးခဲ့တာပါ။
သူတစ်ခါက အကြံပြုပြောကြားချက်လေးဖြစ်တဲ့ “The most urgent decisions are rarely the most Important ones - အရေးပေါ်ဆုံးဖြတ်ချက်တွေက အရေးအပါဆုံး ဆုံးဖြတ်ချက်တွေတော့ ဟုတ်လေ့မရှိဘူး” ဆိုတဲ့ စကားလေးကနေတစ်ဆင့် ဆင်းသက်လာတာပါ။ သူဟာ အချိန်စီမံခန့်ခွဲမှု (Time Management) နဲ့ပတ်သက်ရင် ထူးချွန်ပြောင်မြောက်လှသူလို့ ထင်ရှားပါတယ်။ အလုပ်ကို ဘယ်လိုအကျိုးရှိဆုံးဖြစ်အောင် လုပ်ဆောင်ရမလဲ (How to work more efficiently) ဆိုတာမျိုးဖြစ်ပြီး ဆိုလိုတာက လုပ်စရာရှိတဲ့ အလုပ်မှန်သမျှကို လုပ်ဖို့လိုတဲ့အချိန်မှာ လုပ်ဖို့လိုအပ်တဲ့ပုံစံအတိုင်း လုပ်နိုင်စွမ်းရှိတာမျိုးဖြစ်ပါတယ်။
သူ့ရဲ့နည်းလမ်းကို လိုက်နာလိုရင် အရေးကြီး (Important) တဲ့အလုပ်နဲ့ အရေးပေါ် (Urgent) လုပ်ဖို့လိုအပ်တာကို ခွဲခြားတတ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှုပ်ထွေးတဲ့ပရောဂျက်တစ်ခုကို စီမံခန့်ခွဲတဲ့အခါမှာဖြစ်ဖြစ်၊ စားပွဲပေါ်မှာ ကေ့စ်ဖိုင်တွေပုံနေတာဖြစ်ဖြစ် ဘယ်အလုပ်တွေကို စတင်ရမလဲ၊ ဘယ်အလုပ်တွေကို ဦးစားပေးရမလဲ မသိတဲ့အချိန်အခါမျိုးတွေနဲ့ ကြုံလာခဲ့ရင်တော့ Eisenhower Matrix က အကူအညီပေးနိုင်ပါတယ်။
ပထမဦးဆုံးလုပ်ရမှာကတော့ မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အရေးပေါ်လုပ်စရာမလိုသေးပေမယ့် ဒီလိုအရေးကြီးတဲ့ကိစ္စကို ဘယ်အချိန်မှာ ကိုင်တွယ်ရမလဲဆိုတဲ့မေးခွန်းကို မိမိဘာသာ မေးမြန်းဖြေကြားပြီး ဆောင်ရွက်ဖွယ်ရာတွေအပေါ် အချိန်စီမံခန့်ခွဲတတ်ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ အဲဒီအရေးကြီးတဲ့ကိစ္စရပ်တွေဟာ အရေးပေါ်လုပ်ရတော့မယ့်အရာတွေ ဖြစ်သွားနိုင်လို့ပါ။ ဒါဟာ ရေရှည်ကာလအထိ ပေါက်ရောက်နေတဲ့ မဟာဗျူဟာဆုံးဖြတ်ချက် နယ်ပယ်မျိုးတွေလည်း ဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့်နည်းလမ်းကတော့ ပထမအဆင့်မှာ ကိုယ့်ရဲ့ လက်ရှိပရောဂျက်တွေ ဒါမှမဟုတ် လုပ်ဆောင်စရာတွေအားလုံးကို ချပြီးရေးမှတ်ရပါမယ်။ လုပ်စရာစာရင်းတစ်ခုရှိပြီးသားဆိုရင်တော့လည်း အဲဒီအဆင့်က ပြီးပါပြီ။ ပြီးရင် ကိုယ့်ရဲ့ Matrix ကို ဖန်တီးနိုင်ဖို့ လုပ်ဆောင်ဖွယ်ရာ ကေ့စ်တွေကို ဝင်ရိုး X မှာ အရေးကြီးမှုအတိုင်းအတာ နဲ့ ဝင်ရိုး Y မှာ အရေးပေါ်လုပ်ဆောင်ရန်လိုအပ်နေမှု အတိုင်းအတာအနည်းအများ ခွဲခြားထားတဲ့ လေးထောင့်ကွက်လေးတွေထဲမှာ ဖြည့်သွင်းရပါမယ်။ ဒါဆိုရင် အောက်မှာဖော်ပြပေးထားတဲ့အတိုင်း ဦးစားပေးရမယ့် အစီအစဉ်လေးခုနဲ့ ဘယ်လို လုပ်ဆောင်သင့်လဲဆိုတဲ့ အကြုံပြုချက်လေးခု ထွက်ပေါ်လာမှာဖြစ်ပါတယ် -
(က) အရေးလည်းမကြီးသလို အရေးပေါ် လုပ်ဆောင်ဖို့လည်း မလိုအပ်သေးတဲ့ အကြောင်းအရာကိစ္စမျိုးကို နောက်မှပဲလုပ်ဖို့။
(ခ) အရေးကြီးပေမယ့် အရေးပေါ်လုပ်ဆောင်ဖို့ မလိုအပ်သေးတဲ့ အကြောင်းအရာကိစ္စမျိုးကို ဘယ်အချိန်မှာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့။
(ဂ) အရေးပေါ်လုပ်ဆောင်ရမယ် ဒါပေမဲ့ သိပ်ပြီး အရေးမကြီးလှတဲ့အကြောင်းအရာ ကိစ္စမျိုးကို အခြားသင့်လျော်မယ့်သူကို လွှဲအပ်တာဝန်ပေးပြီး ချက်ချင်းလုပ်စေဖို့။
(ဃ) အရေးကြီးတယ်၊ အရေးပေါ်လည်းဖြစ်နေတဲ့ အကြောင်းအရာကိစ္စမျိုးကို အခုချက်ချင်းလုပ်ဖို့ စတာတွေပဲဖြစ်ပါတယ်။
ဒီနည်းလမ်းကို Stephen Covey က The 7 Habits of Highly Effective People စာအုပ်မှာ ဖော်ပြခဲ့ရာက ဆယ်စုနှစ်များစွာအကြာမှာ လူကြိုက်များလာခဲ့တာပါ။ လုပ်ဆောင်ဖွယ်ရာ စာရင်းတွေတိုးပွားသည်ထက် တိုးပွားလာနေတဲ့ ယနေ့ ခေတ်မှာတော့ ယခင်ကထက် ပိုမိုရေပန်းစားလာဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာလုပ်စရာတွေ တိုးလာနေတဲ့စာရင်းတစ်ခုရှိနေသလို ခံစားရရင် အဲဒါကိုကူညီနိုင်ဖို့ ဒီဇိုင်းထုတ်ပေးထား လို့ပဲဖြစ်ပါတယ်။ နေ့စဉ် နေထိုင်မှုလူမှုဘဝမှာ တိုးပွားလာနေတဲ့ အလုပ်စာရင်းတွေကို အချိန်ခွဲဝေမှု ပြုလုပ်ဆောင်ရွက်တဲ့ နည်းလမ်းနောက်တစ်ခုကတော့ ဘီလျှံနာကြီး Warren Buffet ရဲ့နည်းပါ။
သူက တစ်နေ့တာ လုပ်ဆောင်ဖွယ်ရာတွေကို ဦးစားပေးအစီအစဉ်နဲ့ ချရေးထားပြီး ထိပ်ဆုံးကနေ တစ်ခုချင်းတစ်ခုချင်း ပြီးစီးတဲ့အထိ လုပ်ဆောင်သွားပါတယ်။ အလုပ်တစ်ခု ပြီးစီးသွားမှသာ စာရင်းထဲက ဖယ်ရှားလိုက်တာမျိုး ဖြစ်ပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာအချို့နဲ့ ဦးစားပေးရမယ့် အစီအစဉ်အပေါ် ဥပမာပေးကြည့်ပါမယ်-
(က) အကျိုးမရှိ အချိန်ဖြုန်းသလိုဖြစ်နေတဲ့ကိစ္စမျိုးတွေ၊ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာတွေနဲ့ မလိုအပ်တဲ့ အစည်းအဝေးတွေ၊ ဗာဟီရကိစ္စမျိုးတွေကတော့ Not Urgent and Not Important ဖြစ်နေတာကြောင့် လုပ်ဆောင်ရမယ့်စာရင်း (To Do List) ထဲမှ ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။
(ခ) ရေရှည်ရည်မှန်းချက်ထားတဲ့ အစီအမံတွေ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ၊ တစ်ရေးတစ်မောအိပ်တာ၊ အနားယူရတာတွေနဲ့ ကျွမ်းကျင်မှုတိုးပွားအောင် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကတော့ Important, but Not Urgent ဖြစ်နေတာကြောင့် Schedule အစီအစဉ်ချပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(ဂ) ပြောဆိုလုပ်ကိုင်နေတဲ့အချိန်မျိုးမှာ ရုတ်ခြည်းဝင်လာတဲ့ တယ်လီဖုန်းခေါ်ဆိုလာမှုတွေ၊ အချို့သောအီးမေးလ်နဲ့ အစည်းအဝေးတွေ၊ အပြင်လူငှားရမ်းခေါ်ယူပြီး လုပ်လို့ရတဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကတော့ Urgent, but Not Important ဖြစ်နေတာကြောင့် အခြားသင့်လျော်သူထံကို တာဝန်လွှဲအပ်ထမ်းဆောင်စေမှု (Delegate) ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(ဃ) ပြီးစီးရမယ့် အချိန်သတ်မှတ်ချက်ပါတဲ့ ပရောဂျက်တွေ၊ ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်သွားတာမျိုးနဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာတွေ ကတော့ Urgent and Important ဖြစ်နေတာကြောင့် ချက်ချင်းဦးစားပေး (Do First) လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလိုနည်းလမ်းမျိုးကို အသုံးပြုလိုက်တဲ့အခါမှာ လွှဲအပ်ရန် သို့မဟုတ် ဖယ်ရှားပစ်ရန်လိုအပ်တဲ့ အလုပ်တွေကို အလွယ်တကူ ခွဲခြားသိရှိနိုင်တာကြောင့် လုပ်ဆောင်ချက်များစွာကို စီမံခန့်ခွဲနိုင်စေပါတယ်။ ဘယ်အလုပ်တွေက အရေးအကြီးဆုံးလဲ၊ သာမန်လဲဆိုတာမျိုးနဲ့ ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်ရမလဲဆိုတာကို ပိုမိုလွယ်ကူ စွာဆုံးဖြတ်နိုင်မှုရှိလာပါတယ်။ အရေးမကြီးတာနဲ့ အရေးတကြီးမဟုတ်တဲ့ အလုပ်မျိုးတွေမှာ အချိန်ဖြုန်းခြင်းမှ ရှောင်ကြဉ်နိုင်တာကြောင့် ကုန်ထုတ်စွမ်းအားကိုလည်း တိုးတက်စေပါတယ်။
Eisenhower Matrix ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံထားတဲ့၊ တစ်နည်းပြောရရင် ရရှိထားတဲ့အချိန်အပေါ် အကျိုးအရှိဆုံး အသုံးချမှုကို ဖော်ထုတ်ပြသနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အလုပ်တွေရဲ့ အရေးတကြီးဖြစ်မှုနဲ့ အရေးပါမှုအပေါ် ခွဲခြားနိုင်စွမ်းကလည်း သိပ်ပြီး ရိုးရှင်းလွယ်ကူတာတော့ မဟုတ်သလို ခွဲခြားဖန်တီးပြီးမှ အဲဒီအတိုင်း လိုက်လျောညီထွေအောင် မလုပ်ဆောင်နိုင်ပါကလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုချင်းရဲ့ အရေးကြီးမှုနဲ့ အရေးတကြီးဖြစ်မှုဟာ လူတစ်ဦးချင်းရဲ့ အလေးပေးမှုအပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် လူအများဖွဲ့စည်းပါဝင်နေတဲ့ အသင်းအဖွဲ့မျိုးတွေမှာဆိုရင်တော့ ဒါကို အကောင်အထည်ဖော်ဖို့ ပိုပြီးခက်ခဲမှာဖြစ်ပါတယ်။
SWOT Analysis ဆိုရာဝယ်
တစ်ခုခုကို လုပ်ကိုင်ဖို့ သင့်၊ မသင့် ချိန်ထိုးနှိုင်းယှဉ်တဲ့အခါမျိုးမှာ အလွန်ကိုအသုံးဝင်စေတဲ့ SWOT Analysis ဆိုတာမျိုးလည်း ရှိပါသေးတယ်။ SWOT ဆိုတာကတော့ Strength၊ Weakness၊ Opportunities၊ Threats ဆိုတဲ့ စကားလုံးလေးလုံးကို အတိုကောက်ယူထားတာပါ။ စီမံခန့်ခွဲမှုဂုရုကြီး Peter F. Drucker က လူတိုင်းဟာ ကိုယ် ကိုယ်တိုင်ရဲ့ အားသာချက်တွေကို သိထားဖို့က အရေးတကာ့အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုခဲ့တဲ့အတိုင်း ကိုယ့်ရဲ့ရွေးချယ်ထားမှုဟာ ဘာတွေလုပ်ပေးနိုင်သလဲ၊ ဘာအားသာချက်တွေရှိသလဲဆိုတာကို သိရှိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုပဲ Weakness အားနည်းနေတဲ့အပိုင်းတွေကိုလည်း သေချာသိရှိထားရမှာ ဖြစ်ပါတယ်။ Opportunities ဆိုတဲ့ ဘယ်လိုအခွင့်အလမ်းတွေရလာနိုင်လဲဆိုတာကို ကြိုတင်မှန်းဆထားရမှာဖြစ်သလို Threats လို့ခေါ်တဲ့ ထင်မှတ်မထားနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့လည်း ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကုန်ပစ္စည်းအသစ်တစ်မျိုး ထုတ်လုပ်လိုတဲ့အခါမျိုးမှာ ဈေးကွက်ထိုးဖောက်ရမယ့် Marketing Team ကောင်းကောင်းရှိနေတာမျိုးနဲ့ ဖောက်သည်ကောင်းရှိထားတာမျိုးက သူ့ရဲ့ Strengths ဖြစ်ပေမယ့် ဘတ်ဂျက်ချုပ်ထိန်းထားမှုနဲ့ အချိန်မလုံလောက်တာမျိုးက Weakness တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီထုတ်ကုန်အသစ်အပေါ် ဈေးကွက်ရဲ့ တောင်းဆိုမှုမြင့်မားနေတယ်ဆိုတဲ့ Opportunities လည်းရှိနေသလို လုပ်ငန်းပြိုင်ဘက်ကလည်း အလားတူ ထုတ်ကုန်မျိုးကို ဒီအတောအတွင်း ဖြန့်ချိနိုင်တယ်ဆိုတဲ့ Threats ကလည်း ရှိနေတဲ့အခြေအနေမျိုးမှာ SWOT Analyzing လုပ်လိုက်တဲ့အခါမျိုးမှာတော့ “ကုန်ပစ္စည်းအသစ်ကို ဈေးကွက်မှာ ချပြနေရာယူနိုင်ဖို့ဆိုရင် Urgent ၊ အချိန်တိုအတွင်းမှာ ဈေးကွက်ရဲ့ အခွင့်အလမ်းရနိုင်မှု Important ကို အရယူနိုင်ဖို့အတွက် ဘတ်ဂျက်ချုပ်ထိန်းထားမှုကို ဖြေလျှော့ပေးလိုက်တာမျိုးအပါအဝင် ရရှိနိုင်သမျှ အရင်းအမြစ်အားလုံးကိုပုံအောပြီး ပြိုင်ဘက်ထက်ဦးအောင် ကုန်ပစ္စည်းအသစ်ထုတ်မယ်” ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ဖို့ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလုပ်ရမလဲ
အထက်မှာ ဖော်ပြထားတဲ့ Eisenhower Matrix ကတော့ အချိန်ကိုအကျိုးရှိစွာအသုံးချရာမှာ အဓိကကျတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ရှေ့မှာရှင်းပြပြီးသလိုပဲ အရေးကြီးမှုနဲ့ အရေးပေါ်ဖြစ်မှုအပေါ် ဆုံးဖြတ်ရဖို့ ခက်ခဲနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုအပေါ် ဆုံးဖြတ်ရတော့မယ်ဆိုရင် ထွက်ပေါ်လာမယ့်ရလဒ်တွေကို ကြိုတင်ခန့်မှန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးရင် ထွက်ပေါ်လာတဲ့ရလဒ်ရဲ့ အကျိုးနဲ့အပြစ် (Pros and Cons) ၊ အရှုံးနဲ့အမြတ် (Costs and Benefits) တွေကို သေချာနှိုင်းယှဉ်ချိန်ထိုးပြီးမှ အကျိုးအများ ဆုံးရနိုင်မယ့်အရာကို ဆုံးဖြတ်ရွေးချယ်လေ့ရှိပါတယ်။
ဒါကို The Rubber Band Model လို့ ခေါ်ပါတယ်။ တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ရတော့မယ့်အချိန်မျိုးမှာ မလုပ်ဖြစ်စေဖို့ ကိုယ့်ကို တုပ်နှောင်ထားတဲ့အရာတွေ (What is Holding) နဲ့ လုပ်ဖြစ်သွားအောင် ဆွဲခေါ်နေတဲ့အရာတွေ (What is Pulling) အားပြိုင်ပြီးမှ အမှန်ကန်ဆုံး အဆုံးအဖြတ်တစ်ခုခုကို ရွေးချယ်တတ်ဖို့ လိုအပ်တာမျိုးပဲ ဖြစ်ပါတယ်။ ဒါမှသာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အသုံးပြုတဲ့နည်းနာတွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။
The Project Portfolio Matrix ဆိုရာဝယ်
Costs တွေကို တွက်ချက်ရာမှာ ငွေကြေးတစ်ခုတည်းနဲ့ တန်ဖိုးဖြတ်လို့မရဘူးဆိုတာကိုလည်း သတိပြုထားဖို့ လိုအပ်ပါတယ်။ ပေးဆပ်လိုက်ရတဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ မိတ်ဆွေတွေ၊ စွမ်းအင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုစတဲ့ အရင်းအမြစ်အားလုံးကို ထည့်သွင်းစဉ်းစားရမှာဖြစ်သလို ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ထွက်ပေါ်လာမယ့် ရလဒ်အပေါ် တန်ဖိုးဖြတ်မှုကလည်း တူညီမှုမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ Vision ၊ Goal မတူညီမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို The Project Portfolio Matrix လို့ ခေါ်ပါတယ်။ Matrix ဖန်တီးနိုင်ဖို့ဆိုရင် ရလဒ်နဲ့လိုက်လျောညီထွေ ဖြစ်စေမယ့် ဝင်ရိုးနှစ်ခုကို ရွေးချယ်ရပါမယ်။
ဥပမာအားဖြင့် ပရောဂျက်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မလား၊ မဖော်ဘူးလားဆိုတာကို ဆုံးဖြတ်ရတော့မယ့် အခြေအနေမျိုးမှာဆိုရင် X ဝင်ရိုးမှာ ဒီပရောဂျက်က သူဖြစ်ချင်နေတဲ့ ရည်မှန်းချက် ပေါက်မြောက်စေဖို့ ဘယ်လောက်အထောက် အကူဖြစ်စေလဲဆိုတာမျိုးနဲ့ Y ဝင်ရိုးမှာ ဒီပရောဂျက်ဆီက သူဘယ်လောက် သင်ယူလေ့လာနိုင်မလဲ ဆိုတာမျိုးကို ဖော်ထုတ်နိုင်ဖို့အတွက် ရည်မှန်းချက် ပေါက်မြောက်နိုင်မှုနဲ့ သင်ယူလေ့လာနိုင်မှုဆိုတဲ့ ဝင်ရိုးနှစ်ခုနဲ့ ဆက်နွှယ်နေတဲ့ Matrix ကို ဖန်တီးရပါမယ်။ ထွက်ပေါ်လာတဲ့ ရလဒ်ပုံစံလေးမျိုးနဲ့လိုက်ပြီး ဆုံးဖြတ်ချက်ချမှတ်မှုကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်-
(က) ပရောဂျက်ဆီက ဘာမှ လေ့လာသင်ယူလို့ မရသလို ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက် ပေါက်မြောက်နိုင်မှုအပေါ်မှာလည်း အကျိုးမပြုဘူးဆိုရင် ပရောဂျက်ကို လုံးဝအကောင် အထည်မဖော်ပါနဲ့။
(ခ) ပရောဂျက်ကြောင့် ကိုယ့်ရဲ့လေ့လာသင်ယူမှုကို တိုးပွားစေနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက် ပေါက်မြောက်နိုင်မှုအပေါ်မှာတော့ အကျိုးမပြုဘူးဆိုရင် ကိုယ့်ရဲ့ Vision နဲ့ကိုက်ညီမယ့် ပရောဂျက်မျိုးကို ပြောင်းလဲအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပါ။
(ဂ) ပရောဂျက်က ကိုယ့်ရဲ့ Vision နဲ့ လိုက်လျော ညီထွေမှုရှိပေမယ့် ကိုယ့်ရဲ့လေ့လာသင်ယူမှုကို အထောက်အကူမပြုဘူးဆိုရင် မိမိကိုယ်စား တာဝန်ယူမယ့်သူရှာဖွေပြီး ပရောဂျက် ဆက်လက်အကောင်အထည်ဖော်ခိုင်းပါ။
(ဃ) ပရောဂျက်က ကိုယ့်ရဲ့ Vision နဲ့ လိုက်လျော ညီထွေမှုရှိသလို ကိုယ့်ရဲ့သင်ယူလေ့လာမှုကို တိုးပွားစေနိုင်တာမျိုးဆိုရင်တော့ ထီဆုကြီးပေါက်တယ်လို့သာ မှတ်ယူလို့ရမှာ ဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)